Art & Books   |   Posted on Oct 15, 2016 by Tun Lin

အဖြူအမဲထဲမှာ ဈာန်ဝင်နေတဲ့ တောင်ကြီးမြို့က လူငယ်ခဲပန်းချီသမား အောင်နိုင်ထွန်း


အနုပညာကို ရွေးချယ်မယ်ဆိုရင် ပိုပြီးစိတ်ရှည်မှ၊ ပိုပြီးအချိန်ပေးနိုင်မှရပါမယ်။

Share this article

အသက် ၁၉ နှစ်အရွယ်ကောင်လေး။ နာမည်က အောင်နိုင်ထွန်း။ တောင်ကြီးမှာနေတယ်။ ခဲပန်းချီဆွဲတယ်။  သူ့လက်ရာ သူ့ဖန်တီးမှုတွေကို ကျွန်တော်အာရုံရနေခဲ့တာကြာပါပြီ။ အထူးသဖြင့် သူရေးဆွဲခဲ့တဲ့ ရုပ်ပုံလက်ရာတွေကို ခုနှစ်သက္ကရာဇ်နဲ့နှိုင်းယှဉ်ပြတဲ့အခါ သူ့ကြိုးစားအားထုတ်မှုကို ကျွန်တော်ပိုလေးစားရမိတယ်။ မဆုတ်မနစ်လုပ်ထားတဲ့ သူ့ဇွဲစိတ်ကလေးကို ကျွန်တော်ဖမ်းမိတယ်။ ကလေးဘ၀ကတည်းက ပန်းချီဆွဲရတာကို ခုံမင်နှစ်သက်တဲ့ အနုပညာစွဲလမ်းရောဂါဟာ  ၀ါသနာတစ်ရပ်အနေနဲ့သူ့မှာပါလာခဲ့တယ်ဆိုရမယ်။ ၂၀၀၈ ခုနှစ်၊ အသက် ၁၁ နှစ်ခန့် အတန်းကျောင်းပိတ်ချိန်နွေရာသီမှာ  သူ့ဝါသနာကို ထပ်မံပျိုးထောင်ဖို့ ဆရာမင်းသစ်ကြည်ဆီမှာပန်းချီသင်တန်းတွေတက်ခဲ့ပါတယ်။ တစ်တန်းပြီးတစ်တန်းနွေရာသီကျောင်းပိတ်ချိန်တွေမှာတက်ခဲ့တဲ့ သင်တန်းဟာ ၂၀၀၈ ကနေ ၂၀၁၃ ခုနှစ်လောက်အထိ တက်ဖြစ်ခဲ့ပါတယ်။ သင်တန်းတက်ခဲ့တဲ့အတွေ့ အကြုံတွေကိုတော့ အောင်နိုင်ထွန်းက အခုလိုပြောပြပါတယ်။ “သင်တန်းမှာက Level တွေခွဲထားတယ်။ Level တစ်ခုကနေ တစ်ခုတက်ရဖို့ စာမေးပွဲဖြေရတယ်။ မှတ်မှတ်ရရဆိုရင် ကျွန်တော်က Level 1 ကို အဆင့်တစ်နဲ့အောင်ပြီး Level 3 ကို တန်းတက်ခွင့်ရခဲ့တယ်။”

              အောင်နိုင်ထွန်းက အရောင်တွေကာလာတွေရေးရတာထက် တစ်ကိုယ်တော်စိတ်ဆန္ဒအရ အဖြူနဲ့အမဲ ရေးဆွဲရတဲ့ ခဲပန်းချီကို ပိုပြီးကြိုက်နှစ်သက်တဲ့အတွက် ခဲပန်းချီကိုပဲ ရေးဖြစ်တယ်လို့ပြောပါတယ်။ “သင်တန်းတုန်းက ရေဆေးကိုင်ရတဲ့နေ့တွေမှာ ကျွန်တော်တစ်ယောက်တည်း ခဲတွေဆွဲနေခဲ့တယ်။ ဆရာကလည်း ခွင့်ပြုတယ်။ ကျွန်တော်ရေဆေးတစ်ချို့လည်းရေးခဲ့တာရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်က ခဲမှခဲဖြစ်နေတာ” လို့ ခဲပန်းချီကို ရူးသွပ်ပုံကို အောင်နိုင်ထွန်းကပြောပြပါတယ်။ အခုလက်ရှိကာလမှာ အောင်နိုင်ထွန်းရဲ့ ပထမဦးဆုံး Solo Show ကို ရှမ်းပြည်နယ်၊ အင်းလေးကန်ရဲ့ Inthar Heritage House မှာ ၂၀၁၆၊ သြဂုတ်လ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိကျင်းပပြုလုပ်နေပါတယ်။ “ကျွန်တော့်အစ်မ ၀မ်းကွဲက ကျွန်တော့်ကို ပြပွဲလုပ်ပေးမယ်ဆိုပြီးပြောတယ်။ အဲဒါကြောင့် လုပ်ဖြစ်သွားတာပါ။ ဒီပြပွဲမှာ အားလုံးပေါင်း ၂၂ ကား ပါဝင်ပါတယ်။ ပြပွဲအတွက်ဆိုပြီး ရည်ရွယ်ပြီးဆွဲတဲ့သီးသန့်ဆွဲတဲ့ ကားတွေကတော့ ၅ကား ၆ ကားလောက်ပဲရှိပါတယ်။ တခြားကားတွေအားလုံးက အရင်ကတည်းဆွဲထားတဲ့ကားတွေပါ” လို့ အောင်နိုင်ထွန်းက သူ့ပြပွဲအကြောင်းကို ပြောပါတယ်။ အဲဒီပြပွဲမှာ ပြသထားတဲ့ အောင်နိုင်ထွန်းရဲ့ ခဲပန်းချီကားတွေကို ဈေးနှုန်းအနေနဲ့  $60 ကနေ $300 အထိ သတ်မှတ်ပေးထားပါတယ်။

          အနုပညာသမားတစ်ယောက်ရဲ့ အားလပ်ချိန်တွေဟာလည်း အနုပညာအတွက်ပဲဖြစ်နေတတ်ပါတယ်။ သူတို့မှာ အားလပ်ချိန်ဆိုတာမျိုး အနားယူရတာကိုလည်း အနုပညာတစ်ခုခုလုပ်ရင်း၊ တွေးရင်းနဲ့ပဲ အချိန်တွေကုန်ဆုံးတတ်ပါတယ်။ အောင်နိုင်ထွန်းကလည်း သူ့ရဲ့ ဒီခဲပန်းချီဆွဲရတာကလွဲရင် တခြားအနေနဲ့ ဓာတ်ပုံရိုက်တာ၊ ဒီဇိုင်းတွေ ဆွဲတာ၊ စာအုပ်ဖတ်တာနဲ့ အပြင်သွားတာတွေလုပ်ဖြစ်တယ်လို့ပြောပါတယ်။ သူ့အဖေက ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့အတွက် ကင်မရာနဲ့တော့ ရင်းနီးပြီးသားဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးရာမှာ အောင်နိုင်ထွန်းက Landscape တွေရိုက်ကူးရတာတွေ ပိုကြိုက်တယ်လို့ပြောပါတယ်။

          ခဲပန်းချီနဲ့ ပတ်သက်ရင် သူ့အာရုံကို ဖမ်းစားနိုင်တဲ့ သူအားကျရတဲ့ ခဲပန်းချီသမားကတော့ အီတလီက ခဲပန်းချီသမား Emanuele Dascanioဖြစ်ပါတယ်။ “နောက်တစ်ယောက်ကတော့ ကျွန်တော်နာမည်မေ့နေပြီ။ သူတို့နှစ်ယောက်ရဲ့ ပုံတွေစတွေ့ ပြီးကတည်းက ဒီလိုင်းကိုပဲ ဆက်သွားဖို့ ရာခိုင်နှုန်းများသွားတာပဲ။ သူတို့ ရေးတာတွေကြည့်ပြီး ကျွန်တော့်အတွက် အားလည်း ဖြစ်စေသလို၊ စိတ်ဓာတ်လည်း ကျစေပါတယ်” သူအားကျရတဲ့ ခဲပန်းချီသမားတွေနဲ့ပတ်သက်ပြီး ပြောပြတာပါ။ သင်တန်းပြီးတဲ့အချိန် ဆက်ပြီးလေ့လာဖြစ်ပုံကို “သင်တန်းအပြီးမှာ Techniqueပိုင်းတော်တော်များကိုတော့  အွန်လိုင်းကပဲ လေ့လာဖြစ်တာပေါ့။ အခြေခံတွေကိုတော့ သင်တန်းကနေ အများကြီးရခဲ့ပါတယ်။ တစ်ဝက်စီပေါ့။ သင်တန်းက အခြေခံတွေကို တည်ဆောက်ပြီး အွန်လိုင်းက ပိုင်းနဲ့ပေါင်းစပ်ဖြစ်တဲ့သဘောပါ” လို့ အောင်နိုင်ထွန်းက ပြောပါတယ်။ ခဲပန်းချီအမျိုးအနွယ်ဝင်ထဲက အမျိုးအစားတစ်ခုဖြစ်တဲ့ ခဲမှုန့်ပန်းချီအသုံးပြုမှုဟာလည်း ခေတ်စားနေပါတယ်။ ဒါကြောင့် ခဲမှုန့်ပန်းချီကို သုံးမသုံး၊ သုံးဖို့ရှိမရှိ ကျွန်တော်မေးမိတယ် “ကျွန်တော်သုံးမနေပါဘူး။ သုံးဖို့လည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ခဲနဲ့ရေးတဲ့ mood ကိုပဲ ကျွန်တော်ကကြိုက်တာ၊ အဲဒီ mood ပဲလိုချင်တာ။ အဲဒါကြောင့် ကျွန်တော် ခဲနဲ့ပဲဆွဲဖြစ်မယ်”။

          ဘယ်လို အနုပညာသမားဖြစ်စေ၊ သူတို့အနုပညာကို ထိပါးစေလာတဲ့၊ သူတို့စိတ်ခံစားမှုကို ထိပါးလာတဲ့အနှောင့်အယှက်၊ ကသိကအောက်ဖြစ်စရာအရာမှန်သမျှကို စိတ်ပျက်လက်ပျက် မုန်းတီးလေ့ရှိပါတယ်။ အောင်နိုင်ထွန်းအနေနဲ့ရော ဘာတွေကြုံတွေ့နေရလဲ၊ သူ့အနေနဲ့ အနုပညာနဲ့ပတ်သက်တဲ့ ဘယ်လိုစကားတွေကို မုန်းတီးနေလဲဆိုတော့ “ကြုံရတယ်၊ ခဏခဏပါပဲ၊ အများဆုံးကြုံရတာကတော့ ကျွန်တော့် sign ကိုမထိုးခိုင်းတာမျိုးရှိတယ်။ သူတို့ sign ကိုထိုးပေးပါလား ဆိုတာမျိုးပြောကြတယ်။ အဲဒါက ကျွန်တော်အမုန်းဆုံးစကားတွေပဲ။ မုန်းစရာတွေကြုံရတာအများကြီးပါ။ အနုပညာကို မခံစားတတ်တဲ့သူတွေက ပြီးစလွယ်ပြောကြတာတွေကို မုန်းမိတယ်။ ဒါပေမဲ့ နောက်တော့ ဒါတွေနဲ့ ယဉ်ပါးလာပါပြီ”လို့ ပြောပြပါတယ်။

          ကာလာပန်းချီသမားတွေနဲ့ ယှဉ်လာတဲ့အခါ ခဲပန်းချီသမားတွေဟာ အဆင့်အတန်းခွဲခြားခံရတာမျိုးတွေရှိနေပါတယ်။ အထူးသဖြင့် ခဲပန်းချီကို ပန်းချီတန်းဝင်လို့ မသတ်မှတ်ကြဘဲ  illustration သမားတွေလို့လည်း ပြောဆိုခေါ်ဝေါ်ကြတာတွေရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အောင်နိုင်ထွန်းရဲ့ အယူအဆကတော့ “ကျွန်တော်ကတော့ အားလုံးကို Artist လို့ပဲခံယူထားပါတယ်။ ဘယ်သူတွေ ဘာပြောပြော ရုပ်ပုံတွေဖန်တီးတာချင်းအတူတူ အသုံးပြုတဲ့ မီဒီယမ်တွေပဲ ကွာသွားတာလို့ပဲ ကျွန်တော်မြင်ပါတယ်။ လောလောဆယ်မှာ ကျွန်တော်တို့ခဲသမားတွေကတော့ နေရာပျောက်နေတာပေါ့။ ခဲပန်းချီကို Art လို့ယူဆတဲ့သူတွေလည်းရှိတယ်။ မယူဆတဲ့သူတွေလည်းရှိတယ်ဆိုတော့ ကျွန်တော်ကတော့ ကိုယ့်ကိုသီးသန့်နေသွားဖို့ပဲရှိပါတယ်” လို့ ဆိုပါတယ်။ “ဒါဆိုရင် ညီ့အနေနဲ့ ခဲပန်းချီကိုပဲဆက်သွားမှာပေါ့။ လောလောဆယ် ဘယ်အထိရည်မှန်းထားလဲ။ ကာလာဘက်ကိုရော သွားဖြစ်မှာလား”ကျွန်တော်မေးလိုက်မိတဲ့ မေးခွန်းပါ။ အောင်နိုင်ထွန်းရဲ့ အဖြေကတော့ “ကာလာကတော့ ကျွန်တော်မပြောတတ်သေးဘူး။ အဲဒီဘက်ကို အာရုံခံစားဖို့မရှိသေးဘူး။ စိတ်မပါဘူး။ နောက်ပိုင်းလည်း အစီအစဉ်မရှိလောက်ဘူးထင်တယ်။ ကျွန်တော်ဒီ ခဲကိုပဲ Detail သွားချင်နေတယ်။ ကားကြီးတွေရေးချင်နေတယ်”လို့ သူက ပြောပါတယ်။

          “ကျောင်းတွေမှာက နဲ့ပတ်သက်ပြီးတော်တော်လေးကို အားနည်းပါတယ်။ အတန်းငယ်တုန်းကတော့ ပန်းချီချိန်တွေ၊ ရသချိန်တွေရှိသေးတယ်။ အထက်တန်းရောက်တော့ အဲဒီအချိန်တွေမရှိတော့ဘူးဗျ။ ကျွန်တော်တို့ဆီမှာ အနုပညာခံစားမှုအားနည်းတာ ဒါတွေကြောင့်လည်းပါမယ်ထင်တယ်။ မိဘတွေကလည်း ၁၀၀ မှာ ၉၈ လောက်မိဘတွေက ဒါတွေကို အားမပေးကြဘူး။ ကျောင်းမှာလည်း ဒါကို အချိန်တွေမထားပေးဘူးဆိုတော့ Art ကိုဝါသနာပါတဲ့သူတွေအတွက်တော့ အဲဒီအချိန်တွေ သေချာလုပ်ပေးရင်ကောင်းမယ်ထင်ပါတယ်။ မိဘတွေထောက်ပံ့မှုကိုပြောရမယ်ဆိုရင် အစပိုင်းကိုထောက်ပံ့တာပိုကောင်းမယ်ထင်ပါတယ်။ ၀ါသနာပါလို့စလုပ်တဲ့အချိန်မှာ ထောက်ပံ့မှုကအရေးကြီးဆုံးလည်းဖြစ်သလို ပိုပြီးတော့လည်း ထိရောက်တယ်ထင်ပါတယ်။ လူငယ်တွေလည်း အားရှိတယ်။ သူတို့ဝါသနာကို လုပ်ခွင့်ရတဲ့အတွက် သူ့လမ်းကြောင်းနဲ့သူတို့ဖြစ်လာမှာပါ။” လို့ ကျောင်းပညာရေးစနစ်နဲ့ မိဘတွေရဲ့ လိုအပ်ချက်တွေအပေါ် သူ့ရဲ့အမြင်ကို ပြောပြတာပါ။ အောင်နိုင်ထွန်းက ဆက်ပြီးတော့ ခဲပန်းချီနဲ့ပတ်သက်ပြီး ဒီပလိုမာတန်းတစ်ခုခုကို နိုင်ငံခြားမှာဖြစ်စေထပ်မံတက်ဖြစ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

          အောင်နိုင်ထွန်းက 3D မဆွဲဘူး။ Digital Art တွေကို စိတ်မ၀င်စားသေးတဲ့သူတစ်ယောက်။ ကျွန်တော်သိချင်နေတာလေးတွေကို ဆက်ပြီးမေးမိပါတယ်။ လက်ရှိ သူ့မှာကိုယ့်ကိုယ်ကို သိနေတဲ့ အားနည်းတဲ့အပိုင်း၊ အားသာတဲ့အပိုင်း ဘာတွေရှိလဲဆိုတဲ့အခါ “ကာလာကို မဆွဲဖြစ်တော့ ကာလာပိုင်းကတော့ အားနည်းတာပေါ့။ ဒါက အသေချာဆုံးအားနည်းချက်တစ်ခုပေါ့။ သူများဆွဲထားတာကြည့်ရင်တော့ တော်တော်လေးကို သဘောကျတယ်။ တခြားမီဒီယမ်တွေသုံးရမှာလည်း အားနည်းပါတယ်။ ခဲနဲ့ပတ်သက်ရင်တော့ ကိုယ့်ကိုယ်ကို အားသာတယ်လို့ကိုယ့်ကိုယ်ကို ယုံတယ်။ ခဲနဲ့ပတ်သက်ရင် အခက်အခဲမရှိအောင်တော့ ကြိုးစားနေပါတယ်” လို့ သူကပြောပါတယ်။ အခုလက်ရှိမှာ အောင်နိုင်ထွန်းဟာ ပေါ့ထရိတ်တွေအများစုနဲ့ Still life တွေရေးနေပါတယ်။ နောက်ပိုင်းကျရင် အရောင်တွေနဲ့ရေးဆွဲရာမှာ အားသာမှုပိုများတဲ့ Visual Art ကိုလည်း ခဲပန်းချီနဲ့သွားဖို့ရှိတယ်လို့သူကပြောပါတယ်။

          အခုလက်ရှိမှာ ခဲပန်းချီသင်တန်းလည်း ဖွင့်ထားတဲ့ အောင်နိုင်ထွန်းက နောက်ထပ် အကောင်အထည်ဖော်ချင်တဲ့ အရာတွေကတော့ Gallery ဖွင့်ချင်တာနဲ့ သင်တန်းကျောင်းလေးတစ်ခု ဖွင့်ချင်တာပဲဖြစ်ပါတယ်။ ပန်းချီသမားတစ်ယောက်မှာ ကိုယ်ပိုင်စတိုင်လ် မီဒီယမ်တွေ၊ အကြောင်းအရာတွေ ရှိတတ်ကြပါမယ်။ အောင်နိုင်ထွန်းမှာကရော ကိုယ်ပိုင်စတိုင်လ်တွေကို ဘယ်လိုဖြစ်စေချင်တာလဲ။ “ကိုယ်ပိုင်စတိုင်လ်အနေနဲ့ subject ကိုတော့ အကောင်အထည်ဖော်ဆဲပါ။ ပထမကတော့ လုံးဝ အသေးစိတ်ရေးထားတဲ့ မျက်လုံးနဲ့၊ စိန်တုံးတွေကိုတော့ တော်တော်သဘောကျတယ်။ နောက်ထပ်ကတော့ အသေးစိတ်ထားတဲ့ ပေါ့ထရိတ်ပုံတွေသဘောကျတယ်။ အသားအရေတွန့်ကြောင်းတွေကအစ၊ မွှေးညှင်းပေါက်တွေပါဆေးဆွဲပုံမျိုးတွေပါ။ အဲဒါတွေကိုတော့ အခုထိသဘောကျနေတုန်းပါပဲ၊ Hyper Realism လို့တော့ ပြောကြတာပဲ၊ အဲဒါမျိုးတွေသဘောကျတယ်၊ နောက်တစ်ခုက ရေတွေ၊ အရည်ပျော်ကျနေတာတွေလည်း သဘောကျတဲ့အထဲမှာပါတယ်။ အဲဒါက ကျွန်တော့်အတွက် ဆွဲဆောင်မှုတစ်ခုပဲ။ ဆွဲရတာလွယ်တယ်ထင်ရပေမဲ့  တော်တော်လေးကို အသေးစိတ်ရပါတယ်။”

          “ညီဆွဲခဲ့သမျှ ပုံတွေထဲမှာ အကျေနပ်ဆုံးအကြိုက်ဆုံးပုံနဲ့ အချိန်အကြာကြီးပေးထားခဲ့ရတဲ့ကားက ဘယ်ကားဖြစ်မလဲ” ကျွန်တော်မေးလိုက်တဲ့ မေးခွန်းပါ။ “အဘွားကြီးရဲ့ ပုံပါ။ အဲဒီပုံက အကျေနပ်ဆုံးလည်းဖြစ်သလို၊ အချိန်လည်းကြာပါတယ်။ ဆွဲလိုက်နားလိုက်နဲ့ဆိုတော့ တစ်လလောက်ကြာသွားတယ်” လို့သူက ဖြေပါတယ်။

ပန်းချီဆွဲတဲ့ နေရာမှာ အာရုံဝင်စားမှု mood ကလည်း အရေးအကြီးဆုံးကဏ္ဍမှာ ပါဝင်ပါတယ်။ ပန်းချီရေးဆွဲတဲ့ နေရာမှာ သတိကပ်ထားရဆုံးအရာက “သတိကပ်ရတာကတော့ စိတ်ပါပဲ၊ စိတ်ရှင်းနေဖို့ အရေးကြီးပါတယ်။ စိတ်လွတ်လပ်နေဖို့ ငြိမ်သက်နေဖို့လိုပါတယ်။ ပုံထဲမှာ စိတ်နစ်မျောနေတာမျိုးပါ။ ကျွန်တော့်အတွက် အဲဒါက အရေးအကြီးဆုံးပါ”လို့ အောင်နိုင်ထွန်းက သူ့အတွေ့အကြုံကို ဝေမျှပါတယ်။ ပန်းချီသမားတွေဟာ သူတို့ရဲ့ ပျက်ဆီးသွားတဲ့ပုံတွေကို သိမ်းဆည်းထားလေ့ရှိတတ်ကြပါတယ်။ တစ်ချို့ကလည်း ပျက်စီးသွားတဲ့ပုံကမှ ပိုပြီးအသက်ဝင်နေတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။ အောင်နိုင်ထွန်းက ပျက်စီးသွားတဲ့ ပုံတွေကို ဘာလုပ်ပစ်တတ်လဲဆိုတော့ “ကျွန်တော်ကတော့ ပျက်စီးသွားတဲ့ပုံတွေသိမ်းထားတယ်ဗျ။ တစ်နှစ်လောက်ရှိတော့မှာ ပစ်ထုတ်လိုက်တယ်။ အပျက်များတာကတော့ စိတ်မပါဘဲဆွဲရင် အပျက်များပါတယ်။ ဒါပေမဲ့ ကျွန်တော်စိတ်မပါရင် မဆွဲဖြစ်ဘူး။ ကျွန်တော့်မှာတော့ ပျက်စီးသွားတာမျိုးဖြစ်တာ နည်းပါတယ်။”

ပန်းချီကို ၀ါသနာပါပြီး စဆွဲမယ်ဆိုရင် အောင်နိုင်ထွန်းရဲ့ အကြံပြုချုက်ကတော့ “ဘယ်ဟာ ဖြစ်ဖြစ်ပါ။ အချိန်တော့ယူရမယ်။ စိတ်ရှည်ဖို့လိုပါတယ်။ ချက်ချင်းကြီးဖြစ်ဖို့ဆိုတာကတော့ ဘာမှမရှိပါဘူး။ အနုပညာကို ရွေးချယ်မယ်ဆိုရင် ပိုပြီးစိတ်ရှည်မှ၊ ပိုပြီးအချိန်ပေးနိုင်မှရပါမယ်။ အခြေအနေတစ်ခုကို ရောက်ချင်ရင်တော့ စိတ်ရှည်ရှည်ထားပြီး အချိန်ပေးလုပ်ဖို့လိုပါတယ်။ အဲဒါအဓိကပါ။”

အောင်လင်းသစ်



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Jan 19, 2017

2017 People's Choice Awar...


Film & Music   |   Posted on Jan 19, 2017

2017 Grammy Awards ပွဲမှာ...


Fashion News   |   Posted on Jan 19, 2017

2017 People's Choice Awar...


Film & Music   |   Posted on Jan 19, 2017

Cinderella ဇာတ်ရုပ်ကိုငြင...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.