Opinions   |   Posted on Jan 23, 2018 by Moe Thandar Lwin

အန္တရာယ်ကင်းကင်းအပြင်သွားကြရအောင်


မိန်းကလေးတစ်ယောက်တည်းအပြင်သွားတော့မယ်ဆိုရင် အန္တရာယ်မရှိအောင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရမှာပါ

Share this article

အခုနောက်ပိုင်း နေ့နေ့ညည ဘယ်နေရာမှာမှ မလုံခြုံတော့ပါဘူးနော်။ အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ တစ်ယောက်တည်း အပြင်သွားလာတဲ့အခါ သတိကြီးကြီးထားကိုထားရမယ့် အချိန်ပဲဖြစ်ပါတယ်။ သတိမထားပဲ ပေါ့ပေါ့လျော့လျော့နေမိမယ်ဆိုရင်တော့ အနည်းဆုံး ခါးပိုက်နှိုက်အန္တရာယ်ကနေ အများဆုံး အသက်ဆုံးပါးသည်အထိ ဒုက္ခရောက်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေမယ်ဆိုရင် ကိုယ်ပိုင်လုံခြုံရေးငှားချင်ငှား မငှားနိုင်ဘူးဆိုရင်တော့ သင့်ရဲ့ လုံခြုံမှုအတွက် သင်ကိုယ်တိုင်တာဝန်ယူရပါလိမ့်မယ်။

အရာရာတိုင်းကို အာရုံစိုက်နေပါ

လမ်းလျှောက်နေတာပဲဖြစ်ဖြစ်၊ ကားစီးနေရင်ပဲဖြစ်ဖြစ် ဘယ်တော့မှ လက်လွတ်စပယ်မနေပါနဲ့။ ကိုယ်ဟာ လူပြတ်တဲ့နေရာကို တဖြည်းဖြည်းရောက်နေပြီလား။ ကိုယ့်ဘေးနားမှာ မသင်္ကာစရာဘယ်သူတွေများ ပါလာသလဲ။ စိုးရိမ်စရာစကားသံတွေကြားနေရလား။ နောက်ပြီး တစ်ခုခုဖြစ်ခဲ့မယ်ဆို အကူအညီပေးနိုင်တဲ့ပတ်ဝန်းကျင်မျိုးရော ဟုတ်ရဲ့လား။ ကိုယ့်ရဲ့ ပိုက်ဆံအိတ်နဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို အလွယ်တကူလုယူမသွားနိုင်အောင် ဘယ်လိုကိုင်ထားမလဲ စသည်ဖြင့် ထောင့်ပေါင်းစုံကနေ စဉ်းစားထားပြီး အရာရာတိုင်းကို အာရုံစိုက်နေပါ။ ဒီအတိုင်း taxi ပေါ်မှာမို့လို့၊ လမ်းရှင်းတဲ့နေရာမှ လျှောက်နေမိလို့ ဖုန်းတပြောပြောနဲ့နေတာမျိုးတွေ၊ နားကြပ်နဲ့ သီချင်းနားထောင်နေတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

ကြိုတင်စီစဉ်ထားပါ

အကယ်လို့မှ သင်သာ လမ်းသွားရင်းလာရင်း အန္တရာယ်တစ်ခုခုနဲ့ တွေ့ကြုံလာရမယ်ဆိုရင် အကူအညီရှိတဲ့နေရာမှာဆို ဘယ်လိုပုံစံမျိုးနဲ့ အကူအညီတောင်းမယ်။ လူသူပြတ်လပ်တဲ့နေရာမျိုးမှာဆိုရင်တော့ ဘယ်လိုနည်းနဲ့ လွတ်မြောက်အောင်ကြိုးစားမယ်။ စသည်ဖြင့် ကြိုတင်စဉ်းစားစိတ်ကူးပြီး စီစဉ်ထားပါ။ အပြင်မှာ တကယ်အန္တရာယ်ကျရောက်လာခဲ့မယ်ဆိုရင်လည်း အကောင်းဆုံးပြင်ဆင်ထားတဲ့အတိုင်း စိတ်အေးအေးထားပြီး ပြုလုပ်ပါ။ သတိဆိုတာ လိုတယ်လို့တော့ မရှိပါဘူး။

တန်ဖိုးမရှိတဲ့ပစ္စည်းတွေကို ယူသွားပါစေ

တစ်ခါတစ်လေ တစ်ချို့ရန်သူတွေဟာ သင့်ကို ဒုက္ခရောက်အောင် မလုပ်ချင်ကြပါဘူး။ သင့်ရဲ့ အသက်အန္တရာယ်ကိုလည်း ရန်မရှာချင်ကြပါဘူး။ သူတို့လိုချင်တာက သင့်တို့ရဲ့ ပိုက်ဆံနဲ့ တန်ဖိုးရှိတဲ့ ရောင်းစားလို့ရတဲ့ပစ္စည်းတွေပါ။ ဒီလိုဖြစ်လာမယ်ဆိုရင်တော့ သင် လောဘကြီးမနေပါနဲ့လို့ အကြံပေးပါရစေ။ တစ်စုံတစ်ယောက်က သင့်ရဲ့ပစ္စည်းတွေကို လာရောက်လုယူမယ်ဆိုရင် သင်ဟာ အဲဒီ့ပစ္စည်းတွေကို သင်နဲ့ ခပ်ဝေးဝေးကို လွှတ်ပစ်ပြီး ထွက်ပြေးပါတော့။ ပစ္စည်းလိုချင်တဲ့သူဟာ ပုံမှန်အားဖြင့်တော့ သင့်နောက်လိုက်တော့မှာ မဟုတ်ပါဘူး။ သင်ကသာ လောဘကြီးပြီး မပေးနိုင်ပဲ ပတ်ဝန်းကျင်နဲ့တိုင်ဖို့၊ ပြန်လည်လုယူဖို့၊ အော်ဟစ်ဖို့ကြိုးစားမယ်ဆိုရင်တော့ သင့်ရဲ့အသက် အန္တရာယ်ရှိလာပြီဆိုတာကို မမေ့ပါနဲ့။ အများကြီးမဆုံးရှုံးချင်ရင် တစ်ယောက်တည်းသွားတဲ့နေရာမှန်သမျှကို အများကြီးယူမသွားပါနဲ့။

လူအုပ်ကြားထဲရောက်အောင်သွားပါ

အကယ်လို့ သင့်နောက်က မသင်္ကာဖွယ်ရာလူတွေလိုက်နေတယ်လို့ ခံစားရပြီဆိုတာနဲ့ သေချာအောင် စောင့်ကြည့်နေစရာကို မလိုအပ်ပါဘူး။ အခုချက်ချင်း လူအုပ်ကြားထဲရောက်အောင် ဖြေးဖြေးမှန်မှန်သွားပါ။ အရမ်းကာရော စွတ်ပြေးတာဟာ အန္တရာယ်ကိုလက်ယက်ခေါ်သလိုဖြစ်တတ်ပါတယ်။ အနီးဆုံးနေရာက စားသောက်ဆိုင်၊ ဈေးဝယ်စင်တာနဲ့ အရောင်းပြခန်းတွေတစ်ခုမဟုတ် တစ်ခုထဲဝင်ပြီးမှာ အခြေအနေကို စောင့်ကြည့်ပါ။ လူတွေကြားထဲမှာပဲ ရောနှောနေလိုက်တာက သင် တစ်ယောက်တည်း အိမ်ကိုအပြေးပြန်တာထက် ပိုပြီးလုံခြုံစိတ်ချရပါတယ်။

ဖုန်းကိုခေါ်ထားနှင့်ပါ

တစ်ယောက်တည်း မသင်္ကာစရာတစ်ခုခုနဲ့ကြုံနေရပြီဆိုရင်တော့ သင့်ရဲ့မိသားစု ဒါမှမဟုတ် ရဲစခန်းစသည်ဖြင့် ယုံကြည်စိတ်ချရတဲ့သူတွေဆီ ဖုန်းခေါ်ဆိုပြီး ဘာမှမပြောဘူးဆိုရင်တော့ ဖုန်းမချပဲ ဖုန်းကိုဖွင့်ထားပါ။ အဲဒါမတိုင်ခင် သင် နောက်ဆုံးရောက်နေတဲ့နေရာ၊ သင်သွားမယ့်နေရာစတာတွေကို message ရိုက်ပို့ထားပါ။ ဒီလိုဆိုရင်တော့ သူတို့ဟာ ဖုန်းမကျသွားမချင်းတော့ သင့် ဘာဖြစ်နေလဲဆိုတာကို သိခွင့်ရမှာဖြစ်ပြီး သင် တစ်ခုခုဖြစ်ပြီး အဆက်အသွယ်ပြတ်သွားတဲ့အခါ လိုက်လံရှာဖွေရလွယ်ကူမှာပါ။

မိန်းကလေးတွေအနေနဲ့လည်း သားကောင်တွေရဲ့အစာဖြစ်မသွားရအောင် ကိုယ့်ကိုယ်ကိုယ် အမြဲတစေသတိရှိရှိနဲ့ ဂရုစိုက်နေကြပါ။ နောက်ပြီး တစ်စုံတစ်ခုအန္တရာယ်ဖြစ်လာပြီဆိုရင်လည်း သင်တို့ရဲ့ အသက်ကလွဲပြီး ကျန်တာအကုန်ပြန်လည်တည်ဆောက်လို့ရတယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ မိန်းမမာယာအသုံးပြုပြီးတော့ပဲဖြစ်ဖြစ် မိမိအသက်ကိုတော့ ကာကွယ်ကြစေချင်ပါတယ်နော်။

 

Editor: Moethae Say

 

 



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.