Opinions   |   Posted on Oct 17, 2017 by Moe Thandar Lwin

အထီးကျန်ချိန်တွေအတွက် To Do List


အထီးကျန်မှု သတိပြု

Share this article

တစ်ကိုယ်ရည်အထီးကျန်ချိန်ဆိုတာ မိသားစုနဲ့ ပြည့်စုံနေတဲ့သူတွေတောင် ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောပါ။ နောက်ပြီး အခုနောက်ပိုင်း လူငယ်တွေတော်တော်များများဟာ ရန်ကုန်နဲ့ ရေခြားမြေခြားနိုင်ငံအသီးသီးမှာ တစ်ဦးတည်း အသက်ရှင်ရပ်တည်ရုန်းကန်ကြရပါတယ်။ အဲဒီ့အခါ ကြာလာတော့လည်း တစ်ယောက်တည်း တစ်ကိုယ်ရည်အထီးကျန်တယ်ဆိုတဲ့ စိတ်ရောဂါတစ်ခုကို ခံစားလာကြရပါတယ်။ ဒါ သိပ်ကောင်းမွန်တဲ့ အကြောင်းအရာတော့မဟုတ်ပါဘူး။ တစ်ယောက်တည်းမှ ပျော်ရွှင်အောင် မနေတတ်ဘူးဆိုရင် ကြာလာတဲ့အခါ စိတ်ဓာတ်ကျလာတာတို့၊ စိတ်အားငယ်လာတာတို့ စတဲ့ပိုဆိုးတဲ့ စိတ်ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်တာမို့ မသိချင်ယောင်ဆောင်ပြီးကျော်သွားလို့တော့ရတဲ့ ပြဿနာတော့မဟုတ်ပါဘူးနော်။

ပထမဆုံးအနေနဲ့ မိသားစုနဲ့ခွဲခွာပြီး တစ်ယောက်တည်းနေရတော့မယ့် လူငယ်တွေအနေနဲ့ သူငယ်ချင်းတွေနဲ့ TGIF လုပ်ရတာတို့၊ လျှောက်လည်ရတာတို့လည်း မကြိုက်တဲ့သူဆိုရင်တော့ ပထမဆုံးလုပ်ရမယ့်အလုပ်တစ်ခုရှိပါတယ်။ အဲဒါကတော့ To Do List လုပ်ဖို့ပါပဲ။ တကယ်လို့မှ သင်သာတစ်ယောက်တည်း အထီးကျန်တော့မယ်ဆိုရင်တော့ ဘာတွေလုပ်ရမလဲ၊ ဘာတွေလုပ်ရင်းအပန်းဖြေမလဲဆိုတာကို အရင်ဆုံးစဉ်းစားထားသင့်ပါတယ်နော်။ ဒါမှပဲ သင့်အနေနဲ့လည်း အထီးကျန်လာပြီလို့ ခံစားလာရမယ်ဆို ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်မနေတော့မှာပါ။

သင့်ရဲ့ To Do List ထဲမှာ ဘာတွေထည့်ထားရမလဲဆိုတာလည်း အရေးကြီးတယ်နော်။ သင်ထည့်ထားသင့်တာတစ်ခုက အဆာပြေမုန့်တွေစားပြီး ရုပ်ရှင်ကြည့်တာပါ။ ရုပ်ရှင်ကြည့်ရတာကို မနှစ်သက်တဲ့လူက နည်းတော့နည်းပါတယ်နော်။ တစ်ခါတစ်လေ ပျင်းရိခြောက်ကပ်လွန်းတယ်လို့ ခံစားရရင်တော့ သင့်ရဲ့ Diet တွေ၊ အလုပ်ကိစ္စတွေကို ခဏဘေးဖယ်ထားလိုက်ပြီး ရေခဲမုန့်တွေတစ်ဝကြီးစားလိုက်ပြီး ရုပ်ရှင်ကြည့်လိုက်တာမျိုးကို လုပ်ပေးပါ။ ဒီနေရာမှာ သင် ဂရုစိုက်ရမှာတော့ အိမ်မှာဆိုရင် အထီးကျန်မှာဆိုးလို့ဆိုပြီး တစ်ယောက်တည်း ရုပ်ရှင်ရုံမှာ သွားကြည့်တာမျိုးကိုတော့ အားမပေးဘူးနော်။ အဲဒါက သင့်ကို တကယ် Lonely ဖြစ်တယ်ဆိုတဲ့ ခံစားချက်ကို အခန့်မသင့်ရင် ပိုပြီး ခံစားလာရစေလို့ပါ။

လူအများနဲ့ဆက်ဆံရတာ ပတ်ဝန်းကျင်အသစ် လူအသစ်တွေနဲ့ဆက်ဆံရတာ သဘောကျရင်တော့ To Do List ထဲမှာ ပရဟိတလုပ်တာကို ထည့်ထားလည်း ရပါတယ်။ Social Media ကနေ ပရဟိတအသင်းတွေရဲ့ လှုပ်ရှားမှုတွေကိုလေ့လာထားပြီး သင်သဘောကျတဲ့ အသင်းအဖွဲ့နဲ့အတူတူ Join ပြီး ပျော်ရွှင်မှုအသစ်ပုံစံတစ်မျိုးကို ရှာဖွေကြည့်ပါ။ လူအများနဲ့ ရောထွေးရတာမကြိုက်ဘူးဆိုရင်တော့ တစ်ကိုယ်တည်း ဘုရားကျောင်းကိုသွားပြီးတော့ ကလေးတွေနဲ့အချိန်ပေးတာမျိုးလေးတွေ လုပ်ကြည့်ပါ။ တစ်ခြားနေရာမှာ Bar တွေ၊ Club တွေမှာ မရရှိနိုင်တဲ့ ပျော်ရွှင်ကြည်နူးမှုအမျိုးအစားအသစ်တွေကို သင် ခံစားရရှိနိုင်ပါလိမ့်မယ်။

နောက်တစ်ခုကတော့ သင့်ရဲ့ ၀ါသနာကို အကောင်အထည်ဖော်ဖို့ပါပဲ။ သင့်ရဲ့ ငယ်ဘ၀၀ါသနာကို အချိန်ပေးလို့အကောင်းဆုံးအချိန်ကတော့ သင် အထီးကျန်နေတဲ့အချိန်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ပန်းချီဆွဲတာပဲဖြစ်ဖြစ်၊ ဂီတဖန်တီးတာပဲဖြစ်ဖြစ်၊ သစ်ပင်စိုက်တာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် အဆင်ပြေပါတယ်။ အသားကျသွားရင်တော့ သင် ပျင်းရိငြီးငွေ့တိုင်းမှာ သင့်ရဲ့ ၀ါသနာက သင့်ရဲ့အကောင်းဆုံးအဖော်မွန်တွေ ဖြစ်လာတော့မှာပါ။ တကယ်တော့ ၀ါသနာဆိုတာလည်း အကောင်းဆုံးအဖော်မွန်းတစ်ဦးပဲ မဟုတ်ဘူးလားနော်။

ဒါမှမဟုတ် တရားထိုင်တာမျိုးကလည်း သင့်ရဲ့စိတ်နဲ့ ကိုယ်ကို ရွှင်လန်းစေလို့ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်မျိုးတွေဆို စမ်းလုပ်ကြည့်သင့်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာတစ်ခုပြောပြချင်တာက လူငယ်တစ်ယောက်အနေနဲ့ အမြဲတမ်းတော့ တစ်ယောက်တည်းနေလို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးနော်။ အချိန်ရှိတုန်းလေး လူကိုယ်တိုင် အချိန်မပေးနိုင်ရင်တောင်မှ ဖုန်းလေးဆက် Video Call လေး Chat ပြီး မိသားစုတွေနဲ့ သူငယ်ချင်းတွေကို အချိန်ပေးစေချင်ပါတယ်။ သင် နာဖျားရင်ပဲဖြစ်ဖြစ်၊ သင် ကျရှုံးရင်ပဲဖြစ်ဖြစ် သင့်ဆီအပြေးလာပြီး ကူညီဖေးမနိုင်တာက တစ်ခြားအရာတွေအားလုံးထက် သင့်ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေပဲဖြစ်လို့ပါပဲ။

 

Editor: Moethae Say



Share this article

TOP 5 ARTICLES


Beauty Box   |   Posted on Nov 14, 2018

The Body Shop ရဲ့ ရင်ခုန်...


Celebrity Beauty   |   Posted on Nov 14, 2018

DRAMA SERIES အသစ်တစ်ခုထွက...


Celebrity Beauty   |   Posted on Nov 14, 2018

လှပလွန်းတဲ့ ရွှေမှုံရတီရဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.