Opinions   |   Posted on Feb 16, 2018 by Moe Thandar Lwin

အဆိပ်ငွေ့တွေကြားထဲက ၀င်သက်ထွက်သက်များ


အသက်တစ်နှစ်အောက် ကလေးငယ်လေး ၁၇မီလီယံလောက်ဟာ အဆိပ်သင့်နေတဲ့ အန္တရာယ်ရှိလေထုကို ရှူရှိုက်နေရပြီး အထူးသဖြင့် ကြောက်စရာကောင်းတဲ့ ဒီအဖြစ်အပျက်တွေဟာ အရှေ့တောင်အာရှမှာ အများဆုံးဖြစ်ပွားနေတာပါ။

Share this article

ကျွန်မတို့ဟာ နေ့စဉ်နဲ့အမျှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုံမွှမ်းထားတဲ့ကမ္ဘာကြီးပေါ်မှာ ရှင်သန်နေကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အပြင်သွားဖို့ လမ်းမတွေကို ထွက်လိုက်ကြတာနဲ့ ဓာတ်ငွေ့တွေကို စတင်ရှူရှိုက်ကြရပါတော့တယ်။ မော်တော်ကားယဉ်ကျေးမှု ပီပြင်စွာထွန်းကားတဲ့ ကျွန်မတို့ရဲ့နိုင်ငံမှာ ဘယ်နေရာသွားသွား နီးနီးဝေးဝေး ကားလေးနဲ့မှ အဆင်ပြေတယ်လို့ လူတွေက တရားသေယူဆထားကြတာပါ။ အဲဒီ့မော်တော်ကားယဉ်ကျေးမှုရဲ့ နောက်ဆက်တွဲကတော့ အညောင်းမိတဲ့ရောဂါတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းတွေနဲ့ လူတွေက စက်ရုပ်တွေလိုပဲ တစ်နေ့ပြီးတစ်နေ့ ရပ်တက်ထွက်စနစ်ကြီးနဲ့ လည်ပတ်နေကြရတော့တာပါပဲ။ လူအားထက် စက်အားကို အသုံးပြုနိုင်ခြင်းဟာ ခေတ်မီတယ်လို့ ကျွန်မတို့ မြင်တယ်။ ဆက်သွယ်ရေးမှာ စက်တွေတပ်လာကြတယ်။ ခရီးသွားလာရေးကို စက်တွေနဲ့ဆောင်ရွက်လာကြတယ်။ ခင်မင်ရင်းနှီးမှုတွေကို စက်တွေကတစ်ဆင့်ကူးယူကြတယ်။ ဒီလိုနဲ့ လူတစ်ချို့ရဲ့ နှလုံးထဲမှာလည်း စက်တွေတပ်ထားရတဲ့အဆင့်ထိကို ရောက်လာကြပါပြီ။ ဒီလိုစက်ရုပ်ဘ၀ကြီးထဲကနေ အလွယ်တကူရုန်းထွက်နိုင်ဖို့က ရုန်းထွက်ချင်တဲ့သူတွေအတွက် အများကြီးကြိုးစားနေစရာတော့ မလိုအပ်ပါဘူး။ အသင့်မောင်းအင်ဂျင်တွေအစား သင့်ရဲ့ခြေထောက်တွေကို အသုံးပြုပြီး သင်တို့ရဲ့ အသက်တွေကို ဆွဲဆန့်ဖို့အချိန်ကျရောက်နေပြီလို့ သတိပေးချင်ပါတယ်။

ကားလေးနဲ့ တ၀ှီဝှီသွားလာရတာ ခေတ်မီပြီး ခရီးတွင်ပါတယ်။ ဒါပေမယ့် အဲဒီ့စက်သုံးဆီသုံးအင်ဂျင်နဲ့စက်ပစ္စည်းတွေက ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ တခြားအန္တရာယ်ရှိတဲ့ဓာတုဓာတ်ငွေ့တွေက ကျွန်မတို့ရဲ့ လူ့သက်တမ်းတွေကို တဖြည်းဖြည်းတိုက်စားနေတာကိုတော့ ကျွန်မတို့တစ်တွေ သတိမပြုမိတာအမှန်ပါပဲ။ သာယာစိမ်းလန်းတဲ့ကမ္ဘာကြီးကိုတည်ဆောက်နိုင်ဖို့ဆိုတဲ့နေရာမှာ ကျွန်မတို့အားလုံး ဒီအချက်ကိုထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ အဲဒါကတော့

“မလိုအပ်တဲ့နေရာတွေအထိပါ စက်တွေကို လိုက်သုံးနေကြတော့မှာလား”

ကိုယ့်ကိုယ်ကိုယ်မေးပါ။ မိသားစုသူငယ်ချင်းတွေကိုမေးပါ။ သူစိမ်းတွေကိုမေးပါ။ လူ့သက်တမ်းဘယ်လောက်အထိ ကမ္ဘာမြေပေါ်မှာနေထိုင်ချင်ကြသလဲဆိုတာကိုပေါ့။

ဒီမေးခွန်းတွေကို တကယ်စဉ်းစားအဖြေထုတ်ကြတဲ့နိုင်ငံတွေရှိပါတယ်။ ဥပမာ ဒိန်းမတ်၊ နယ်သာလန်၊ ဆွီဒင်၊ ဂျပန်စတဲ့နိုင်ငံတွေမှာ အဓိကတွေ့ရှိနိုင်ပါတယ်။ သူတို့အားလုံးရဲ့ တူညီတဲ့အဖြေကတော့ စက်မောင်းအင်ဂျင်တွေမတပ်ဆင်ထားပဲ ခရီးတွင်ရုံမက အားကစားတဖြစ်လဲ ကျန်းမာရေးကိုလည်းအထောက်အကူပေးပြီး လူအများကိုလည်း မထိခိုက်တဲ့အဖြေကတော့ စက်ဘီးတွေပဲ ဖြစ်ပါတယ်။ စက်ဘီးစီးခြင်းအားဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကို ပညာပေးတယ်။ စက်ဘီးစီးဖို့လမ်းတွေပြင်ဆင်ပေးတယ်။ လူငယ်တွေနဲ့လူကြီးတွေအများစုဟာ စက်ဘီးတွေနဲ့ ကျောင်းသွားကြတယ်။ အိမ်ပြန်ကြတယ်။ ဟိုနားဒီနားသွားကြပါတယ်။ စက်ဘီးစီးခြင်းအားဖြင့် ကမ္ဘာ့လေထုကို ကာကွယ်နိုင်ရုံသာမကသေးပဲ လူတွေကိုလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါသေးတယ်။

ကျွန်မတို့ရော မော်တော်ကားတွေများပြားပြီး ဘယ်အချိန်သွားသွားလမ်းကြပ်နေတဲ့ ရန်ကုန်မြို့ကြီးမှာ ဘယ်တော့များမှ စက်ဘီးယဉ်ကျေးမှုဟာ အသက်ဝင်တောက်ပလာနိုင်မှာလဲလို့သာ မေးချင်ပါတော့တယ်။ ခပ်ဝေးဝေးနေရာတွေကလွဲလို့ ဟိုနားဒီနားလေးတောင် ကားလေးတ၀ှီဝှီနဲ့သွားချင်စိတ်ကို ထိန်းမရနိုင်ဘူးဆိုရင်တော့ သင်ဟာ လောကကြီးကိုအကျိုးမပြုချင်တဲ့သူများ ဖြစ်နေမလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရတော့မှာပါ။ ရန်ကုန်မြို့မှာလည်း စက်ဘီးယဉ်ကျေးမှုထွန်းကားလာအောင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့က ဦးဆောင်ပြီး လစဉ်လတိုင်းမှာလည်း “လူထုစက်ဘီးစီးပွဲ” တွေကို တစ်လတစ်ခါကျင်းပပေးနေပါတယ်။ လူတိုင်းလူတိုင်း စက်ဘီးနဲ့ ယဉ်ပါးပျော်ရွှင်လာအောင် စက်ဘီးစီးခြင်းအားဖြင့် ခရီးတွင်ပြီးကျန်းမာစေတယ်ဆိုတာကို အသိအမှတ်ပြုနေကြတာပါ။

ဒါတင်မကသေးပါဘူး။ မြန်မာနိုင်ငံမှာ စက်ဘီးယဉ်ကျေးမှုထွန်းကားလာဖို့အတွက် ကြိုးပမ်းနေကြတဲ့ တစ်ခြားလူမှုအဖွဲ့အစည်းတွေလည်း ရှိပါသေးတယ်။ Bicycle Network Myanmar ဆိုရင် စက်ဘီးစီးနင်းတာကို မြတ်နိုးသူတွေ အတော်များများလည်း သိကြပါတယ်။ ရန်ကုန်မြို့မှာ အခြေတည်ကာ လစဉ်လတိုင်း ခရီးတိုခရီးရှည်များ ရေးဆွဲပြီး စက်ဘီးစီးနင်းခြင်းအားကစားနဲ့ ၀ါသနာကို ပံ့ပိုးနေကြသူတွေပါ။ သူတို့တတွေဟာ လူတိုင်းစက်ဘီးစီးနင်းပြီးကျန်းမာရေးအသိတိုးတက်များပြားလာစေဖို့၊ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့၊ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှုတွေကို တက်နိုင်သရွေ့လျှော့ချဖို့ နောက်ပြီး ရန်ကုန်မြို့ပေါ်မှာလည်း နိုင်ငံတကာမှာလိုပဲ စက်ဘီးလမ်းများ ဖြစ်ပေါ်လာဖို့အတွက် ရည်ရွယ်ပြီး ရန်ကုန်ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့၊ နောက်ပြီး ချင်းမိုင်၊ တာချီလိတ်၊ တောင်ကြီး စသည်ဖြင့် ရခိုင်ပြည်နယ်၊ မန္တလေး၊ မေမြို့၊ ပုဂံစတဲ့ ဒေသအသီးသီးကို အပျော်တမ်းစက်ဘီးစီးအဖွဲ့အဖြစ် စီးနင်းလျှက်ရှိပါတယ်။

နောက်တစ်ဖွဲ့ကတော့ ရန်ကုန်မြို့က လူငယ်တွေအကြားမှာ စက်ဘီးစီးတဲ့ ယဉ်ကျေးမှုလေးကို ပြန်လည်အသက်သွင်းနေတဲ့ Bike in Ygn ဆိုတဲ့အဖွဲ့လေးပါပဲ။ သူတို့တစ်တွေကတော့ တက္ကသိုလ်ကျောင်းသားတွေကြားမှာ အရင်ခေတ်တွေတုန်းကလို စက်ဘီးယဉ်ကျေးမှုလေးပြန်လည်ပေါ်ပေါက်လာစေဖို့အတွက် စက်ဘီး Project ကို စတင်ခဲ့ကြပါတော့တယ်။ အရှေ့တောင်အာရှမှာ အကျယ်ဆုံးတက္ကသိုလ်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ ဒဂုံတက္ကသိုလ်ဆိုတာ တစ်နေရာကနေ တစ်နေရာ ခြေကျင်လျှောက်သွားဖို့ဆိုတာကလည်း ထင်သလောက်မလွယ်ပါဘူး။ ကားစီးဖို့ကျတော့လည်း လိုအပ်လောက်တဲ့အနေအထားမျိုး မရှိပါဘူး။ ဒီလိုခရီးတိုလေးတွေအတွက် အဆင်ပြေစေဖို့ ကားတွေနေရာမှာ အစားထိုးဝင်ရောက်လာတာကတော့ စက်ဘီးတွေပဲဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ကျောင်းသားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Unity & Progress ရယ်၊ Bike in Ygn ရယ် ပေါင်းစည်းပြီးတော့ တက္ကသိုလ်တွေထဲမှာ စက်ဘီးနဲ့သွားလာနိုင်အောင် စက်ဘီးငှားပေးတာမျိုးတွေ၊ အားလပ်ချိန်တွေမှာ စက်ဘီးစီးသင်ပေးတာမျိုးတွေကို လုပ်ဆောင်ပေးနေတာကို ရန်ကုန်မြို့ပေါ်မှာလည်း ၀မ်းသာစရာလေးတွေ့လာရပါပြီ။

ကျွန်မတို့ ကားတစ်စီးကို စက်နိုးပြီးမောင်းနှင်လိုက်တိုင်းမှာ ကမ္ဘာမြေကြီးရဲ့ ပင်လယ်ပြင်တွေ၊ သစ်တောတွေနဲ့ ရေအရင်းအမြစ်၊ လေအရင်းအမြစ်တွေကို ထိခိုက်လျှက်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့နိုင်ငံတွေအားလုံးကြားမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံက လူပေါင်း ၂၂,၀၀၀ ကျော်ဟာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပွားလာရတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ သေဆုံးပျောက်ကွယ်ကုန်ကြပါတယ်။

ကလေးတွေကို ငယ်စဉ်ကတည်းက စက်ဘီးစီးသင်ပေးလိုက်ကြပါ။ မီးပွိုင့်တွေမိပြီး ဘယ်လိုမှတိုးထွက်လို့မရတဲ့ လမ်းကြပ်ကြပ်နေရာတွေမှာ စက်ဘီးတွေနဲ့ သွားကြတာက ခရီးတွင်စေဦးမှာပါ။ တိုးမရတဲ့လမ်းတွေကို လောဘတကြီး တစ်ယောက်ချင်းဆီကို ကားတစ်ကားချင်းဆီနဲ့ ၀ိုင်းတိုးနေမယ့်အစား သွားရလာရလွယ်ကူတဲ့ ခရီးတိုတွေမှာ စက်ဘီးတွေကို ပြောင်းလဲအသုံးပြုလိုက်ခြင်းက နေ့စဉ်လူမှုဘ၀ရဲ့ ဆက်သွယ်သွားလာရေးအခက်အခဲတစ်ချို့ကို သင်ကိုယ်တိုင် ဖြေရှင်းပေးလိုက်နိုင်ပြီး ကမ္ဘာ့လေထုနဲ့ သဘာဝပတ်ဝန်းကျင်တွေကိုလည်း သင်ကိုယ်တိုင် ကာကွယ်ပေးလိုက်နိုင်ပါတယ်။

အသက်တစ်နှစ်အောက် ကလေးငယ်လေး ၁၇မီလီယံလောက်ဟာ အဆိပ်သင့်နေတဲ့ အန္တရာယ်ရှိလေထုကို ရှူရှိုက်နေရပြီး အထူးသဖြင့် ကြောက်စရာကောင်းတဲ့ ဒီအဖြစ်အပျက်တွေဟာ အရှေ့တောင်အာရှမှာ အများဆုံးဖြစ်ပွားနေတာပါ။ ဒီလိုရှူရှိုက်ရခြင်းကြောင့် ကလေးငယ်တွေဟာ ဦးနှောက်နဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးမှုတွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပေါင်းများစွာကို အနှေးနဲ့အမြန် မသိမသာ ခံစားနေကြရပါတယ်။ စက်ဘီးတွေစီးရင်း အအေးသွားသောက်ကြမယ်။ သူငယ်ချင်းတွေအိမ်လျှောက်လည်ကြမယ်။ အိမ်ကခိုင်းတဲ့ကိစ္စတွေသွားလုပ်ကြမယ်။ အရမ်းပျင်းရိလာရင် လမ်းလျှောက်ကြမယ်။ ကျန်းမာရေးနဲ့ညီညွှတ်ပြီး ကမ္ဘာလောကကြီးကို အကျိုးပြုတဲ့ လမ်းပန်းဆက်သွယ်ရေးကို အနည်းနဲ့အများ အတက်နိုင်ဆုံး ပြောင်းလဲအသုံးပြုရပါလိမ့်မယ်။ လူသားတစ်ယောက်အဖြစ်နဲ့ လူ့လောကထဲကိုရောက်ရှိလာတာက ကံကောင်းမှုတစ်ခုမဟုတ်ပါဘူး။ လူသားတွေဟာ ကျွန်မတို့နေထိုင်ကြတဲ့ကမ္ဘာကြီးအပေါ် ဘယ်လောက်ဂရုတစိုက်စောင့်ရှောက်နိုင်တယ်။ ဘယ်လောက်ချစ်ခင်ပြီး သဘာဝသဃံဇာတတွေကို ဘယ်လောက်ထိန်းသိမ်းနိုင်လဲဆိုတာအပေါ်အခြေခံဦးမှ ကျွန်မတို့သားစဉ်မြေးမြစ်အတွက်လည်း ကံကောင်းမှုတွေကို ဆက်လက်ပေးစွမ်းနိုင်ကြမှာဖြစ်လို့ အဆိပ်သင့်နေတဲ့ ကျွန်မတို့ကမ္ဘာကြီးကို ကယ်တင်လိုက်ကြရအောင်။

 

Editor: MoethaeSay

 



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.