People   |   Posted on Mar 13, 2018 by Moe Thandar Lwin

အကျည်းတန်မှုတွေကို ထိုးဖောက်ဖြတ်ကျော်ခဲ့တဲ့ အလှနတ်သမီး Lizzie Velasquez


သူမကို ရုပ်ဆိုးလိုက်တာဆိုပြီး အပေါ်ယံသက်မှတ်လိုက်မယ်ဆိုရင်တော့ သင်လုံးလုံးမှားသွားပါလိမ့်မယ်

Share this article

၁၉၈၉ခုနစ် မတ်လရဲ့ နေ့တစ်နေ့မှာ သူမဟာ မွေးဖွားလာခဲ့ပါတယ်။ ဒါဟာ ကောင်းသောမွေးဖွားခြင်းလား၊ ဆိုးရွားသောမွေးဖွားခြင်းလားဆိုတာတောင် သူမရဲ့ မိသားစုတွေက ဝေခွဲနိုင်မှာ မဟုတ်ခဲ့ပါဘူး။ လူတစ်ယောက် မွေးဖွားလာခြင်းဟာ ပြီးပြည့်စုံတဲ့ဖန်ဆင်းခြင်းတစ်မျိုးပဲလို့ သူမကို ကျွန်မ မတွေ့ခင်မသိခင်တုန်းက ထင်မိခဲ့ပါတယ်။ တကယ်တော့ လူ့လောကထဲ ကျွန်မတို့ မွေးဖွားရောက်ရှိလာကြတာဟာ ချို့ယွင်းချက်တွေကိုယ်စီကိုယ်ငှနဲ့ပါပဲ။ လိုအပ်ချက်တွေ၊ ချို့ယွင်းချက်၊ အားနည်းချက်တွေကြားထဲမှာ ကျွန်မတို့ကိုယ်ကျွန်မ ဘယ်လိုထိန်းကျောင်းအသက်ရှင်သွားတယ် ဆိုတဲ့အပေါ်မှာသာမူတည်ပြီး ဘ၀ရဲ့ ပြီးပြည့်စုံခြင်းကို ပုံဖော်ဖန်တီးတယ်ဆိုတာကို သိနားလည်ခံစားမိလာအောင် လက်တွေ့ပြသပေးခဲ့တဲ့ အမျိုးသမီးလေးတစ်ဦးကို ကျွန်မက ကျေးဇူးတင်စွာနဲ့ ဒီ မတ်လ Incredible Woman ကဏ္ဍလေးမှာ ဖော်ပြပေးပါရစေ။

သူမဟာ အမေရိကန်နိုင်ငံရဲ့ Motivational Speaker တစ်ယောက်၊ Author & YouTuber တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ ပြီးပြည့်စုံတဲ့အမျိုးသမီးတစ်ဦးအဖြစ် မွေးဖွားလာခဲ့တာတော့ မဟုတ်ပါဘူး။ သူမဟာ Marfanoid Progeroid Lipodystrophy Syndrome ဆိုတဲ့ ဆိုးရွားတဲ့ Rare Congenital Disease ကို အပြင်းအထန် ခံစားနေရသူတစ်ဦးပါ။ ဒီရောဂါဟာ သူမကို လိုအပ်တဲ့ကိုယ်ခန္ဓာအဆီတွေ တိုးပွားလာဖို့ရာ တားဆီးထားပြီး သူမရဲ့ ကိုယ်ခန္ဓာအလေးချိန်ဟာ အရွယ်နဲ့မျှတအောင် တိုးတက်လာခြင်းမရှိတဲ့သူတစ်ယောက်ပါ။ သူမကို ရုတ်တရက်မြင်လိုက်ရတဲ့သူတွေကတော့ စိတ်ခြောက်ခြားပြီး ကြောက်ရွံ့ထိတ်လန့်စရာကို ကောင်းနေပါလိမ့်မယ်။ တခြားသူတွေသာ သူမနေရာမှာဆိုရင်လည်း လူပုံအလယ် ရဲရဲရင့်ရင့်ထွက်မပြရဲပဲနဲ့ တစ်ကိုယ်တည်း တိတ်တဆိတ် ချောင်တစ်ချောင်မှာပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့ ဘ၀ကို ဖြတ်သန်းသွားရလောက်တဲ့အထိကို စိတ်ချောက်ခြားနေခဲ့မှာပါ။ သူမရဲ့နာမည်ကတော့ Lizzie Velasquez ကို ခေါ်ပါတယ်။

Who is she

သူမရဲ့နာမည်အပြည့်အစုံက Elizabeth Ann Velasquez ပဲဖြစ်ပါတယ်။ March 13th , 1989 မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ ပြင်းထန်တဲ့ မွေးရာပါရောဂါဝေဒနာကြောင့် လူမှန်းသိတတ်စဉ်အခါကတည်းက အနိုင်ကျင့်ခြင်း၊ အထင်သေးခြင်းနဲ့ လှောင်ပြောင်ရယ်မောကဲ့ရဲ့ခြင်းတွေကို အရွယ်နဲ့မလိုက်အောင် ခံစားခဲ့ရပါတယ်။ ဒီလိုသူမရဲ့ မွေးရာပါ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကြောင့်ပဲ အရွယ်တစ်ခုကိုရောက်လာတဲ့အခါ သူမဟာ လူသားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်တဲ့၊ လူသားတွေကို အားပေးကူညီတဲ့ Motivation Speaker တစ်ယောက်ဖြစ်လာခဲ့ခြင်းပဲ ဖြစ်ပါလိမ့်မယ်။

Early Life Story

Lizzie Velasquez ဆိုတဲ့အမျိုးသမီးငယ်လေးကို Rita နဲ့ Guadalupe ဆိုတဲ့ မိဘနှစ်ပါးက March 13th, 1989 မှာ မွေးဖွားပေးခဲ့ပါတယ်။ မွေးရပ်မြေကတော့ Austin, Texas ပဲဖြစ်ပါတယ်။ သားသမီးသုံးယောက်အနက်မှာတော့ သူမက အကြီးဆုံးသမီးတစ်ဦးပါ။ မိဘတွေအတွက်လည်း ပထမဆုံးအားထားရတဲ့ အကြီးဆုံးသမီးလေးဟာ နောက်ပြီး ပထမဆုံးကလေးလေးဟာ ဒီလိုဖြစ်လာမယ်ဆိုပြီးတော့ ဘယ်သူမှ မျှော်လင့်ထားကြမှာမဟုတ်ပါဘူး။ ကျွန်မတို့ဆိုလည်း မိမိရဲ့ မိသားစုဝင်တွေထဲမှာ ဒီလိုကလေးတစ်ယောက်ပါလာလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးကြပါဘူး။ သူမရဲ့ ရောဂါဝေဒနာကို ဒီအတိုင်း ကျွန်မတို့ကြားရတဲ့အခါသာ ကိုယ်ခန္ဓာကလိုအပ်တဲ့အဆီတွေကို ထိန်းသိမ်းပေးနိုင်ခြင်းမရှိပဲ အလေးချိန်တက်မလာတဲ့ရောဂါလို့ အလွယ်အဓိပ္ပာယ်သတ်မှတ်ရတာသာ လွယ်ကူတာပါ။ သူမရဲ့ ပြင်ပပုံပန်းသဏ္ဍာန်နဲ့ ဝေဒနာကို မျက်ဝါးထင်ထင် တွေ့ရှိလိုက်ရတဲ့အချိန်မှာတော့ ဒီလိုအရာမျိုးကို ကျွန်မတို့လက်ခံဖို့ ကြောက်လန့်ခြောက်ခြားနေကြမှာ အမှန်ပါပဲ။ ဒါပေမယ့် သူမဟာ ဘ၀မှာ ဒီလိုဖြစ်လာဖို့အတွက် ရွေးချယ်ခြင်းခံလိုက်ရတဲ့အခါ ထွက်ပြေးစရာလမ်းပေါက်လည်း ရှိတော့မှာမဟုတ်ပါဘူး။

အသက်လေးပတ်အရွယ်ရောက်တဲ့အချိန်မှာတောင် သူမရဲ့ ကိုယ်ခန္ဓာအလေးချိန်ဟာ 1.219 kg (၂ပေါင်နဲ့ ၁၁အောင်စ) သာရှိခဲ့ပါတယ်။ သူမဟာ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှေးကွေးလွန်းတဲ့ကောင်မလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် စိတ်ဓာတ်နဲ့ခံယူချက်ကတော့ ဘယ်တော့မှ အနောက်မှာနေခဲ့မှာ မဟုတ်ပါဘူး။ Lizzie Velasquez ဟာ Texas State University မှာ ပညာသင်ကြားခဲ့ပြီး သူမရဲ့ အဓိကမေဂျာရပ်ကတော့ Communication ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမဟာ လူမှုဆက်ဆံရေးနဲ့ ဆက်သွယ်ရေးကောင်းမွန်တဲ့ အမျိုးသမီးတစ်ဦးဖြစ်လာတယ်လို့ ပြောလို့ရပါတယ်။ သူမဟာ Roman Catholic တစ်ဦးဖြစ်ပြီး သူမဟာ ဘာသာရေးနဲ့ပတ်သက်ရင်လည်း ကိုင်းရှိုင်းရိုသေယုံကြည်မှုရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

“အရာရာတိုင်းကို ကျွန်မ အကောင်းဆုံးဖြစ်အောင် နေခဲ့တယ်။ တစ်ယောက်တည်းနေဖို့ ကိုယ့်ကိုယ်ကိုယ်လည်း အချိန်ပေးပြီး ဘုရားဆုတောင်းနေခဲ့တယ်။ အဲဒီကြောင့်ပဲ ဘုရားသခင်ဟာ ကျွန်မအတွက် ရှိနေတယ်လို့လည်း ယုံကြည်တယ်”

သူမဟာ ဘ၀တစ်လျှောက်လုံးမှာ ဆိုးရွားတဲ့အခြေအနေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ အစောပိုင်းကာလတွေတုန်းကဆိုရင် သူမရဲ့ ရောဂါဝေဒနာအတွက် ရှာဖွေစစ်ဆေးခြင်းလည်း မပြုရသလို ဘာရောဂါဖြစ်လို့ ဖြစ်နေမှန်းတောင် သူမရဲ့ မိသားစုတွေက အဖြေရှာမရခဲ့ပါဘူး။ သူမရဲ့ရောဂါဟာ တစ်ခြားရောဂါဝေဒနာပုံစံတွေနဲ့လည်း အများကြီးဆင်တူနေခဲ့ပြီး ဆရာဝန်တွေကလည်း အဖြေရှာကုသရာမှာ အစပိုင်းမှာ Neonatal Progeroid Syndrome လို့ဆိုခဲ့ပေမယ့် ဆေးကုသမှုဟာ သူမအတွက် ဘယ်လိုမှမထိရောက်ခဲ့ပါဘူး။ သူမရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ ၀မ်းနည်းစရာကောင်းလောက်အောင်ပဲ ကိုယ်ခန္ဓာအလေးချိန်ဟာ ၆၄ပေါင်ထက် ပိုပြီး မတိုးတက်လာခဲ့ပါဘူး။ နောက်ပြီးတော့ သူမရဲ့ ကိုယ်တွင်းအဆီဟာ တစ်စက်မှမရှိခဲ့တဲ့အနေအထားနဲ့ပဲ အသက်ရှင်လာခဲ့ရပါတယ်။ တစ်နေ့ကို ပျမ်းမျှ ၅၀၀၀ ကနေ ၈၀၀၀ ကယ်လိုရီအထိ နေ့စဉ်စားသုံးခဲ့ပေမယ့် အကြောင်းမထူးခဲ့ပါဘူး။

ဒါတွေတင်မကသေးပဲ ဆိုးရွားတဲ့နောက်တစ်ချက်ကတော့ သူမဟာ အသက်လေးနှစ်အရွယ်အရောက်မှာ ညာဘက်မျက်လုံးတစ်ခုလုံးဟာ တိမ်ဖုံးပြီး ကွယ်ခဲ့ပါတော့တယ်။ အသက်လေးနှစ်နောက်ပိုင်းကနေစပြီး ကမ္ဘာလောကကြီးကို ဘယ်ဘက်မျက်လုံးတစ်ခုတည်းနဲ့သာ ကြည့်မြင်ခံစားခဲ့ရသူပါ။

ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် မလှလိုက်တာ၊ ရုပ်ဆိုးလိုက်တာလို့ ခံစားမိတဲ့အခါတိုင်း Lizzie ကို သတိရမိပါတယ်။ ကျွန်မတို့တစ်တွေဟာ ဘ၀မှာ ဒုက္ခတစ်မျိုးမျိုးတွေ့လာရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်သာ အဆိုးရွားဆုံးလို့ ထင်မှတ်တတ်ကြပါတယ်။ တစ်ခါတစ်လေ ဘ၀ကိုပါ လက်လွှတ်ဆုံးရှုံးချင်လောက်တဲ့အထိ စိတ်ဓာတ်ကျတတ်ကြပါတယ်။ အဲဒီလိုအခြေအနေမျိုးရောက်ရင် အမြဲတမ်း သတိရသူကတော့ Lizzie ကိုပါ။ သူမမှာ လူတွေနှစ်သက်သဘောကျလောက်တဲ့ပုံစံမျိုး တစ်ကွက်ဆို တစ်ကွက်မှကို မရှိတာပါ။ နှစ်သက်စရာမရှိတဲ့အပြင် တစ်ခါတစ်လေဆိုရင် ကြောက်လန့်ခြောက်ခြားမိလောက်တဲ့အထိ ခံစားကြရပါတယ်။ ဒါပေမယ့် Lizzie ဟာ သူမရဲ့ ဘ၀ကို အခန်းကျဉ်းလေးအတွင်းမှာပဲ ကုန်ဆုံးမခံခဲ့ပါဘူး။ ဘယ်မျက်လုံးတစ်လုံးထဲ ကြည့်မြင်ခွင့်ရပေမယ့်လည်း ကမ္ဘာကြီးတစ်ခုလုံးကို သူမရဲ့ မျက်လုံးတစ်ဖက်ထဲ ထည့်ထားခဲ့သူတစ်ယောက်ပါ။

Success and Fame

အားကုန်ရုန်းထရင်း သူမဟာ အားနည်းချက်ပေါင်းမြောက်များစွာကြားထဲကပဲ အချိန်တွေကို တရွေ့ရွေ့ဖြတ်ကျော်လာခဲ့ပါတယ်။ ၂၀၀၆ခုနစ် သူမအသက် ၁၇နှစ်အရောက်မှာတော့ “World’s Ugliest Woman” လို့အမည်ပေးထားတဲ့ Video တစ်ခုကို YouTube မှာ ဝေမျှခဲ့ပါတယ်။ Lizzie ဟာ အနိုင်ကျင့်ခြယ်လှယ်ခြင်းတွေကို ဆန့်ကျင်တဲ့အကြောင်း ဖွင့်ဟပြောကြားခဲ့ပြီး ၂၀၁၄ခုနှစ်မှာတော့ Lizzie Velasquez ကို “How Do You Define Yourself” ဆိုတဲ့ခေါင်းစဉ်နဲ့ Motivational Speak ပြောကြားပေးဖို့ TEDx Austin Women Talk က ဖိတ်ကြားခြင်းကို ခံခဲ့ရပါတယ်။ အဲဒီ့ TEDx Video ဟာလည်း YouTube မှာ ကြည့်ရှုသူပေါင်း ၅၄ မီလီယံကျော်ကို ပိုင်ဆိုင်ခဲ့ပါတော့တယ်။ ဒီ Video ကနေတစ်ဆင့် သူမကို အရင်ကထက်ပို လူသိများလာစေခဲ့ပြီး သူမရဲ့ Speech မှာ ပြောကြားသွားတဲ့ စကားတွေအရ ကမ္ဘာလောကကြီးပေါ်၊ လူတွေအပေါ် နောက်ပြီး သူမအပေါ်သူမ ထားရှိတဲ့အကောင်းမြင်စိတ်ထားလေးကြောင့် လူပေါင်းများစွာရဲ့ သနားချစ်ခင်ခြင်းနဲ့ လေးစားဂုဏ်ပြုခြင်းကို ထိုက်ထိုက်တန်တန်ပိုင်ဆိုင်ခဲ့ရပါတော့တယ်။

၂၀၁၅ခုနစ်မှာ ပြုလုပ်ခဲ့တဲ့ National Bullying Prevention Month မှာလည်း သူမက တစ်တက်တစ်အားပါဝင်ခဲ့ပြီး Social Media Challenge အတွက်လည်း Host ပြုလုပ်ပေးခဲ့ပါသေးတယ်။ သူမဟာ ချောင်ထဲမှာပဲ လှောင်ပိတ်မနေခဲ့ပါဘူး။ သူမရဲ့ လူနဲ့စိတ်ကို လွတ်လွတ်လပ်လပ်ရှင်သန်ခွင့်ပေးခဲ့ပြီး လူအများအတွက် ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်တဲ့ သူမရဲ့ မျက်နှာနဲ့ ကိုယ်ခန္ဓာကို စင်ပေါ်တက်ဖော်ထုတ်ပြသခြင်းကိုလည်း သူမရဲရင့်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက်လည်း ဇမသေးတဲ့ သူမရဲ့ စိတ်တွင်းအင်အားတွေဟာ ကျွန်မတို့အားလုံး လေးစားအတုယူစရာကောင်းနေပါတော့တယ်။

အချစ်ကြောင့် ဘ၀တစ်ခုကို လက်လျှော့ဖို့တွေးနေလား၊ ဒါမှမဟုတ် အလုပ်အကိုင်တွေမကောင်းလို့များ သင်ဟာ အသုံးမကျတဲ့သူတစ်ယောက်လို့ မြင်နေမိလား၊ သင့်ရဲ့ရုပ်ရည်ကြောင့်ရော သင်ဟာ လူတောမတိုးဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ကုန်နေလား။ တကယ်တော့ ဒီလို သင့်ရဲ့ ဘ၀ကိုရိုက်ချိုးနိုင်တဲ့အတွေးတွေက မှန်နေတာ မဟုတ်ပါဘူး။ လုံးဝကို မှားနေပါတယ်။ Lizzie Velasquez ကို အတုယူပါ။ သူမဟာ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအချိုးအစားမရှိပါဘူး။ ချစ်ခင်နှစ်သက်စရာ ရုပ်ဆင်းအင်္ဂါလည်း မရှိပါဘူး။ ဒါတင်မကသေးပဲ မျက်လုံးတစ်ဖက်ကလည်း အလင်းကွယ်နေပါသေးတယ်။ ဒါပေမယ့် သူမဟာ လူအနည်းငယ်ကြားထဲမှာတောင် မဟုတ်ပဲ တစ်ကမ္ဘာလုံးရှေ့ထွက်ပြီး မားမားမတ်မတ်ရပ်တည်ခဲ့ပါတယ်။ ဘ၀ကို ဖြစ်သလိုအရှုံးမပေးသွားခဲ့ပါဘူး။ ကျွန်မတို့ဟာ Lizze ကိုမှ အတုမယူဘူးဆိုရင် ဘယ်သူတွေကို အတုယူရဦးမှာလဲ။

သူမရဲ့ ပထမဆုံးအလုပ်အကိုင်ကတော့ သူမရဲ့ မိခင်ဖြစ်တဲ့ Rita နဲ့ အတူတူ စာရေးပြီး Autobiography စာအုပ်ကို ၂၀၁၀ခုနစ်မှာ အင်္ဂလိပ်ဘာသာနဲ့ စပိန်ဘာသာနှစ်မျိုးနဲ့ ရေးသားထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။ အဲဒီ့စာအုပ်ကို Lizzie Beautiful ကို နာမည်ပေးခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ Lizze Velasquez ရဲ့ ဘ၀အပြင် သူမရဲ့မိခင်ဖြစ်သူက သူမကို ရေးသားပေးတဲ့ စာလေးတစ်စောင်ကိုပါ ထည့်သွင်းပုံနှိပ်ခဲ့တာဖြစ်ပါတယ်။

Lizzie ဟာ ဆယ်ကျော်သက်တွေ ဖတ်ရှုဖို့ စာအုပ်နှစ်အုပ်ရေးသားထုတ်ဝေခဲ့တာပါ။ တစ်အုပ်ကတော့ သူမရဲ့ ဘ၀အကြောင်းတွေကို ရေးသားခဲ့တာဖြစ်ပြီး နောက်တစ်အုပ်ကတော့ “Be Beautiful, Be You” ဆိုတဲ့ ခေါင်းစဉ်နဲ့ သူမ ဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းတွေအကြောင်းကို “စစ်မှန်တဲ့လှပခြင်းတွေကို ဖန်တီးနိုင်ဖို့ ဘယ်လိုရှာဖွေကြမလဲ” ဆိုပြီး သူမရဲ့ စာဖတ်သူတွေကို ဘ၀ကြီးကပေးတဲ့ကောင်းကျိုးတွေနဲ့ စစ်မှန်တဲ့လက်ဆောင်တွေကို ဘယ်လိုရှာဖွေရမလဲဆိုတာ သင်ကြားပြသပေးခဲ့ပါတယ်။ ဒီစာအုပ်ကိုလည်း စပိန်ဘာသာနဲ့ “Sé bella, sé tú mismဆိုပြီး ၂၀၁၃ခုနစ်မှာ ထပ်မံထုတ်ဝေခဲ့ပါသေးတယ်။ ဒါတင်မကပါဘူး။ တခြားစာအုပ်တွေလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။ Lizzie ရဲ့ စာအုပ်တွေကို Redemptorist Publishing House ကနေ ထုတ်ဝေပေးခဲ့တာပါ။

သူမရဲ့ ဘ၀ခရီးတစ်လျှောက်ကို လေ့လာကြည့်ကြည့်မယ်ဆိုရင် သူမလို စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတောင် သူမလောက် စိတ်ဓာတ်မကြံ့ခိုင်နိုင်တာကိုတွေ့ရမှာပါ။ သူမရဲ့ ကြိုးစားမှုတွေကြောင့် သူမကို လူတွေက အသိအမှတ်ပြုလာတဲ့အပြင်ကို မိန်းကလေးတွေနဲ့ ဆယ်ကျော်သက်တွေအားလုံးပါ လေးစားအားကျအတုယူရတဲ့ အမျိုးသမီးအဖြစ် တစ်ဖန်မွေးဖွားလာခဲ့ပါတယ်။

Pisces တစ်ဦးအဖြစ် March 13th မှာ မွေးဖွားခဲ့သူတွေဟာ စိတ်ဓာတ်ခိုင်မာကြတယ်။ လက်တွေ့ကျတဲ့အမြင် အတွေးအခေါ်အမြော်အမြင်ရှိကြပါတယ်။ ဘ၀ကိုရှင်သန်ဖို့အတွက် သူမတူတဲ့စိတ်ဓာတ်ပြင်းပြမှုတွေရှိကြပြီး ကြိုးစားချင်စိတ် ပြင်းထန်တဲ့သူတွေပါ။ Lizzie Ve ဖြစ်လို့လည်း ဒီရက်မှာ မွေးဖွားလာတာဖြစ်နိုင်သလိုပဲ ဒီရက်မှာ မွေးဖွားလာလို့လဲ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူမကို ရင်းနှီးသိရှိပြီးတဲ့နောက်ပိုင်းမှာတော့ ကျွန်မရင်ထဲကနေ အမြဲတစေ ရွတ်ဆိုနေမိတဲ့စကားလေးတစ်ကြောင်း ရှိနေပါတယ်။ အဲဒါကတော့ “အရှုံးမပေးနဲ့။” ဖြစ်ပါတယ်။ ကျွန်မ ဒီကနေ Lizzie ကို ဥပမာထားရင်း သင်တို့ကိုပြောပြချင်တဲ့ ကျွန်မရင်ထဲက စကားလေးကလည်း တစ်ခွန်းထဲပဲ ကျန်ပါတော့တယ်။ အဲဒါကလည်း “အရှုံးမပေးနဲ့” ပဲ ဖြစ်ပါတယ်။

 

Editor: Moethae Say

 



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Aug 18, 2018

Social Media တစ်ခုလုံးကို...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 17, 2018

MODA ရဲ့ 6th Anniversary...


Fashion News   |   Posted on Aug 17, 2018

ကြယ်ပွင့်သစ်လေးတွေကို Fai...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.