Art & Books   |   Posted on Jul 23, 2016 by Tun Lin

ဓါးနဲ့အသေးစိတ်ရတဲ့ အနုပညာသမား ထွေးအောင်လွင်


အိပ်မက်တွေက ဆက်ပြီးမက်နေတော့ ကျွန်တော်လုပ်ကြည့်မယ်ကွာဆိုပြီးတော့ လုပ်ကြည့်လိုက်တယ်။ လုပ်ကြည့်ပြီးနောက်ပိုင်းမှာ အဲဒီအိပ်မက်ကို ဆက်မမက်တော့ဘူး။

Share this article

လူတစ်ယောက်ဖန်တီးထားတဲ့အနုပညာဖန်တီးမှုကိုကြည့်ပြီး ကြက်သီးဖြန်းဖြန်းထလာတာမျိုးကို ကြုံဖူးပါသလား။ ဒါမျိုးဟာ ကြုံတောင့်ကြုံခဲတွေများစွာထဲက တစ်ခုပါပဲ။ သူ့ရဲ့အနုပညာကို တစ်စိမ့်စိမ့်ကြည့်လေလေ ပိုလေးစားမိလေလေ၊ ပိုဂါမိလေလေဖြစ်လာတာမျိုး။ အဲလိုခံစားမှုမျိုးကို ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ၊ လောကနတ်ပန်းချီခန်းမမှာပြသခဲ့တဲ့ Paper Cut Artist ထွေးအောင်လွင်ရဲ့ Art From Heart လို့နာမည်ပေးထားတဲ့ သူ့ရဲ့ ဒုတိယအကြိမ်တစ်ကိုယ်တော်ပြပွဲမှာ ခံစားခဲ့ရပါတယ်။ သူရဲ့ ပထမအကြိမ်တစ်ကိုယ်တော်ပြပွဲကိုတော့ ၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းကပြသနိုင်ခဲ့ပါတယ်။ ဆရာထွေးအောင်လွင်ဟာ ၂၀ဝ၄ ခုနှစ်က စတင်ပြီး Paper Stick Art တွေကိုဖန်တီးပြုလုပ်ခဲ့ပါတယ်။ အဲလိုနဲ့ နောက်ထပ်ဆယ်စုနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့ ပန်းချီအကျော်အမော် ဆရာဝင်းဖေမြင့်နဲ့တွေ့ဆုံပြီး ဆရာ့ထံကနေ အရောင်၊ ဒီဇိုင်းနဲ့ လိုင်းတွေအကြောင်းကို သင်ယူခဲ့ပါတယ်။ ယခုပြသခဲ့တဲ့ ပွဲမှာလည်း ဆရာထွေးအောင်လွင်ရဲ့ Paper Cut Art,Layered Paper Cut Art နဲ့ ­­­­­­­Realism Paper Cut Art တွေပါဝင်တဲ့ ကားပေါင်း ၄၀ ကျော်ကိုပြသသွားခဲ့ပါတယ်။


Paper Cut Art ကိုမှားခွင့်မရှိတဲ့အနုပညာလို့တင်စားပြောဆိုထားပါတယ်။ မှားခွင့်မရှိတဲ့အနုပညာအကြောင်းကို ဆရာထွေးအောင်လွင်ရဲ့ Paper Cut Art နဲ့ပတ်သက်ပြီးထုတ်ထားတဲ့ ပန်းဖလက်ပေါ်မှာ အခုလိုပဲတွေ့ရပါတယ်။ “Paper Cut Art လို့ဆိုတဲ့အတိုင်း စက္ကူကို ဓားနဲ့ဖြတ်တောက်ရတာဖြစ်လို့ အချိန်အဆမမှန်ရင် ဓားချက်လွဲချော်သွားပြီး လိုင်းတွေဟာ စပ်ဆပ်မှုမရှိတော့ဘဲ ပြတ်တောက်သွားတဲ့အတွက် ပုံတစ်ပုံလုံးပျက်စီးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် Paper Cut Artist တွေဟာ မိမိဖန်တီးမယ့် ပုံတစ်ပုံကို မပြုလုပ်ခင်မှာ အသေးစိတ်နားလည်ခံစားပြီး အတိအကျဆုံးဖြတ်လုပ်ဆောင်ရပါတယ်။”

Paper Cut Art အနုပညာဟာ ဘီစီ ၆ ရာစုလောက်က တရုတ်ပြည်မှာ စတင်ပေါ်ပေါက်ခဲ့တယ်လို့ဆိုပါတယ်။ တွေကို မင်္ဂလာရှိခြင်းဆိုတဲ့ အတိတ်နိမိတ် အနေနဲ့ နေအိမ်မှာဆောင်ထားတာ၊ မင်္ဂလာလက်ဖွဲ့၊ လက်ဆောင်ပေးတာစသဖြင့် ပြုလုပ်ကြပါတယ်။ ယခုလက်ရှိမှာလည်း ကမ္ဘာပေါ်မှာ Paper Cut Art ဖန်တီးသူတွေဟာ လက်ချိုးရေလို့ရနိုင်တဲ့အနေအထားတစ်ခုလည်း ရှိနေပါတယ်။ အဲဒီအထဲကမှ မြန်မာနိုင်ငံက ဆရာထွေးအောင်လွင်ကလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သို့ပေမဲ့ သူက မြန်မာပြည်မှာတော့ တစ်ယောက်တည်း . . .

မေး- ဒီ Paper Cut Art အနုပညာကို ဘယ်အချိန်ကစပြီး စိတ်ဝင်စားခဲ့တာလဲ။
ကျွန်တော် ၂၀ဝ၄ ခုနှစ်မှာ စပြီးစိတ်ဝင်စားမိခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော် အိပ်မက်တွေမက်တယ်။ ဒီ Paperတွေနဲ့အလုပ်လုပ်နေတယ်ပေါ့။ ဒါပေမဲ့ အခုလို အသေးစိတ်တော့မဟုတ်ဘူး။ အကြမ်းဖျင်းလေးတွေမြင်တယ်။ အဲလို အိပ်မက်တွေ ခဏခဏမက်တယ်။ ဒါပေမဲ့ ကျွန်တော်မလုပ်ဖြစ်ဘူး။ တခြားအလုပ်တွေလုပ်ဖြစ်နေတာဆိုတော့။ ပြီးတော့ ကျောင်းကလည်းတစ်ဖက်တက်နေရသေးတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်က သီချင်းရေးတာလည်း အရမ်းကိုပဲဝါသနာပါတယ်။ အဲဒါတွေလုပ်ဖြစ်နေတော့ ဒီ Paper Cut Art ဘက်ကို သိပ်ပြီး စိတ်မဝင်စားဖြစ်သေးဘူး။ ဒါပေမဲ့ အိပ်မက်တွေက ဆက်ပြီးမက်နေတော့ ကျွန်တော်လုပ်ကြည့်မယ်ကွာဆိုပြီးတော့ လုပ်ကြည့်လိုက်တယ်။ လုပ်ကြည့်ပြီးနောက်ပိုင်းမှာ အဲဒီအိပ်မက်ကို ဆက်မမက်တော့ဘူး။ ပထမဆုံးစလုပ်တဲ့ တစ်ခေါက်၊ နှစ်ခေါက်မှာတင် ကျွန်တော် စက္ကူတွေနဲ့ကစားရတာကို အရသာတွေ့သွားတယ်။ ပျော်လာတယ်။ စလုပ်တုန်းကတော့ ဟန်းမိတ်ကတ်ကလေးတွေ၊ အသဲပုံလေးတွေပေါ့။ အဲဒီကနေ အရသာတွေ့ ပြီးတော့ ကျွန်တော် ဟန်းမိတ်ကတ်တွေလုပ်ပြီးရောင်းတယ်။ ကျောင်းကလည်းတစ်ဖက်ပေါ့။ နောက်ပိုင်းကျတော့မှ တဖြည်းဖြည်းချဲ့ထွင်လာခဲ့တာပေါ့။ ၂၀ဝ၇၊ ၂၀ဝ၈ လောက်မှာ ကျွန်တော်နားလိုက်သေးတယ်။ ၂၀၁၂ လောက်ကျမှ ထဲထဲဝင်ဝင်ပြန်လုပ်ဖြစ်တာပေါ့။

မေး - အိပ်မက်အရလုပ်ခဲ့တာဆိုတော့ ဒီအကြောင်းအရာမဟုတ်ဘဲ တခြားအိပ်မက်တွေကိုရော လိုက်လုပ်ဖြစ်ခဲ့တာရှိလား။ အယုံအကြည်ရှိလား။
အိပ်မက်တွေကို အယုံအကြည်ရှိတာမျိုးလည်းမဟုတ်ဘူးဗျ။ ဗုဒ္ဓကဟောထားတဲ့တရားနဲ့ဆိုရင်တော့ ဒါက မောဟစိတ်နဲ့အိပ်နေတာ။ ကျွန်တော်သိပ်တော့အယုံအကြည်မရှိဘူး။ ဒါပေမဲ့လည်း ဒီအိပ်မက်ကကျတော့ ခဏခဏမက်နေတာဆိုတော့ စမ်းကြည့်လိုက်တဲ့သဘောပါ။ ယုံကြည်လို့မဟုတ်ပါဘူး။ လေ့လာချင်တဲ့စိတ်နဲ့လုပ်လိုက်တာပါ။ တခြားအရာတွေကို အဲလိုလိုက်လုပ်တာမျိုးမရှိပါဘူး။

မေး - အိပ်မက်အရလုပ်ခဲ့တယ်၊ ၂၀၁၂ လောက်မှာ ဇောက်ချလုပ်တော့မယ်ဆိုတော့ Paper Cut Art နဲ့ပတ်သက်ပြီးဘာတွေလေ့လာခဲ့လဲ။ ဘယ်ကနေ ဘယ်လိုတွေလေ့လာခဲ့လဲ။
၂၀၁၂ မှာ ဇောက်ချလုပ်တယ်ဆိုပေမဲ့ ကျွန်တော့်အရှေ့ပိုင်းမှာ လုံးဝကြီးအဆက်ပြတ်သွားတာမျိုးမဟုတ်ဘူးဗျာ။ ဇောက်ချမလုပ်ဖြစ်တာပဲရှိတယ်။ နည်းနည်းချင်းစီတော့လုပ်ဖြစ်နေခဲ့တယ်။ စမ်းသပ်နေတာပေါ့နော်။ စမ်းသပ်နေတယ်ဆိုတဲ့အပိုင်းမှာ ကျွန်တော် စိတ်ဓာတ်ကျသလိုမျိုး စိတ်လျှော့လိုက်တာမျိုးတွေရှိခဲ့တယ်။ ကျွန်တော်လိုချင်တဲ့ပစ္စည်းတွေက ပြည်တွင်းမှာမရဘူး။ စက္ကူတွေက ပြည်တွင်းဖြစ်တွေသုံးလို့မရဘူး။ အမျိုးမျိုးစမ်းကြည့်တယ်။ မှိုတက်တယ်။ အရောင်လွင့်တယ်။ အဲဒါတွေခဏခဏကြုံရတယ်။ ဘယ်စက္ကူကောင်းမလဲသုံးကြည့်တယ်။ မှိုတက်ပြီးသားစက္ကူနဲ့နောက်တစ်ရွက်ကိုကပ်ပြီးထားတယ်။ မှိုကူးသွားတယ်။ သုံးလို့မရဘူး။ ကြားထဲမှာ အဲဒါတွေကို စမ်းသပ်နေတာပေါ့။ ၂၀၁၂ လောက်မှာအဖြေထွက်တယ်။ ကျွန်တော်သုံးရမယ့် အဆင်ပြေမယ့်စက္ကူကိုတွေ့ ပြီးတော့မှ ဇောက်ချလုပ်ဖြစ်တာ။

မေး - အွန်လိုင်းကနေလေ့လာရတာတွေရောရှိလား။
စလုပ်တုန်းက ၂၀ဝ၄ ဆိုတော့ ဒီမှာ အင်တာနက်တွေ မထွန်းကားသေးဘူးလေ။ အဲဒါကြောင့် ကိုယ့်ဟာကိုယ်ပဲ စမ်းသပ်တီထွင်ခဲ့တယ်။ ၂၀၁၀ နောက်ပိုင်းမှ အင်တာနက်ကနေနည်းနည်း လေ့လာဖြစ်တယ်။ နိုင်ငံတကာမှာ Paper Art တွေတော့တွေ့ရတယ်။ ဒါပေမဲ့ Layered Paper Cut Art တွေမတွေ့ရဘူး။ သူတို့ ဘယ်စက္ကူတွေသုံးလဲဆိုတာ Artist တွေကိုမေးကြည့်ရတယ်။ တစ်ယောက်နဲ့တစ်ယောက်က မတူကြဘူး။ တစ်ချို့က Water Colour ကိုသုံးတယ်။ တစ်ချို့က Word Shield Paper ကိုပဲသုံးတယ်။ တစ်ချို့ကကျတော့လည်း Pastel Paper ကိုသုံးတယ်။ ကျွန်တော်တို့နိုင်ငံမှာကျတော့ အစိုထိုင်းတယ်။ မှိုတက်တာမျိုးတွေကလွယ်တယ်။ မိုးတွင်းဆိုရင် အသားပွတယ်။ အဲဒါမျိုးတွေကို တော်တော်လေးစမ်းသပ်ခဲ့ရတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ကိုက်ညီတဲ့ Water Colour နဲ့ Pastel Paper ကိုသုံးဖြစ်တယ်။

မေး - အခုကော စက္ကူတွေက ဒီမှာဝယ်လို့ရပြီလား။ နိုင်ငံခြားကနေမှာနေရတုန်းလား။
အခုတော့ ဒီမှာ ဝယ်လို့ရတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ မှာရတာတော့ ပိုများတယ်။ ဒီမှာက စက္ကူအမျိုးအစားကရှိတတ်ပေမဲ့ လိုချင်တဲ့ဆိုဒ်တွေ၊ ကာလာတွေကမရဘူး။ နောက်တစ်ခုကဈေးနှုန်းကွဟချက်လေးတွေလည်း နည်းနည်းရှိတယ်။ ကျွန်တော်ဟိုကနေ တိုက်ရိုက်မှာယူလိုက်တာက ပိုပြီးတော့ဈေးသက်သာတယ်။

မေး - အခုဒီပြပွဲမှာ မြင်တွေ့ရတဲ့ Layered Paper Cut Art ကားတွေမှာဆိုရင် စက္ကူတွေကို တစ်ထပ်နဲ့တစ်ထပ်အရောင်တွေသုံးထားတာကိုတွေ့ရပါတယ်။ အဲဒီအရောင်တွေက စက္ကူရဲ့ အော်ရီဂျင်နယ်အရောင်လား၊ ဒါမှမဟုတ် စက္ကူကို အရောင်ထပ်တင်ရတာမျိုးလား။
အောရီဂျင်နယ်ကာလာတွေပါ။ ကျွန်တော်လိုချင်တဲ့ကာလတွေကို အနီးစပ်ဆုံးယူထားတာပါ။ အတိအကျတော့မရနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်ရှိတဲ့ အော်ရီဂျင်နယ်ကာလာနဲ့အနီးစပ်ဆုံးယူထားတာပါ။

မေး - Paper Art မှာက စက္ကူကအဓိကဆိုတော့ စက္ကူထိန်းသိမ်းမှုအပိုင်းကိုရော ဘယ်လိုလုပ်ရလဲ။
အဓိကကတော့ ချုပ်ဆေးတွေသုံးပေးရတယ်။ မှိုမလိုက်အောင်လို့ပေါ့။ ခုဒီမှာ ကျွန်တော်သုံးတဲ့စက္ကူတွေကတော့ လုံးဝမှိုမတက်တော့ဘူး။ ကျွန်တော်ဒီစက္ကူတွေကို မှိုတက်နေတဲ့စက္ကူတွေနဲ့ရောပြီးတော့ ဒီအတိုင်းပစ်ထားလိုက်တယ်။ မှိုမတက်ဘူး။ ကျွန်တော် ဆယ်နှစ်လောက်ထိ စမ်းသပ်ခဲ့တာ။ တော်တော်ကောင်းတယ်။ ပြင်သစ်ကထုတ်တာရယ်၊ အမေရိက ကထုတ်တာရယ် ကျွန်တော်သုံးပါတယ်။ အရောင်နည်းနည်းလေးမှမှေးမှိန်သွားတာမျိုးမရှိဘူး။ ရေရှည်အတွက်ကို ကျွန်တော်အာမခံပါတယ်။

မေး - ၂၀၁၄ မှာ ပထမဦးဆုံးတစ်ကိုယ်တော်ပွဲကိုလုပ်ခဲ့တာဆိုတော့ အဲဒါက ဆရာဝင်းဖေမြင့်နဲ့တွေ့ ပြီးမှလား။ မတွေ့ခင်လား။
ပြပွဲမလုပ်ခင် ဆရာနဲ့တွေ့ ပြီး ဆရာ့ဆီမှာ ပညာသင်ခဲ့တာပါ။ အဲဒီတုန်းက ဆရာ့ဆီက လိုင်းတွေအကြောင်းပဲသင်ရသေးတယ်။ ကာလာတွေအကြောင်းကို မသင်ရသေးဘူး။ အဲဒီတုန်းကလက်ရာနဲ့ အခုလက်ရာကတော့ တော်တော်လေးကို ကွာခြားမှုရှိသွားပါပြီ။

မေး - ပထမဆုံး Solo Show မှာရောဘယ်လို Theme တွေကိုပြခဲ့တာလဲ။
အဲတုန်းက Paper Stick Art ပေါ့။ ၂၀၁၄ အကုန်ပိုင်းမှာ ကျွန်တော် Paper Cut Art တွေရော၊ Layered Paper Cut Art တွေရောထွင်ခဲ့တယ်။ စက္ကူတွေ အထပ်ထပ် ကိုအသုံးပြုပြီးတော့ ပုံဖော်ရတာမျိုးပေါ့။

မေး- ဒီပွဲအတွက်ရော အချိန်လောက်ပေးပြီးလုပ်ထားတာလဲ။
၂၀၁၄ နှစ်ကုန်ပိုင်းလောက်ဆိုတော့ တစ်နှစ်ခွဲ၊ နှစ်နှစ်နီးပါးပေါ့။

မေး - ဒီမှာ ဆရာက တိရစ္ဆာန်ပုံလေးတွေနဲ့ လူပုံပေါ့နော်။ လူပုံမှာမှ ဒီ Nude ကိုသွားတဲ့ပုံတွေက ပိုပြီးရောင်းထွက်ထားတာတွေ့ရပါတယ်။ အဲဒီအပေါ်မှာ ဆရာ့အနေနဲ့စိတ်ခံစားမှုတစ်စုံတစ်ရာဖြစ်လား။
မဖြစ်ပါဘူး။ လူတွေကတစ်ယောက်နဲ့တစ်ယောက်ကြိုက်တာချင်းမတူကြဘူးပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ခံစားမှုအမျိုးမျိုးနဲ့ ဒီ ဖန်တီးမှုတွေကို ပြုလုပ်ထားတာပါ။ သားရဲတိရစ္ဆာန်တွေကို လူတွေက ရက်စက်ကြမ်းကြုတ်တဲ့သတ္တဝါလို့မြင်တယ်။ ဒီမှာ ကျွန်တော်လုပ်ထားတာက ကျား၊ ကျားသစ်ပေါ့။ သူတို့မှာ ရက်စက်ကြမ်းကြုတ်တဲ့အချိန်တွေရှိတယ်။ အလှတရားတွေနဲ့နူးညံ့သိမ်မွေ့တဲ့အချိန်တွေရှိတယ်။ အဲလိုမျိုးလေး ကျွန်တော်မြင်ကြည့်ပြီးတော့ ဖန်တီးထားတာပါ။ နောက်ပြီးတော့ ဘီလူး။ ဘီလူးကိုဘာလို့ ကျွန်တော်ဖန်တီးထားရသလဲဆိုရင် ဘီလူးတွေရဲ့မာန်၊ အဲဒီမာန်ကိုကျွန်တော်ကြိုက်တယ်။ အဲဒါကြောင့်ဖန်တီးဖြစ်တာ။ ဒီလိုပဲ ကျွန်တော် ကလေးပုံတွေ၊ သစ်ပင်ပုံတွေဖန်တီးထားတယ်။ ဒါတွေအားလုံးက ကျွန်တော့်စိတ်ခံစားမှုအရ ကြိုးစားပြီးဖန်တီးထားတာတွေပါ။

မေး - ဒီ Paper Cut Art နဲ့ပတ်သက်ပြီးရှေ့ဆက်ဘယ်လိုအစီအစဉ်တွေနဲ့ ဘာတွေထပ်လုပ်သွားဖို့ရှိလဲ။
ဒီ Paper Trend ထဲကပဲ ဘာတွေအသစ်ထွင်နိုင်မလဲ။ ဘာတွေဒီ့ထက်ကောင်းသွားမလဲဆိုတာတော့စဉ်းစားထားပါတယ်။ ပြီးတော့ ကျွန်တော်က ကမ္ဘာကသိတဲ့ Paper Cut Art Well-known အနုပညာရှင်တစ်ယောက်ဖြစ်ချင်တယ်။ အဲဒီအတွက် ကျွန်တော်ဆက်ပြီးကြိုးစားသွားမှာပါ။

မေး -ဟုတ်ကဲ့ဗျ။ အခုရော အသက်မွေးဝမ်းကျောင်းအနေနဲ့ဆိုရင် ဒီအရာတစ်ခုတည်းနဲ့ရပ်တည်နေနိုင်ပြီလား။ တခြားအလုပ်တစ်ဖက်နဲ့တွဲလုပ်နေရတာလား။
ကျွန်တော် အခု ဒီအနုပညာတစ်ခုတည်းနဲ့ပဲရပ်တည်နေနေပါတယ်။ အရင်တုန်းကတော့ တခြားအလုပ်တစ်ဖက်နဲ့တွဲလုပ်တယ်။ အဲဒီတုန်းက ကျွန်တော်ဒီအနုပညာအတွက်ကို အချိန်မပေးနိုင်ဘူး။ ရုံးတက်ရုံးဆင်းကလုပ်ရတာဆိုတော့ အချိန်ကုန်၊ လူပန်းနဲ့ ဒီဘက်ကိုမလှည့်နိုင်ခဲ့ဘူး။ အဲဒီအချိန်တွေဆို ကျွန်တော်အရမ်းဒေါသဖြစ်မိတယ်။ နည်းနည်းကြာတော့ အလုပ်ထဲမှာလည်း ကျွန်တော်စိတ်မချမ်းသာတော့ဘူး။ အဲတော့ ကျွန်တော်စိတ်ချမ်းချမ်းသာသာနေချင်တယ်ဆိုတော့ အလုပ်ကထွက်ပြီး ဒီအလုပ်ကိုပဲလုံးဝဇောက်ချပြီးလုပ်ဖြစ်ပါတယ်။ အဲဒီကရလာတဲ့ ကောင်းကျိုးဆိုးကျိုးကိုလည်း လုံးဝခံယူမယ်လို့ဆုံးဖြတ်ပြီးတော့မှ ဒါကို ဇောက်ချလုပ်ဖို့ရွေးချယ်ခဲ့တာပါ။

မေး - ဒီမှာ ဆရာ့ရဲ့ကားတွေက ၅၀၀ မကျော်ဘူးနော်ဆရာ။ ၁၅၀၊ ၂၀၀၊ ၃၀၀၊ အမြင့်ဆုံးမှ ၄၀၀ ပဲရှိတာတွေ့ရတယ်။ ဒီဈေးနှုန်းသတ်မှတ်မှုအကြောင်းလည်း နည်းနည်းပြောပြပါဦး။
ဒီ Paper Cut Art က ကျွန်တော်တို့နိုင်ငံမှာ လူသိနည်းသေးတယ်ပေါ့။ အတိုင်းအတာတစ်ခုလောက်အထိပဲလူတွေသိကြတယ်။ ဒါကြောင့် ဒီပွဲကိုလာကြည့်တဲ့၊ စိတ်ဝင်စားတဲ့သူတွေက ဈေးနှုန်းသက်သက်သာသာနဲ့ဝယ်ယူနိုင်အောင်၊ စုဆောင်းနိုင်အောင်ကျွန်တော်အတတ်နိုင်ဆုံးဈေးနှုန်းကိုလျှော့ပေးထားပါတယ်။ ပြီးတော့ နောက်ရည်ရွယ်ချက်တစ်ခုက ကျွန်တော်ဖန်တီးထားတဲ့အနုပညာကို လူတွေများများသိစေချင်တယ်။ ဥပမာ ကျွန်တော် တစ်ပုံကို ဒေါ်လာ ၁၀ဝ၀ နဲ့ရောင်းမယ်ဆိုရင် လူတစ်ယောက်ဝယ်ချင်မှဝယ်မယ်။ ကျွန်တော် ဒေါ်လာ ၁၀ဝ နဲ့ရောင်းလိုက်တော့ အဲဒီလူကနေတစ်ဆင့်နောက်ထပ်လူတွေ အများကြီးသိသွားစေနိုင်တယ်။ နောက်တစ်ခုက ကျွန်တော့်ရဲ့ အနုပညာကို မြတ်နိုးတန်ဖိုးထားတတ်စေချင်တယ်။ ကျွန်တော်ငွေကြေးလိုချင်လို့ဒီပွဲကိုလုပ်လိုက်တာမဟုတ်ပါဘူး။ ကျွန်တော်ဖန်တီးတဲ့အနုပညာကို လူတွေသိစေချင်လို့ပါ။ အဲဒါကြောင့် ဈေးနှုန်းတွေလည်း အတတ်နိုင်ဆုံးလျှော့ပေးထားပါတယ်။

မေး - ဒီ Paper Cut Art ကိုဝါသနာပါပြီးသင်ယူချင်တဲ့လူငယ်တွေအတွက်ရော ဆရာ့မှာဘယ်လိုအစီအစဉ်ရှိလဲ။

ဒီပြပွဲမှာကတော့ ကျွန်တော် Workshop Program လေးလုပ်ခဲ့ပါတယ်။ ရှေ့ဆက်ပြီးဆိုရင် ဒီနှစ်ကုန်ပိုင်းမှာလည်း မန္တလေးမှာ သွားပြဖို့ကြိုးစားမယ်။ လာမယ့် ၂၀၁၇ ထဲမှာတော့ စင်္ကာပူမှာသွားပြဖို့ ရှိပါတယ်။ ဝါသနာပါတဲ့လူငယ်တွေ၊ ကျွန်တော့် Workshop ကိုမမီလိုက်တဲ့လူငယ်တွေရှိရင် ကျွန်တော့်ဖေ့စ်ဘွတ်ကိုလှမ်းမေးလို့ရပါတယ်။ Htwe Aung Lwin ဆိုတဲ့နာမည်နဲ့ပဲအကောင့်ရှိပါတယ်။ အဲဒီကိုမေ့ဆေ့ခ်ျပို့ပြီးဖြစ်စေ၊ ဒါမှမဟုတ်ဖုန်းဆက်ပြီးတော့ဖြစ်စေ မေးမြန်းနိုင်ပါတယ်။ ကျွန်တော်သိသလောက်တတ်သလောက် ပေးပါ့မယ်။ ပြီးတော့ ကျွန်တော့်အိမ်ကိုလာပြီးလေ့လာမယ်ဆိုရင်လည်း လာနိုင်ပါတယ်။ သင်တန်းတွေဘာတွေပေးဖို့ အစီအစဉ်တော့ ကျွန်တော်မရှိသေးဘူးဗျ။

မေး - နောက်ထပ်ရော လူငယ်တွေနဲ့ပတ်သက်ပြီးဘာပြောချင်လဲ။
အင်တာနက်တွေသုံးပြီးတော့အချိန်ဖြုန်းနေတာထက်စာရင် ကိုယ်လုပ်နေတဲ့အလုပ်ကိုအာရုံစူးစိုက်ပြီးတော့ အချိန်ကိုတန်ဖိုးထားပြီးလုပ်စေချင်ပါတယ်။

အောင်လင်းသစ်

(မှတ်ချက်။ ။ ယခု ဖော်ပြထားသော ပုံများသည် ဆရာထွေးအောင်လွင်၏ ပြပွဲတွင် ပြသခဲ့သော လက်ရာများဖြစ်ပြီး ဆရာထွေးအောင်လွင်၏ အနုပညာလက်ရာများကို ထပ်ဆင့်တွေ့ မြင်ခံစားလိုသူများအနေဖြင့် ဖေ့စ်ဘွတ်ပေ့ခ်ျဖြစ်သော Myanmar Paper Cutting Art တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)



Share this article

TOP 5 ARTICLES


makeup   |   Posted on Feb 20, 2017

Fifty Shades Darkerထဲက An...


makeup   |   Posted on Feb 19, 2017

New York Fashion Week ရဲ့...


makeup   |   Posted on Feb 18, 2017

Beauty and the Beast ဇာတ်...


trend report   |   Posted on Feb 17, 2017

နယူးယောက်ခ် Hip Hop ယဉ်ကေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.