Horoscopes   |   Posted on Dec 30, 2016 by kiki

ဆရာစံဇာဏီဘိုရဲ့ အချစ်ဗေဒင်ဟောစာတမ်းများ


ဇန်န၀ါရီလအတွက် (၁၂)ရာသီခွင်နှလုံးသားအချစ်ဗေဒင်

Share this article

မိဿရာသီ -ARIES(မတ် ၂၁ မှ ဧပြီ ၂၀)

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာနှင့် စိတ်အေးချမ်းသာစရာများကြုံမည်။ဝေးကွာသူများနှင့် ပြန်လည်ဆုံစည်းမည်။ ပျော်ရွှင်ဖွယ်အတိတ်ဘ၀မှ ကြည်နူးပျော်ရွှင်ဖွယ်များကို ပြန်လည်ခံစားရပေမည်။ ဘ၀ချင်း အခြေအနေကွာခြား ဝေးကွာနေလင့်ကစား  နှလုံးသားချင်းနားလည် နီးစပ်သောအနေအထားနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းတို့ကို မေ့လျော့ထားကာ ပျော်ရွှင်ဖွယ်ကမ္ဘာကို တည်ဆောက်ခံစားရပေမည်။ ခရီးသွားရန်ကိစ္စများဆောင်ရွက်နိုင်မည်။ အပြောင်းအလဲများဖြစ်ပေါ်မည်။ အရပ်ဝေးမှသူတို့နှင့် ပြန်လည်ဆက်သွယ်မှုရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် မေတ္တာမျှသူများအတွက် နှစ်ဦးကြားဖြစ်ပေါ်နေသော ပြဿနာများ အေးငြိမ်းသွားမည်။

ယတြာ-အဖြူရောင်လက်ကိုင်ပုဝါ တစ်ထည်ကို ခေါင်းအုံးအောက်တွင် ၃ရက်ကြာ ထားရှိပြီး လူနှင့်အတူဆောင်ပါ။

ပြိဿရာသီ- TAURUS(ဧပြီ ၂၁ မှ မေ ၂၁ )

ချစ်သူနှစ်ဦးကြည်နူးဖွယ် အချစ်ကမ္ဘာလောက၏ ပျော်ရွှင်ကြည်နူးခြင်းများ လွှမ်းမိုးနေသည်။ အချစ်ရေး၊ မေတ္တာရေး တွင်ကြုံတွေ့နေသော အညံ့အဆိုးမှန်သမျှ အားလုံးကင်းစင်သွားမည်။ ပဋိပက္ခများ ငြိမ်းအေးသွားမည်။  (၅၂၈-၁၅၀၀ ) အလုံးစုံကောင်းသောကာလဖြစ်သည်။ ချစ်ခြင်းမေတ္တာနှင့်ဝေးကွာ၍ အထီးကျန်နေသူများအတွက် အချစ်ဖော်မွန်ကောင်းများကို ရွေးချယ်ဆုံစည်းခွင့်ကြုံမည်။ ပျော်ရွှင်ငြိမ်းချမ်းဖွယ်ဘ၀ကို ပိုင်ဆိုင်မည်။ တစ်သက်တာလက်တွဲနိုင်သော မေတ္တာစစ်နှင့် ဆုံစည်းခြင်းလည်းရှိမည်။ ရွယ်တူသာမက အသက်အရွယ်ချင်းကွာခြားသူများနှင့် မေတ္တာရေးကံပေါ်မည်။ ကြာသာပတေးနေ့၊ ဗုဒ္ဓဟူးနေ့၊ အင်္ဂါနေ့ မွေးသူများနှင့် မေတ္တာမျှနေသူများ ဘ၀ရှေ့ရေး ငြိမ်းချမ်းမည်။

ယတြာ-မိမိအိပ်ရာခေါင်းရင်း အိပ်ရာအောက်တွင် သံလိုက်တုံးတစ်တုံး ထားရှိ၍ အိပ်စက်ပါ။

 မေထုန်ရာသီ - GEMINI(မေ ၂၂ မှ ဇွန် ၂၁)

ပြတ်သားရန်ခက်ခဲခြင်း၊ ဒွိဟဖြစ်ခြင်းနှင့် တွေဝေခြင်းများ လွှမ်းမိုးနေသည်။ တစ်ဦးထက်ပိုသော မေတ္တာနှောင်ဖွဲ့မှုများ ကြုံမည်။ တစ်ဦးတစ်ယောက်ကို ချစ်သူစာရင်းမှ ပယ်ဖျက်ရန် လွန်စွာခဲယဉ်းမည်။ နှစ်ဦးစလုံးအပေါ်၌ တစ်ပြိုင်နက်တည်းတွယ်တာမြတ်နိုးသော အချစ်စိတ်များပေါ်ထွန်းနေမည်။ ကိုယ့်အပေါ်နားလည်မှု အပြည့်အဝရှိသောသူများနှင့် အပြန်အလှန် မေတ္တာမျှနေမည်။ အဝေးသို့ရောက်နေသော ချစ်သူဟောင်းကိုလည်း မပြတ်နိုင်၊ ထပ်ဆင့်လက်ခံထားသည့် ချစ်သူကလည်း  ကိုယ့်အပေါ်လွန်စွာကောင်းနေမည်။ နှစ်ဦးယှဉ်က ဒုတိယချစ်သူကို အလေးသာနေမည်။ ထပ်မံစန်းပွင့်ခြင်းများလည်းရှိမည်။

ယတြာ-စွယ်တော်ရွက်နှင့် မိမိဓါတ်ပုံပူးတွဲ၍ လက်ကိုင်ပုဝါပန်းရောင်နှင့် ရစ်ပတ်ကာ အမြင့်တွင်ထားရှိပါ။

ကရကဋ္ဋ်ရာသီ -CANCER(ဇွန် ၂၂ မှ ဇူလိုင် ၂၂ )

အတိတ်ကာလတွင် မိမိအားချိုးနှိမ်ဆက်ဆံခဲ့သူများ၊ ဒုက္ခပင်လယ်ဝေအောင် ဖန်တီးခဲ့သောသူများအပေါ် တုန့်ပြန်ကလဲ့စားချေနိုင်သော ကံကြမ္မာအလှည့်ပေးမှုကို ရရှိမည်။ ရန်ညှိုးကို ပယ်ဖျက် မေ့ပျောက်ကာ ကောင်းသောအကျိုးဆက်များရရှိမည်။ မိမိအပေါ် ရေရှည်လက်တွဲမည်ဟု ဆုံးဖြတ်ထားသူနှင့် ဘ၀ရှေ့ဆက်ပါ။ အပေါင်းအသင်း မိတ်ဆွေများအပေါ်  နားယောင်က စိတ်အနှောင့်အယှက်ဖြစ်မည်။ လူပေါင်းမှား၊ အချစ်မှား၊ ဆုံးဖြတ်ချက်မှား၍ ဘ၀နစ်နာလိမ့်မည်။ ကံကြမ္မာစက်ဝန်း တစ်ပတ်လည်သည့် ကာလဖြစ်သည်။ ထားရှိသော မေတ္တာ၊ ခံစားချက် အတိမ်အနက်အပေါ် အခြေတည်၍ တုံ့ ပြန်မေတ္တာအနည်းအများကို ခံစားရမည်။

ယတြာ-အသည်းနှလုံးပုံရင်ထိုးဖြစ်စေ၊  keychain ဖြစ်စေ ဝယ်ယူ၍ မိမိအိပ်စက်သောနေရာ အနောက်မြောက်တွင် ၃ ရက်ထားပါ။

သိဟ်ရာသီ- LEO(ဇူလိုင် ၂၃ မှ ဩဂုတ် ၂၃)

မျက်နှာပွင့်လန်းမည်။ချစ်သူရမည်။ ရည်စားရှိသူများ ထပ်မံ၍ ရည်စားတိုးပွားရန် ကိန်းရှိသည်။ အထီးကျန်လူလွတ်များအတွက် အထူးစန်းပွင့်ခြင်းများ ကြုံမည်။ ဆုံးဖြတ်ထားသော မေတ္တာရေးကိစ္စများသည်လည်း တည်ငြိမ်၍ ခိုင်မြဲသော အနေအထားကို ဖြစ်ပေါ်စေမည်။ ဝေးကွာနေသောသူများနှင့် ချစ်ခြင်းမေတ္တာအဆင်ပြေခြင်းများရှိသည်။ ထူးထူးခြားခြား တစ်ဦးနှင့် တစ်ဦး ပြင်ပတွင် မတွေ့ဖူးဘဲ၊ တယ်လီဖုန်း၊ အင်တာနက်၊ ဖေ့စ်ဘွတ်ခ် စသည့်စက်သွယ်ရေး ဂြိုလ်တု အောင်သွယ်တော်ပြုမှုကြောင့် အပြန်အလှန်ချစ်သူဘ၀ကိုရောက်ရှိပြီးမှ လူချင်းတွေ့သော အချစ်ကံပေါ်ထွန်းမည်။ ပျော်ရွှင်ချမ်းမြေ့သော အချစ်ဘ၀ကို ပိုင်ဆိုင်နိုင်မည်။

ယတြာ-အနီရောင်ဖဲကြိုးပေါ်တွင် ရွှေရောင်အပ်ချိတ်ကို ထိုးချိတ်၍ ၎င်းဖဲကြိုးစကို ပိုက်ဆံအိတ်တွင် ထည့်၍ယူဆောင်ပါ။

 ကန်ရာသီ- VIRGO(ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၂ )

သန့်စင်သော နှလုံးသား၏ တရားမျှတသော အဆုံးအဖြတ်အပေါ် လိုက်နာလက်ခံရမည်။ ပေးဆပ်သော ချစ်ခြင်း၊ အတိုင်းအတာမြင့်မားသော ခွင့်လွှတ်ခြင်းနှင့် အရာရာအနစ်နာခံ၍ ချစ်တက်မှုအပေါ် အခွင့်အရေးယူ၊ အနိုင်ကျင့်၊ အမှားများဆက်တိုက် ကျူးလွန်သော သူအပေါ် နှလုံးသားမှ ပြဋ္ဌာန်းထားသော ဥပဒေနှင့် ထာဝရကျောခိုင်းကာ ချစ်သူဘ၀မှ အပြီးအပိုင် စွန့်လွှတ်ရန် စီရင်မှုအပေါ် လိုက်နာရန်အချိန်အခါ ကျရောက်သည်။ တစ်သက်တာ တည်ငြိမ်အေးချမ်းစွာနှင့် မပြောင်းလဲသောအချစ်ကို စံထား၍ တူညီသည့်အချစ်စံနှုန်းကို အပြန်အလှန် ပေးဆပ်သည့် ချစ်သူသစ်ထံ အချစ်ကူးပြောင်းရန် အခြေအနေရှိသည်။

ယတြာ-ဝါးတူတစ်စုံကို အစိမ်းရောင်ဖဲကြိုးနှင့်ချည်နှောင်၍ အရှေ့တောင် အရပ်မြင့်တစ်နေရာတွင် ထားရှိပါ။

တူရာသီ- LIBRA(စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃ )

အချစ်အတွက် အရာရာကိုရင်ဆိုင်ရဲဝံ့ကာ မေတ္တာရေးတွင်ကြုံတွေ့နေသော အညံ့အဆိုးမှန်သမျှ ပပျောက်မည်။ မေတ္တာရေးကံကောင်းမည်။ ဘ၀အတွက်အရာရာ ပေးဆပ်အထောက် အကူပြုမည့် ချစ်သူ ပေါ်ထွန်းမည်။ စိတ်ချမ်းမြေ့စရာများရှိမည်။ နေထိုင်မှုအခြေအနေ ဆက်ဆံရသော ဝန်းကျင်တွင် အဆင့်မြင့် အပြောင်းအလဲများ ဖြစ်ပေါ်မည်။ မိမိအပေါ်အကျိုးပြု အနစ်နာ ခံသောသူများနှင့်တွေ့မည်။ အချစ်ရေးကံကောင်းမည်။ နဂိုမူလချစ်သူမရှိသူ ချစ်သူရမည်။ ချစ်သူရှိပြီးသားပင်လျှင်ထပ်မံ၍ စန်းပွင့်ခြင်းကြုံနိုင်ပေရာ ချစ်သူ၏ မနာလိုမှု၊ သဝန်ကြောင်မှုကိုပင် ဖြေရှင်းရမည်။

ယတြာ-အနောက်တောင်အရပ်ကို မျက်နှာမူ၍ ဘယ်ပခုံးကို အမွှေးနံ့သာ မကြာခဏ ပက်ဖျန်းပေးပါ။

 ဗြိစ္ဆာရာသီ- SCORPION(အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ )

ချစ်ခြင်းမေတ္တာအပေါ် သန့်စင်သောမေတ္တာနှင့် ထိန်းချုပ်နိုင်သော မေတ္တာရှင်ကိုတွေ့မည်။ ချစ်သူစုံတွဲတို့တွင် နှစ်ဦးကြားဖြစ်ပေါ်နေသော ပြဿနာတို့ကို ချစ်သူမိန်းကလေးမှ ဦးဆောင်၍ ရဲရင့်စွာရင်ဆိုင်ကာကွယ်ကာ အချစ်အနာဂတ်ချောမွေ့ပေမည်။ ချစ်လျက်နှင့် အပြန်အလှန်မာနကို ဦးထိပ်တင်၍ ပဋိပက္ခဖြစ်နေသော ချစ်သူနှစ်ဦးအကြား၊ အမျိုးသမီးအကြီးအကဲ တစ်ဦးက ကြားဝင်ဖြေရှင်းခြင်းကြောင့် ချောမွေ့သွားရန်ရှိသည်။ အထူးသတိပြုရန်မှာ အင်္ဂ gနေ့၊ ဗုဒ္ဓဟူးနေ့ တွင် မွေးသည့်အမျိုးသမီးများနှင့် မေတ္တာမျှသူတို့သည် ကိုယ့်အသည်းကို ဓါးနှင့်မွှန်း၍ ရင်နင့်စွာ စိမ်းကားစွာပြုလိမ့်မည်။

ယတြာ-ပန်းပွင့်ပုံပါသော မျက်နှာသုတ်ပုဝါကိုသုံးစွဲပါ။

 ဓနုရာသီ- SAGITTARIUS(နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁ )

အတားအဆီး၊ အခက်အခဲ၊ အနှောင့်အယှက်များကြားမှ မေတ္တာရေးရာကိစ္စများကြုံမည်။ စိတ်ပင်ပန်းမည်။ မူလရည်မှန်းထားသည်နှင့်လက်တွေ့ ကွာဟမည်။ ဟန်ဆောင်သော သူများအပေါ်  မေတ္တာထားမိ၍ စိတ်သောကဖြစ်မည်။ ချစ်သူ၏ကတိပျက်မှုကြောင့် အနာဂါတ်ဘ၀မျှော်လင့်ချက်များမှေးမှိန်သွားမည်။ မထင်မှတ်ထားသောအပြောင်းအလဲကို ပြုခဲ့သော သစ္စာမဲ့သူအပေါ် ဆက်လက်သံယောဇဉ်ထားရန် မသင့်။ ခရီးတစ်ခုသွားရမည်။ အပြောင်းအလဲဖြစ်မည်။ ဖြစ်ပေါ်လာသော အပြောင်းအလဲသစ်နှင့် ဘ၀သစ်သို့ ဦးတည်သင့်သည်။ လူမျိုးကွဲ၊ လူမျိုးခြားအကျိုးပေးမည်။ ဖုံးကွယ်ထားသောအတိတ်ဆိုးကို မနာလိုသူတစ်ဦးမှ ဖော်ထုတ်ဖွင့်ဟမှုကြောင့် ပတ်ဝန်းကျင်နှင့်ချစ်သူအကြား စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်မည်။

ယတြာ-အပြာရောင်၊ အဝါရောင်၊ ပန်းရောင်၊ အရောင် ၃ မျိုးပါသော မျက်နှာသုတ်ပုဝါတစ်ထည်ကို နေထွက်ချိန် အလင်းအောက်တွင် ထားရှိကာ သုံးစွဲပါ။

 မကာရရာသီ- CAPROCORN(ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂၀ )

မြင့်မြတ်သောနှလုံးသားနှင့် တည်မြဲသောအချစ်၊ မေတ္တာနှောင်ဖွဲ့မှုကို ခံစားရမည်။ ဘ၀အခြေအနေပြောင်းလဲမှုနှင့် တိုးတက်မှုရှိသည်။ ပြောင်းလဲသော ဘ၀သစ်နှင့် လိုက်ဖက်ညီထွေသော မေတ္တာကံပွင့်မည်။ အချစ်ကံကောင်းမည်။ ချစ်သူမရှိသေးသောသူများအတွက် တည်ငြိမ်အေးချမ်းသော ဘ၀ကိုစတင်နိုင်မည်။ ကာလရှည်ကြာပိုးပမ်းသူအား မေတ္တာတုန့်ပြန်မည်ဟု ဆုံးဖြတ်သည့်အချိန်တွင် မေတ္တာကမ်းလှမ်းသူအသစ်ပေါ်ပေါက်မည်။ ရှိရင်းစွဲသူထက် အလုံးစုံမြင့်မားမည်။ နောက်ပေါက်သောရွှေကြာဟူသည့် ရှေးစကားနှင့်အညီ၊ ဒုတိယလူကိုမေတ္တာမျှခြင်းပြုမည်။ အသက် ၃၅အထက် လူလွတ်များအတွက် ဘ၀တစ်သက်တာ လက်တွဲနိုင်သူကိုတွေ့မည်။

ယတြာ-စနေနေ့ နေဝင်ချိန်ဆည်းဆာအလှ အလင်းတန်းအောက်တွင် ဓါတ်ပုံရိုက်၍ ၎င်းပုံကို စနေနေ့တစ်ရက်၌ facebook တွင်တင်ပါ။

 ကုမ်ရာသီ- AQUARIUS(ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈ )

သံယောဇဉ်မထားသင့်သူအပေါ် မေတ္တာသက်ဝင်၍ အချစ်မှားမိသောကြောင့် သောကကြုံမည်။ နားလည်မှုမရှိဘဲ၊ နိုင်လိုမင်းထက် ဆက်ဆံသောချစ်သူကြောင့် စိတ်သောကဖြစ်မည်။ အချစ်ကိုဦးစားပေး၍ဘ၀နာတက်သည်။ သဝန်ကြောင်၍ သဘောထားသေးသောချစ်သူ၏ တစ်ဖက်သက်စွပ်စွဲမှုများကို ဆက်တိုက်ဖြေရှင်းရမည်။ ချစ်သူကိုအရွဲ့တိုက်သောကြောင့် အမှားများဆက်တိုက်ကြုံမည်။ မိဘဝန်းကျင်နှင့် အသိုင်းအဝိုင်းက အတန်တန်တားဆီးနေသည့်ကြားမှ တစ်ဇွတ်ထိုး ရှေ့တိုးခြင်းကြောင့် စိတ်သောကရောက်မည်။ ပျော်ရွှင်ချမ်းမြေ့ခြင်းကင်းမဲ့သော အချစ်နေ့ရက်များကို ဖြတ်သန်းရမည်။ မာယာများသူ၏ လှည့်ဖျားခြင်းကိုခံရမည်။

ယတြာ- နှင်းဆီပန်း အနီရောင်တစ်ပွင့်ကို ကြွေပန်းအိုးအဖြူတွင် ထိုး၍မိမိအနီးပါးတွင်ထားရှိပါ။

မိန်ရာသီ- PISCES(ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀)

နေထိုင်မှုဝန်းကျင်နှင့် ဆက်ဆံရသော ဘ၀ဝန်းကျင် အလုံးစုံပြောင်းလဲမှုရှိသည်။ ဘ၀သို့ အသစ်ဝင်ရောက်လာသော၊ မေတ္တာရှင်အပေါ် အလေးထားသင့်သည်။ မေတ္တာရေးကိစ္စအလုံးစုံ အပေါ်တွင်ထားရှိသောခံယူချက်သဘောထားနှင့် ခံစားချက်တုံ့ပြန်မှုအလုံးစုံ၊ အသစ်ပြောင်းလဲနေမည်။ ယခင်ခံစားဖူးခြင်းမရှိသော နှလုံးသားလှုပ်ခါမှုပေါ်ပေါက်မည်။ ဆုံစည်းမည်ဟု မထင်မှတ်ထားသောသူနှင့် မေတ္တာမျှမည်။ ဆက်ဆံနေသောဝန်းကျင်မှသူမဟုတ်၊ အနုပညာဝန်းကျင်မှ လူနှင့်မေတ္တာမျှမည်။ ဘေးစကား၊ သွေးစကားဒဏ်ကို မခံနိုင်သောကြောင့် ချစ်လျက်နှင့်လမ်းခွဲရမည်။

ယတြာ-ကမာခွံတစ်ခုအတွင်း၊ စံပယ်ပန်းပွင့် ၂၁ ပွင့်ကို ထည့်၍ မိမိအနီးအပါးအမြင့်တစ်နေရာတွင် ထားရှိပါ။

 



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Jan 20, 2017

Darke နှင့်ပါတ်သက်တဲ့ ကိစ...


Celebrity News   |   Posted on Jan 20, 2017

bomber jackets တွေဝတ်ပြီး...


Film & Music   |   Posted on Jan 20, 2017

Taylor Swift ဟန်ပန်နဲ့ အသ...


Film & Music   |   Posted on Jan 19, 2017

2017 People's Choice Awar...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.