Art & Books   |   Posted on Sep 24, 2016 by Tun Lin

အတန်းပညာကို ကျောခိုင်းပြီး ယုံကြည်ရာလမ်းလျှောက်ခဲ့တဲ့ ပြင်ဦးလွင်က Wooden Art အနုပညာရှင် ဟိန်းကိုကို


လက်ရှိလုပ်ဖူးသမျှထဲမှာ အခက်ဆုံးဆိုရင်တော့ မေနုအုတ်ကျောင်း။ သူကကျ မြန်မာမှုပါတော့ အရမ်းအသေးစိတ်ရတာပေါ့။

Share this article

          ပြင်ဦးလွင်က အနုပညာသမားလေး ဟိန်းကိုကို။ သူ့အနုပညာဖန်တီးမှုတွေကို ကျွန်တော်အွန်လိုင်းပေါ်ကနေစတွေ့ခဲ့တယ်။ သူ့ Creation လေးတွေက စိတ်ဝင်စားစရာလည်းကောင်း၊ ချစ်စရာလည်းကောင်း လို့နေတယ်။ အတန်းပညာကို ပြီးဆုံးအောင်မတက်ဘဲ မိမိယုံကြည်ရာ၊ စိတ်ဝင်စားရာနယ်ပယ်နောက်ကို လိုက်လျှောက်ရင်း အောင်မြင်မှုတွေကို တစ်စစ သယ်ယူနေသူ။ လူတိုင်းလူတိုင်းဟာ ဘ၀ရဲ့ နေရာတစ်နေရာ ကိုတော့ ထွန်းပေါက်အောင်ကြိုးစားနေကြတာပဲ။ ကိုဟိန်းကိုကိုကလည်း ဆယ်တန်းဟာ Wooden Art လောက်အရေးမကြီးဘူးယူဆပြီး ဆယ်တန်းကိုပစ်ပြီး Wooden Art ကိုရွေးချယ်ခဲ့သူ။ ခုတော့ သူ့လမ်းကြောင်းပေါ်မှာ သူခရီးအတော်ပေါက်နေပြီလို့ဆိုနိုင်မယ်။ မိမိဝါသနာပါတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေနိုင်တာဟာ ဘ၀ရဲ့ ရာခိုင်နှုန်းအစိတ်အပိုင်းများစွာအတွက် ပျော်ရွှင်မှုရတယ်လို့ ယူဆမိပါတယ်။ သူနဲ့ကျွန်တော်တွေ့ဆုံထားတဲ့ အင်တာဗျူးတွေ့ဆုံမှုလုပ်ထားတာလေးကို တင်ဆက်လိုက်ပါတယ်။

အစ်ကိုက ပြင်ဦးလွင်ဇာတိပဲလား။ အစ်ကို့အကြောင်းနည်းနည်းလောက်မိတ်ဆက်ပေးပါဦး။
ဟုတ်တယ်ဗျ၊ ပြင်ဦးလွင်မှာပဲမွေးတာ။ ပြင်ဦးလွင်ဇာတိပေါ့။ မွေးချင်း ငါးယောက်ရှိပါတယ်။ ကျွန်တော်က အလတ်ပေါ့။ ဒါပေမဲ့ ကျွန်တော်ကို့ အဖွားကမွေးစားတာ။ ငယ်ငယ်ကတည်းက အဖေအမေနဲ့မနေခဲ့ရဘူး။ အဖွားကပဲ ကျွန်တော့်ကို ဒီအရွယ်ထိရောက်အောင် လိုလေးသေးမရှိထားပေးခဲ့တာပေါ့။ အဖေအမေနဲ့လည်း မနေရတော့ ပိုဂရုစိုက်တယ်ပြောရမယ်။ အဖွားရဲ့ အသဲပေါ့။ ခုတော့အဖွားမရှိတော့ပါဘူး။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဆုံးသွားပါပြီ။

ဒီ Wooden Art ကိုဘယ်အချိန်လောက်မှာဘယ်နေရာကစပြီးလေ့လာဖြစ်ခဲ့တာလဲ။
ကျွန်တော် ၈ တန်းနှစ်လောက်တုန်းက ကျောင်းမှာ "အသက်မွေးဝမ်းကျောင်းစက်မှု"ဆိုတာသင်ရတယ်။ အထက (၁)မေမြို့ ပေါ့။ အဲဒီတုန်းက ဆရာက သစ်သားပြားလေးကို Boat Skate ပုံစံလုပ်ခိုင်း တာ။ ရေထဲမှာလည်း တကယ်သွားလို့ရတယ်။ အနောက်မှာ မော်တာတွေဘာတွေနဲ့ပေါ့။ အဲဒီတုန်းက လုပ်ရင်းနဲ့ ပိုးဝင်သွားတယ်ပြောရမယ်။ ကျွန်တော်တော့ အဲဒီကစတယ်လို့ပြောလို့ရတယ်။

အဲဒီအပြီးမှာ ဒီအနောက်ကို တောက်လျှောက်လုပ်ဖြစ်လာတာလား။
အဲဒီအပြီးမှာတော့ ဖော့လေးတွေနဲ့ အိမ်ဆောက်တာမျိုးတွေလုပ်ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ငယ်ငယ်က  အိမ်ဆောက်ကတ်လေးတွေရှိတယ်လေ။ သစ်တိုသစ်စလေးတွေနဲ့လုပ်တာမျိုးတွေလုပ်ဖြစ်တယ်။ အခုလိုမျိုး ထိတော့ မဟုတ်ဘူးပေါ့။ အဲဒီတုန်းကကျတော့ ကိုယ့်ကိုဂိုက်လိုင်းပေးမယ့်သူလည်းမရှိဘူး။ သင်ပေးမယ့်သူလည်းမရှိဘူးဆိုတော့ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ဖြစ်တယ်။ အဲဒီတုန်းက ဘယ်လိုမျိုးလုပ်ဖြစ်လဲဆိုတော့ သူငယ်ချင်းတွေပေါင်းပြီးတော့ သစ်ရွက် အဆွေးတွေပေါ့။ အရွက်မရှိတော့ဘူး။ အရိုးတွေပဲကျန်တဲ့သစ်ရွက်ပုံစံကျန်နေသေးတဲ့ ဟာလေးတွေကိုကောက်၊ ပြီးရင် သစ်သားပြားပေါ်ကပ်ပြီးတော့ လက်ဆောင်ပေးတဲ့ပန်းချီ ကားတို့၊ ပို့စ်ကတ်တို့ အဲဒါမျိုးလုပ်ဖြစ်တယ်။

၈တန်းမတိုင်ခင်ကရော Wooden Art နဲ့ပတ်သက်တာတွေကို မြင်ဖူးလား၊ စိတ်ဝင်စားဖူးလား။
၈ တန်းမတိုင်ခင်ကဆိုရင်တော့ အိမ်မှာ အဖွားအလှထားတဲ့ သစ်သားဘောင်လေးထဲက သစ်ပင်လေးတစ်ခုရှိတယ်။ သစ်သားဘောင်လေးကလည်း လက်တစ်ထွာစာလောက်ပဲ။ အဲဒီအထဲမှာ သစ်သားနဲ့ပန်းပုလေး ထုပြီးတော့ သစ်ပင်သေးသေးလေးလုပ်ထားတယ်။ အဲဒါကိုလည်းစပြီးစိတ်ဝင်စားဖူးတယ်။

အစ်ကို ခုနက အပေါ်မှာပြောသွားတယ်လေ။ ဂိုက်လိုင်းပေးမယ့်ဆရာလည်းမရှိဘူး ဘာညာဆိုတော့ ဘယ်လိုဆက်ပြီးသင်ယူဖြစ်ခဲ့လဲ။
အဲဒီနောက်ပိုင်းမှာက ကျွန်တော့်အစ်ကိုနဲ့အတူတူစတိုးဆိုင်ဖွင့်တဲ့အချိန်မှာ ကျွန်တော်တို့ဆိုင်ရဲ့ဘေးမှာ ပရိဘောဂဆိုင်တစ်ဆိုင်လာဖွင့်တယ်။ ဆိုင်လာဖွင့်တော့ အဲဒီက လက်သမားဆရာ၊ ဆရာဦးသန်းရွှေဆိုတာ သူက ပန်းပုအရမ်းတော်တယ်။ ကျွန်တော်က ၀ါသနာပါတော့ ဆရာ့ဆီမှာသွားသင်တယ်။ ဆရာ ကျွန်တော့်ကို ပန်းပုနဲ့ပတ်သက်တာလေးသင်ပေးပါပေါ့။ ပြီးတော့ သစ်ဖြတ်တာ၊ ဆက်တာတွေ အခြေခံလေးသင်ပေး ပါဆိုပြီးတော့ ဆရာဦးသန်းရွှေဆီမှာသင်ဖြစ်လိုက်တယ်။

အဲဒါက ဘယ်အချိန်လောက်ဖြစ်မလဲ။ ကိုးတန်းလား၊ ဆယ်တန်းလား။
ကိုးတန်းနွေရာသီလောက်ဖြစ်မယ်ထင်တယ်။

အစ်ကိုက ကျွန်တော့်ကို ဆယ်တန်းကျတယ်လို့လည်းပြောထားတော့ ဆယ်တန်းကျရခြင်းအကြောင်းရင်းက ဒါတွေလုပ်နေလို့လား။
ဟုတ်ပါတယ်။ ပြောလို့ရတယ်။ တကယ်တမ်းတော့ ဒီဟာကြောင့်ပါပဲ။ ဒါလုပ်နေရရင် ကျန်တာဘာမှစိတ်မ၀င်စားဘူး။ စာလည်းစိတ်မ၀င်စားဘူး။ မိုးလင်းမိုးချုပ် ဒါကိုပဲ ဖီးလ်ဖြစ်နေတာ။ ဒါပေမဲ့ ဒါကြောင့် စာမေးပွဲကျ တယ်ဆိုပြီးတော့လည်း တစ်ခါမှနောင်တမရဖူးဘူး။

ဆယ်တန်းပြန်တက်ချင်စိတ် လုံးဝမဖြစ်တော့ဘူးလား။ အဲဒီအချိန်မှာ အဖွားရှိသေးလား။
အဖွားကနောက်တစ်နှစ်ပြန်ဖြေခိုင်းတယ်။ ဖြေခိုင်းတော့  ကျွန်တော်ကလိမ်ခဲ့တယ်ပြောရမှာပေါ့။ အဖွားရေ ကျူရှင်သွားပြီဆိုပြီးတော့ ထွက်လာတယ်။ နှစ်ကျဆိုတော့ Repeater ကျူရှင်တက်ရတာကိုး။ အဲလိုပြောပြီးတော့ ကျွန်တော်ကျူရှင်လည်းမတက်ဘူး။ အဖွားအိမ်က (၇)ရပ်ကွက်မှာ။ အစ်ကို့ဆိုင်က (၁)ရပ်ကွက်မှာဆိုတော့ အဲဒီကိုရောက်ပြီးတော့ ပန်းပုတွေသင်နေတာပေါ့။

အစ်ကိုက formal education ကို စိတ်မ၀င်စားတဲ့သူတစ်ယောက်ဆိုပါတော့။ အဲဒီတော့ အစ်ကို့ဆီက ပညာရေးနဲ့ပတ်သက်တဲ့ အယူအဆတစ်ချို့ ကိုသိချင်တယ်။
ကျွန်တော့်ခံယူချက်ပေါ့နော်။ သူများတွေနဲ့တူချင်မှတူမယ်။ ဥပမာ - ပညာရေးကို စိတ်ဝင်စားတယ်ဆိုရင် ထူးထူးချွန်ချွန်လုပ်ပြီး တစ်သက်လုံးဒီပညာရေးနဲ့လုပ်စားနိုင်လောက်တဲ့အထိ၊ သူများကိုလည်း အကျိုးပြုနိုင်မယ်၊ ကိုယ်ကိုယ်တိုင်လည်း ထူးချွန်ထက်မြက်တဲ့အထိလုပ်မယ်ဆိုလည်း ပညာရေးကိုပဲ အားစိုက်ပြီးလုပ်လိုက်။ ကိုယ့်ကိုယ်ကိုတော့ ပြန်ဆန်းစစ်ပေါ့။ ပညာရေးကို ကိုယ်စိတ်မ၀င်စားဘူး။ ကိုယ်စိတ်ဝင်စားတာက တခြား။ ဒါပေမဲ့ အဲဒါနဲ့အသက်မွေးနိုင်မလား။ သူများတွေကိုရောအကျိုးပြုနိုင်မလား။ သေချာပြန်စဉ်းစားလိုက်လို့ ကိုယ်တိုင်က ပညာရေးထက် ဒါကိုပိုပြီးစိတ်ဝင်စားတယ်။ တကယ်ကြိုးစားချင်စိတ်ရှိတယ်ဆိုရင်တော့ ကျွန်တော်ကတော့ ကိုယ်ယုံကြည်ရာလမ်းတွေကိုပဲလျှောက်စေချင်တယ်ဗျ။ ပညာမသင်နဲ့လို့ ကျွန်တော်မပြောဘူး။ လူဆိုတာ သိသင့်သိထိုက်တဲ့အခြေခံပညာလောက်တော့တတ်မှဖြစ်မှာပေါ့။ ကျွန်တော် လည်း ကျောင်းပညာကိုစိတ်မ၀င်စားလို့ အပြီးတိုင် မသင်ခဲ့ဘူးဆိုပေမဲ့ ဘာသာစကားလိုမျိုးပညာရေးနဲ့ပတ်သက်တာကျတော့ ကျွန်တော်စိတ်ဝင်စားတယ်။ အခုလည်း ဘာသာစကားသင်တန်းတွေတက်နေတယ်။ ကျွန်တော် ရုရှားဘာသာစကားစိတ်ဝင်စားတယ်။ အင်္ဂလိပ်စကားစိတ်ဝင်စားတယ်။ အဲဒါကြောင့်သင်တန်းတက်တယ်။ ကျွန်တော်က ကျောင်းမှာဆိုရင် Physics နဲ့ Chemistry အရမ်းညံ့တယ်။ အရမ်းညံ့တော့ အဲဒီနှစ်ဘာသာနဲ့ပတ်သက်လာရင် အရမ်းကြောက်တယ်။ အဲဒီအကြောင်းတွေလာပြောရင် ကျွန်တော်မသိဘူး။ ဒါပေမဲ့ ကျွန်တော်ဘာသာစကားစိတ်ဝင်စားတော့ လူတောတိုးနိုင်တဲ့အဆင့်ရောက်အောင် ကျွန်တော် သင်တယ်။

လက်ရှိမှာအွန်လိုင်းရဲ့အခန်းကဏ္ဍကလည်း အရမ်းကိုပဲခေတ်ကောင်းလာတဲ့အချိန်ဆိုတော့ အွန်လိုင်းလေ့လာမှုတွေရော လုပ်ဖြစ်လား။
ဟိုးအရင်တုန်းကတော့ မကြည့်ဖြစ်ဘူး။ လေ့လည်း မလေ့လာဖြစ်ဘူး။ ဒီနောက်ပိုင်းမှသာ Youtube ကနေပြီးတော့ သူများတွေလုပ်တဲ့ ဒီဇိုင်းလေးတွေကြည့်တယ်။ အတတ်နိုင်ဆုံးတော့ ကျွန်တော်မကြည့်ဘူး။ သူငယ်ချင်းတွေကလာပြတယ် ဟေ့ကောင် ဒါလေးကြည့်ကြည့်လိုက် မိုက်တယ် ဘာညာ ဆိုရင်တော့ အဲဒါလေးကို ကြည့်ဖြစ်လိုက်တယ်။ သိပ်မကြည့်ဖြစ်ဘူးဆိုတာက ကျွန်တော့်ရဲ့  Create လုပ်တဲ့နေရာမှာ သူများလွှမ်းမိုးမှုတွေဝင်လာမှာလည်းစိုးတယ်။ အနည်းနဲ့အများတော့ဖြစ်မှာပဲလေ။ နောက်ပြီးသူ့လို လုပ်လိုက်ရင်ကောင်းမယ်ဆိုတဲ့စိတ်မျိုးဝင်ပြီး ကော်ပီပုံစံဖြစ်သွားမှာကိုလည်းကြောက်တယ်။ များသောအားဖြင့်ကတော့ မကြည့်ဖြစ်တာများတယ်။

ပထမဦးဆုံး commercial လက်ခံဖြစ်တဲ့ အလုပ်ကိုတော့မှတ်မိမယ်ထင်တယ်။ ပြောပြပါဦး အတွေ့ အကြုံတွေ။
ပထမဦးဆုံး အလုပ်စပြီး လက်ခံဖြစ်ခဲ့တာက မေမြို့ ဇင်ယော်စာပေက မကေသီဆိုတဲ့ အစ်မကြီးရှိတယ်။ ကျွန်တော်က အရင်က လုပ်ပြီးသမျှဟာတွေကို ဖေ့စ်ဘွတ်ပေါ် အပျော်တမ်းတင်တယ်။ အဲဒီအစ်မက ကျွန်တော် လုပ်တဲ့ ဟာလေးတွေတွေ့တယ်။ တွေ့ ပြီးတော့မှ အိမ်လာပြီး သူလိုချင်တဲ့ ပုံစံလေးတွေအပ်တယ်ပေါ့။ အဲဒီတုန်းက နာရီတစ်လုံး။ မြင်းလှည်းတစ်စီး။ ပြီးတော့ သူ့ရဲ့အသိမိတ်ဆွေကိုလက်ဆောင်ပေးမယ် ဆိုတဲ့ ဟော်တယ်ပုံစံတစ်လုံးပေါ့။ အစ်မကို အဲဒါလေးလုပ်ပေးပါဆိုပြီးတော့ လာအပ်တယ်။ အဲဒီမှာ စပြီးလက်ခံဖြစ်တာဗျ။

ပထမဆုံးရလာတဲ့အနုပညာကြေးနဲ့ပတ်သက်ပြီး အမှတ်တရရှိလား။ စိတ္တဇတစ်ခုခုပေါ့။
မှတ်မိပါတယ်။ အဲဒီတုန်းက ၂ သိန်း ၈ သောင်းထင်တယ်။ ပထမဦးဆုံး ကိုယ်လက်ခံတဲ့အလုပ်ဆိုတော့ ကြေးကို အများကြီးလည်း မတောင်းရဲဘူး။ ပြီးတော့ ပထမဦးဆုံး သူများကို လုပ်ပေးရမှာဆိုတော့ ကိုယ်တိုင် ကလေ ဒီအလုပ်က ဘယ်လောက်ပြီးသွား ပြီးသွားစိတ်တိုင်းမကျသလိုပဲ။ ဟိုနားလေး လိုနေသလိုလို ဒီနားလေးလိုနေသလိုလို ဒီနားလေးကိုများမတူဘူးများပြောမလားပေါ့။ အဲလိုစိတ်ပူတာတော့ဖြစ်တယ်။ တကယ်တမ်း ပစ္စည်းလည်းလာရွေးရော သူတို့ကလည်း အရမ်းကြိုက်တယ်။ သူတို့ပြောတဲ့စကားတွေကလည်း ကိုယ့်အတွက်အားဖြစ်စေတယ်။ အဲဒီပိုက်ဆံကို ဒီနေ့အထိမသုံးဖြစ်သေးဘူးဗျ။ အမှတ်တရဗူးလေးနဲ့ဒီနေ့ အထိသိမ်းထားတုန်းပဲ။ ကိုယ့်ဘ၀ရဲ့ အမှတ်တရပေါ့နော်။ ဒီလမ်းကို စလျှောက်ခဲ့တဲ့အချိန်မှာ ပထမဆုံးရခဲ့ငွေကြေးဆိုတော့ တစ်ဘ၀လုံးဘယ်အချိန်ပြန်ကြည့်ကြည့် ကိုယ့်အတွက် အမှတ်တရဖြစ် တယ်။ ငွေဆိုတာ ကတော့ အမြဲတမ်းရှာလို့ရတယ်။ ကိုယ်တိုင်ဖီးလ်နဲ့လုပ်ပေးလိုက်တယ်။ ဟိုဘက်ကလည်း ဒီပစ္စည်းကို ကြည်ကြည်ဖြူဖြူနဲ့သူရသွားတဲ့ ရလဒ်အပေါ်ကျေနပ်ပြီးပေးလိုက်တဲ့ငွေ၊ အစားထိုးလို့မရ ဘူး။ ငွေဆိုတာထက်စာရင် အမှတ်တရပစ္စည်းတစ်ခုလို့ပဲသတ်မှတ်ကြပါစို့။ အဲဒီသဘောနဲ့ ကျွန်တော်သိမ်းထားတုန်းပဲ။

လုပ်ခဲ့ပြီးသမျှထဲမှာ လုပ်ရအခက်ဆုံးတစ်ခုပြောပါဆိုရင်က ဘယ်ဟာကိုပြောမလဲ။
လက်ရှိလုပ်ဖူးသမျှထဲမှာ အခက်ဆုံးဆိုရင်တော့ မေနုအုတ်ကျောင်း။ သူကကျ မြန်မာမှုပါတော့ အရမ်းအသေးစိတ်ရတာပေါ့။ ဂူပေါက်တွေအများကြီးပါမယ်။ ပြီးတော့ ပန်းဆွဲကနုတ်တွေပါတော့ ရှေးမြန်မာမှုကိုမီအောင် အတော်လေးလုပ်ယူရတယ်။ ဒါတောင် ကိုယ့်ကိုယ်ကို အားမရသေးပါဘူး။ ရှေးမြန်မာမှုကိုတော့ ဘယ်လိုမှမမီဘူးဆိုတာတော့ ၀န်ခံပါတယ်။ ရှေးမြန်မာမှုက အရမ်းအနုစိတ်တယ်ဗျာ။ အဲဒါကို အသေးစကေးချလိုက်တဲ့ အချိန်မှာ ကိုယ်က တစ်ချို့နေရာတွေကျတော့ လုပ်လို့မရလို့ ချန်ပစ်ခဲ့ရတဲ့နေရာမျိုးတွေရှိတယ်။ လက်ရှိအထိတော့ အဲဒါကို အခက်ခဲဆုံးကြိုးစားလုပ်ခဲ့ရတယ်။

မေနုအုတ်ကျောင်းဆိုလည်း မေနုအုတ်ကျောင်းပေါ့လေ။ အဲလိုမျိုးကိုယ်လုပ်မယ့်ပုံရဲ့ အသေးစိတ်ပုံတွေကို ဘယ်ကရတာလဲ။ ကိုယ်တိုင်သွားကြည့်၊ သွားရိုက် အဲလိုမျိုးလား။
ကိုယ်တိုင်သွားကြည့်တယ်။ ပေကြိုးတစ်ချောင်းနဲ့ပေါ့။ အမြင့်ကတော့ ခန့်မှန်းလိုက်ရတယ်ပေါ့။ မုဒ်ပေါက်နဲ့ လှေကားနဲ့ဘယ်လောက်အကွာအဝေးရှိတယ် ဘာညာဆိုတာကိုတော့ ကိုယ်တိုင်ကွင်းဆင်းတိုင်းတယ်။ ဘယ်ထောင့်ချိုးက ဘယ်လိုယူထားတယ်။ ဘယ်အုတ်တိုင်နဲ့ ဘယ်အုတ်တိုင် ဘယ်လိုမှီပြီး ဘယ်ကောင်ကို ပြန်ပင့်ထားတယ်။ အဲဒါမျိုးတွေကို ကွင်းဆင်းပြီး ကိုယ်တိုင်သွားကြည့်ရတယ်။

မဖြစ်မြောက်သေးတဲ့ စိတ်ကူးတစ်ခုကဘာဖြစ်မလဲ။
မဖြစ်မြောက်သေးတဲ့ စိတ်ကူးတစ်ခုဆိုရင် ကျွန်တော်မေမြို့တစ်မြို့လုံးပုံစံကို Wooden Art နဲ့ပုံဖော်ချင်တယ်။  အရင်ဆုံး မေမြို့နာရီစင်တည်မယ်။ တစ်မြို့ ရှိသမျှအိမ်တွေပါမယ်။ အိမ်ခြေ သောင်းဂဏန်း နီးပါးတော့ရှိမယ်ထင်တယ်။ အဲဒီအိမ်တွေကို သေးသေးလေးတွေ ဥပမာ လက်ညှိုးတစ်ချောင်းစာအရွယ်လေးတွေပေါ့၊ ပိစိလေးတွေ တစ်မြို့လုံးစာ လုပ်မယ်ဆိုပြီးတော့ စဉ်းစားနေတာ။ အဲဒါက အခု နာရီစင်ရယ်၊ အိမ်သုံးလုံးရယ်ပဲပြီးသေးတယ်။ ကျွန်တော့်မြို့လေးအတွက် အမှတ်တရပေါ့။ အဲဒါလေးလုပ်နေတာ။ ဒါပေမဲ့ အခုထိ မဖြစ်သေးဘူးပေါ့။  အချိန်ယူတာလည်း ၆ နှစ်၊ ၇ နှစ်လောက်တော့ ထပ်ပြီးအချိန်ယူရဦး မယ်ထင်တယ်။

ပရော့ဂျက်က စထားပြီပေါ့ဒါဆို။ အိမ်တစ်လုံးချင်းစီပါပါမယ်ဆိုရင်တော့ တွေးကြည့်ရတာနဲ့တင် တော်တော်မလွယ်တာပဲ။ မြို့ရဲ့ မြေပုံတွေ၊ လမ်းတွေ၊ အိမ်တွေကို ဘယ်လိုမျိုးလေ့လာပြီး လုပ်မှာလဲ။ Google Earth ကလည်း အထောက်အကူတစ်ချို့တော့ရနိုင်တယ်။
ကျွန်တော် Google Earth ကတော့ လေ့လာထားတာမျိုးမရှိပါဘူး။ အစ်ကိုပြောမှ ကျွန်တော်ကြည့်လိုက်ပါဦးမယ်။ ကျွန်တော်ကလေ မြို့ ထဲသွားတယ်ဆိုရင် ဖုန်းတစ်လုံးနဲ့ အိမ်တွေပတ်ရိုက်လာတယ်။ ကိုယ်ခွင့်တောင်းလို့ရတဲ့အိမ်တွေဆိုရင် အတိုင်းအတာယူလာတယ်။ ကျွန်တော်က အပြင်ထွက်တယ်ဆိုရင် လွယ်အိတ်ထဲမှာ ပေကြိုးတစ်ချောင်းရယ်၊ စာအုပ်နဲ့ဘောပင်ရယ်ကတော့ အမြဲတမ်းပါတယ်။ နာရီစင်ဆိုရင် လည်း ဘယ်လောက်ပဲလူရှုပ်နေနေ ကိုယ့်ဘာသာကိုယ် ငုတ်တုတ်ထိုင်ပြီး တိုင်းချင်တိုင်းနေတာ။ ပြီးတော့ မြေတိုင်းဦးစီးရုံးတို့မှာသွားပြီးတော့ ကိုယ်လိုချင်တာတွေသွားမေးတာမျိုးတွေလုပ်တယ်။ ဘယ်ရပ်ကွက် ရဲ့ မြေပုံကဘယ်လိုမျိုးလဲပေါ့။ ပြီးတော့ ကျွန်တော်ရပ်ကွက်ရုံးတွေသွားတယ်။ ဥပမာ - ရပ်ကွက်ရုံးဆိုရင်လည်း အဲဒီမှာ ကျွန်တော်တို့ရပ်ကွက်ရဲ့ မြေပုံရှိတယ်လေ။ အဲဒါတွေကို ဓာတ်ပုံရိုက်လာ။ အိမ်ရောက်ရင်ပရင့်ပြန် ထုတ် အဲလိုမျိုးတွေလုပ်တယ်။ ပြီးရင် တစ်ခုခုနဲ့တစ်ခု ပြန်ဆက် အဲဒါမျိုးလုပ်တယ်။

အလုပ်လာအပ်တာတွေကို ဘယ်လိုလက်ခံဖြစ်လဲ။ ဓာတ်ပုံပဲကြည့်ပြီး လက်ခံဖြစ်တာလား။
ပန်းချီမှာတာဆိုရင်တော့ တစ်ချို့တော်တော်များများက အွန်လိုင်းကမှာတာများတယ်။ အဲဒါမျိုးကျတော့လည်း ကိုယ်ပိုင်ရင်းနီးမှုအနေနဲ့ ဓာတ်ပုံယူပြီးတော့ပဲ လက်ခံဖြစ်တယ်။ တစ်ချို့ကကျတော့လည်း အိမ်ဒီဇိုင်းလေးတွေမှာကြတယ်။ အဲဒါမျိုးတွေကျတော့ မှာတဲ့သူနဲ့ ကျွန်တော်နဲ့ညှိရတယ်။ ကျွန်တော်လိုချင်တဲ့ပုံစံမေးရတယ်။ ငွေဘယ်လောက်သုံးနိုင်မလဲကအစပေါ့။  ပြီးတော့ ကျွန်တော်လုပ်ပေးနိုင်မယ့် အတိုင်းအတာကိုပြောတယ်။

ပြပွဲလုပ်ဖို့ကော အစီအစဉ်မရှိဘူးလား။
ကျွန်တော့်မှာ အစီအစဉ်ရှိပါတယ်။ ပြပွဲအတွက်လည်း ပစ္စည်းတွေစုနေတုန်းပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အားမရသေးတာနဲ့မလုပ်ဖြစ်သေးတာ။ ပထမတုန်းက ဒီနှစ် နှစ်ကုန်ပိုင်းကို ပြပွဲလုပ်မယ်ဆိုပြီးတော့ အစီအစဉ်လုပ်ထားတာဗျ။ ဒါပေမဲ့ ဒီကြားထဲမှာ အော်ဒါလက်ခံတာတွေမပြတ်တာနဲ့ရှေ့လေးလလောက်အထိက အော်ဒါတွေကြိုလက်ခံထားတာတွေရှိနေတော့ ဒီနှစ်ကုန်ပိုင်းအတွက်ကို ဘယ်လိုမှပြပွဲအတွက် ပစ္စည်း မစုနိုင်ဘူးဖြစ်နေတယ်။ ပြပွဲလုပ်တဲ့အချိန်မှာလည်း တကယ့်ဖီးလ်အပြည့်နဲ့လုပ်ထားတဲ့ လက်ရာကြီးတွေကိုပဲပြချင်တယ်။ ရှေ့နှစ်လောက်ထဲမှာတော့ ပြဖြစ်မယ်ထင်ပါတယ်။

ပြပွဲကိုရော ဘယ်မှာလုပ်မယ်မှန်းထားလဲ။ မေမြို့မှာပဲလုပ်ဖြစ်မလား။ ရန်ကုန်မှာလုပ်မှာလား။
ရန်ကုန်မှာပဲ လုပ်ဖြစ်မယ်ထင်ပါတယ်။

တခြားဘယ်လိုအနုပညာမျိုးတွေစိတ်ဝင်စားသေးလဲ။
ကျွန်တော်ပန်းချီဆွဲရတာကို စိတ်ဝင်စားတယ်။ ပြီးတော့ အပင်စိုက်တာကိုစိတ်ဝင်စားတယ်။ အဖွားရှိတုန်းက အဖွားနဲ့အတူတူ သစ်ခွတွေစိုက်တယ်။ အဖွားဆုံးပြီးနောက်ပိုင်း ကျွန်တော်လည်း မစိုက်ဖြစ်တော့ဘူး။ အဖွားနဲ့ကျွန်တော်အတူတူစိုက်ခဲ့တဲ့ သစ်ခွခြံတစ်ခုလုံးကိုလည်း ကျွန်တော်တို့မြို့မှာ စက်ဘီးလေးနဲ့ ပန်းတွေလည်ရောင်းနေတဲ့ အဖွားကြီးတစ်ယောက်ပေါ့။ သူ့ကို အကုန်လက်ဆောင်ပေးလိုက်တယ်။ သစ်ခွခြံထဲသွားတိုင်းအဖွားကို သတိရနေမိတယ်။ သစ်ပင်စိုက်တာကိုတော့ ကျွန်တော်ဆက်မလုပ်ဖြစ်တော့ဘူး လောလောဆယ်မှာ။

ခုကျောက်မျက်ဆိုင်လေးတစ်ဆိုင် လုပ်နေတာတွေ့တယ်နော်။ အဲဒီအကြောင်းလေးကိုလည်း နည်းနည်းပြောပေးပါဦး။
ရတနာဆိုင်အသေးစားလေးတစ်ခုလုပ်နေပါတယ်။ အဲဒီအတွက်ကို ငွေရေးကြေးရေးရော လူရော လုံးပန်းနေရတဲ့အခါကျတော့ ဖေ့စ်ဘွတ်ပေါ်တောင် Creation အသစ်တွေသိပ်မတင်ဖြစ်ဘူး။ ဒါက အော်ဒါလက်ခံထားတာမဟုတ်ပါဘူး။ ကိုယ်ပိုင်စိတ်ကူးပေါ်လာလို့လုပ်နေတာပါ။ ရတနာဆိုင်မှာပါမယ့် ရတနာပစ္စည်းတွေက မိုးကုတ်ကျောက်အစစ်တွေသုံးမယ်။ စိန်တွေဆိုလည်း အစစ်တွေသုံးမယ်။ ရွှေတော့မသုံးတော့ဘူး၊ ငွေနဲ့အထည်ခတ်ဖို့လုပ်ထားပါတယ်။ နီလာကြိုးပါမယ်၊ ပတ္တမြားကြိုးပါမယ်၊ စိန်ကြိုးပါမယ်၊ ကျောက်စိမ်းပါမယ်။ ပြီးရင် သဘာဝတွင်းထဲကထွက်တဲ့အတိုင်း မသွေးရသေးတဲ့ ခရစ်စတယ်လ်ပုံကြမ်းခဲလေးတွေပါမယ်။ အပေါ်က ဆလိုက်ထိုးလိုက်တယ်ဆိုရင် ရတနာပြတိုက်အသေးစားလေးပုံစံပေါ့။ အဲလိုပုံစံလေးလုပ်မယ်လို့ စိတ်ကူးထားတယ်။ မြန်မာနိုင်ငံကထွက်တဲ့ တန်ဖိုးရှိတွင်းထွက်ရတနာတွေကို တစ်စုတစ်စည်းတည်းပြချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်ထားပါတယ်။ မိုးကုတ်ကျောက်တွေတော့ အစုံပါမယ်။ လောလောဆယ်မှာ ဘယက်အစမ်းခတ်ထားတာကတော့ နမူနာငါးကုံးရထားပါပြီ။ ဘယက်တွေကိုတော့ ကိုယ်တိုင်ဒီဇိုင်းဆွဲပြီးတော့ ပန်းထိန်ဆိုင်အပ်ရပါတယ်။ အစကတော့ အကုန်လုံးကို ရွှေနဲ့ခတ်မလို့စဉ်းစားသေးတယ်။ ဒါပေမဲ့ တွက်ကြည့်လိုက်တော့ ရွှေနဲ့ခတ်မယ်ဆိုရင် ဈေးအရမ်းများသွားမယ်။ ကိုယ်လည်းမနိုင်တဲ့အခြေအနေဖြစ်နေတော့ ငွေထည်ပဲလုပ်ဖြစ်သွားတယ်။ ကျွန်တော်အဓိကပြချင်တာကလည်း ရွှေမဟုတ်ဘူး။ မြန်မာနိုင်ငံက ထွက်တဲ့အဖိုးတန်ကျောက်မျက်ရတနာတွေကိုပြချင်တာ။ အဓိကက ကျောက်တွေစုံဖို့ပဲ၊ ရွှေကအဓိကမဟုတ်ဘူးဆိုပြီးတော့ ငွေနဲ့ခတ်လိုက်တာ။

ခုလက်ရှိမှာကော ဆိုင်ဖွင့်ထားတာလား။ ဘယ်လိုလုပ်နေတာလဲ။
ခုလက်ရှိမှာတော့ showroom အသေးစားလေးလုပ်ထားတယ်ဗျ။ ကျွန်တော်လုပ်ထားတဲ့ပုံစံက တင်ရောင်းတဲ့ပုံစံမျိုးမဟုတ်ဘူး။ အော်ဒါလာအပ်ရင်လက်ခံထားတယ်။ ပြီးရင် ရက်ချိန်းပေးထားမယ်။ ပြီးတော့မှ လာယူ။ အဲလိုပုံစံမျိုးပေါ့။ အခန်းမှာ ချိတ်ထားတာတွေတော့ရှိတယ်။ ဒါပေမဲ့ ကျွန်တော်မရောင်းတဲ့ ပစ္စည်းမျိုး။ ကျွန်တော့်ဖန်တီးမှုတွေ ချိတ်ထားတာ။ ကျွန်တော် collection လုပ်ထားတဲ့ဟာမျိုးတွေလောက်ပဲထားတာ။

ဟုတ်ကဲ့ပါ အစ်ကို။ အစ်ကို့ဆီမှာ အလုပ်အပ်ချင်တယ်ဆိုရင် ဘယ်လိုဆက်သွယ်လို့ရနိုင်မလဲ။
အများအားဖြင့် ကျွန်တော့်ရဲ့ ဖေ့စ်ဘွတ်ကနေတစ်ဆင့်ဆက်သွယ်ကြပါတယ်။ အိမ်ကိုလာအပ်တာတွေလဲရှိပါတယ်။ ကျွန်တော့်အိမ်လိပ်စာက အမှတ် ၁၄၈၊ ကိုဆန်နီနှင့်ညီများကုန်စုံဆိုင်၊ ၁ ကွက်၊ စမ်းသီတာလမ်း၊ ဈေးကြီးအောက်ဘက်၊ မြေမြို့ပါ။ ဖုန်းဆက်မယ်ဆိုရင်လည်း ၀၉-၇၉၈၈၀၆၅၃၈ ကိုဆက်သွယ်နိုင်ပါတယ်။

အောင်လင်းသစ်

ဓာတ်ပုံ- ကိုဟိန်းကိုကို၏ facebook

 



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Mar 24, 2017

2017 CFDA ဆုပေးပွဲရဲ့ စကာ...


Health & Fitness   |   Posted on Mar 24, 2017

အရေးပေါ်သန္ဓေတားဆေး သောက်တေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.