Tv & Movie   |   Posted on Jan 19, 2019 by Kyaw Ye Lynn

ငါ့ဘဝဟာ ဘာအဓိပ္ပာယ်မှ မရှိတော့ပါလားလို့ သင်တို့စဉ်းစားမိဖူးလား Brad's Status ကို ကြည့်ကြည့်ပါ


လူတွေဟာ ခင်မင်ကြလို့ ရင်းရင်းနှီးနှီး နေကြတာမဟုတ်ဘဲ အောင်မြင်မှုအပေါ်လိုက်ပြီး ရင်းရင်းနှီးနှီး နေကြတာပဲလို့ ဘရက်က စဉ်းစားတယ်

Share this article

ဒီရုပ်ရှင်က အသက် ၃၀၊ ၄၀ ကျော်တချို့ရဲ့ပါးကို ဖြတ်ရိုက်ပြီး လှုပ်နှိုးလိုက်တဲ့ကားမျိုးပါ။

ငါ့ဘဝဟာ ဘာအဓိပ္ပာယ်မှ မရှိပါလားလို့ စဉ်းစားမိဖူးလား။ ဘရက်ကတော့ အဲဒီလို စဉ်းစားမိနေသူတစ်ယောက်ပါ။

သူက အကျိုးအမြတ်မယူအဖွဲ့အစည်းတစ်ခုကို ထူထောင်ထားသူ။ အသက်က ၄၇။

တစ်ချိန်ကတော့ သူ့ဘဝကို ကျေနပ်ခဲ့ပေမယ့် အခု ဒီအသက်အရွယ်ရောက်မှ . . .

သူ့သား ကောလိပ်ကျောင်း သွားတက်ရတော့မယ့်အချိန်ရောက်မှ . . .

သူ့ဘဝ၊ သူ့ပိုင်ဆိုင်မှု၊ သူ့အတိတ်နဲ့ သူ့အနာဂတ်ကို တွေးပြီး စိတ်ပျက်လာတယ်။

အဆိုးဆုံးက ကောလိပ်ကျောင်းတုန်းက အခင်မင်ဆုံး သူငယ်ချင်းတွေရဲ့ဘဝအခြေအနေနဲ့ သူ့ဘဝအခြေအနေကို နှိုင်းယှဉ်စဉ်းစားနေမိတဲ့အဖြစ်ပဲ။

သူ့သူငယ်ချင်းတွေက သူတို့ရောက်နေတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတယ်။ ပိုက်ဆံလည်း ရှိကြတယ်။ ဒီတော့ သူတစ်ယောက်တည်း ဘဝမှာ ကျရှုံးနေတာပါလားလို့ ပိုပြီး စဉ်းစားမိလာတယ်။

မိတ်ဆွေချင်း ပြန်တွေ့ဖြစ်ကြရင် မေးလေ့ရှိတဲ့မေးခွန်းတွေက ဘာတွေများလဲ။

" မင်း ဘယ်မှာလဲ "

" မင်း ဘာဖြစ်နေပြီလဲ "

သူ့အတွက်တော့ ဒီမေးခွန်း နှစ်ခုစလုံးကို ပြန်ဖြေရာမှ ဘာမှ လူအထင်ကြီးစရာမရှိဘူးလို့ တွေးမိနေတယ်။

သူရောက်နေတဲ့နေရာနဲ့ သူ ဘာဖြစ်နေတယ်ဆိုတာက သာမန်မျှသာကိုး။ (တကယ်က သူ့အထင်သာပါ။)

ဒီလိုတွေ စိတ်ညစ်နေရတဲ့အထဲ မိတ်ဆွေရင်းရဲ့ မင်္ဂလာဆောင်ကို ဖိတ်ကြားမခံရတာပါ သိလိုက်ရတယ်။

ကောလိပ်တုန်းက သူ့ကို အချစ်ဆုံးဆရာရဲ့ဈာပနပွဲကိုလည်း ဘယ်မိတ်ဆွေကမှ အကြောင်းမကြားကြဘူး။

ဒီလိုဖြစ်ရတာဟာ သူ ဘာကောင်မှ မဟုတ်လို့ မေ့သွားကြတာ၊ ဖယ်ထုတ်ခံရတာဆိုတာ သူ သိလိုက်တယ်။ တခြား ဘာကြောင့်မှ မဖြစ်နိုင်ဘူးပေါ့။

လူတွေဟာ ခင်မင်ကြလို့ ရင်းရင်းနှီးနှီး နေကြတာမဟုတ်ဘဲ အောင်မြင်မှုအပေါ်လိုက်ပြီး ရင်းရင်းနှီးနှီး နေကြတာပဲလို့ သူ စဉ်းစားတယ်။

ဒါတွေအပြင် သူ အခုလို သာမန်ဖြစ်နေရခြင်းဟာ သူချစ်ရတဲ့ ဇနီးသည်နဲ့ပါ သက်ဆိုင်နေတယ်လို့ တွေးလာမိပြန်တယ်။

သူ့ဘော်ဒါတစ်ယောက်က ချမ်းသာတဲ့မိန်းမတစ်ယောက်ကို လက်ထပ်ပြီး ဘဝမှာ ကောင်းကောင်း နေနေနိုင်တယ်။ တစ်ယောက်က နိုင်ငံရေးနယ်ပယ်ထဲအထိ ခြေဝင်ဆန့်တယ်။ အလုပ်က အိမ်ဖြူတော်နဲ့ ဆက်နွှယ်တယ်။ ရောင်းအကောင်းဆုံးစာရင်းဝင် စာရေးဆရာလည်း ဖြစ်နေသေးတယ်။ ကောလိပ်ကျောင်းတွေမှာ လက်ချာဝင်ရိုက်သူ။ တီဗီမှာပါ အဲဒီသူငယ်ချင်းကို ခဏခဏ မြင်ရတယ်။

တစ်ယောက်က ဟောလိဝုဒ်မှာ အောင်မြင်နေတဲ့ ဒါရိုက်တာ။ တစ်ယောက်က အောင်မြင်နေတဲ့ကုမ္ပဏီကို ရောင်းချပြီး ကျွန်းတစ်ကျွန်းဝယ်ကာ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနေသူ။ မိန်းမ နှစ်ယောက်တောင် ယူထားလိုက်သေးတယ်။

သူတို့တွေမှာ အဲဒီလိုဖြစ်ဖို့အတွက် နောက်ကနေ တွန်းအားပေးတဲ့သူတွေ ရှိနေပြီး သူ့မှာကျ သူ့မိန်းမ မယ်လနီဟာ အေးဆေးတယ်၊ ကျေနပ်ရောင့်ရဲလွယ်တယ်၊ ဇီဇာမကြောင်တတ်ဘူး၊ ဘဝကို ရိုးရှင်းစွာ တွေးတယ်၊ အိပ်မက်အကြီးကြီးတွေ မမက်တတ်ဘူး၊ ဒါကြောင့်မို့ သူလည်း အခုထက် ပိုကြိုးစားချင်စိတ် မရှိခဲ့တာလို့ တွေးတယ်။

သူ့အတွေးတွေ သမာသမတ်မကျဘူးဆိုတာကို သူကိုယ်တိုင် သိပါတယ်။ သူ ဆုံးဖြတ်လုပ်ကိုင်ခဲ့တာတွေအတွက် ဘယ်သူ့မှာမှ တာဝန်မရှိဘူးဆိုတာကိုလည်း သိတယ်။ သို့သော် . . .

သူ့ဘဝမှာ ကောင်းကောင်းနေရဖို့ အချိန် မရှိတော့ဘူးလားလို့ သူ့ကိုယ်သူ မေးခွန်းထုတ်လာတယ်။ အဲဒီမှာ သူ့ကျရှုံးမှုတွေကို မေ့ပြီး သူ့သားကို အောင်မြင်အောင်လုပ်ပေးနိုင်သေးပါလားလို့ စဉ်းစားမိလာပြန်ရော။

တကယ်က အောင်မြင်နေတဲ့သူငယ်ချင်းတွေကိုသာ သူ ရွေးမြင်နေသလို ဖြစ်နေနိုင်ပါလားဆိုတာကို မစဉ်းစားမိတာပါ။ ပြီးတော့ မနာလိုမှုတွေ များလွန်းနေတာနဲ့ အဲဒီအတွက် နာကျင်ခံစားလွန်းနေတာတွေက သူ့ကို ပိုမိုစိတ်ဖိစီးလာစေတယ်ဆိုတာ မတွေးမိတာလည်း ပါတာပေါ့။

သူ အများကြီး တွေးတောပြီး တိတိကျကျ သိလိုက်တာတစ်ခုတော့ ရှိတယ်။ အဲဒါက . . .

ဘဝဆိုတာ သူ့လို သာမန် လူတန်းစားအတွက် တိုက်ပွဲတစ်ခုဖြစ်ပေမယ့် ချမ်းသာအောင်မြင်သူတွေအတွက်ကျ ကစားကွင်း၊ သုခဘုံ၊ အိပ်မက် ဖြစ်တယ်ဆိုတာပါ။

အပေါ်မှာ ကျွန်တော်ပြောခဲ့တာတွေဟာ ရုပ်ရှင်ထဲက အကုန်လုံးတော့ မဟုတ်ပါဘူး။ ကြည့်သူတွေအတွက် အများကြီး ချန်ထားခဲ့ပါသေးတယ်။ တခြားသော သူ့စဉ်းစားမှုတွေ၊ သူ့သားအတွက် ပူပန်တာတွေ၊ သူ့စိတ်ထဲ ချဉ်နေတဲ့ဘော်ဒါတွေနဲ့ ပြန်မဆက်သွယ်ချင်ပေမယ့် သူ့သားရဲ့ကျောင်းဝင်ခွင့်အတွက် ပြန်လည် ဆက်သွယ်ရတဲ့အချိန် ဖြစ်ပေါ်လာတဲ့ စိတ်မသက်သာဖြစ်မှုတွေ၊ သူ အထင်အမြင်မကြီးတော့တဲ့ သူ့အလုပ်ကိုမှ စိတ်ဝင်တစားဖြစ်နေတဲ့ကျောင်းသူနဲ့ စကားပြောနေတဲ့အချိန်မှာ အတွေ့အကြုံအရ သူ ဆင်ခြင်နေပုံတွေ . . . စသဖြင့် များစွာသော စိတ်ဖိစီးစရာ အတွေးတွေကို လိုက်ပါစဉ်းစားရပါလိမ့်မယ်။

ဒီကားမှာ ဘန် စတစ်လ်လာက အတော် တည်ငြိမ်တာ။ ဘန်ကို ဒီဘက်ခေတ် နောက်ပိုင်းသူတွေက Night at the Museum တို့ Zoolander တို့နဲ့ ပိုသိကြပေမယ့် သူ့ရဲ့ပြောစမှတ်ဖြစ်တဲ့ ရုပ်ရှင်တွေက အဲဒါတွေ မဟုတ်ပါဘူး။ Meet the Parents (Trilogy) နဲ့ The Secret Life of Walter Mitty ဆိုတဲ့ လေးကားနဲ့ပါ။ ပိုပြီး ထူးခြားတာကတော့ The Secret Life of Walter Mitty ပေါ့။ သို့သော် Meet the Parents သုံးကားတွဲမှာ ယောက်ျားသူနာပြု Focker အဖြစ်နဲ့ ကိုးရိုးကားယား သရုပ်ဆောင်မှုတွေကလည်း မေ့မရစရာတွေပါပဲ။ ပေါ့ပျက်ပျက်တွေ မပါဘဲ ဘာသာ၊ ဓလေ့မတူတဲ့ချစ်သူနဲ့ တွေ့ဆုံချစ်ကြိုက်ပြီး အဲဒီအထဲ မိဘတွေရဲ့ပါဝင်ပတ်သက်လာတဲ့အပေါ် လွန်ဆန်လို့မရတဲ့အတွက် လိုက်လျောညီထွေဖြစ်ဖို့ ကြိုးစားရင်း ကိုးရိုးကားယား ဖြစ်ရတာတွေကို အတည်အတံ့ သရုပ်ဆောင်သွားတာပါ။ ကျွန်တော် တော်တော်များများကို ကြည့်ဖို့ တိုက်တွန်းဖူးတဲ့ကားတစ်ကားပါ။ သဘာဝကျပြီး ချစ်ခြင်းမေတ္တာသာ ရှိရင် လူနှစ်ယောက် ဘဝကို ကောင်းကောင်း ဖြတ်သန်းနိုင်တယ်ဆိုတာ ပေါ်လွင်တဲ့သုံးကားပေါ့။

အခု Brad's Status ရုပ်ရှင်မှာကျ သူ့ရဲ့တည်ငြိမ်တဲ့ပုံစံတွေကို ပြန်တွေ့ရတယ်လို့ ခံစားရတယ်။ သူနဲ့အတူ တည်ငြိမ်၊ သူနဲ့အတူ ကြေကွဲ၊ သူနဲ့အတူ စိတ်ဖိစီးရတဲ့အထိ သရုပ်ဆောင်တာ ကောင်းလွန်းလှတယ်။

ဒီကားမပြီးခင်မှာပဲ ကိုယ့်ဘဝအခြေအနေကိုပါ နှိုင်းယှဉ်စဉ်းစားမိပြီး စိတ်ဖိစီးလာပြီဆိုရင်တော့ မိတ်ဆွေတို့ကို ရှာကြည့်ဖို့သာ တိုက်တွန်းပါရစေတော့။

Brad's Status (2017)

Editor : Lu Thar Man



Share this article

TOP 5 ARTICLES


Skin   |   Posted on Aug 19, 2019

ပျိုမေတို့ မိမိ Skin Type...


People   |   Posted on Aug 19, 2019

Kalayar Zaw ရဲ့ Lifestyle...


People   |   Posted on Aug 17, 2019

Yun Waddy Lwin Moe ရဲ့ အေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.