Cover Stories   |   Posted on Aug 3, 2017 by Tun Lin

သဘာဝဇာတ်ရုပ်တွေချည်း ထိုင်စောင့်နေလို့မရဘူးဆိုတဲ့ အေးမြတ်သူ


ပရိသတ်ကို အကောင်းဆုံးပေးဆပ်ခြင်းဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံးတည်ဆောက်ခြင်းနဲ့အတူတူပဲလို့ အေးမြတ်သူ ခံယူထားတယ်။

Share this article

အခု ကျွန်တော်တို့မဂ္ဂဇင်းရဲ့ နှစ်အထူးထုတ်မှာ ကာဗာစတားတစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူးရတဲ့စိတ်ခံစားချက်ကို ပြောပြပါဦး။
အရမ်းကိုရင်ခုန်ရပါတယ်။ ဒီအထဲမှာ အေးမြတ်သူက အမျိုးသမီး လေးယောက်ထဲမှာအသက်အကြီးဆုံးဖြစ်တယ်။ တစ်ခါတစ်လေကျရင် ကိုယ့်ကိုယ်ကို သြော် ငါအသက်ကြီးနေတဲ့အခါ ကျတော့ အဆင်ပြေပါ့မလား၊ လူက ငယ်ရွယ်တဲ့အလှနဲ့ ရင့်ကျက်တဲ့အလှမတူဘူးဆိုပေမဲ့ လူတွေက အမြဲနုပျိုချင်ကြတယ်လေ။ ဒါပေမဲ့ လုပ်ငန်းခွင်ရောက်ရင်တော့ အဲဒီစိတ်က ပျောက်သွားတာပဲ။ မလုပ်ခင်သာ ကိုယ်က ငါ့မျက်နှာကို ဂရုစိုက်ရမယ်၊ ငါ့ ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ် အဲလိုစိတ်လေးတော့ရှိတယ်။ ဒါပေမဲ့ ဒီမှာ လုပ်ရတဲ့အခါ အားလုံးက Fit ဖြစ်ပါတယ်။ အကုန်လုံးကို မတူညီတဲ့ ဒီဇိုင်းတွေနဲ့ ပြင်ဆင်ပေးထားတယ်။ အားလုံးက ညီတူမျှတူပဲ လုပ်ခွင့်ရကြတယ်။ ဒီမော်ဒယ်လ်နဲ့ လိုက်ဖက်မယ့် ၀တ်စုံတွေကို သေချာစီစဉ်ပေးထားတဲ့အတွက် အဆင်လည်းပြေတယ်။ ပုံထွက်ရလဒ်တွေလည်းကောင်းမယ်ဆိုတာသိတယ်။ ရင်ခုန်နေပါတယ်။

ဒီနှစ်ထဲမှာ ရိုက်ကူးရေးတွေ တော်တော်လေးလက်ခံထားတယ်သိရတယ်နော်။
ရိုက်ကူးရေးက ဟိုးအရင်အရင် အေးမြတ်သူရိုက်ခဲ့တဲ့တောက်လျှောက်မှာတော့ ဒီနှစ်က အေးမြတ်သူအလုပ်ပိုပြီးတော့ လုပ်ခွင့်လေးတွေရခဲ့တယ်။ ဒါကလည်း အေးမြတ်သူကို အားပေးကြတဲ့ ပရိသတ်တွေကြောင့် ချစ်ရ ခင်ရတဲ့ သူတွေကြောင့် အေးမြတ်သူ ပိုပြီးတော့ လုပ်လာရပါတယ်။ အေးမြတ်သူကလည်း ပိုပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးလုပ်ပါတယ်။

ဇာတ်လမ်းတွေရော ဘယ်လိုရွေးချယ်ဖြစ်လဲ။
အမှန်အတိုင်းပြောရရင် အေးမြတ်သူ သဘာဝသရုပ်ဖော်၊ ဘ၀သရုပ်ဖော် ဇာတ်တွေကိုပိုကြိုက်တယ်။ ပိုလည်းရိုက်ချင်တယ်ရှင့်။ ဒါပေမဲ့လည်း အခုအခြေအနေမှာ ဟာသလည်းလာတယ်။ အက်ရှင်လည်းလာတယ်။ ဒရမ်မာလည်းလာတယ်ဆိုတော့ အေးမြတ်သူကတော့ ကိုယ်နဲ့အဆင်ပြေပြီး ဇာတ်ထဲမှာ လုပ်ပိုင်ခွင့် သုံးချိုးတစ်ချိုးပေါ့၊ သုံးချိုးတစ်ချိုးမဟုတ်ရင်တောင် လေးချိုးတစ်ချိုးပေါ့ အဲလောက်ရရင် အေးမြတ်သူရိုက်ပါတယ်။

ဒီနှစ်ထဲမှာ သို့မဟုတ် ၂၀၁၈ မှာ ရုံတင်လာဖို့ရှိတဲ့ကားကြီးတွေထဲက ပရိသတ်ကို ဟိုက်လိုက်ပြောစရာ ဇာတ်ကားတွေများရှိလား။
အေးမြတ်သူ ဟီးရိုးဖြစ်တဲ့ကားပေါ့၊ တစ်ကားလုံး ဟီးရိုးဖြစ်နေတဲ့ကားတော့ ဒီနှစ်ထဲမှာ ထပ်လာဖို့မရှိတော့ပါဘူး။ အေးမြတ်သူ ရိုက်ချင်တယ်တယ်ရှင့်။ ဒါပေမဲ့ အခုက ဇာတ်ရဲ့ နှစ်ချိုးတစ်ချိုးမလုပ်ရတောင်၊ ဇာတ်ရဲ့ သုံးချိုးတစ်ချိုးနဲ့ လေးချိုးတစ်ချိုးကို လုပ်ခွင့်ရတာဆိုတော့ အဲဒါလေးကိုတော့ ကိုယ်အကောင်းဆုံးဖြစ်အောင်လုပ်ထားပါတယ်။ အေးမြတ်သူ တစ်ယောက်တည်း အများကြီးလုပ်ပြရမယ့်ကားမျိုး၊ ဥပမာ - မအေးပွင့်လို၊ ကြွေလိုမျိုး အဲလိုကားကြီးတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ ပါဝင်ရတဲ့ ကားတွေထဲမှာ အကောင်းဆုံးဖြစ်အောင်လုပ်ထားတဲ့ နောက်ထပ်ကားတွေတော့ရှိပါသေးတယ်။

သိပ်မကြာခင်က ရုံတင်သွားတဲ့ "ခေါက်ထီးလေး မလုံ့တလုံ" ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေဆီကနေ မအေးမြတ်သူကိုယ်တိုင် ဘာတွေပြန်ကြားရလဲ။
ပရိသတ်တွေကတော့ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ပေါ့နော်။ မေတ္တာတရားတွေနဲ့ "ကြွေ" အဖြစ်ကိုလက်ခံပေးတယ်ပေါ့နော်။ သတ်မှတ်ပေးခဲ့တယ်။ အရင်တုန်းကဆို "မအေးပွင့်ပေါ့" ၊ မအေးပွင့်၊ မြင့်မြင့်စန်း ဆိုပြီးတော့ လူတွေက ပြောကြတယ်။ အခုတွေ့ရင်လူတွေက အေးမြတ်သူကို "ကြွေ"လို့ခေါ်ကြတယ်။ ဒါလေးက ပရိသတ်က အသိအမှတ်ပြုပေးတဲ့ အရာတစ်ခုလို့ အေးမြတ်သူ ခံစားရပါတယ်။ အေးမြတ်သူကြိုးစားထားတာထက်ကို ပရိသတ်က ချစ်တဲ့စိတ်နဲ့ ပိုပြီးလက်ခံပေးကြတယ်ပေါ့နော်။ တချို့နေရာတွေမှာ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်မယ်။ အဲဒါလေးတွေကို အပြစ်မမြင်ဘဲနဲ့ အကောင်းဆုံးလက်ခံပေးကြတဲ့အတွက် အေးမြတ်သူအရမ်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ အေးမြတ်သူမျှော်လင့်နေတဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ပရိသတ်ပေးတဲ့ ကြိုက်တယ်ဆိုတဲ့ ဇာတ်ကောင် "ကြွေ"ဖြစ်ခဲ့ရတဲ့အတွက် အေးမြတ်သူ ၀မ်းသာမိပါတယ်။

ဗီဒီယိုဈေးကွက်ပျက်သွားပြီပြောနေကြပေမယ့် ခုတော့ ဗီဒီယိုခေတ် တော်တော်ပြန်ထလာတာတွေ့ရတယ်နော်။ မအေးမြတ်သူရော ဘယ်လိုမြင်မိလဲ။
အဲဒါက ၀မ်းသာစရာပေါ့။ အေးမြတ်သူလည်း မြင်ရတွေ့ရပါတယ်။ တကယ့် ရိုက်ရက်ရှားတဲ့ Actor ကြီးတွေဖြစ်တဲ့ ကိုနေတိုးတို့၊ ကိုပြေတီတို့၊ မအူဝဲတို့၊ မခိုင်လေးတို့ပေါ့နော်၊  တကယ့်ကို ဒီနေ့ရဲ့ နံပါတ်တစ် မင်းသားမင်းသမီးတွေပေါ့ မြင့်မြတ်တို့၊ အောင်ရဲလင်းတို့ပေါ့၊ ဒီလို မင်းသားမင်းသမီးတွေကလည်း ဗီဒီယိုကား ရိုက်ရက်တွေ ပြန်ပေးကြတယ်။ အမှန်အတိုင်းပြောရရင် သူတို့က ဗီဒီယိုကို ပြန်ပြီးတော့ဆွဲတင်တာပေါ့။ တကယ့်ဝါရင့်သရုပ်ဆောင်တွေ၊ ယနေ့ စူပါမင်းသားမင်းသမီးတွေက ဗီဒီယိုဈေးကွက်ပျက်မှာစိုးလို့ သူတို့က သူတို့နိုင်တဲ့အားကနေပြီးတော့ပြန်ပြီးတော့ ဆွဲတင်တယ်လို့ အေးမြတ်သူမြင်တယ်ရှင့်။ တချို့နေရာတွေမှာ ရုပ်ရှင်ရုံတွေမရှိတဲ့အခါ ဗီဒီယိုအားကိုးပြီးကြည့်ရတဲ့နေရာတွေအများကြီးရှိပါတယ်။ ဒီနှစ်ထဲမှာ အေးမြတ်သူ Travel Tour Program တွေရိုက်ရတော့ မြန်မာပြည်နေရာအနှံ့နီးပါးသွားရတယ်ရှင့်။ ဝေးလံခေါင်ပါးတဲ့နေရာအများစုရုပ်ရှင်ရုံဆိုတာမရှိပါဘူး။ မြို့တွေမှာလည်း ရုပ်ရှင်ရုံမရှိပါဘူး။ သူတို့က ဗီဒီယိုတွေကိုအားကိုးပြီးတော့ကြည့်ရတယ်။ အဲဒီတုန်းကဆို မအေးပွင့်၊ မြင့်မြင့်စန်း ရုံတင်နေတဲ့အချိန်လည်းဖြစ်တော့ မအေးပွင့်ကြည့်ပြီးသွားပြီလားဆိုတော့ သူတို့မသိကြဘူး။ သူတို့ ဂျက်မ ကိုပဲသိတယ်။ ဗီဒီယိုက အဲလိုပရိသတ်တွေအတွက် ရှိနေသင့်တယ်။ သူတို့ကြည့်ဖို့အတွက် ဗီဒီယိုကားလေးတွေရိုက်ရမယ်ဆိုတဲ့အသိလေးတွေ၊ ဗီဒီယိုဟာ ပြိုလဲလို့မရဘူးဆိုတဲ့ အသိလေးတွေပေါ်လာပါတယ်။

 

အခုရော မအေးမြတ်သူအနေနဲ့ ဗီဒီယိုရိုက်ဖို့ရော လက်ခံထားတာရှိလား။
အခုနှစ်ထဲမှာ အေးမြတ်သူက ဗီဒီယိုကားတော့ လာမငှါးကြဘူးရှင့်၊ ကားကြီးတွေပဲလာငှါးကြတာများပါတယ်။ ဗီဒီယိုလာငှါးလို့ရှိရင်လည်း အေးမြတ်သူ ညှိနှိုင်းပြီးတော့ အကောင်းဆုံး၊ အတတ်နိုင်ဆုံးဖြစ်အောင်လုပ်ပေးဖို့စိတ်ကူးထားပါတယ်။ ဆုံးဖြတ်ချက်လည်းချထားပါတယ်။

ဇာတ်ကားတွေမှာ Costume Designer တွေထည့်သွင်းပေးဖို့်ဆိုတဲ့ ကိစ္စကိုရော မအေးမြတ်သူ ဘယ်လိုသဘောရလဲ။
သရုပ်ဆောင်တစ်ယောက်က သူ့ရဲ့ဇာတ်ကောင်အပေါ်မှာပဲ သူစိတ်ဝင်စားဖို့ သူ့အတွက် အချိန်တွေအများကြီးပိုထွက်လာတယ်ရှင့်။ ငါသည် ဒီကားမှာ ဘာတွေဝတ်ရမယ်ဆိုတာထက် ငါသည် ဒီဇာတ်ကားမှာ ဘယ်လိုစိတ်နေစိတ်ထားနဲ့ ဘယ်လိုမျိုးအိုက်တင်တွေလုပ်ရမယ်။ ဘယ်လိုအမူအရာတွေလုပ်ရမယ်ဆိုတာ ပိုပြီးတော့ အချိန်ပိုပေးနိုင်လာတယ်ရှင့်။ ပရိုဂျူဆာဘက်က ကြည့်ရင် ကုန်ကျစရိတ်တွေက အရင်ကထက် ပိုပြီးတော့ ပိုများတယ်ရှင့်။ ပံ့ပိုးနိုင်တဲ့ ပရိုဂျူဆာကောင်းကောင်းနဲ့ သူတို့ကလည်း တကယ်ကိုစိတ်ပါဝင်စားတယ်၊ အင်တာနယ်ရှင်နယ် အဆင့်အတန်းမီချင်တဲ့သူမျိုးနဲ့ သေသေချာချာအချိန်ပေးနိုင်ပြီး တကယ်ကို စိတ်နှစ်ပြီးလုပ်မယ့် Actor တွေနဲ့၊ ပေါင်းစည်းတဲ့အခါကျရင် သေချာပါတယ် ပရိသတ်ကြိုက်တဲ့ကား၊ တကယ်အနှစ်သာရရှိတဲ့ ပြောပြောနေကြတဲ့ နိုင်ငံတကာအဆင့်မီကားတွေထွက်လာနိုင်မှာပါ။ အဲဒါလည်းသိပ်မဝေးတော့ပါဘူး။ အားလုံးရဲ့တွန်းအားတွေကြောင့်၊ အဖက်ဖက်ကတွန်းအားတွေကြောင့် အဲဒီဝေဖန်ချက်တွေကြောင့် အခုအခါ ရုပ်ရှင်ကြည့်ရတဲ့အခါ ဘာပဲပြောပြော Taste တွေက နည်းနည်းပြောင်းလဲလာပြီလို့ပြောရမယ်။ ဒုန်းခနဲတော့ပြောင်းလဲလို့မရဘူး။ ဖြည်းဖြည်းချင်းသာပြောင်းလဲလာမယ်။ အဲဒါကို ပရိသတ်က စိတ်ရှည်ရှည်နဲ့သည်းခံပေးဖို့တော့လိုပါလိမ့်မယ်ရှင့်။

အ၀တ်အစားစီစဉ်ရတဲ့နေရာမှာရော မအေးမြတ်သူအနေနဲ့အခက်အခဲရှိလား။
အေးမြတ်သူမှာ အ၀တ်အစားစီစဉ်ရတာ အခက်အခဲတော့မရှိပါဘူး။ ခုခေတ် Actor  တွေတော်တော်များများက အခက်အခဲမရှိကြပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်တစ်ခုကိုဖတ်ပြီးသွားပြီဆိုရင် ဒီဇာတ်ကောင်ထဲစီးမျောပြီး ဒီဇာတ်ကောင်ရဲ့  အကျင့်၊ စရိုက်၊ လက္ခဏာ၊ သူ့ရဲ့ စိတ်နေစိတ်ထား၊ သူ့ရဲ့ ၀တ်ပုံစားပုံ၊ နောက်သူက ဘယ်လိုလူမျိုးလဲဆိုတာသိထားပြီးသားဖြစ်တယ်။ ဘယ်အချိန်ကလူလဲ၊ ဘယ်လိုလူမျိုးလဲ၊ ဘယ်လို အပြစ်အဆင်းရှိလဲ၊ ဘာလုပ်မှာလဲ အဲဒါတွေအကုန်လုံးကို အေးမြတ်သူတို့ Actor တွေအကုန်လုံးက ဇာတ်ကိုဖတ်တာနဲ့ တန်းပြီးတော့ သိနိုင်တယ်ရှင့်။ မသိခဲ့ရင်လည်း ဒါရိုက်တာကိုမေးတယ်။ အဲလိုညှိနှိုင်းပြီးလုပ်တဲ့အခါကျတော့ အေးမြတ်သူတို့အတွက်၊ ဇာတ်ကောင်မှာ အင်္ကျီအ၀တ်အစားစီစဉ်ရတာ အရမ်းကြီး အခက်အခဲကြီးတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေကျ အရမ်းထူးဆန်းထွေပြားတဲ့ အဆန်းပလန်းတွေရှိကောင်းရှိနိုင်တယ်။ အဲဒီအခါကျရင်တော့ တစ်မျိုးပေါ့။ အဲလိုမျိုးမဟုတ်ဘဲ ဘ၀သရုပ်ဖော်ဇာတ်ကားတွေဆိုရင်တော့ အဲလောက်ကြီး စိတ်ညစ်စရာ အခက်အခဲဆိုတာတော့သိပ်မရှိပါဘူးရှင့်။

 

အနုပညာဖြတ်သန်းမှုကြာလာတဲ့အခါ ကိုယ်တိုင်ကရော ဘယ်လိုကာရိုက်တာမျိုးတွေကို ပိုအားရလဲ၊ ရိုက်ချင်စိတ်ဖြစ်လဲ။
ဒီလူ့ဘောင်လောကမှာ လူတွေဟာ အများကြီးရှိတယ်။ လူတွေအားလုံးဟာလည်း မတူညီတဲ့အခက်အခဲတွေနဲ့ ဘ၀ကိုဖြတ်သန်းနေကြတာရှိတယ်။ ပိုက်ဆံဆင်းရဲရဲ၊ ချမ်းသာသာ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းရဲ့ ကြားထဲမှာ လူတွေမှာ အခက်အခဲအများကြီးရှိကြတယ်။ ပြည့်စုံတဲ့သူမှာလည်း ပြည့်စုံတဲ့အလျောက် အခက်အခဲတွေရှိတယ်။ ဆိုတော့ လူတွေထဲမှာ ကာရိုက်တာမျိုးစုံရှိတယ်ရှင့်။ အေးမြတ်သူတို့က အဲဒါတွေအားလုံးကို ၀င်ပြီးလုပ်နေရတဲ့အခါကျတော့ မလုပ်နိုင်သေးတဲ့ဇာတ်ကောင်တွေကအများကြီးရှိပါသေးတယ်။ တတ်နိုင်သလောက် အကုန်လုံးကိုလည်း အေးမြတ်သူလုပ်ချင်တယ်။ ကြိုးစားချင်တယ်ရှင့်။ ဒါရိုက်တာရဲ့ သင်ပြပေးမှုနဲ့ ကိုယ့်ရဲ့ အားထုတ်မှုနဲ့ လုပ်နိုင်စွမ်းနဲ့ တစ်ထပ်တည်းနီးပါးကျအောင် အေးမြတ်သူသရုပ်ဆောင်ချင်ပါတယ်။ ဘယ်ဇာတ်ကားမျိုးအားထားလဲဆိုတာမျိုး အေးမြတ်သူမရှိပါဘူး။ ဒါပေမဲ့ အေးမြတ်သူက သဘာဝဇာတ်ရုပ်တွေကို ပိုသဘောကျတဲ့ မင်းသမီးတစ်ယောက်ပါ။

မအေးမြတ်သူမှာ ပရိသတ်ကို အသိပေးစရာဘာတွေရှိနေမလဲ။
ထွေထွေထူးထူးအသိပေးစရာမရှိဘူး။ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။ ပရိသတ်ကို အကောင်းဆုံးပေးဆပ်ချင်တယ်။ ပရိသတ်ကို အကောင်းဆုံးပေးဆပ်ခြင်းဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံးတည်ဆောက်ခြင်းနဲ့အတူတူလို့ခံယူထားတယ်။ အဲဒါကြောင့် အေးမြတ်သူ အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်နေပါတယ်။

အောင်လင်းသစ်

PHOTOGRAPHED BY WARREN PHRAKORNKHAM / STYLING BY DONG DONG / HAIR & MAKEUP: NYI NYI MAUNG (SAN CHUANG) / OUTFITS & ACCESSORIES: QUEEN COLLECTION / LOCATION: SAVOY HOTEL

 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.