People   |   Posted on Jun 2, 2018 by Tun Lin

အောင်မြင်ပြီး၊ အောင်မြင်ဆဲ စီးပွားရေးလုပ်ငန်းများနှင့် ကိုစိုးနိုင်


“ဒုဠ၀တီကိုလွန်၍" ဇာတ်ကားဖြစ်တည်လာမှုအတွက် နောက်ကွယ်ကနေ အထောက်အပံ့ပြုခဲ့သူလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ။

Share this article

သူဟာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလို့ကျွန်တော်တို့အမြင်မှာဆိုနိုင်ပါတယ်။ ဒါပေမယ့် သူကတော့ အောင်မြင်ဖို့ကြိုးစားနေဆဲသူတစ်ဦးသာ ဖြစ်တယ်လို့ပြောလာပါတယ်။ သူ့ရည်ရွယ်ချက်၊ ရည်မှန်း ချက်၊ နောက်ထပ် ဘယ်လိုအရာတွေကို အကောင်အထည်ထပ်ဖော်ချင်နေတယ်ဆိုတာ ကျွန်တော်တို့မခန့်မှန်းနိုင်ပါဘူး။ ဒါကလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့စိတ်ဓာတ်ကို အပြည့် အ၀ပေါ် လွင်စေတာပဲဖြစ် ပါတယ်။ သူက Strong Source Holding Co.,Ltd ကိုတည်ထောင်ပြီး ဦးစီး လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါတယ်။ Strong Source အောက်မှာ ဘာတွေရှိလဲဆိုတော့  အများကြီးရှိပါတယ်။ ဟိုတယ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကနေအစပြုပြီး F&B နဲ့ပတ်သက်ရင်လည်း ရန်ကုန်မြို့မှာရှိတဲ့နာမည်ကျော် တွေဖြစ်တဲ့ BreadToast လို၊ Black Canyon လို၊ Beauty In The Pot လို၊ Canton Paradise လို၊ Paradise Hotpot လိုဆိုင်တွေကိုဖွင့်လှစ်ထားတာပါ။ ပြီးတော့ ဒီခုနှစ်တွေအတွင်းမှာ Mobile ဖုန်းအသုံးပြုသူတွေအကြား အရှိန်အဟုန်းပြင်းပြင်းထိုးဖောက် ၀င်ရောက်လာတဲ့ ဈေးသင့်အရည်အသွေးကောင်း Brand တစ်ခုဖြစ်တဲ့ Xiaomi Brand တွေကို မြန်မာနိုင်ငံသို့ ဖြန့်ချိတင်သွင်းရောင်းချပေးနေတဲ့ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာတစ်ခုကတော့ ရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာ အာကာရိုက်ကူး ထားတဲ့ “ဒုဠ၀တီကိုလွန်၍”ဇာတ်ကားကို ထုတ်လုပ်သူတစ်ယောက်ဖြစ်ပါတယ်။ Golden Hour ဆိုတဲ့နာမည်နဲ့ ရုပ် ရှင်ထုတ်လုပ်ရေးကို သူနဲ့သူ့မိတ်ဆွေတစ်ဦးက Founder လုပ်ပြီးတည်ထောင်ခဲ့ ကြပါတယ်။ မကြာခင်မှာ မြန်မာနိုင်ငံအ၀ှမ်း ရုပ်ရှင်ရုံအများအပြားဆောက်လုပ်နေတဲ့ ပရော့ဂျက်တစ်ခုဟာလည်း တော်တော်ကို ခရီးရောက်နေပြီလို့ဆိုပါတယ်။ ဟုတ်ကဲ့။ သူ့နာမည်က ကိုစိုးနိုင်ပါ။ လူလတ်ပိုင်းအရွယ် ပေါ့။ သူ့ကို ကျွန်တော် တို့မဂ္ဂဇင်းရဲ့ မေလကိုယ်စားပြု MODA Man အဖြစ်ရွေးချယ်ဖြစ်ခဲ့ပါတယ်။ သူနဲ့တွေ့ဆုံထားတာလေးကို တင်ဆက်လိုက်ပါတယ်။

စီးပွားရေးကို ဘယ်အသက်အရွယ်၊ ဘယ်အချိန်ကာလလောက်မှာ စပြီးတော့ လုပ်ဖြစ်ခဲ့တာလဲဗျ။
ကျွန်တော် ဆယ်တန်းအောင်ပြီးတော့ ၉၅/၉၆ လောက်မှာ စခဲ့တယ်ပြောရမယ်။ ကျွန်တော်တရုတ်ပြည်ကို သွားပြီး ကုန်ကူးခဲ့ပါတယ်။ လူငယ်လည်းဖြစ်တော့ လုပ်ချင်ကိုင်ချင်စိတ်လည်းအပြည့်ရှိခဲ့တယ်။ ကြီးကြီးမားမား လုပ်ငန်းကြီးတွေ မဟုတ်ပေမယ့်လည်း ကိုယ်တစ်နိုင်တစ်ပိုင်လေးနဲ့ ကုန်ကူးသန်းတဲ့လုပ်ငန်းကို ကျွန်တော်စ လုပ်ဖြစ်ခဲ့ပါတယ်။

ဒီကုန်ကူးသန်းရောင်းဝယ်ဖြစ်ခဲ့တဲ့အချိန်မဟုတ်ဘဲ ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ တခြားဘယ်လုပ်ငန်းကို ပထမဆုံးစတင်ဖြစ်ခဲ့တာလဲဗျ။
ကုန်ကူးတယ်၊ အရောင်းအ၀ယ်လုပ်တယ်။ အဲဒီနောက်မှာ ကျွန်တော် Happy Palace ဆို တဲ့ VCD/DVD အရောင်းဆိုင်လေးကို ပထမဆုံးစဖြစ်ခဲ့ပါတယ်။ ဒီဆိုင်မတိုင်ကတော့ ခုနကပြောတဲ့ ကုန်စည်အသေးစား ကူးသန်းရောင်းဝယ်ရေးကို တစ်နိုင်တစ်ပိုင်လုပ်ဖြစ်ခဲ့တယ်ပေါ့။

အဲဒီကနေ ဘယ်လိုနယ်ပယ်မျိုးကို ထပ်စွန့်စားပြီးတော့ လုပ်ငန်းတွေတိုးချဲ့ဖြစ်ခဲ့လဲဗျ။
Happy Palace ဆိုင်လေးကတော့  ကျွန်တော်တို့မိသားစုလုပ်ငန်းလေးပေါ့။ ကျွန်တော်တို့ ညီကိုနှစ်ယောက် ဦးဆောင်ပြီးတော့ အတူလုပ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ ကျွန်တော့်အစ်ကိုကလည်း အိမ်ထောင်ပြုပြီး နောက်ထပ် သူ့ရဲ့ သီးသန့်လုပ်ငန်းတွေလုပ်တယ်။ ကျွန်တော်ကလည်း အိမ်ထောင်ပြုပြီး သီးသန့်လုပ်ငန်းတွေ စဖြစ်ခဲ့တယ်။ အဲဒီနောက်မှာ ကျွန်တော့်အမျိုးသမီးနဲ့အတူစလုပ်ဖြစ်ခဲ့တာကတော့ Angle ဆိုတဲ့ ဖန်စီဆိုင်လေးကို စဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့နိုင်ငံမှာ MP3/MP4 ခေတ်ကို ရောက်လာခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်တို့ DO CO MO ဆိုတဲ့ ဆိုင်လေးကို ကျွန်တော့်မိတ်ဆွေတစ်ယောက်  နဲ့အတူ ပူးပေါင်းပြီး လုပ်ဖြစ်ခဲ့ပါတယ်။ နောက်တော့ MP3/MP4 ခေတ်ကုန်သွားတဲ့အချိန် Mobile တွေခေတ်စားလာတဲ့အချိန်မှာ DO CO MO Mobile & IT ဆိုပြီး ဖုန်းနဲ့ ပတ်သက်တဲ့ပစ္စည်းတွေကို ထပ်မံပြီး Upgrade လုပ်ရောင်းချဖြစ်ခဲ့ပါတယ်။

Xiaomi ကိုရော ဘယ်ခုနှစ်မှာစပြီးတော့ ကိုယ်စားလှယ်ယူပြီးသွင်းယူဖြစ်ခဲ့တာလဲဗျ။
၂၀၀၇ ခုနှစ်မှာ ကျွန်တော်တို့ Strong Source ကုမ္ပဏီကို စခဲ့ပါတယ်။ အဲဒီမှာ 450 Mobile ရယ်၊ GSM တွေမျိုးစုံပေါ့၊ လက်ကားလုပ်ငန်းတစ်ခုအနေနဲ့စခဲ့တယ်။ Trading လုပ်ငန်းလေးတွေ စတင်ဖြစ်ခဲ့တယ်။ Xiaomi ကတော့ ၂၀၁၅ ခုနှစ်လောက်မှာ ကျွန်တော်တို့ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ မြန်မာပြည်မှာစပြီး ဖြန့်ချိခဲ့ပါတယ်။

Strong Source Holding Co.,Ltd အနေနဲ့ပြောရရင် F&B နဲ့ Electronic က လိုင်းနှစ်လိုင်းက သိပ်မတူဘူးပေါ့နော်။ ဒါပေမယ့် ဒါကို အတူပူးတွဲပြီးတော့လုပ်နေတယ်။ ဆိုတော့အဲဒီအကြောင်း နည်းနည်းလောက်ပြောပြပါဦး အစ်ကို။
ဟုတ်ကဲ့ ကျွန်တော်တို့လူငယ်ဘ၀တုန်းကတော့ Trading ကိုပိုပြီးတော့ စိတ်ဝင်စားတယ်။ သွင်းတယ်၊ ဖြန့်တယ်၊ ရောင်းတယ်ပေါ့နော်။ နောက် ကျွန်တော့်ကုမ္ပဏီက Team Work အင်အားလည်းတောင့်လာတယ်။ ကျွန်တော်နဲ့အတူဝိုင်းပြီးတော့ ကျွန်တော်ဖြစ်ချင်တဲ့ဆန္ဒကို ပုံဖော်ပေးနိုင်မယ့် ပညာတတ်တွေလည်း အများကြီးရှိလာတဲ့အခါမှာ ကျွန်တော်က ရေရှည်လုပ်ငန်းနှစ်ခုကို ကျွန်တော်စဉ်းစားပါတယ်။ တစ်ခုက Long Time Business လို့ခေါ်တယ်။ အဲဒါကတော့ ကျွန်တော်ဟိုတယ်လုပ်ငန်းကို အဓိကဦးစားပေး ပြီးတော့ စဉ်းစား လုပ်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ခုက Cash Flow ကောင်းဖို့အတွက် F&B လုပ်ငန်းတွေ၊ ရုပ်ရှင်ရုံဆောက် တာတွေ၊ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလုပ်တာတွေကို လုပ်ပါတယ်။ F&B ကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Cash Flow ကောင်းဖို့ ကျွန်တော်တို့လုပ်တယ်။ လုပ်တဲ့အခါမှာလည်း မြန်မာပြည်မှာ တကယ်ကိုပဲ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့၊ သန့်ရှင်းပြီး အဆင့်မြင့်တဲ့ စားသောက်ဆိုင်တွေကိုပဲ ကျွန်တော်တို့ဖန်တီးပါတယ်။

Golden Hour ကိုရော ဘယ်လိုကနေစပြီးအကောင်အထည်ဖော်ဖြစ်ခဲ့တာလဲဗျ။
Golden Hour ကိုစမလုပ်ခင် ကျွန်တော်တို့ Black Canyon အတွက် ဒါရိုက်တာအာကာနဲ့ Commercial ကြော်ငြာလေးတစ်ခုရိုက်ဖြစ်ခဲ့ပါတယ်။ ရိုက်ဖြစ်တဲ့အခါ ကျွန်တော်တို့စကားတွေပြောဖြစ်ကြတာပေါ့။ “အာကာ မင်းရဲ့ကင်မရာအယူအဆတွေရော၊ မင့်ရိုက်ချက်တွေရော အဆင့်အတန်းမီတယ်ကွာ၊ မင်းရုပ်ရှင်မရိုက်ဘူး လားလို့” ကျွန်တော်က မေးလိုက်တာ။ အဲဒီတော့ သူက ကျွန်တော်အရမ်းရိုက်ချင်တာပေါ့တဲ့။ အရင် တုန်းက ပရော့ဂျက်တစ်ခုလုပ်ခဲ့တယ်တဲ့။ လုံလောက်တဲ့ ဘတ်ဂျက်မရခဲ့လို့ရပ်ထားတဲ့ ဇာတ်လေး တစ်ခုရှိတယ်တဲ့။ အဲဒီမှာ ကျွန်တော့်ဆီဝင်လာတဲ့အတွေးက ဘာလဲဆိုတော့ ကျွန်တော် ငယ်ငယ်က အလုပ်အရမ်း လုပ်ချင်တယ်။ လုပ်ငန်းအကြီးကြီးတွေ လုပ်ချင်တဲ့အချိန်မှာ၊ စိတ်ကူးထဲမှာရှိတဲ့လုပ်ငန်းလေးတွေ လုပ်ချင်တဲ့အခါမှာ ကျွန်တော်တို့မှာ ငွေအရင်းနှီး အဲလောက်မရှိခဲ့ဘူး။ ကျွန်တော်တို့လူငယ်တွေကို ယုံကြည်ပြီးတော့ မွေးထုတ်ပေးခဲ့တဲ့ လူကြီးတွေကို ကျွန်တော့်ဘ၀မှာ ကြုံခဲ့ရပါတယ်။ အာကာ့စကားကိုကြားလိုက်ရတဲ့အချိန်မှာ ငါတို့လူငယ်ဘ၀တုန်းကလည်း ဒီလိုဖြစ်ချင်ခဲ့တာပဲဆိုပြီးတော့ လူငယ်တစ်ယောက်ရဲ့ လုပ်ချင်ကိုင်ချင်စိတ်၊ လုပ်ပြချင်စိတ်၊ ဖန်တီးချင်စိတ်ကို ကျွန်တော်လုံးဝယုံကြည်တယ်။ ဒါဆို အာကာ ငါတို့ အဲဒါကို ပူးပေါင်းပြီး လုပ်ကြမယ်ဆိုပြီးတော့ သူ့ကိုပြောဖြစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ သူက ကျွန်တော့်ကို မြန်မာပြည်မှာ ဘယ်သူမှ မသုံးသေးတဲ့ ဘတ်ဂျက်တစ်ခုကို ပြောလာပါတယ်။ ကျွန်တော်အဲဒါကို သဘောတူပြီး လုပ်ကြဖို့ဆုံးဖြတ်ခဲ့တာပါ။ အဲဒါကစပြီး ကျွန်တော်တို့ ဒီ “ဒုဌ၀တီကိုလွန်၍” တစ်ကားတည်းနဲ့တော့ မဟုတ်သေးဘူး။ ဆက်လုပ်ကြရအောင်ဆိုပြီး Golden Hour ဆိုတဲ့ Production ကို ကျွန်တော်တို့လုပ်လိုက်ပါ တယ်။ ဒီ Golden Hour လုပ်မယ်ဆိုတော့ ကျွန်တော်နဲ့အတူ ဦးမောင်မောင်အောင်က Partner အနေနဲ့အတူ ပူးပေါင်းလုပ်ဖြစ်ခဲ့ကြပါတယ်။ နောက် ကျွန်တော့်ညီ ကောင်းကျော်ဆိုတာရှိပါတယ်။ သူက ဒီလို ရုပ်ရှင်လုပ်ငန်းမျိုးကို ၀ါသနာပါတဲ့သူလည်းဖြစ်တဲ့အတွက် ၀ါသနာပါတဲ့ လူငယ်တွေပေါင်းပြီးတော့ လုပ်ဖြစ်ခဲ့ကြတာပါ။ ကျွန်တော်တို့က Founder နေရာကိုယူပြီး Operation ပိုင်းကိုသိပ်ပြီးဝင်မပါခဲ့ပါဘူး။ သူတို့တင်ပြလာတဲ့ ဘတ်ဂျတ်ပိုင်းတွေကို ကျွန်တော်တို့လူကြီးတွေက ညှိနှိုင်းတိုင်ပင်ပြီးထုတ်ပေးခဲ့ကြပါတယ်။

ရုပ်ရှင်ရုံတင်စနစ်တွေလည်း အဲဒီကာလကရှုပ်ထွေးနေတယ်။ ပြီးတော့ ရုပ်ရှင်ရုံနည်းပါးတဲ့ပြဿနာတွေကြုံ နေရတဲ့ကာလမှာ ပထမတုန်းက ကိုအာကာအတွက် အဆင်မပြေဘူးဆိုတဲ့ ဘတ်ဂျက်ရဲ့  ၃ ဆ ၄ ဆ လောက်ကို ထုတ်ပေးဖို့ ဘယ်လိုယုံကြည်မှုတွေရှိခဲ့လဲ။
အာကာနဲ့ကျွန်တော်ဇာတ်လမ်းအကျဉ်းကို အရင်ဆုံးပြောဖြစ်ခဲ့ကြပါတယ်။ ပြောကြတဲ့အခါမှာ သူပြောတဲ့ ရိုက်ရမယ့် Sence တွေ၊ လုပ်ရမယ့်ဟာတွေက CG လို့ခေါ်တဲ့ Computer Graphic တွေ Computer Effect တွေပေါ့။ အဲဒါတွေပါတယ်ဆိုတဲ့အခါ ကျွန်တော်တို့က ဘာလဲဆိုတော့ မြန်မာပြည်မှာ ဒီလိုမျိုးရိုက်ပြနိုင်တဲ့ ဒါရိုက်တာရှိတယ်။ ဒီလိုမျိုးထုတ်လုပ်ပေးနိုင်တဲ့ ထုတ်ဝေသူရှိတယ်။ ဒီလိုမျိုးဖန်တီးနိုင်တဲ့ လူငယ်တွေရှိ တယ်ဆိုတာကို ပြချင်တဲ့စိတ်နဲ့လုပ်ခဲ့ကြပါတယ်။ မည်သူမည်ဝါတစ်ဦးတစ်ယောက်ကို တိုက်ခိုက်ချင်တဲ့စိတ်နဲ့ ပြိုင်ဆိုင်လိုတဲ့စိတ်နဲ့ မလုပ်ခဲ့ကြပါဘူး။ ဒီလိုစိတ်က ကျွန်တော်တို့ ထုတ်လုပ်သူအပိုင်းမှာမရှိသလို၊ ဒါရိုက်တာအာကာတို့၊ Operation ပိုင်းကို Run ပေးနေတဲ့ ကျွန်တော့်ညီ ကောင်းကျော်တို့မှာလည်းမရှိပါဘူး။ ကျွန်တော်တို့ဟာ အနုပညာဖန်တီးမှုတွေကို လွတ်လပ်စွာပဲဖန်တီးကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဟာ အရုပ်အသံ၊ အယူအဆအားလုံးကို နိုင်ငံတကာ အဆင့်အတန်းမီချင်တယ်၊ လိုချင်တဲ့အတွက် အဆင့်အတန်း မြင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်လာအောင်တော့ ကြိုးစားခဲ့ကြပါတယ်။

“ဒုဌ၀တီကိုလွန်၍” နဲ့ပတ်သက်ပြီး တခြားစိုးရိမ်မှုတစ်စုံတစ်ရာ ခေါင်းထဲဝင်လာတာမျိုးရောရှိလားဗျ။
စရိုက်ရိုက်ချင်းမှာတော့ အဲဒီစိတ်လုံးဝမရှိခဲ့တာအမှန်ပါပဲ။ ဒါပေမယ့် ရိုက်ရင်းနဲ့ရိုက်ရင်းနဲ့ ကုန်ကျစရိတ်တွေက မှန်းထားတာထက်တောင် ပိုပြီးကုန်လာပါသေးတယ်။ ဒီကားကို ကျွန်တော်တို့အကောင်းဆုံး လုပ်ထားနိုင်တာဖြစ်တဲ့အတွက် ပရိသတ်တွေအားပေးမယ်လို့တော့ ယုံကြည်ပါတယ်။ ရင်းထားတဲ့ငွေ ပြန်ရနိုင်ဖို့ မရနိုင်ဖို့ဆိုတာကို ကျွန်တော်သိပ်ပြီး အဲဒီလောက်ထိ စိုးရိမ်စိတ်မဖြစ်ပါဘူး။ ပြောရရင် အရှုံးအမြတ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ Pressure မရှိပါဘူး။ ဒါပေမယ့် တကယ်လုပ်ထားတဲ့ ဒါရိုက်တာအာကာတို့လို လူငယ်တွေရဲ့ အနုပညာဖန်တီးမှုအားကိုတော့ လေးလေးနက်နက်အားပေးစေလိုတဲ့ ဆန္ဒရှိပါတယ်။

Xiaomi Myanmar ရဲ့  Brand Ambassador တစ်ယောက်လည်းဖြစ်တဲ့ ကိုလေးဖြူနဲ့က သူ့ရဲ့ “ဒါအချစ်လား” သီချင်းထွက်တုန်းကလည်း Xiaomi နဲ့ ပူးပေါင်းမှုအစီအစဉ်လေးလုပ်ခဲ့တယ်။ အခု ဒီ “ဒုဌ၀တီကို လွန်၍” ဇာတ်ကားရဲ့ ဇာတ်ဝင်တေး Theme Song ကိုလည်း ဆိုထားတော့ ဒါနဲ့ပတ်သက်ပြီး အမှတ်တရတွေရှိခဲ့ ရင်လည်း ပြောပြပါဦး။
ကိုလေးဖြူနဲ့က ကျွန်တော်က ပုဂ္ဂိုလ်ရေးအရ ကျွန်တော့်အစ်ကိုလိုပဲရင်းနီးပါတယ်။ အနုပညာအရထက် ကျွန်တော်တို့ အလုပ်လုပ်နေကြတဲ့ ညီကိုတွေလို ရင်းနီးမှုပိုရှိပါတယ်။ အဲဒီအခါ ကျွန်တော်တို့ရဲ့ ဒီ “ဒုဌ၀တီကိုလွန်၍” ဇာတ်ဝင်တေးကို ကိုယ်ပိုင်သီချင်းလည်းရေးထားပြီးရှိနေပြီဖြစ်တဲ့အခါ ထူးထူးခြားခြားလေး ဖြစ်အောင် ကိုလေးဖြူကို ဆိုပေးဖို့ အကူအညီတောင်းခဲ့တဲ့အခါ ကိုလေးဖြူက လိုက်လိုက်လျောလျောပဲ ဆိုပေးခဲ့ပါတယ်။ ဒီသီချင်းအတွက် ကိုလေးဖြူက အရမ်းကိုပဲ အားတက်သရောပါဝင်ကူညီပေးခဲ့ပါတယ်။ သူကလည်း ဒီလိုလူငယ်တွေရဲ့ လုပ်အားဖန်တီးအားကို အင်မတန်အားပေးတဲ့ သူတစ်ယောက်လည်း ဖြစ်တယ် ဆိုတော့လေ။

ဟုတ်ကဲ့ဗျ။ လက်ရှိအစ်ကိုလုပ်နေတဲ့လုပ်ငန်းတွေထဲမှာ Risk အယူခဲ့ရဆုံး၊ အယူထားရဆုံးလုပ်ငန်းက ဘယ် တစ်ခုဖြစ်မလဲဗျ။
ကျွန်တော်ငယ်ငယ်ကတည်းက ကုန်ကူးသန်းရောင်းဝယ်တာတွေကို လုပ်လာခဲ့တဲ့သူ ဖြစ်တဲ့အခါကျတော့ ပစ္စည်းသွင်းတယ်၊ ဖြန့်တယ်၊ ရောင်းတာ၊ ၀ယ်တာတို့ကိုတော့ အတွေ့အကြုံအများကြီးရှိတယ်။ ကျွမ်းလည်း ကျွမ်းကျင်တယ်ပေါ့။ အခုလို F&B လုပ်ငန်းကို အများကြီးလုပ်တဲ့အခါမှာတော့ ကျွန်တော်တို့မှာ တကယ်အတွေ့အကြုံမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့အတူ DYMD ဦးဝဏ္ဏရွှေတို့ပေါ့၊ သူတို့တွေရဲ့ ဦးဆောင်မှုနဲ့အတူ F&B ကို အချိန်တွေအများကြီးပေးပြီးလေ့လာခဲ့ပါတယ်။ ကျွန်တော်တို့ တချို့နေရာတွေမှာ လုပ်ငန်းမကျွမ်းကျင်တာရယ်၊ နားမလည်တာလေးတွေလည်းရှိခဲ့တဲ့အတွက် ငွေကြေးဆုံးရှုံးမှုတွေလည်းရှိခဲ့ပါ တယ်။ ကျွန်တော်တို့အခုဆိုရင် F&B လောကမှာ နေရာတစ်နေရာကို အခိုင်အမာယူထား နိုင်ခဲ့ပြီလို့ ယုံကြည်ပါတယ်။ မေးခွန်းအတိုင်းဆိုရင် ကျွန်တော့်မှာ Risk အယူခဲ့ရဆုံးလုပ်ငန်းက  ဒီ F&B လုပ်ငန်းပဲဖြစ်ပါလိမ့်မယ်။

Hotel SS ကို အခု အောင်ပန်းမှာ စဖွင့်ထားပြီလို့ သိရတယ်ဗျ။ ဆိုတော့ နောက်ထပ် ဘယ်နေရာတွေ ထပ်ဖွင့်သွားဖို့ရည်ရွယ်ထားလဲဗျ။
ပုဂံရယ်၊ မန္တလေးရယ်၊ ကော့သောင်းရယ်၊ ဘိတ်၊ ထားဝယ်တို့ဘက်မှာ ဆက်လုပ်သွားဖို့ ရှိပါတယ်။ မန္တ လေးမှာတော့ မကြာခင်စတင်ပါတော့မယ်။

အစ်ကို့ရဲ့ဘ၀မှာပေါ့၊ လုပ်ရင်းကိုင်ရင်း ဒီစီးပွားရေး လောကထဲကျင်လည်ရင်း ကြီးကြီး မားမားအပြောင်းအလဲဖြစ်ခဲ့တဲ့ ဘ၀အချိုးအကွေ့ကဘယ်ကာလတွေဖြစ်မလဲ။
ငယ်ငယ်တုန်းကတော့ စီးပွားရေးအကျိုးအမြတ်၊ အရှုံးအမြတ်တွေကို သိပ်ပြီးမတွက်ချက်ဘူးပေါ့။ တိုက်မယ်ခိုက်မယ်ဆိုတဲ့စိတ်ဓာတ်တွေရှိတယ်။ ဒါပေမယ့် အသက် ၃၅၊ ၃၆ လောက်ကိုရောက်လာတဲ့အချိန်မှာ တည်ငြိမ်ရင့်ကျက်လာတယ်။ စီးပွားရေးကို ပိုပြီးတော့ အားစိုက်လာတဲ့အချိန်လည်းဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့လုပ်ငန်းတွေလည်း တည်ငြိမ်ပြီးတော့ ပြောင်းလဲလာပါတယ်။

စီးပွားရေးလုပ်နေတဲ့အချိန် စိတ်ပျက်လက်ပျက်ဖြစ်တဲ့ကာလကို ဘယ်လိုကျော်ဖြတ်ဖြစ်လဲ။
လုပ်ငန်းသစ်တွေ ချဲ့လာရတဲ့အခါမှာ ကျွန်တော့်လက်ရုန်းတွေ၊ အားကိုးရတဲ့သူတွေဟာ အရမ်းပင်ပန်းတာကို တွေ့ရတယ်။ တစ်ခါတစ်လေမှာလည်း ကိုယ်မလုပ်ဖူးတဲ့အလုပ်တွေကို လုပ်ပြီးတော့ ကြိုးစားပမ်းစား အောင်မြင်အောင်လုပ်ရတဲ့အတွက် စိတ်ပင်ပန်းတာမျိုးလည်းရှိတတ်ပါတယ်။ ဘ၀ကို အရှုံးပေးရ လောက်စရာ စိတ်ဓာတ်ကျတာမျိုး၊ ထွက်ပြေးသွားချင်တဲ့ စိတ်ဓာတ်မျိုးတွေတော့ ကျွန်တော်မကြုံဖူးပါဘူး။ ဒါပေမယ့် စိတ်ပင်ပန်းပြီးတော့ တော်ပါပြီကွာ၊ နောက်တစ်ခါ အလုပ်အသစ်တွေမလုပ်တော့ပါဘူးဆိုပြီးတော့ ကြုံခဲ့ ဖူးပါတယ်။ ဒါပေမယ့်လည်း လုပ်ခဲ့တဲ့အလုပ်တွေကနေ အသီးအပွင့်လေးတွေ ပြန်လည်ခံစားရတဲ့အခါ စိတ်ပင်ပန်းမနေတော့ဘဲ နောက်ထပ်အလုပ်အသစ်တွေလည်း ထပ်ထပ်ပြီး လုပ်နေဖြစ်တော့တာပေါ့။

အခုအချိန်မှာ စွန့်ဦးတီထွင်သမားပဲဖြစ်ဖြစ်၊ လုပ်ငန်းသစ်တစ်ခုကို စတင်မယ့်သူပဲဖြစ်ဖြစ် သူတို့အတွက် အစ်ကို့ဆီက အကြံပြုစကားတစ်ခုခုလောက်ပြောပေး ပါဦး။
ကျွန်တော်တို့ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ ကျွန်တော်တို့မှာ ကြုံရတဲ့အခက်အခဲက အရင်းအနှီးမရှိတာပေါ့။ ဒါပေမယ့် အရင်းအနှီးမရှိတာနဲ့ပဲ ရပ်နေတာမျိုးမဟုတ်ဘဲနဲ့ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အလုပ်တော့လုပ်နေရမှာပါပဲ။ ၀န်ထမ်းပဲလုပ်နေရလုပ်နေရပေါ့။ နေ့တိုင်းအလုပ်တွေလုပ်နေဖို့လိုပါတယ်။ လူတစ်ယောက်မှာ ကံလည်းလိုပါတယ်။ ကံတရားကလည်း ပေးလာတဲ့အချိန်နဲ့ ကိုယ်လည်းအလုပ်တွေ လုပ်နေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားခဲ့တဲ့အခါကျရင် သူဌေးဆိုတဲ့နေရာကို ရောက်လာနိုင်ပါတယ်။ ကျွန်တော်ပြောချင်တာက လုံးဝရပ်မနေဘဲ အလုပ်လုပ်နေဖို့ပါပဲ။ လစာနည်းတဲ့ဝန်ထမ်းလည်း လစာများများရတဲ့ ၀န်ထမ်းဖြစ်တဲ့အထိ ကြိုးစားပြီးလုပ်ရမယ်။ အမြဲတမ်းအလုပ်လုပ်နေရင် ကိုယ့်ရည်မှန်းချက်နဲ့ တစ်ရက်ထက်တစ်ရက်၊ တစ်နာရီပြီးတစ်နာရီ အဲသလို နာရီစက္ကန့်နဲ့အမျှ နီးစပ်လာနေမှာပါ။

ဟုတ်ကဲ့ဗျ အစ်ကို။ ကံတရားဆိုလို့ ကံတရားနဲ့ပတ်သက်ပြီး အစ်ကို့ယုံကြည်ချက်က ဘယ်လိုရှိလဲဗျ။
ကျွန်တော်တို့မှာ အတိတ်ကံရှိတယ်။ လက်ရှိ ပစ္စုပ္ပန်ကံရှိတယ်။ ကံတရားကို ကျွန်တော်အများကြီး ယုံကြည်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက မိဘပိုက်ဆံလည်း သိပ်မသုံးခဲ့ဘဲ ကိုယ်တိုင် ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းက သူဌေးတစ်ယောက် ဖြစ်လာဖို့ဆိုတာ ဘယ်ဆီဘယ်ဝယ် မှန်းတောင် မမျှော်မှန်းနိုင်၊ လှမ်းမမြင်နိုင်တဲ့ အခြေအနေပေါ့။ ဒါပေမယ့် ခုနကကျွန်တော် ပြောသလို အလုပ်လုပ်နေရင်းနဲ့ ကံတရားက ဖေးမလာတဲ့အခါမှာ ကျွန်တော်တို့လုပ်ငန်းတွေက အောင်မြင်လာခဲ့ပါတယ်။ ဘုရားဟောအတိုင်းပဲ အလုပ်သည်ကံ၊ ကံသည်အလုပ်ပေါ့။ အသက် ၃၀ ကျော်လောက်မှာတော့ ပိုပြီးတည်ငြိမ်လာပြီး ကံတရားလည်း ပိုပြီးကောင်းလာခဲ့တယ်လို့ ယုံကြည်ပါတယ်။

အစ်ကိုအမြဲနှလုံးသွင်းထားတဲ့ ခံယူချက်တစ်ခုက ဘာဖြစ်မလဲဗျ။
ကျွန်တော်က လူတွေကို အမြဲတမ်းပြောပါတယ်။ ကိုယ့်ဝန်ထမ်းကိုရော၊ ကိုယ့်မိတ်ဆွေတွေကိုရောပေါ့။ စိတ်ထားကောင်းရင် ကံကောင်းတယ်ဆိုတာကို ကျွန်တော်အမြဲနှလုံးသွင်းထားပါတယ်။ ဒါကြောင့်လည်း ကံအ ဆိုးကြီးတွေဆိုတာ သိပ်ရောက်မလာဘူးလို့လည်း ခံယူထားပါတယ်။ ကျွန်တော် အရာအားလုံး လူတွေအားလုံးအပေါ် စိတ်ကိုကောင်းအောင်ထားတဲ့အတွက်ကံကောင်းမှုတွေ ကျွန်တော့်ဆီရောက်လာတယ်လို့လည်း ကျွန်တော်ခံစားရပါတယ်။

အောင်လင်းသစ်

PHOTGRAPHY BY KO NHOUNG (BLISS STUDIO) / STYLING BY MIN CHIT PAING / Location : Strong Source Holding Co.,Ltd

 ­



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.