Cover Stories   |   Posted on Mar 9, 2018 by Tun Lin

ဖောက်ခွဲရေးပစ္စည်းတစ်ခုကိုလျှို့ဝှက်ထားကြတဲ့ Project K


ဒီ ဖောက်ခွဲရေးပစ္စည်းကို သူတို့က ဒီနှစ်ထဲ ဖောက်ခွဲပြနိုင်ဖို့လုပ်နေကြတယ်လို့တော့ပြောပါတယ်။ တကယ်ဖောက်ခွဲပြနိုင်မလား၊ ဖောက်ခွဲပြတဲ့အချိန်မှာရော ဖောက်ခွဲအား ဘယ်လောက်ပြန့်နှံ့ထိရောက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Share this article

နှုတ်ခမ်းနီမလေးတွေ အသဲစွဲ Dancer အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ K-Pop ပရိသတ်တွေက အထူးစပယ်ရှယ် ပိုပြီး သဲသဲလှုပ်ဖြစ်ကြရတဲ့အဖွဲ့ပေါ့။ မဖြစ်လို့လည်းမရဘူးလေ။ အကလည်း ကောင်းကြတဲ့အပြင် ရူပါတွေကလည်း အရမ်းကို မိုက်တဲ့သူတွေချည်း သီးသန့်စုထားသလားထင်ရတဲ့ အဖွဲ့ပေါ့။ K Pop Cover Dance ပြိုင်ပွဲမှာ ဒုတိယဆုကို သိမ်းပိုက်ပြီး Project K ကို အသက်ရှင်သန်အောင်၊ အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ အခုအချိန်မှာ သူတို့ဟာ မြန်မာနိုင်ငံရဲ့ ထိပ်သီး Dancer Group ထဲမှာ အပါအ၀င်ဖြစ်ပြီး သိပ်မကြာခင် အနုပညာလှုပ်ရှားမှုအသစ်တစ်ခုကို ဒီနှစ်အတွင်းမှာ ပရိသတ်တွေမြင်တွေ့ ခွင့်ရမယ်လို့ပြောပါတယ်။ အဲဒီအကြောင်းကို သူတို့က နည်းနည်းလျှို့ဝှက်ထားချင်ပါသေးတယ်ဆိုလို့ အင်တာဗျူးမေးခွန်းမှာရှောင်ခဲ့ပါတယ်။ သူတို့လှုပ်ရှားနေတဲ့ နယ်ပယ်အသစ်တစ်ခုက အနုပညာပစ္စည်းကို ဘယ်လောက်အထိ ပေါက်ကွဲအောင် ဖောက်ခွဲပြနိုင်မလဲဆိုတာ စောင့်ကြည့်နေရဦးမှာပါ။

လက်ရှိရောက်နေတဲ့နေရာ၊ လက်ရှိရောက်နေတဲ့အနေအထားကို စိတ်ကျေနပ်မှုအတိုင်းအတာ ဘယ်လောက်ထိရှိလဲ။
ဟိဏ်းရာ
- မှန်းထားတာကတော့ အများကြီးပေါ့။ အပြည့်အ၀တော့အားမရသေးဘူး။ နည်းနည်းတော့ အားကျကျေနပ်ပါတယ်။
Willian - အများကြီးကျေနပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက ကျွန်တော်တို့အိပ်မက်ကိုသွားဖို့ လမ်းကိုမြင်နေရပြီလေ။ လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းကဆိုရင် လုပ်သာလုပ်နေရပေမယ့် ဘယ်လမ်းကြောင်း ကို ရောက်လို့ရောက်မယ်မှန်းမသိ၊ သွားလို့သွားမယ်မှန်းမသိဘူး။ အခုက ကြိုးစားရင် ကြိုးစားသလို ရောက်မယ့် လမ်းစကို မြင်နေရတယ်။ အဲဒီအခွင့်အရေး ကို ရောက်လာရ တဲ့အတွက် ကျေနပ်ပါတယ်။
ချမ်းမြေ့ဦး- လက်ရှိရောက်နေတဲ့နေရာကိုကျေနပ်မှုကတော့ ရှိတယ်လည်းမဟုတ်ဘူး မရှိဘူးလို့လလည်းမဟုတ်ဘူး။ အမြဲတမ်းတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတာကလည်း ကံတရားနဲ့ပဲ ဆိုင်သွားတယ်လို့ထင်ပါတယ်။ ကျွန်တော်က ပျော်ပျော်ပဲနေတယ်။ ကိုယ်မျှော်မှန်းထားသလို ဖြစ်မလာလို့လည်း စိတ်ညစ်ပူပန်နေတဲ့သူလည်း မဖြစ်ချင်ဘူး။ ကိုယ်လုပ်သလောက် မရဘူး ဘာဖြစ်တယ် ညာဖြစ်တယ် အဲလိုလည်း ဘယ်တော့မှမတွေးဘူး။လက်ရှိရှိနေတဲ့ နေရာမှာ အပျော်ဆုံးနေတယ်။ အကောင်းဆုံး ကြိုးစားတယ်။
Morris - လက်ရှိရောက်နေ တဲ့နေရာက ကျွန်တော်ဖြစ်ချင်တာတွေရဲ့ လှေကားတစ်ထစ်လို့ပြောလို့ရပါတယ်။ ကျွန်တော်စလုပ်ခဲ့တဲ့ အနုပညာသက်တမ်း ဆယ်နှစ်ပြည့်တော့မယ်။ ကျေနပ်ရတာဆိုလို့ အခုရောက်နေတဲ့ နေရာလေးတစ်နေရာပဲရှိပါသေးတယ်။ ဒါကလည်း ပထမလှေကားထစ်ပဲရှိပါသေးတယ်။ ဆက်ကြိုးစားနေဦးမှာပါ။
ဘုန်းနေလင်း - ဘယ်အတိုင်းအတာထိ ကျေနပ်မှုရှိတယ် ဆိုတာတော့ ကျွန်တော်သိပ်မပြောတတ်ဘူး။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို ကိုယ်ချစ်တဲ့သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်လုပ်နေရ တဲ့အတွက် တော်တော်ကို ကျေနပ်နေပါပြီ။
ရဲရင့်သော် -ဟိုးငယ်ငယ်လေးကတည်းက အခုလို ဒီနေရာမျိုးမှာ အခုလိုအနုပညာအလုပ်တွေလုပ်ခွင့်ရဖို့ဆိုတာ Dream တစ်ခုရှိခဲ့ပါတယ်။ အခုလက်ရှိမှာဆိုရင် တစ်ဝက်လောက်တော့ ခရီးရောက်ခဲ့ပြီလို့ ပြောလို့ရနိုင်ပါမယ်။ ဒီ့ထက်ပိုပြီးတော့ ထပ်ကြိုးစားဦးမှာပါ။
မင်းခန့်ဟိန်း - အခုလက်ရှိရောက်နေတဲ့နေရာကို ၈၀ ရာခိုင်နှုန်းလောက်တော့ စိတ်ကျေနပ်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဝါသနာ၊ကျွန်တော့်အိပ်မက်နဲ့ အခုရောက်နေတဲ့နေရာက မသိမသာလေး ကွာဟမှုလေးရှိနေသေးပေမယ့် အနီးအစပ်ဆုံးအနေအထားတစ်ခုဖြစ်လို့ ကျွန်တော်ပျော်ပါတယ်။

အခုလို Dancer တစ်ယောက်ဖြစ်လောစေဖို့အတွက် အဓိကဖြစ်စေခဲ့တဲ့ တွန်းအားတွေ၊ အထောက်အပံ့တွေက ဘာတွေဖြစ်မလဲ။
ဟိဏ်းရာ - ငယ်ငယ်တုန်းကတော့ အကသမားတစ်ယောက်ဖြစ်လာမယ်လို့ စိတ်ကူးမရှိခဲ့ဘူး။ အားကစားသမားတစ်ယောက်ဖြစ်မယ်လို့ပဲထင်ခဲ့တာ။ အားကစားနှင့် ကာယသိပ္ပံမှာ ကျောင်းတက်ခဲ့တယ်။ ဖြစ်ချင်တာကတော့ ဘောလုံးသမားပေါ့။ တကယ်တမ်းဖြစ်သွားတာ ဂျွမ်းဘားသမားဖြစ်သွားတယ်။
Willian - အကနဲ့ပတ်သက်ရင် ကျွန်တော်အရမ်းအားကျရတဲ့ Rain ပေါ့။ သူ့လိုမျိုးအရမ်းဖြစ်ချင်တယ်။ ဆိုရင်းနဲ့ ကတဲ့သူပေါ့။ အဲဒီစိတ်က အရမ်းပြင်းပြတော့ ငါဖြစ်ချင်တာကို ဒီအတိုင်းဖြစ်ချင်နေလို့မရဘူး၊ အကောင်အထည်ဖော်ရမယ်ဆိုပြီးတော့ Uranium သင်တန်းကျောင်းမှာတက်တယ်။ အဲဒီကနေစတာပေါ့။
ချမ်းမြေ့ ဦး - အကကိုတော့ ကျွန်တော်ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ငယ်ငယ်က ကျောင်းစုံညီပွဲတော်တွေမှာလည်း အမြဲတမ်းကဖြစ်တယ်။ အင်တာနက် ကနေပြီးတော့ ကမ္တွာကျော် Dancer တွေကတဲ့ဟာတွေကို အမြဲတမ်းကြည့်တယ်။ သူတို့ကတဲ့ အတိုင်း ကျွန်တော်ပြန်ကကြည့်တယ်။ တီးလုံးသံကြားတာနဲ့ ကနေရတာကို ပိုပိုပြီးပျော်လာတယ်။ ကြိုက်နှစ်သက်လာတယ်။ ကိုယ်ကိုယ်တိုင်ကလည်း လေ့လာတော့ ကျွမ်းကျင်လာတယ်။ ကျောင်းက သူငယ်ချင်းတွေကလည်း မင်းကတာကောင်းတယ်။ တော်တယ်ဆိုပြီးတော့ ဆရာမတွေကအစအားပေး လာတယ်။ ကျွန်တော်ကို အကသမားတစ်ယောက် ဖြစ်အောင် တွန်းအားပေးခဲ့တာ ပတ်ဝန်းကျင်လို့ပဲ ထင်ပါတယ်။
Morris - အဓိကကတော့ ကိုယ့်ရဲ့ဇွဲကြိုးစားမှုပေါ့နော်။ ၂၀၀၈ ခုနှစ်ကတည်းက အတူတူကြိုးစားလာခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း ကြားထဲမှာ ပျောက်ပျောက်သွားကြတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဇွဲရှိရှိနဲ့ ဘယ်လိုအခက်အခဲပဲရှိရှိ ရင်ဆိုင်ဖြတ်သန်းခဲ့တယ်။ အခု ကျွန်တော်တို့နဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ Project K က ညီကိုတွေရဲ့ အထောက်အပံ့တွေလည်းပါတာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်က တစ်ယောက်တည်းသွားတာထက်စာရင် Team Work နဲ့သွားရတာပိုကြိုက်တယ်ဗျ။ တစ်ယောက်ကို တစ်ယောက်ဆွဲခေါ်ပြီးသွားတာက ပိုပြီးထိရောက်တယ်။ ပိုမြန်တယ်လို့လည်း ထင်ပါတယ်။
ဘုန်းနေလင်း - စတာတော့ ဓာတ်ပုံရိုက်ကူးဖြစ်ရင်းစတာ။ အဲဒီတုန်းက K-Pop တွေကခေတ်စားခါစဖြစ်တော့ သူတို့လိုလိုက်ကကြည့်တယ်။ အင်တာနက်ဆိုင်တွေသွားပြီး ဒေါင်းလုဒ်ဆွဲပြီးလိုက်ကတယ်။ အဲဒီကနေပဲ ဒီလောကထဲရောက်ခဲ့တာပေါ့။
ရဲရင့်သော် - ငယ်ငယ်လေးကတည်းက ကတာကိုတော့ ၀ါသနာပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက ပိန်လည်းပိန်တော့ ကျွန်တော်ကရင် အိမ်ကလူတွေပြော နင်ကတာကြီးက ဗျိုင်းပျံနေတာကျနေတာပဲတဲ့။ ဘယ်လိုမှကြည့်ရတာအဆင်မပြေဘူး။ အိမ်ကလည်း သိပ်ပြီး အားမပေးချင်ဘူး။ ကျွန်တော် ကိုးတန်းဆယ်တန်းလောက်မှာ K-Pop တွေကို ကျွန်တော်စတွေ့ခဲ့တယ်။ သူတို့အတိုင်းဖြစ်ချင်လာတယ်။ youtube က ဗီဒီယိုတွေဒေါင်းပြီး ကျင့်ရင်းနဲ့ ဒီလိုမျိုးဖြစ်လာခဲ့တယ်။ အဓိကကတော့ ဖြစ်ချင်တဲ့စိတ်ကြောင့်ပါပဲ။
မင်းခန့်ဟိန်း - ကျွန်တော့်မှာ မွေးကတည်းက ပါလာတဲ့ မသိစိတ်ထဲမှာ ရှိနေတဲ့ ဗီဇပိုးလေးတစ်ခုဖြစ်မှာပါ။ ငယ်ငယ်ကတည်းက မိုက်ကယ်ဂျက်ဆင်သီချင်းတွေနဲ့ ကနေခဲ့တယ်လို့ အဖွားကပြောပြဖူးတယ်။ ဖြစ်ချင်ခဲ့တာကတော့ အဆိုတော်တစ်ယောက်ဖြစ်ချင်ခဲ့တယ်။ ပြောင်းလဲသွားတာက ၈ တန်းနှစ်မှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အကပြိုင်ပွဲတစ်ခုရှိတယ်တဲ့။ လာကူပြိုင်ပေးပါပြောတာနဲ့ ကျွန်တော် အဲဒီကတည်းက ဒီအကကို ကျွန်တော်ဝါသနာပါမှန်းမသိပါလာခဲ့တာ။

သွားခဲ့ဖူးတဲ့ ခရီးစဉ်တွေမေ့မရနိုင်တဲ့ အတွေ့အကြုံတွေ၊ အဖြစ်အပျက်တွေရှိနေတာမျိုးရှိရင် အမှတ်တရအနေနဲ့ပြောပြပါဦး။
ဟိဏ်းရာ - မကြာခင်က တောင်တက်ခဲ့တဲ့ ခရီးစဉ်ပေါ့။ နောက်တစ်ခုက ပြင်ဦးကို သွားခဲ့ကြတုန်းကပါ။ အဲဒီတုန်းက ပုံရိပ်တွေကို ဗီဒီယိုလည်းရိုက်ထားတယ်။်ခေနဘသသု တင်တဲ့အခါ ကြည့်ကြတဲ့ သူတွေလည်းပိုများတယ်။ ဒီခရီးစဉ်နှစ်ခုက ကျွန်တော့်အတွက် လုံးဝအမှတ်တရပါပဲ။
Willian - မေ့မရနိုင်တာဆိုရင် အဓိကအကြီးမားဆုံးဆိုရင် ကိုရီးယားမှာ သွားပြိုင်ခဲ့တဲ့ခရီးစဉ်ပေါ့။ ဆုရပြီးပြန်လာတဲ့အချိန်မှာလည်း နယ်အစုံစုံကနေ ကျွန်တော့်ဇာတိ ဗန်းမော်အထိသွားရောက်ဖျော်ဖြေခွင့်ရခဲ့တဲ့အတွက် အရမ်းဝမ်းသာတယ်။
ချမ်းမြေ့ဦး - မေ့မရနိုင်တာတစ်ခုကတော့ ဗန်းမော်မှာပေါ့။ ရေပူစမ်းမှာ ရေချိုးကြတော့ အဖွဲ့ထဲက အငယ်ကောင်က ကျွန်တော်ရေချိုးနေတဲ့ ပုံတွေကို facebook ပေါ်မှာ တင်လိုက်တာ။ ကျွန်တော်က အင်္ကျီမပါတဲ့ပုံတွေကို တစ်ခါမှ လိုင်းပေါ်မှာ မတင်ဖြစ်ဘူး။ သူတင်လိုက်တဲ့ အချိန်မှာ သူ့ကို ဒေါသကလည်းထွက်တယ်၊ ရယ်ကလည်းရယ်ချင်တယ် ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိဘူး။ ပြန်ဖျက်လို့လည်းမရတော့ ဘူးအားလုံးက Save ပြီးသွားပြီ။ အရမ်းလည်း ရှက်သွားတယ်အဲဒီတုန်းက။ အဲဒါကလည်းအမှတ်တရပါ။
Morris - ခါတိုင်းကတော့ ဖျော်ဖြေရေးနဲ့သွားတာများတယ်ဗျ။ မိသားစုနဲ့သွားဖြစ်တာတွေလည်းရှိတယ်။ မေ့မရနိုင်တဲ့ ခရီးစဉ်တစ်ခုက အမှတ်တရဆိုရင် သိပ်မကြာခင်က Giordano အစဉ်အစဉ်နဲ့ သွားခဲ့တဲ့ တောင်တက်ခရီးစဉ်ပဲ။ ဘ၀မှာလည်း ပထမဆုံး Hiking ပဲ။ တောင်တက်ခရီးမှာ အခက်အခဲပေါင်းများစွာကိုလည်း ကျွန်တော်တို့ကျော်ဖြတ်ပြီးတော့ စိတ်ဓာတ်နဲ့ တောင်ပေါ်ကို မရောက် ရောက်အောင်တက်ကြတယ်။ တောင်ထိပ်ရောက်တော့ အရမ်းမိုက်တယ်။ တိမ်တွေနဲ့ကိုယ်တွေနဲ့ပဲရှိတာ။ အဲဒီ Trip က ကျွန်တော့်အတွက် လုံးဝမေ့မရနိုင်တဲ့ Trip တစ်ခုပဲ။
ဘုန်းနေလင်း - Project K နဲ့သွားရတဲ့ ခရီးစဉ်တိုင်းကပျော်ဖို့ကောင်းပါတယ်။ အထူးသဖြင့် Joker ဟိန်းရာ ကျွန်တော်တို့မှာ ပျော်စရာတွေချည်းပါပဲ။ ၂၀၁၈ မှာ ပထမဆုံး ခရီးဖြစ်တဲ့ Giordano အစီအစဉ်နဲ့သွားခဲ့တဲ့ ရှေ့ မြင်နောက်မြင် တောင်တက်ခရီးစဉ်ကတော့ ဘ၀မှာ မေ့မရနိုင်စရာအမှတ်တရပါပဲ။ ပေပေါင်း ၇၇၅၂ ပေရှိတယ်။ တောင်ခြေကနေ တောင်ပေါ်ကို ၉ မိုင်လောက်ရှိတယ်။ အဲလောက်ထိမြင့်မယ်ထင်မထားဘူး။ ပြီးတော့ အဲဒီတောင်ကို တက်ရမယ်ဆိုတာကိုလည်းကြိုပြောမထားဘူး။ အဲဒီတောင်တက်ခရီးစဉ်က ကျွန်တော့်ကို ယုံကြည်မှုတွေခွန်အားတွေအများကြီးပေးလိုက်သလိုပါပဲ။
ရဲရင့်သော် - ဘယ်ကိုသွားသွား အရမ်းပျော်ဖို့ကောင်းတယ်။ အဲဒီထဲကမှ ကြီးမားတဲ့အမှတ်တရတစ်ခုဆိုရင် ကိုရီးယားသွားတုန်းက ဗီယက်နမ်လေဆိပ်မှာ အိပ်ခဲ့ရတယ်။ ကိုရီးယားကို ရောက်ရောက်ချင်း ကျွန်တော်တို့ကို လေယာဉ်ပေါ်က ဆင်းဆင်းချင်းပဲ ပြိုင်ပွဲကို ပြေးရတယ်။ ဘာနားချိန်မှမရလိုက်ဘူး။
မင်းခန့်ဟိန်း -    မေ့မရနိုင်တဲ့ အဖြစ်အပျက်တွေကတော့ အများကြီးပဲ။ အဲဒီတုန်းက လုံးဝမေ့မရနိုင်တဲ့အဖြစ်အပျက်တစ်ခုက မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Project K နဲ့အတူကိုရီးယားကို သွားပြိုင်ခဲ့တုန်းကပေါ့။ အဲဒီတုန်းက သူများနိုင်ငံတွေက ပြိုင်ပွဲဝင်တွေက တစ်ရက်ကြိုရောက်တာ၊ နှစ်ရက်ကြိုရောက်ကြတာမျိုးရှိတယ်။ ကျွန်တော်တို့က အဲလိုမျိုးမဟုတ်ဘူး ပြိုင်မယ့်နေ့ရောက်မှပဲ အဲဒီကို ရောက်တာ။ ကျွန်တော်တို့က ပြိုင်ရမယ့်အချိန်မရောက်သေးဘူးလို့ထင်တာ။ ဒါပေမယ့် ကျွန်တော်တို့ လေဆိပ်ကနေ ရောက်ရောက်ချင်းမှာပဲ ပြိုင်ရတော့မယ်လို့သိရတယ်။ အဲဒါနဲ့ အိမ်သာထဲမှာပဲ အ၀တ်အစားတွေလဲပြီး စင်ပေါ်တန်းတက်ခဲ့ရတယ်ပေါ့။ အဲဒါကတော့ အမှတ်တရတစ်ခုပါပဲ။

ပရိသတ်သိထားတာ လွဲနေတာမျိုး(သို့မဟုတ်) ကိုယ်က ပရိသတ်ကိုပေးသိစေချင်တဲ့ ကိုယ့်အကြောင်းတစ်ခုလောက်ပြောပြပေးပါ။
ဟိဏ်းရာ - တော်တော်များများတော့ သူတို့သိပါတယ်။
Willian - ကျွန်တော်က ကျွန်တော့်ကို အားပေးကြတဲ့သူတွေကို တစ်ခုခုရသွားအောင်၊ ကျန်ခဲ့အောင် တတ်နိုင်သလောက်ပေးစွမ်းနိုင်ဖို့ ကြိုးစားနေတယ်။
ချမ်းမြေ့ဦး - ကျွန်တော့်ကိုအားလုံးက သိထားတာက အသားဖြူဖြူဖွေးဖွေးလေးနဲ့ နုနုရွရွ လေးလို့ထင်ကြတယ်။ တကယ်တော့ ကျွန်တော်က အရမ်း Strong ဖြစ်တယ်။ အကြမ်းလည်းခံနိုင်တယ်။ ခရီးဘယ်လောက်ပဲထွက်ထွက် ကျွန်တော်မပင်ပန်းဘူး။ အပြင်ကနဲ့ ကျွန်တော့်စိတ်နဲ့က အရမ်းကွာတယ်။ တစ်ခုခုဆိုရင်လည်း ကျွန်တော် ဇွဲးအရမ်းကြီးတယ်။ အာရုံစူးစိုက်ပြီးလုပ်တတ်တယ်။ Perfect အရမ်းဖြစ်ချင်တော့ ကျွန်တော် အလုပ်ကြိုးစားတယ်။
Morris - အရင်တုန်းက ကျွန်တော့်နာမည်ရှိတယ်ဗျ။ Morris လို့ခေါ်ကြတယ်။ နောက်ပိုင်းမှာ မြန်မာနာမည် ဘုန်းနေမင်းဆိုပြီးတော့ ပြောင်းခဲ့တယ်။ ခုနောက်ပိုင်းကျတော့ ကျွန်တော် Morris ဆိုတဲ့ နာမည်ကို ပိုသဘောကျပြန်တယ်ဗျ။ ၂၀၁၈ ကစပြီးတော့ နာမည်ကို ပြန်ချိန်းချင်တယ်။ ကျွန်တော့်ကို Morris လို့ပဲ ခေါ်ပေးကြပါလို့။
ဘုန်းနေလင်း - အင်တာဗျူးတွေမှာ Night Out ထွက်တာ ဘယ်သူလဲမေးရင်၊ အမွှာရယ်၊ ဟိဏ်းရာရယ်ပေါ့။ ၂၀၁၈ ကစပြီး အဲ့ဒီအဖြေမှားသွားပါပြီလို့ပြောချင်ပါတယ်။ အရင်တုန်းက Night Out ထွက်တယ်ဆိုတာလည်း ရောက်လာတဲ့သူငယ်ချင်းတွေကို ဧည့်ဝတ်ကျေပွန်ချင်လို့ပါလို့။ အခုတော့ ဘုန်းနေလင်းက လိမ္မာသွားပါပြီလို့။
ရဲရင့်သော် - ကျွန်တော်က လူတွေကို စကားပြောရမှာ အရမ်းကြောက်တယ်။ ဆယ်တန်းအထိ မိန်းကလေးတွေကို စကားပြောဖို့မပြောနဲ့ ယောက်ျားလေးအချင်းချင်းလည်း စကားပြောဖို့ကြောက်တယ်။ Human Phobia ရောဂါရှိတယ်။ တစ်ခါတစ်လေ တချို့ ပရိသတ်တွေနဲ့တွေ့အခါ ကျွန်တော် မျက်လုံးလွှဲပစ်တာမျိုးတွေရှိတယ်။ တကယ်တော့ အဲဒါက ရိုင်းသလိုဖြစ်တာပေါ့။ မာနကြီးတယ်ပေါ့။ ပွဲတွေမှာ၊ အင်တာဗျူးတွေမှာ မိုက်ကိုကျွန်တော့်ဆီထိုးပေးလိုက်ရင် ကျွန်တော်တလွဲတွေပြောမိတတ်တယ်။
မင်းခန့်ဟိန်း - ကျွန်တော့်စိတ်အခြေအနေပဲဖြစ်မယ်ထင်တယ်။ ကျွန်တော်က စကားပြောရင်လည်း ဟုတ် ဟုတ် နဲ့ အဲလို ယဉ်ယဉ်ကျေးကျေးပြောတတ်တယ်။ အဲ့ကျတော့ အေးအေးဆေးဆေးလေးနေတတ်တဲ့သူလို့ထင်ရင် ထင်ကြလိမ့်မယ်။ တကယ်တမ်းတော့ ကျွန်တော်က စိတ်မရှည်ဘူး။ စိတ်လည်းကြီးတယ်။ ထစ်ခနဲဆို ဒေါသလည်းအမြဲထွက်တတ်တယ်။ အဲဒါလေးပေါ့။

လက်ရှိအချိန်ထိ အသဲကွဲတာနဲ့ ကိုယ်ကအသဲခွဲမိတာ ဘယ်ဟာက အကြိမ်ရေပိုများပြီးတော့ အသဲကွဲတဲ့အချိန်မှာ ဘာတွေလုပ်လေ့ရှိကြလဲ။
ဟိဏ်းရာ - ရည်းစားနှစ်ယောက်ထားဖူးပါတယ်။ နှစ်ယောက်လုံးကလည်း ထားသွားကြတယ်။ အသဲကွဲတဲ့အချိန်မှာ တစ်ယောက်တည်းဆိုပိုဆိုးတယ်လေ။ အဲဒါကြောင့် ကျွန်တော် ဖိုးချမ်းအိမ် သွားနေတာ ပိုများတယ်။ ဒုတိယတစ်ယောက်နဲ့ ပြတ်သွားတုန်းကတော့ ငိုဖူးတယ်။ ဘ၀မှာ မိန်းမနဲ့ပတ်သက်ရင် ပထမဆုံးငိုတာပဲ။
Willian - အချစ်အတွက်ဆို ကျွန်တော်က အမြဲဇာတ်နာနေကျပါ။ တကယ်လို့ အသဲခွဲခဲ့မိတယ်ဆိုရင်လည်း ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး။ မတော်တဆပဲဖြစ်မှာပါ။ အသဲကွဲတယ်။ ခဏခဏကွဲတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ် အမြဲအဆင်ပြေအောင်တည်ဆောက်ရတာပေါ့။ စိတ်ဓာတ်ပျော့တဲ့သူလည်းဖြစ်တော့ ပိုအားတင်းရတယ်။
ချမ်းမြေ့ဦး - အသည်းကွဲခဲ့ဖူးတယ်ဆိုတာကလည်း အမှန်အတိုင်းပြောရရင် ရည်းစားကြောင့်ကွဲတာ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကတစ်ဖက်သတ်ဖြစ်ပြီးတော့ ကွဲတာ။ ကျွန်တော့်မှာ ရည်းစားကလည်း အခုအချိန်ထိ မရှိသေးပါဘူး။ ကျွန်တော်က အချစ်ကံမကောင်းတဲ့သူ။ ကျွန်တော် ချစ်လိုက်မိတိုင်း သူ့ရဲ့ ရွေးချယ်ခြင်းကို မခံရဘူး။ ကိုယ့်ဘက်က ဖွင့်မပြောတတ်တာလည်း ပါတာပေါ့နော်။
Morris - ကျွန်တော်ခွဲခဲ့တာဆိုလို့ မှတ်မှတ်ရရ ရန်ကုန်မလာခင် တက္တသိုလ်ဘ၀တုန်းက ရည်းစားတစ်ယောက်ရှိခဲ့တယ်။ အရမ်းရိုးသားတဲ့ တောသူလေးပါ။ သူနဲ့ရည်းစားဖြစ်ပြီးသိပ်မကြာခင်မှာပဲ ကျွန်တော်က ရန်ကုန်မြို့မှာ အခြေချပြီး အနုပညာအလုပ်တွေလုပ်ဖို့ သူနဲ့ ကွဲကွာသွားတယ်။ ပထမတော့ ဖုန်းဆက်ဖြစ်သေးတယ်။ နောက်ပိုင်း ဖုန်းလည်းမဆက်ဖြစ်တော့ဘဲ ဖြတ်လိုက်ရတယ်။ ကိုယ်လည်း ဒီမှာအခြေချပြီး ရုန်းကန်၊ ပြန်သွားဖို့လည်း မဖြစ်နိုင်တော့တဲ့အခြေအနေတစ်ခုလည်း ရောက်နေပြီဆိုတော့ အဆက်အသွယ်ဖြတ်လိုက်တယ်ပေါ့။ မမျှော်လင့်ဘဲ အသဲခွဲသလိုဖြစ်သွားတယ်ပေါ့ဗျာ။ ကိုယ်ကွဲရတာကတော့ ခဏခဏပါပဲ။ အကြိမ်ရေ များပါတယ်။ အသဲကွဲရင် ကျွန်တော်က အရူးတစ်ယောက်လိုပါပဲ။ သူ့အိမ်အောက်မှာ သွားအော်ဖူးတယ်။ သောက်စားပေတေပြီး ထွက်မလာမချင်း အိမ်ရှေ့မှာ အိပ်စောင့်ခဲ့တာမျိုးတောင်ရှိခဲ့တယ်။ နောက်ပိုင်းမှာတော့ တည်ငြိမ်သွားပါပြီ။ အသဲကွဲရင် အလုပ်ကိုပဲ အာရုံပိုစိုက်လိုက်ဖြစ်တယ်။
ဘုန်းနေလင်း - ကျွန်တော်ကတော့ အဲလိုမသတ်မှတ်တော့ဘူး။ ကိုယ်ခံရတာလည်းရှိမယ်။ ကိုယ်က အနိုင်ကျင့်မိသလို မတရားလုပ်မိသွားသလို ဖြစ်သွားခဲ့တာတွေလည်းရှိမယ်။ ကျွန်တော်က အဲဒါကို ၀ဋ်ကြွေးတစ်ခုလို့ပဲ မှတ်ယူထားလိုက်ပါတယ်။ ကောင်းတာပဲ ပြန်ရပြန်ရ ဆိုးတာပဲပြန်ရပြန်ရ ကျွန်တော်က တတ်နိုင်သလောက် အကောင်းဆုံးပေးဆပ်တတ်တဲ့သူမျိုးပါ။
ရဲရင့်သော် - ကျွန်တော် သူများကိုတော့ အသဲမခွဲဖူးပါဘူး။ ကျွန်တော်ကံကိုယုံကြည်တယ်။ ကိုယ်လုပ်ရင် ပြန်ခံရမယ်ဆိုတာကိုပေါ့။ အသဲကတော့ ကွဲဖူးပါတယ်။ အသဲကွဲရတာကို ကျွန်တော် Negative လို့မမြင်ဘူး။ Positive လို့ပဲမြင်တယ်။ အသဲကွဲတာတွေကြုံဖူးမှ ရင့်ကျက်တဲ့နှလုံးသားကို ရလာတယ်လို့ထင်တယ်။ အဲဒါမှ နောက်ပိုင်း Relationship Problem တွေမှာ Solve လုပ်နိုင်တယ်၊ Maintain လုပ်နိုင်လာတယ်လို့ ထင်ပါတယ်။
မင်းခန့်ဟိန်း - ကျွန်တော်က အသဲလည်း မကွဲဖူးသလို၊ အသဲလည်းမခွဲဖူးသေးပါဘူး။

ပြင်သင့်တယ်ထင်ပေမယ့် မပြင်နိုင်သေးတဲ့အရာတစ်ခုက ဘာဖြစ်မလဲ။
ဟိဏ်းရာ - ပိုက်ဆံအရမ်းသုံးတယ်။ အဲဒါပြင်ရမယ်။ တစ်ယောက်တည်းဆို သိပ်မနေတတ်ဘူး။ အပေါင်းအသင်းမက်တယ်။ သူငယ်ချင်းတွေကို အားကိုးတယ်။ တကယ်တော့ လူဆိုတာ ကိုယ်တစ်ယောက်တည်းရပ်တည်နိုင်အောင်ကြိုးစားရမှာပါ။ အဲဒါပြင်ရမယ်။
Willian - ကျွန်တော့်စိတ်ပါပဲ။ ကျွန်တော့်စိတ်ကပျော့တယ်။ သေးသေးလေးကို အကြီးကြီးတွေးပစ်လိုက်တတ်တယ်။ အဲဒါကမကောင်းဘူးပေါ့။ ကိစ္စတစ်ခုခုကို ရင်ဘတ်ထဲ အရမ်းထည့်တတ်လွန်းတယ်။ အဲဒါတွေကို လျှော့ရမယ်။ ကိုယ်က စိတ်ရင်းနဲ့ ရင်ဘတ်နဲ့အပြည့်လုပ်ပေးလိုက်ရတဲ့အရာတွေက စော်ကားခံရတဲ့အခါ ရမ်းဝမ်းနည်းတတ်တယ်။ အဲဒါကို ကျွန်တော် ပြင်နိုင်ချင်တယ်။
ချမ်းမြေ့ဦး - ကျွန်တော်က တွေးခေါ်တာတွေကောင်းတယ်၊ သူများတွေထက်ပိုပြီးတော့ Idea ပြေးတယ်။ ဒါပေမယ့် အဲဒါတွေကို အကောင်အထည်ဖော်တဲ့အခါမှာ အရမ်းနှေးတယ်။ အလုပ်တစ်ခုကိုဖြစ်သလိုမလုပ် တတ်ဘူး။ တစ်ခုခုဆို စဉ်းစားတယ်။ တွေဝေတယ်။ အဲဒါတွေက ကျွန်တော့်အတွက် အချိန်ကြန့်ကြာစေတယ်။ အဲဒါတစ်ခုကတော့ ကျွန်တော်ပြင်သင့်တယ်လို့ ထင်တယ်။
Morris - ပြင်နေဆဲပါပဲ။ အဲဒါဘာလဲဆိုတော့ ကျွန်တော်ပျင်းတယ်ဗျ။ အရမ်းပျင်းတတ်တဲ့အကျင့်ရှိတယ်။ အဲဒီအကျင့်ကို ကျွန်တော်ပြင်နေတုန်းပါပဲ။ နောင်လည်း ဆက်ပြင်နေဦးမှာပါပဲ။
ဘုန်းနေလင်း - ပြင်စရာတွေကတော့ အများကြီးပဲ။ ကျွန်တော်က အရမ်းအားနာတတ်တယ်။ အားနာတတ်လွန်းတဲ့စိတ်ကို နောက်ပိုင်းမှာ ကျွန်တော်လျှော့ပါတော့မယ်။
ရဲရင့်သော် - အချိန်ဆွဲတာပေါ့။ ကိစ္စတစ်ခုခုရှိရင် အမြဲတမ်းနောက်ကျတတ်တာ။ ဒါက မပြင်မဖြစ်ပြင်ရမယ့် အရေးကြီးတဲ့အရာတစ်ခုပေါ့။
မင်းခန့်ဟိန်း - ကျွန်တော့်စိတ်ပေါ့။ ကျွန်တော့်စိတ်က အတက်အကျအရမ်းမြန်တယ်။ အဲဒီ စိတ်က ပြင်ရမယ့်အရာပေါ့။

စင်ပေါ်မှာဖျော်ဖြေရင်း ပရိသတ်သိလိုက်တာဖြစ်စေ၊ မသိလိုက်တာဖြစ်စေ လွဲမှားသွားတဲ့အလွဲအမှားနဲ့ပတ်သက်ပြီး အမှတ်တရရှိကြလား။
ဟိဏ်းရာ - Project K နဲ့မဟုတ်ဘဲ အရင်တုန်းက အမှတ်တရတစ်ခုရှိတယ်။ ကနေရင်းနဲ့ ဂျွမ်းထိုးလိုက်တာ ကျွန်တော့်ဖိနပ်က အရှေ့က စားသောက်ဝိုင်းထဲကျသွားတယ်။ အဲဒါက လုံးဝ လုံးဝ အမှတ်တရပဲ။
Willian - ကျွန်တော်က အရင် Uranium Dancer ဘ၀ကတည်းက အကသိပ်မမှားတတ်ဘူး။ အကကို အရမ်းကျင့်တယ်။ စင်ပေါ်မှာကနေရင်း မှားရင် Dancer တစ်ယောက်အနေနဲ့ ဒါလေးတောင်မှန်အောင်မကနိုင်ဘူးဆိုပြီးတော့ ရှက်တယ်။ အကမှားရင်လည်း အရမ်းသိသာတယ်လေ။ ကျွန်တော်အရမ်းလေ့ကျင့်တယ်။ ဒါပေမယ့်လည်း မကွယ်ဝှက်တမ်း ပြောရမယ်ဆို တစ်ခါက ကျွန်တော် သီချင်းအသစ်၊ ကကွက်အသစ်နဲ့ ကကြတဲ့အချိန် ကျွန်တော်က ရှေ့ဆုံးမှာ စီရမယ့် ဟာကို နောက်ဆုံးမှာသွားစီလိုက်မိတယ်။ အဲဒါတစ်ခုတော့ရှိတယ်။
ချမ်းမြေ့ဦး-ကျွန်တော် ပွဲတစ်ခုမှာ ကနေရင်းနဲ့ ခုန်ပြီးတော့ Split ခွဲလိုက်တော့ အဲဒီနေ့က ပွဲကအမြန်လိုနေတော့ အကြောမလျှော့လိုက်မိဘူး။ Split ခွဲတဲ့အရှိန်နဲ့အကြောတွေ အကုန်လုံးပြတ်သွားတယ်။ ကျွန်တော် မတ်တပ်ပြန်ထတဲ့ အချိန်မှာ ခြေထောက်က ဘယ်လိုမှလှုပ်လို့မရတော့ဘူး။ ဒါပေမယ့် သီချင်းပြီးအောင်တော့ မရရအောင် ကလိုက်တယ်။ စင်ပေါ်က ဆင်းတဲ့အချိန်မှာ ကျွန်တော်ထိန်းမရတော့ဘူး။ လိမ့်ပြီးပြုတ်ကျသွားတယ်။ အဲဒါအမှတ်တရပါပဲ။
Morris - ရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ ကျွန်တော် ဖိနပ်ကြိုး ပြုတ်တာပေါ့။ ပရိသတ်တော်တော်များများသိပါတယ်။
ဘုန်းနေလင်း - ကရင်းနဲ့ ကကွက်တစ်ကွက်မှာ လေလည်လိုက်မိတာပါ။ အဲဒါလည်း Beat နဲ့ စည်းဝါးကျကျဖြစ်သွားတာပါ။ အခုမှပြန်ဝန်ခံတာ။
ရဲရင့်သော် - အကနဲ့ပတ်သက်ရင် ကျွန်တော်က သိပ်မမှားတတ်ဘူး။
မင်းခန့်ဟိန်း - ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ်။ ကျွန်တော်က ကနေပြီဆို အိမ်သာအမြဲတက်ချင်တတ်တယ်။ အဲဒီတစ်ရက်ကဆိုလို့ရှိရင် ကျွန်တော်ဗိုက်ကအရမ်းနာတာ။ ခါတိုင်းက စကလိုက်တာနဲ့ပျောက်သွားရော၊ အဲဒီနေ့က မပျောက်ဘူး။ အဲဒီမှာ ကနေရင်းနဲ့ လေလည်မိသွားတယ်။ ဒါပေမယ့် ဘယ်သူမှမသိလိုက်ဘူး။ ကိုယ်တစ်ယောက်တည်းပဲသိတာ။ အခုမှ သိကုန်ကြတော့မှာပေါ့။

ဘယ်လိုကောင်မလေးမျိုးက အစ်ကိုတို့ကို ရင်ခုန်စေနိုင်လဲ။
ဟိဏ်းရာ - မျက်လုံးပြူးပြူး ၀ိုင်းဝိုင်းလေးနဲ့ ကောင်မလေးကို ကြိုက်တယ်။ ပိန်တာနဲ့ ၀တာဆိုရင်တော့ ၀တဲ့သူကိုသဘောကျတယ်။ တအားကြီးလည်းမဟုတ်ဘူးပေါ့။ အခုစကားနဲ့ဆို အသားခပ်ပြည့်ပြည့်နဲ့ ၀တဲ့အဆင့်မဟုတ်ဘဲ ကိတ်တဲ့အဆင့်လောက်ပေါ့။
Willian - စိတ်ထားဖြူစင်ပြီး၊ ကိုယ်ချင်းစာတရားရှိတယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ကောင်မလေးမျိုးက ကျွန်တော့်ကို ရင်ခုန်စေနိုင်ပါတယ်။
ချမ်းမြေ့ဦး - အသားဖြူဖြူချောချော၊ ဆံပင်ရှည်ရှည်လေးနဲ့ဆိုကျွန်တော် သဘောကျတယ်လို့ထင်တယ်။ ဒါပေမယ့် ကျွန်တော်ကြိုက်ခဲ့တဲ့ လူတိုင်းက အဲလိုမျိုးမိန်းကလေးတွေမဟုတ်ဘူး။ ကျွန်တော်နဲ့အနေနီးလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် သံယောစဉ်တွေ ဖြစ်လာပြီးမှ ကျွန်တော်က ချစ်မိသွားတတ်တာ။ ဒီအတိုင်းမြင်လိုက်ရုံနဲ့ သူ့ကိုကြွေတယ် ဆိုပြီးတော့ အပြင်ပန်းကို ကြည့်ပြီးတော့ ကြွေတာမျိုး သိပ်မရှိဘူး။ ကျွန်တော့်ကို ရင်ခုန်စေတာလည်း အဲလိုအနေကြာပြီးတော့ သံယောဇဉ်ပိုလာသူတွေကမှဖြစ်နိုင်တယ်။
Morris - ချောရင် အကုန်ကြိုက်တယ်။ စတာပါ။ တကယ်တော့ လူတိုင်းမှာ အလှကိုယ်စီရှိကြတယ်။ ကိုယ့်ကို ရင်ခုန်စေတဲ့သူက သူနဲ့စကားပြောနေရင်းကို အလိုလိုရင်ခုန်လာစေနိုင်တယ်။ မြင်မြင်ချင်းရင်ခုန်ရတယ်ဆိုတာ တကယ်တမ်းတွေးကြည့်ရင် သိပ်မရှိဘူး။ မိုက်တယ်ကွာ ဘာဖြစ်တယ် ညာဖြစ်တယ် အဲလောက်ပဲ။ ရင်ခုန်တဲ့အဆင့်မရောက်ဘူး။
ဘုန်းနေလင်း - ကျွန်တော်ချစ်တဲ့သူကိုပဲ ကျွန်တော်ရင်ခုန်ပါတယ်။ လူတိုင်းမှာ အလှကိုယ်စီရှိကြပါတယ်။
ရဲရင့်သော် - Asian Type ပေါ့။ Slim Body နဲ့ ကောင်မလေးတွေကိုတော့ ပိုကြွေတာပေါ့။ အဲဒါမှာမှ Gym ဆော့တဲ့ ကောင်မလေးကို သဘောကျတယ်။ Sexy ဖြစ်တာထက် ယဉ်ယဉ်လေးတွေကို ပိုသဘောကျတယ်။
မင်းခန့်ဟိန်း - ဟန်ဆောင်မှုတွေ ဖုန်းကွယ်မှုတွေများတဲ့ဒီလောကထဲမှာ ရိုးရိုးသားသားလေး၊ အရာရာကိုနားလည်မယ်၊ ကိုယ်ချင်းစာတရားလည်းရှိမယ် အဲလိုမိန်းကလေးမျိုးကို ကျွန်တော့်ကိုရင်ခုန်စေပါတယ်။ ဒါပေမယ့် ဒီအရာက တွေ့တွေ့ချင်းတော့ မသိနိုင်ဘူးပေါ့။

First Dating တုန်းက ရင်ခုန်သံအကြောင်းလေးနည်းနည်းလောက်ပြောပြပါဦး။
ဟိဏ်းရာ - ဟိုးအရင်တုန်းက သူနဲ့မကြိုက်သေးဘူးပေါ့။ အဖြေမရသေးဘူး။ လက်တွေလည်း မကိုင်ရသေးဘူး။ အဲနေ့က ရုပ်ရှင်သွားကြည့်တာပေါ့။ အသားချင်းထိရင်ကို ကြက်သီးတွေထနေတာပေါ့။
Willian - ဒူးတွေတုန်တာပေါ့။ ဘာပြောလို့ပြောရမယ်မှန်းမသိတာပေါ့။
ချမ်းမြေ့ဦး - အခုချိန်ထိရည်းစား မထားဖူးတော့ အဲဒီအကြောင်း ဘာမှန်းတောင် မသိသေးပါဘူး။
Morris - ဘယ်နှစ်ခုနှစ်ကို ပြန်သွားရမလဲတောင်မသိတော့ဘူး။
ဘုန်းနေလင်း - ဖိုမသဘာဝက ကိုယ့်အတွက် အသစ်အဆန်းတစ်ခုဖြစ်နေတော့ ရင်ခုန်ပါတယ်။ ဘာမှန်းညာမှန်းမသိပေမယ့် ရင်တုန်လွန်းနေတာပေါ့။
ရဲရင့်သော် - လူကြောက်ရောဂါလည်းရှိတဲ့အပြင် ရင်ကလည်း ခုန်နေတော့ တွေးသာကြည့်ပေတော့။ ခြေမကိုင်မိလိုက်မကိုင်မိ ဘာလုပ်လို့ လုပ်ရမယ်မှန်း၊ ဘာပြောလို့ပြောရမယ်မှန်းကိုမသိတာ။
မင်းခန့်ဟိန်း - မထင်မှတ်ထားဘဲနဲ့ ဖြစ်လာတဲ့အချစ်တစ်ခုပေါ့။

သွားနေတဲ့ဘ၀ခရီးလမ်းမှာ ခံယူထားတဲ့ ခံယူချက်တွေ၊ လက်စွဲဆောင်ပုဒ်တွေရှိရင်လည်း ပြောပြပါဦး။
ဟိဏ်းရာ - ကိုယ်သဘောကျတဲ့ဟာတွေကို ဖုန်းထဲမှာတော့ အမြှဲSave လုပ်ထားတယ်။ အဲဒါတွေက စကားအားဖြင့်အရမ်းလှတယ်။ အပြင်လက်တွေ့မှာ သိပ်မလွယ်ဘူး။ ကျွန်တော်က ကိုယ်လုပ်မှ ကိုယ်ရမယ်ဆိုတဲ့ ခံယူချက်ကိုတော့ အမြဲနှလုံးသွင်းထားတယ်။
Willian - ထွေထွေထူးထူးတော့ မရှိပါဘူး။ စိတ်ရင်းကောင်းရင် ကံကောင်းမယ်ပေါ့။ ကိုယ်ဘာပဲလုပ်လုပ် ကိုယ်ပြုတဲ့ကံ ကိုယ့်ဆီပဲပြန်လာမယ်ဆိုတာကို ယုံကြည်ထားတယ်။ အဲဒါကြောင့် စိတ်ရင်းကောင်းကောင်းထားတယ်။ နောက်တစ်ခုက လူတွေက အမှားနဲ့မကင်းနိုင်ဘူးပေါ့။ ဆိုတော့ “ Don’t make the same mistake twice” ဆိုတာလေးကို တက်တူးလေးထိုးထားတယ်။
ချမ်းမြေ့ဦး - ကျွန်တော်က ကိုယ့်အားကိုကိုးတယ်။ ကိုယ့်ကို ပြန်သုံးသပ်တယ်။ ဘာတွေလိုအပ်နေတယ် ငါဘာတွေ ပြင်ဆင်ရအုံးမယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားတယ်။ ဘေးပတ်ဝန်းကျင် အကူအညီ တော်တန်ရုံသိပ်မယူတတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဘေးတ်ဝန်းကျင် အကူအညီဆိုတာက အချိန်တိုင်းရနိုင်တာမဟုတ်ဘူးလေ။ မရတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ အားကိုးရမယ်လို့ ကျွန်တော့်မိဘတွေက အဲလိုပြုစုပျိုးထောင်ပေးခဲ့တယ်။ အရာအားလုံးက ကိုယ်တိုင်ပဲခဲ့ရတယ်။ ကျွန်တော့် ဆောင်ပုဒ်ကတော့ ကိုယ့်အားကိုယ်ကိုး ပေါ့။
Morris - “The future depends what you do today” ဆိုတဲ့စကားလေးပါ။


ဘုန်းနေလင်း -ခုနကပြောခဲ့တဲ့ ရှေ့ မြင်နောက်မြင် တောင်တက်ခရီးစဉ်ကို တက်ခဲ့တုန်းက တောင်ထိပ်ရောက်ပြီး အောက်ကို ပြန်ဆင်းလိုက်တဲ့အချိန်မှာ တောင်ထိပ်ကို ပြန်ကြည့်ရင် မမြင်ရတော့ဘူး။ အဲလောက်ထိအမြင့်ကြီးကို ကျွန်တော်တက်နိုင်မယ်မထင်ခဲ့ဘူး။ ဒါပေမယ့် ရအောင်တက်ခဲ့တယ်။ ဟိုးတောင်ထိပ်ကို ရည်မှန်းချက်ထားပြီး ခြေလှမ်းတစ်လှမ်းချင်းစီကို ဂရုစိုက်ပြီးတက်တယ်။ မနက် ၈ နာရီကနေတက်တဲ့ ခြေလှမ်းတွေက ညနေမှာ ရောက်သွားတာပဲ။ ဒါဟာ အောင်မြင်မှုပန်းတိုင်တစ်ခုပေါ့။ ဘ၀တစ်ခုဟာလည်း တောင်ထိပ်ကိုတက်နေရသလိုပဲ။ အတက်အဆင်း၊ ချောက်ကမ်းပါး အားလုံးကိုဖြတ်သန်းရမယ်။ နောက်ဆုံးတော့ ရောက်မှာပါ။
ရဲရင့်သော် - အိုင်းစတိုင်းပြောတာတစ်ခုရှိတယ်။ ကျွန်တော်လုပ်ခိုင်းတာကို ငြင်းခဲ့တဲ့သူတွေကို ကျွန်တော်ကျေးဇူးတင်တယ်တဲ့။ သူတို့ငြင်းလိုက်လို့ ကျွန်တော်ကိုယ်တိုင်လုပ်တတ်သွားတယ်တဲ့။ ကျွန်တော့်ဘ၀မှာလည်း အဲလိုရှိခဲ့ဖူးပါတယ်။ နောက်တစ်ခုက No Pain, No Gain ပေါ့။
မင်းခန့်ဟိန်း - နှလုံးသွင်းထားတာက စေတနာကောင်းရင် ကံကောင်းမယ်ပေါ့။ ကျွန်တော်ကြိုက်တဲ့စာသားတစ်ခုတော့ရှိတယ်။ “ကြိုးစားနေတဲ့ မင်းရဲ့ပတ်ဝန်းကျင်နဲ့ မင်းရဲ့အသိုင်းအ၀ိုင်းမှာ စောင့်ကြည့်နေတဲ့လူတွေနဲ့ မင်းကိုအားကိုးနေတဲ့ မိသားစုရှိတယ်”ဆိုတဲ့ စာသားလေးက ကျွန်တော့်အတွက် အားအရမ်းဖြစ်စေတယ်။

အောင်လင်းသစ်

PHOTOGRAPHY BY AUNG ZAW(LOVE SPACE) / RETOUCHED BY NYI NYI HLA BAW(LOVE SPACE) / STYLING BY DONG DONG / HAIR & MAKEUP: LI LI OWN (HTET POP SOUL) / SOUTFIT: TIMBERLAND



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Aug 18, 2018

Social Media တစ်ခုလုံးကို...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 17, 2018

MODA ရဲ့ 6th Anniversary...


Fashion News   |   Posted on Aug 17, 2018

ကြယ်ပွင့်သစ်လေးတွေကို Fai...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.