People   |   Posted on Feb 7, 2019 by Kyaw Ye Lynn

ဖွေးဖွေးနဲ့ တက်တူးတွေကြားက ယှက်နွှယ်မိုင်တိုင်များ


ငယ်ငယ်ကကျ စိတ်ညစ်စရာတွေ အရမ်း များခဲ့တာ။ ဒိုင်ယာရီလေးတွေလည်း ရေးဖြစ်ခဲ့ပေမယ့် အဲဒီအကြောင်းတွေကို နောက်ပြန်လှည့်မကြည့်ချင်တော့ဘူး

Share this article

၂၀၁၈ ခုနှစ်၊ ဩဂတ်စ်လ ၉ ရက်နေ့မှာ သူ့အသက် ၃၀ ပြည့်ခဲ့တယ်။

" အခုလက်ရှိ အပြင်မှာ ဖွေး ရောက်နေတဲ့အရွယ်ပေါ့။ ငယ်လည်း မငယ်တော့ဘူး။ မိန်းမကြီးအရွယ်လည်း မရောက်သေးဘူး။ ကိုးလိုးကန့်လန့်အရွယ်ပေါ့။ အပျိုကြီးလည်း ဖြစ်နေပြီ။ ဘဝလက်တွဲဖော်ကိုလည်း ဇီဇာကြောင်ပြီး ရှာမတွေ့သေးဘူး " တဲ့။

စာနယ်ဇင်းတွေက လက်ရှိရိုက်နေတဲ့ကားအကြောင်း ဝိုင်းမေးထားတဲ့အင်တာဗျူးတစ်ခုမှာ ဖွေးဖွေး ပြန်ဖြေထားတဲ့စကားတွေပါ။

" အပျိုကြီးလို့ စခံရတဲ့အရွယ်ကို ရောက်လာပြီ။ တစ်ယောက်ယောက်ရဲ့မင်္ဂလာဆောင်ကို သွားတာနဲ့ နင့်အလှည့် ဘယ်တော့လဲဆိုပြီး စခံနေရပြီ " လို့ ဖွေးဖွေးက ဆက်ပြောတယ်။ စာနယ်ဇင်းတွေကလည်း ဆက်မေးပြန်တယ်။

" ဒီအရွယ်ရောက်လာတော့ ဘယ်လိုတွေ ပြောင်းလဲသွားသလဲ "

" ပတ်ဝန်းကျင်က လူတွေရဲ့ပြုမူပုံတွေနဲ့ ဆက်ဆံပုံတွေပဲ ပြောင်းသွားတာ။ ဖွေးကတော့ နဂိုစိတ်ပါပဲ " တဲ့။

ဒီအဖြေစကားဟာ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက် ဖန်တီးနေနိုင်တဲ့သူမျိုး ပြောရင် သိပ်အသက်ဝင်တယ်။

ဖွေးဖွေးက သူ့ဘဝ၊ သူ့ဖြစ်တည်မှုတွေကို ကျေနပ်နေသူလား။

၂၀၀၇ ခုနှစ်ထဲမှာ အနုပညာလောကထဲကို စဝင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော် သရုပ်ဆောင်လောကထဲ နေခဲ့သူတစ်ယောက်အနေနဲ့ ဒီလောကထဲ ငြီးငွေ့မိတာတွေ တစ်ခုမှ မရှိဘူးလား၊

နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ရတဲ့အတွက် ကြုံတွေ့ရတဲ့စိတ်ညစ်စရာတွေထဲမှာ သူ စိတ်အညစ်ဆုံးက ဘာကိစ္စဖြစ်မလဲ၊

ဘဝရဲ့အမှတ်တရတွေကို ခန္ဓာကိုယ်ပေါ်မှာ မှတ်ကျောက်တင်ကာ တက်တူးထိုးတတ်တဲ့ သူ့မှာ တက်တူးအသစ်တွေ ရှိနေပြီလား . . . ။

ကျွန်တော့်မှာ မေးချင်တဲ့မေးခွန်းတွေ ရှိနေပြီ။

MODA Dream Team တစ်ခုလုံးလည်း နှစ်သစ်ရဲ့ Cover Theme အတွက်နဲ့ အငြင်းအခုန်တွေ ဖြစ်ပြီး ဦးနှောက်မုန်တိုင်းဆင်ကြတယ်။

ရလဒ်တစ်ခု ထွက်လာတယ်။

Be Yourself တဲ့။

ဒီ Theme ကို ဖွေးဖွေးကြားတော့ သူ့စိတ်ကူးတချို့ကိုပါ ပြောပြတယ်။

သူ့ခမျာ တချို့နေရာတွေမှာ တက်တူးထိုးချင်နေပါလျက်နဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေတာမို့ စိတ်ထိန်းဆင်ခြင်နေရတာတွေ ရှိတယ်တဲ့။

MODA Dream Team တစ်ခုလုံး လင်းခနဲ ဖြစ်သွားပါလေရော။

ဒီလရဲ့ဖန်တီးချက်တွေဟာ နှစ်သစ်ရဲ့အလင်းပွင့်တွေပါပဲ။

MODA. ဖွေးရေ . . . MODA Dream Team နဲ့ ဆုံကြပြန်ပြီနော်။ အခုလိုမျိုး MODA Cover Star အဖြစ် ငါးကြိမ်မြောက် ရိုက်ဖြစ်တဲ့အပေါ် ခံစားချက်လေးကို အရင်ဆုံး ပြောပြပါဦး။

Phway. MODA နဲ့ ရိုက်ရတဲ့ Cover တွေထဲမှာ ဒီ Cover ရိုက်ရတာ အပျော်ဆုံးနဲ့ ရင်အခုန်ဆုံးပဲ။ အသက်အဝင်ဆုံးလို့လည်း ခံစားရတယ်။ MODA Dream Team ရဲ့ စိတ်ကူးတွေရော ကိုယ့်စိတ်ကူးတွေပါ ပေါင်းစပ်ပြီး လုပ်ရတာမို့ အရမ်း ကျေနပ်တယ်။

MODA. တချို့က သရုပ်ဆောင်လောကထဲ ဝင်တော့မယ့်အခါ အနုပညာနာမည်ကို သူများနဲ့ မတူအောင်၊ ထူးခြားအောင် ဂရုတစိုက် ရွေးတတ်ကြတယ်။ ဖွေးဖွေးရဲ့နာမည်အရင်းက ရွှေရည်ကိုဦးဆိုတော့ တချို့သာဆိုရင် ဒီနာမည်ကိုပဲ အနုပညာအမည်အဖြစ် ရွေးလောက်တယ်။ ဒါနဲ့ပတ်သက်ပြီး ပြောပြပါဦး။

Phway. ဖွေးဖွေးဆိုတာက ငယ်နာမည်ပေါ့။ ရွှေရည်ကိုဦးဆိုတဲ့နာမည် မရခင်ကတည်းက အဖေနဲ့ အမေက ပေးခဲ့တဲ့နာမည်။ မွေးကတည်းက ဖြူဖွေးနေလို့ ဒီအတိုင်း ဖွေးဖွေးလို့ ခေါ်ခဲ့ကြတာ။ အိမ်နာမည်ပဲပေါ့။ ရွှေရည်ကိုဦးဆိုတာကကျ ကျောင်းခေါ်နာမည်။ ဖွေး ဒီလောကထဲ စဝင်တော့လည်း တချို့က ပြောကြတယ်။ ဖွေးဖွေးဆိုတဲ့နာမည်နဲ့တော့ မအောင်မြင်နိုင်ဘူး။ နာမည်ပေးရင် လေးလုံးနဲ့ လူတွေက အောင်မြင်ကြတာ များတယ်တဲ့။ ဒါပေမဲ့ ဖွေးကတော့ အဲဒီတုန်းကတည်းကပဲ ကိုယ့်အလုပ်နဲ့သာ ဆိုင်တယ်လို့ ယုံကြည်ခဲ့တာပဲ။ ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ၊ မာနတွေက ရှိသင့်သလောက် ရှိတယ်။ အဲဒါကြောင့် ဖွေးဖွေးဆိုတဲ့အမည်နဲ့ပဲ လုပ်ဖြစ်ခဲ့တာပါ။

MODA. မြန်မာနိုင်ငံက အနုပညာသမား တော်တော်များများဟာ မြန်မာနိုင်ငံထဲမှာပဲ Lock ကျနေတယ်လို့ ၂၀၁၆၊ ဧပြီလထုတ် MODA Magazine မှာ ဖွေးဖွေး ဖြေခဲ့ဖူးတယ်။ အခုကော အဲဒီလိုပဲ ယူဆမိဆဲလား။

Phway. အခုကတော့ နည်းနည်းလေး စပွင့်လာပြီလို့ ပြောရမယ်။ ဆင်ဆာတွေက အစပေါ့။ ဖွေးတို့ လွန်ခဲ့တဲ့ လေးနှစ်က ရိုက်ခွင့်မရတဲ့ကားမျိုးတွေ ရိုက်လို့ ရလာပြီ။ ရုံတင်ခွင့်တွေ ရလာပြီ။ ဥပမာ - သမ္မတကြီးထံ ပေးစာပေါ့။ တဖြည်းဖြည်းနဲ့တော့ Lock က ပွင့်လာပြီ။ ဒါပေမဲ့ တကယ်တမ်း သတ္တိရှိရှိနဲ့ အမှန်အတိုင်း ရဲရဲကြီး ကြည့်ကြည့်မယ်ဆိုလို့ရှိရင် နှစ်ခေတ်လောက် နောက်ကျနေပြီ။ နိုင်ငံတကာက ရုပ်ရှင်တွေနဲ့ ယှဉ်ရင်ပေါ့။ သူများတွေက Creative အရမ်းဖြစ်ပြီး အသစ်အသစ်တွေ ထွင်ရိုက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံက ဆင်ဆာဆိုတာကြီးနဲ့ ပိတ်မိနေခဲ့တယ်။ အဲဒီမှာ ဦးနှောက်ထဲက အတွေးသစ်တွေက Lock ကျသလို ဖြစ်ခဲ့တယ်။ အခုချိန်မှာ ပြန်ပွင့်လာနေပြီဆိုပေမယ့်လည်း ရုတ်တရက်ကြီး အသစ်ကို ထုတ်ဖို့ ခက်နေကြတယ်။ Lock ကျတဲ့အချိန်တွေ ကြာခဲ့တာကိုး။

ရုပ်ရှင်ပွဲတော်တစ်ခုတုန်းက ဆုရတဲ့ကားလေးတစ်ကားကို ဖွေး အခု သတိရမိတယ်။ အဲဒီပွဲကို အမေစုလည်း တက်ခဲ့တယ်လေ။ ဗီဒီယိုက တိုတိုလေးပါ။ ဖွေး အရမ်းကြိုက်တယ်။ စပြပြချင်းမှာ ဖားလေးတစ်ကောင်က ခုန်ခုန်နေတာ။ နောက်တော့ သူ့ကို ဖန်ပေါင်းချောင်တစ်ခုနဲ့ အုပ်ပစ်လိုက်တယ်။ ဖားလေး ခုန်လိုက်ရင် သူ့ခေါင်းနဲ့ တိုက်မိပြီး ပြန်ပြန်ကျတယ်။ ခေါင်းတိုက်ပါများတော့ မခုန်တော့ဘူး။ ဖားလေး ငြိမ်နေတော့တယ်။ အချိန်ကာလတစ်ခု ကြာသွားပြီး ရာသီဥတုတွေ ပြောင်းသွားတာ ပြတယ်။ အဲဒီဖန်ပေါင်းချောင်ကို ပြန်ဖယ်ပေးလိုက်တဲ့အခါ ဖားလေးက ရုတ်တရက် မခုန်တတ်တော့ဘူး။ အဲဒီလိုပေါ့နော်။ အတွေးတွေကို ပိတ်ပင်တာ ခံခဲ့ရတယ်၊ ချုပ်ချယ်တာ ခံခဲ့ရတယ်ဆိုတော့ အတွေးတွေ ပြန်ပွင့်လာဖို့က ကျင့်ယူရဦးမှာပေါ့။

MODA. သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားကြီးတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် စိတ်အကျေနပ်မိဆုံး ရုပ်ရှင်ဆိုရင် . . . ။

Phway. ပြောရရင် စိတ်အကျေနပ်ဆုံး ရုပ်ရှင်ရယ်လို့ မရှိဘူး။ အကုန်လုံးကို ကျေနပ်တာပဲ။ ရွေးပြောရမှာ ခက်တယ်။ တစ်ကားနဲ့ တစ်ကားကလည်း မတူဘူးလေ။ ရွှေကြာ ရုံတင်တုန်းကဆို ရွှေကြာကို ကြည့်ပြီး အရမ်း ကျေနပ်တယ်။ နောက် သမ္မတကြီးထံ ပေးစာ ရုံတင်တော့လည်း ထပ်ကျေနပ်ပြန်ရော။ အခု မုန်းစွဲရုံတင်နေတယ်။ ဖွေး ကြည့်ပြီး ကျေနပ်နေတာပဲ။ ထပ်ရိုက်နေရတဲ့ကားတွေကိုဆိုရင်လည်း ပိုပိုပြီး ကြိုးစား သရုပ်ဆောင်တယ်။ လျှော့ချလိုက်တယ်ရယ်လို့တော့ မရှိပါဘူး။ သရုပ်ဆောင်ခဲ့တာတွေကို ကျေနပ်တာတွေချည်းပါပဲ။

MODA. ဒါဆို ကိုယ့်သရုပ်ဆောင်မှုကို အားမလို အားမရဖြစ်ရတဲ့ရုပ်ရှင်ရယ်လို့ မရှိဘူးပေါ့။

Phway. ရုံတင်ကားတွေထဲမှာတော့ မရှိဘူး။ ဗီဒီယိုခေတ်တွေတုန်းကသာ ရှိခဲ့တယ်။ အဲဒီတုန်းက ငယ်လည်း ငယ်သေးတာရယ်၊ အတွေ့အကြုံတွေ ရှာချင်သေးတာရယ်ကြောင့် ဒါရိုက်တာပေါင်းစုံ၊ လူပေါင်းစုံနဲ့ ဇာတ်လမ်းတွေ ရိုက်ခဲ့ဖူးတယ်။ သိပ်ပြီး မရွေးချယ်ခဲ့မိဘူး။ အဲဒီကာလတွေတုန်းက ဒီအလုပ်ကို မချစ်ဘဲ လုပ်သာလုပ်နေကြတဲ့လူတွေကိုလည်း တွေ့ခဲ့ရတယ်။ စကားမတည်တဲ့လူတွေကိုလည်း တွေ့ခဲ့ရတယ်။ အမှားတွေကိုလည်း အများကြီး ကြုံခဲ့ရတယ်။ အဲဒီအတွေ့အကြုံတွေ ရပြီးကာမှ ရုပ်ရှင်တွေကို စိစစ်ရွေးချယ်ပြီး လက်ခံရိုက်ကူးရမယ်ဆိုတဲ့ သင်ခန်းစာ ရခဲ့တာ။

MODA. ဖွေးဖွေးကို ရုပ်ရှင်လောကထဲ ရောက်လာစေတဲ့အထိ သရုပ်ဆောင်ပိုး ဝင်စေခဲ့တဲ့ မင်းသား၊ မင်းသမီးတွေက ဘယ်သူတွေများလဲ။

Phway. ဟိုးငယ်ငယ်လေးတုန်းက အန်တီ မို့မို့မြင့်အောင်ရဲ့ ကျားခင်စိန်ကို ကြည့်ပြီး ကြိုက်ခဲ့တယ်။ နောက် ဦးကျော်ဟိန်းရဲ့ကားတွေကို ကြိုက်တယ်။ နိုင်ငံခြားကဆို Jim Carrey ပေါ့။ သူ ဟာသမြောက်အောင် သရုပ်ဆောင်တာတွေကို အရမ်း ကြိုက်တယ်။ ပြောရရင် ကြိုက်ခဲ့သူတွေက အများကြီးပဲ။ ကလေးဘဝကတည်းက သရုပ်ဆောင်တာကို ရူးမှန်းမသိ ရူးခဲ့တာ၊ လိုက်လုပ်ကြည့်ခဲ့တာပဲ။ နောက် တရုတ်ကားတွေထဲက လိပ်ဘိုးဘိုးနဲ့ လိပ်မြေးလေးကို ကြည့်မိပြီး လိပ်ဘိုးဘိုးရဲ့အိုက်တင်တွေ အတုခိုး လိုက်လုပ်ကြည့်ခဲ့တယ်။ ကာတွန်းကားတွေထဲကဆိုလည်း Disney က ရိုက်တာတွေထဲက ဇာတ်ကောင်ကလေးတွေ ဖြစ်ချင်ခဲ့တာပဲ။ ဘာကြည့်ကြည့် ရုပ်ရှင်တစ်ကားကို ကြိုက်မိပြီဆိုရင် အဲဒီကားထဲက ဇာတ်ကောင် တစ်ကောင်ကောင်တော့ လိုက်ဖြစ်ချင်ခဲ့မိတယ်။

MODA. ဒါရိုက်တာ ကိုဇော်ဇော် (Ad Leono) က Facebook မှာ Method Acting နဲ့ပတ်သက်ပြီး ပို့စ်တစ်ခုတင်တုန်းက " ကျွန်တော်နဲ့အတူ အလုပ်လုပ်ဖူးတဲ့ အခုလက်ရှိ မြန်မာသရုပ်ဆောင်တွေထဲမှာ Method Acting ကို ရင်းနှီးသဘောပေါက် မြည်းစမ်းဖူးတဲ့သရုပ်ဆောင် သုံးဦး ရှိပါတယ် " လို့ ဖော်ပြခဲ့ဖူးတာ အစ်ကို မှတ်မိနေတယ်။ အဲဒီသုံးဦးထဲမှာ ဖွေးဖွေးပါနေတာလည်း တွေ့ရတယ်။ ဒီတော့ကာ ကိုဇော်ဇော်နဲ့ အလုပ်တွဲလုပ်ဖူးတဲ့အတွေ့အကြုံတချို့ကို ပြောပြလို့ ရမလား။

Phway. ဖွေးကလေ Acting ကို ကျောင်းတက်ပြီး သင်ယူလာခဲ့ရတာမဟုတ်ဘူး။ အပြင်မှာ လျှောက်သွားပြီး သင်ယူတယ်။ ဆရာတွေက သင်ပေးတယ်။ ကိုဝိုင်းက ဖွေးရဲ့ဆရာဆိုပေမယ့် ကိုဇော်ဇော် (Ad Leono) ကတော့ ဖွေးရဲ့လက်ဦးဆရာပါ။ ရုပ်ရှင်ရိုက်ဖို့ လုံးဝ အဆင်သင့် မဖြစ်သေးပါဘူးဆိုတဲ့အချိန်မှာ ဖွေးကို အတင်းခေါ်ပြီး ' သမုဒယ ' ဆိုတဲ့ကားကို ရိုက်ခဲ့တာ။ အဲဒီတုန်းက ဖွေး ကျောင်းလည်း မပြီးသေးဘူး။ ပြီးတော့ ငယ်ငယ်ကတည်းက စိတ်ကူးခဲ့တာတစ်ခုက ရုပ်ရှင် စရိုက်ဖြစ်ခဲ့ရင် Extreme ဖြစ်တဲ့ Character အကြီးကြီးကို စသရုပ်ဆောင်မယ်ဆိုတာပဲ။ ' သမုဒယ ' ရုပ်ရှင်ကတော့ အခုထက်ထိ ထွက်မလာသေးပါဘူး။ ' လက်ပံ ' က ' သမုဒယ ' မှာ သရုပ်ဆောင်ဖူးပြီးမှ ရိုက်ရတာ။

အန်တီမို့ဆိုလည်း ဖွေးရဲ့လက်ဦးဆရာပဲ။ ဦးမျိုးမင်း(ရင်တွင်းဖြစ်) လည်း ပါတယ်။ ဒါ ဖွေး သရုပ်ဆောင်လောကထဲ စဝင်ခဲ့ချိန်မှာ တွေ့ခဲ့ရတဲ့ လက်ဦးဆရာတွေပေါ့။ ကိုဇော်ဇော်နဲ့ အလုပ်တွဲလုပ်ခဲ့ဖူးတုန်းက မှတ်မှတ်ရရ ရှိတာတစ်ခုက ဖွေး Mood အပြည့်နဲ့ သရုပ်ဆောင်ပြီးရင် မော်နီတာကို ပြန်ကြည့်ခွင့်မပေးတာပဲ။ ပြန်ကြည့်မိလို့ကြောင့် ငါ ငိုနေတဲ့အခါ နှာခေါင်းကြီးက ပွနေပါလား၊ ငါ ဘယ်လိုနေရင် လှတယ်၊ ဘယ်လိုနေရင် မလှဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားရင် Acting ကို ထိခိုက်စေတယ်တဲ့။ အဲဒါကြောင့် ဖွေးက Mood ကိုပဲ အပြည့်သွင်းတတ်သွားတယ်။ ရုပ်ဆိုးမှာ ဘာညာကို ဂရုမစိုက်တတ်တော့ဘူး။ အဲဒီကတည်းက မော်နီတာကို တစ်ခါမှ ပြန်မကြည့်တော့တဲ့အတွက် ဖွေးရဲ့ရုပ်ရှင်တွေ ရုံတင်ဖို့ကို ဖွေးကိုယ်တိုင်က အရမ်း မျှော်နေတတ်တာ။ ဖွေး သရုပ်ဆောင်ထားတာ ဘယ်လိုများ ဖြစ်နေမလဲဆိုပြီး စောင့်မျှော်ရတာ အရမ်း ရင်ခုန်စရာကောင်းတယ်လေ။

MODA. ဒါရိုက်တာ ကိုဏကြီးနဲ့လည်း နှစ်ကား ရိုက်ခဲ့ဖူးတယ်နော်။ ကိုဏကြီးနဲ့ အလုပ်တွဲလုပ်ရတာ ဘယ်လိုနေသလဲ။

Phway. ဟုတ်တယ်။ နှစ်ကားပဲ။ ကိုဏကြီးနဲ့ အလုပ်တွဲလုပ်ရတာ အရမ်းကောင်းတယ်။ သူနဲ့ ရိုက်ခဲ့တဲ့ ဘိုမတို့၊ ဘယ်ကလာလဲ ဘာလုပ်နေလဲ ဘယ်ကို သွားမှာလဲတို့သာ ဒီခေတ် ဒီအချိန်မှာ ထွက်မယ်ဆိုရင် အဲဒီတုန်းကထက် ပိုပြီး အောင်မြင်မယ်လို့ ထင်တယ်။ အဲဒီတုန်းက နှစ်ကားကို မသိခဲ့သူတွေ ရှိတယ်။ ကြည့်ခဲ့တဲ့သူတွေထဲမှာလည်း အစ်ကိုတို့ ဖွေးတို့လို လူတွေသာ ကြိုက်ကြမှာလေ။ တစ်နိုင်ငံလုံး ကြိုက်ကြဖို့ကတော့ မလွယ်ဘူး။ ဒီမှာ သိပ်တွေ့ရတဲ့ကားမျိုးတွေလည်း မဟုတ်ဘူးလေ။

MODA. ရုပ်ရှင် ရိုက်ပြီးသွားတာတောင်မှ ရုပ်ရှင်ထဲက ဇာတ်ကောင်စရိုက်က အပြင်အထိ လာရောက်လွှမ်းမိုးခံထားရတာမျိုး ကြုံဖူးလား။ ဘယ်ကားရိုက်တုန်းက ကြုံခဲ့ဖူးတာလဲ။

Phway. ကြုံဖူးတယ်။ ကားတိုင်းပါပဲ။ ဘာလို့လဲဆိုတော့ ဖွေးက သရုပ်ဆောင် ကောင်းပြီး ပရိသတ်အပေါ်မှာ တာဝန်ကျေချင်တယ်။ ကိုယ့်တာဝန်ကိုလည်း အပြည့်ယူတတ်သူ ဖြစ်ချင်တယ်။ ဇာတ်ကောင်အပေါ်မှာလည်း သစ္စာရှိချင်တယ်။ ဖွေးက ဖြစ်ချင်တဲ့လောဘကြီးတော့ အတင်း Mood သွင်းပြီး သရုပ်ဆောင်ပစ်တာ။ ရုပ်ရှင်ရိုက်ပြီးသွားရင် လူက ကြောင်တောင်တောင်ကြီး ဖြစ်ကျန်ခဲ့ရော။ ဖွေး တစ်နှစ်ကို လေးကားလောက် ရိုက်ဖြစ်တယ်။ တစ်ကားရိုက်ပြီးရင် တစ်လ အနားယူတယ်။ နောက်တစ်ကားအတွက်ဆိုရင်လည်း တစ်လ ကြိုတင်ပြင်ဆင်တယ်။ ကြားထဲမှာ နှစ်လလောက် နားသလို ဖြစ်တာပေါ့။ အဲဒီအချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်၊ ပြန်ပြင်ဆင်၊ ဆံပင်ပုံစံတွေ ပြန်ပြောင်းနဲ့ အများကြီး လုပ်ရတယ်။ ဖွေးက မြန်မာ့ရုပ်ရှင်လောကထဲမှာ နောက်ကွယ်က လူတွေ များလာစေချင်တယ်။ ဥပမာ - Wardrobe စီစဉ်တဲ့ သူမျိုးတွေပေါ့။ Actor အနေနဲ့ ရိုက်ကွင်းကို လူချည်းပဲ လာစရာလိုတဲ့အဆင့်အထိ ရောက်လာစေချင်တယ်။ အခုလက်ရှိကျ ဆံပင်၊ မိတ်ကပ်ပိုင်းက လွဲပြီး ကျန်တာ အကုန်လုံးကို မင်းသမီးက လုပ်နေရသေးတာလေ။

MODA. ဘိုမနဲ့ ကျူးပစ်ရဲ့ကျေးကျွန်များ ရုပ်ရှင်တွေမှာ ဖွေးကိုယ်တိုင် သီချင်းတွေ ဆိုခဲ့တယ်။ ဆိုခဲ့ဖူးတဲ့အမှတ်တရတွေ ပြောပြပါလား။ တခြားရုပ်ရှင်တွေမှာကော ဆိုခဲ့ဖူးတာ ရှိသလား။

Phway. မရှိဘူး။ အဲဒီနှစ်ကားမှာသာ ဆိုခဲ့ဖူးတာ။ အဲဒီတုန်းက ဆိုဖြစ်ခဲ့တာကလည်း အဲဒီကားတွေအတွက် ဆိုခဲ့တာမဟုတ်ဘူးရယ်။ အဆိုတော်လုပ်ဖို့ အစီအစဉ်လည်း မရှိဘူး။ ဒီအတိုင်း Underground မှာ နေဖို့သာ စိတ်ကူးရှိတာ။ ကိုယ်တိုင် တကယ် ကျွမ်းကျင်ပြီး လုပ်နိုင်တဲ့အလုပ်နဲ့ Professional လုပ်မယ်လို့သာ ရည်မှန်းထားခဲ့တာလေ။

သီချင်းဆိုတာက အနုပညာတွေထဲမှာ ဖွေး ဝါသနာပါတဲ့တစ်ခုသာပါ။ သီချင်းလေးတွေကို ဆိုကြည့်ပြီး အကြမ်း သွင်းထားတာတွေ ဖွေးမှာ ရှိတယ်။ ဘိုမနဲ့ ကျူးပစ်ရဲ့ကျေးကျွန်များတို့မှာက ဒါရိုက်တာတွေကို ဖွေး အကြမ်းသွင်းထားတာတွေ ဖွင့်ပြလိုက်တာ။ ဒီကားနဲ့ လိုက်မယ် ထင်တယ်၊ သုံးလို့ ရမလားဆိုတော့ သူတို့က လိုက်တယ်၊ သုံးမယ်ဆိုပြီး သုံးဖြစ်ခဲ့တာ။ အဆိုပိုင်းမှာ Professional မဟုတ်တော့ ဖွေး ဘာပိုက်ဆံမှတော့ မယူခဲ့ဘူး။ ဒါပေမဲ့ ' ဘိုမ ' တုန်းက Production ကနေ Electric Guitar တစ်လုံး လက်ဆောင်ပေးတယ်။ ကျူးပစ်ရဲ့ကျေးကျွန်များတုန်းကတော့ ဘာလက်ဆောင်မှ မရဘူး။

MODA. ဖွေးရဲ့ဆရာတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ဝိုင်းဆီမှာ ဖွေး လေးစားအားကျရတဲ့အချက်တွေက ဘာတွေများလဲ။

Phway. ဆရာဝိုင်းက ကောင်းတဲ့အချိန်မှာရော ဆိုတဲ့အချိန်မှာပါ လုံးဝ လိုက်မမီတဲ့အတွက်ကို ကိုယ့်ဆရာလို့ သတ်မှတ်ထားတာပေါ့နော်။ ကိုဝိုင်းက သူငယ်ငယ်တုန်းက ဖြတ်သန်းခဲ့တဲ့ဘဝအကြောင်းတွေကိုလည်း အများကြီး ပြောပြတယ်။ ဖွေးတို့အရွယ်တုန်းက သူ အရမ်း ပျက်စီးခဲ့တဲ့အကြောင်းတွေ ပြောပြတယ်။ ငယ်ဘဝတစ်ပိုင်းမှာ လွတ်သွားခဲ့တဲ့အတွက် အသက်နည်းနည်းကြီးသွားတဲ့အခါ ဒါရိုက်တာအဖြစ်နဲ့ ပြန်ပြီး ကြိုးစားခဲ့ရတာတွေက အစပေါ့။ ဒါရိုက်တာကြီးဖြစ်လာတော့ Team Work ဖြစ်အောင် သူ လုပ်လာနိုင်ခဲ့တယ်။ ဖွေးဆို သူ့လို ခေါင်းရှုပ်တာတွေ မခံနိုင်ဘူး။ ပြီးတော့ ကိုဝိုင်းက စိတ်ရှင်းအောင် နေတတ်တယ်။ သူ့စိတ်ထဲ ရှိတာတွေကိုလည်း ပါးစပ်ကနေ အကုန် ထုတ်ပြောတတ်တယ်။ လေးစားအားကျရတဲ့အချက်တွေက အများကြီးပါပဲ။

MODA. နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်ရတဲ့အတွက် စိတ်ပင်ပန်းလေးလံရတဲ့ကိစ္စတွေထဲမှာ ဖွေးဖွေးကို စိတ်အပင်ပန်းဆုံး ဖြစ်စေတဲ့ကိစ္စက ဘာလဲ။

Phway. တစ်ခါတလေ ကိုယ့်ကို ခင်မင်မှုအရဖိတ်တဲ့ပွဲတစ်ခုကို သွားရတဲ့အခါ၊ တခြားသူတွေ သရုပ်ဆောင်ထားတဲ့ရုပ်ရှင်တွေ သွားကြည့်တဲ့အခါ ကိုယ်နဲ့လည်း မချိန်းထားဘဲ လမ်းကြုံအင်တာဗျူးခံရတော့ အဆင်မပြေဘူး။ တချို့က အရမ်းဆိုးတယ်။ ဖြေသွားပါ၊ ဖြေသွားပါဆိုပြီး အတင်းကြီး ဖြေခိုင်းကြတယ်။ ဖွေးက မဖြေတာ များတယ်။ ဒါပေမဲ့ စိတ် အရမ်းညစ်ရတယ်။

MODA. ဖွေးက အင်တာဗျူးတွေ အများကြီး ဖြေခဲ့ဖူးပြီးသားဆိုတော့ ဖြေခဲ့ဖူးသမျှမေးခွန်းတွေထဲမှာ ဖွေးကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ မေးခွန်းတွေ ရှိမှာပေါ့။

Phway. ရှိတာပေါ့။ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ထဲထဲဝင်ဝင် မေးလွန်းတဲ့မေးခွန်းတွေ။ ပြီးတော့ တချို့ကိုလည်း အဲဒီလို Private Matter တွေ လိုက်လိုက်မေးထားတာတွေ ကြည့်ရတဲ့အခါ သူတို့အစား နေရခက်တယ်။

MODA. အခုချိန်အထိ ဖွေးဖွေး ဖြတ်သန်းခဲ့ဖူးသမျှတွေကို ဓာတ်ပုံတွေ၊ စာသားတွေနဲ့ အမှတ်တရအဖြစ် ဖွေးဖွေးကောက်ကြောင်းတစ်ခုလို ဖော်ပြထားတဲ့စာအုပ်မျိုး ထုတ်ဖို့ စိတ်ကူးရှိသလား။

Phway. အဲဒီလိုတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ဖွေးက အင်တာဗျူးတွေမှာ အရမ်း ညည်းပြတာတို့၊ စိတ်ညစ်စရာတွေကို အရမ်းဖော်ပြတာတို့ သိပ်မလုပ်တတ်ဘူး။ ပျော်စရာတွေ ပြောတယ်၊ လုပ်နေတဲ့အလုပ်အကြောင်းတွေ ပြောတယ်၊ ဒီလောက်ပဲလေ။ တကယ်တမ်း ငယ်ငယ်ကကျ စိတ်ညစ်စရာတွေ အရမ်း များခဲ့တာ။ ငယ်ဘဝက ဒိုင်ယာရီလေးတွေလည်း ရေးဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီအကြောင်းတွေကို နောက်ပြန်လှည့်မကြည့်ချင်တော့ဘူး။ အရှေ့ကိုသာ ဆက်သွားချင်တော့တယ်။

MODA. ဖွေးက ဖတ်ဖြစ်တဲ့စာအုပ်တွေအကြောင်းကိုလည်း အင်တာဗျူးတွေထဲမှာ ထည့်ဖြေတတ်တာ ဖတ်ဖူးတယ်။ ဒီနှစ်ထဲ ဖတ်မိတဲ့စာအုပ်တွေထဲက အမှတ်ရနေတဲ့စာအုပ်တွေကို သိပါရစေ။

Phway. ဒီနှစ်က ဖွေး စာအုပ်ဖတ်ဖြစ်တာ အနည်းဆုံး နှစ်လို့တောင် ပြောရမယ်။ ရုပ်ရှင်တစ်ကား ရိုက်ပြီးရင် တစ်လလောက် ပြန်နားပြီး ကိုယ့်စိတ်ကို ပြန်ရှင်းနေရတာနဲ့ပဲ စာအုပ်တွေ သိပ်မဖတ်ဖြစ်ခဲ့ဘူး။ ဒီနှစ်မှာ နောက်ဆုံး ဖတ်ဖြစ်ခဲ့တဲ့စာအုပ်က ' ဂရုမစိုက်ခြင်းအနုပညာ ' ပဲ။ တစ်ဝက်လောက် ဖတ်ဖြစ်ခဲ့တယ်။

MODA. ကိုယ်ကိုယ်တိုင်သိတဲ့ ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေထဲမှာ ပြင်ချင်ပါလျက်နဲ့ အခုထိ ပြင်မရသေးတဲ့အကျင့်မျိုး ရှိလား။

Phway. ရှိတယ်ပြောရမယ်။ ဘီယာတွေ အရမ်း သောက်တတ်တယ်။ ရှုတင်ရှိရင်တော့ ဆင်ခြင်ပေမယ့် မရှိရင် လွှတ်သောက်တတ်တာ။ အဲဒီတော့ ဗိုက်ပူလာတာပေါ့။ အိမ်ကလည်း ပေးသောက်တယ်လေ။ ဒီအကျင့်ကတော့ Bad Habit လို့ ထင်တာပဲ။

MODA. ဘဝရဲ့အမှတ်တရတွေကို ခန္ဓာကိုယ်ပေါ်မှာ မှတ်ကျောက်တင်တဲ့အနေနဲ့ တက်တူးထိုးလေ့ရှိတယ်လို့ ဖွေးဖွေးက ပြောဖူးတယ်။ နှင်းဆီပန်းတက်တူး၊ လက်ပံတက်တူး၊ သက်တံ့သစ်တက်တူးတွေအပြင် အသစ်ထိုးဖြစ်ထားတဲ့ တက်တူးတွေကော ရှိနေပြီလား။

Phway. ဖွေးထင်တာ လူတိုင်းမှာ ကိုယ်စီ ရူးသွပ်ကြတာတွေ ရှိတယ်လေ။ တချို့က Body Structure လှတာကို ဂရုစိုက်ကြတယ်။ တချို့က နာမည်ကြီး Brand တွေ ဝတ်ရတာကို ကြိုက်တယ်။ ဖွေးကကျ ကိုယ့်ခံစားချက်တွေကို ဖော်ပြနိုင်တဲ့တက်တူးမျိုးတွေ ထိုးထားရတာကို ကြိုက်တယ်။ တက်တူးကို အသက် ၂၀ လောက်ကပဲ စထိုးခဲ့ဖူးတာ။ ဒါပေမဲ့ ကိုပြေတီဦးတို့မင်္ဂလာဆောင်မှာ အင်္ကျီကို ကျောကုန်းအဟိုက် ဝတ်ရတော့မှ လူတွေ စသိသွားကြတာပါ။ ဖွေးက တက်တူးထိုးပြီးရင် သိမ်းဖွက်ထားရတာပဲ ကြိုက်တယ်။ ဖော်ပြမထားချင်ဘူး။ ထပ်ထိုးချင်နေတဲ့တက်တူးတွေလည်း အများကြီး ရှိသေးတယ်။ ဒီအလုပ်နဲ့မို့သာ တချို့နေရာတွေကို ထိုးလို့ မရသေးတာ။ အရမ်းကို မိန်းမပီသပြရတဲ့ကားမျိုးတွေ၊ နုနုနယ်နယ် မိန်းမသားဘဝကို သရုပ်ဆောင်ပြရတဲ့ကားမျိုးတွေနဲ့ တောဓလေ့စရိုက်တွေကို သရုပ်ဆောင်ပြရတဲ့ကားမျိုးတွေမှာ သရုပ်ဆောင်နေရသေးတာမို့ လူမြင်ရတဲ့၊ ဖော်ထားရတဲ့နေရာတွေမှာ ထိုးလို့ မရသေးဘူး။ ဆင်ခြင်နေရတယ်။

MODA. Brand Ambassador အဖြစ် တာဝန်ယူဖို့ ကမ်းလှမ်းခံရတဲ့အခါ ဘယ်အချက်တွေကို ကြည့်ပြီး လက်ခံမယ်၊ လက်မခံဘူးလို့ ဆုံးဖြတ်လေ့ရှိသလဲ။

 

Phway. International Brand ဖြစ်ရင် ဖွေး ပိုပြီး သဘောကျတယ်။ အခုဆို Pond's Skin Care ရဲ့ Ambassador ၊ Samsung ရဲ့ Ambassador နဲ့ iflix ရဲ့ Ambassador အဖြစ် တာဝန်ယူထားတယ်။ ဒီ Brand တွေက International Brand တွေ။ သူတို့ရဲ့ Image ကလည်း ကောင်းပြီးသား၊ ကိုယ့် Image ကလည်း ကောင်းပြီးသားဆိုတော့ နှစ်ယောက်ရဲ့ပါဝါကို ပေါင်းလုပ်ရတာလို့ ပြောရမယ်။ Brand ပစ္စည်းအသစ်ကြီးတစ်ခုရဲ့ Ambassador လုပ်ရတာထက် ဒီလိုမျိုး Brand တွေရဲ့ Ambassador လုပ်ရတာကို ပိုကြိုက်တယ်။

MODA. ဖွေးဖွေးဖြစ်တည်နေရတဲ့ဘဝနဲ့ပတ်သက်ပြီး ဘယ်အချက်ကို အကျေနပ်မိဆုံးလဲ။

Phway. ဖွေးရဲ့အနုပညာကို ကြိုက်တဲ့ပရိသတ်တွေက အမြဲတမ်း အရှေ့က ရပ်ပြီး မားမားမတ်မတ် ကာကွယ်ပေးတာကို အံ့ဩလောက်အောင် ကျေနပ်မိတယ်။ ဖွေး Body Shaming လုပ်ခံရတဲ့အချိန်တို့၊ ဖွေး မတော်တဆ အရှက်ကွဲသွားတဲ့အချိန်တို့မှာ ပရိသတ်တွေက We stand with Phway Phway ဆိုပြီး ရပ်တည်ပေးကြ၊ အားပေးကြတာ အရမ်း စိတ်ချမ်းသာရတယ်။ သူများက ချောက်ချလို့ မတော်တဆ ချောက်ကျသွားခဲ့ရင်လည်း ပရိသတ်တွေ အမြဲတမ်း ရှိနေပေးကြလို့ ကြောက်စိတ်တွေ လျော့ပါးရတယ်။ ဒါတွေကို ကျေနပ်မိတာပါပဲ။

MODA. နောက်နှစ်ထဲမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကိုသာ ပြုပြင်ဖြစ်မယ်ဆိုရင် ဘယ်အစိတ်အပိုင်းကို ပြုပြင်ချင်သလဲ။ ဘာလို့လဲ။

Phway. ဖွေးရဲ့ခြေသန်းလေးကို ပြင်ချင်တယ်။ ဒေါက်ဖိနပ်စီးတာ များတော့ အခုဆို နည်းနည်း ကောက်နေတယ်။ အရိုး၊ အဆစ်က ဖြောင့်လို့ရတယ်ဆိုပြီး ဖွေးရဲ့ဘကြီး အရိုးဆရာဝန်တစ်ယောက်က ပြောတယ်။ လုပ်မလားတဲ့။ ဖွေးက လုပ်တော့ လုပ်ချင်ပေမယ့် မလုပ်ရဲသေးဘူးလို့ ပြန်ပြောထားတယ်။ ဒီမှာ ကြည့်ပါဦး၊ ဖွေးခြေသန်းလေး ကွေးနေကောက်နေတာ။ အရင်ကဆို ဖြောင့်နေတာပဲ။

MODA. ၂၀၁၉ အတွက် ဖွေးရဲ့ New Year Resolution က . . . ။

Phway. ၂၀၁၉ မှာ ' ပပဝတီစီရင်ခန်း ' ဆိုတဲ့ကားကို ရိုက်မယ်။ ပြီးတော့ ပရိသတ်တွေအတွက် ထူးခြားတဲ့ Character လေး ပါတဲ့တစ်ကား ရိုက်မယ်။ အဲဒါပြီးရင် ဖွေး အနားယူမယ်။ အရှေ့မှာ လုပ်ဖြစ်ခဲ့တဲ့အလုပ်တွေကို ပြန်သုံးသပ်မယ်။

MODA. နောက်ဆုံးမေးခွန်းအနေနဲ့ ဖွေးရဲ့ Favourite Quote ကို မေးပါရစေ။

Phway. Live the Truth.

Editor : Lu Thar Man



Share this article

TOP 5 ARTICLES


People   |   Posted on Apr 12, 2019

ပင်လယ်ပျော် Thin Zar Wint...


Beauty Box   |   Posted on Apr 10, 2019

L’Oreal Paris ရဲ့ အထူး S...


Celebrity Beauty   |   Posted on Apr 9, 2019

"KILL THIS LOVE" MUSIC VI...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.