Opinions   |   Posted on Jan 22, 2018 by Moe Thandar Lwin

ကျောင်းက သင်မပေးလိုက်တဲ့ Body Language


သင့်ရဲ့ Body Language ကြောင့် သင့် တက်လမ်းတွေကို မပိတ်မိပါစေနဲ့နော်

Share this article

လူတွေ တစ်ဦးနဲ့ တစ်ဦးစကားပြောကြတဲ့အခါမှာ Body Language လို့ခေါ်တဲ့ ကိုယ်နေဟန်ထားအမူအရာက အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် စီးပွားရေးအရတွေ့ဆုံမှုတွေနဲ့ လူကြီးသူမ ကိုယ်လေးစားချစ်ခင်ရတဲ့သူတွေနဲ့ တွေ့ဆုံတဲ့အခါ မှားယွင်းတဲ့အပြုအမူတွေ၊ အမြင်ရိုင်းတဲ့အပြုအမူတွေဖြစ်မနေဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေ ဘာလိုစကားမှပြောစရာမလိုအောင် နောက်ပြီး ဘယ်လိုလုပ်ရပ်နဲ့မှ သက်သေပြစရာမလိုအောင် တစ်ဦးနဲ့ တစ်ဦး ကနဦးယုံကြည်မှုရရှိကြတာဟာ ဒီကိုယ်နေဟန်ထားအပြုအမူ Body Language ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်မတို့လည်း နေ့စဉ်ဘ၀မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံကြရတဲ့အခါ မှန်ကန်တဲ့ Body Language ဖြစ်အောင် ဘယ်လိုနေထိုင်ကြရမလဲ ကြည့်ကြည့်ရအောင်နော်။

ပထမဆုံးပြောချင်တာကတော့ ကိုယ်လုပ်လိုက်တဲ့အပြုအမူတိုင်း၊ လက်ဟန်ခြေဟန်တိုင်းဟာ စွမ်းအားပြည့်အပြုအမူတွေဖြစ်နေဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အတွင်းအပြင်သဏ္ဍာန်အားလုံးအပေါ် ယုံကြည်မှုရှိတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ နောက် ကိုယ်နဲ့ ထိတွေ့ဆက်ဆံတွေ့ဆုံနေရတဲ့သူအပေါ် လေးစားချစ်ခင်မှု၊ လက်ရှိတည်ရှိနေတဲ့အချိန်ဟာ တန်ဖိုးရှိတဲ့အချိန်ဆိုတာအပေါ် သေချာမှုစတာတွေကို ကိုယ်စားပြုတဲ့ လှိုက်လှဲပြူငှာပြီး ယုံကြည်မှုရှိရှိယဉ်ကျေးတဲ့ Body Language ဖြစ်နေရမှာပါနော်။ ဒါကို စွမ်းအားပြည့် အပြုအမူတွေလို့ခေါ်ပါတယ်။ ဒီလိုအပြုအမူမျိုးနဲ့ ဆက်ဆံမှသာလျှင် သူရောကိုယ်ရော ရင်းနှီးကျွမ်းဝင်ပြီး ပျော်စရာကောင်းတဲ့ နောက်ပြီး တန်ဖိုးရှိတဲ့ တွေ့ဆုံဆက်ဆံမှုကို ရရှိနိုင်မှာပါ။

နောက်တစ်ချက်ကတော့ သူတစ်ပါးရဲ့ ပြောစကားကို လေးစားစွာနဲ့ နားထောင်နေပါတယ်ဆိုတဲ့ အပြုအမူမျိုးကို ဘယ်သောအခါမှ မေ့မနေပါနဲ့။ အခုနောက်ပိုင်း လူတွေတော်တော်များများဟာ တစ်ယောက်စကားပြောနေတဲ့အခါ ဖုန်းပွတ်နေတာမျိုး၊ ဆံပင်သပ်နေတာမျိုး၊ တခြားနေရာကိုကြည့်နေတာမျိုးတွေ၊ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်နေတာတွေကစလို့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဂဏာမငြိမ်လှုပ်ရှားပြနေတာမျိုးတွေ လုပ်ပြတတ်တာသိပ်များပါတယ်။ တကယ်တော့ ဒါဟာ တစ်ဖက်လူကို မလေးစားတဲ့ ရိုင်းစိုင်းတဲ့အပြုအမူမျိုးတွေဖြစ်နေတယ်ဆိုတာကို သူတို့ သတိမထားမိကြပါဘူး။ အထူးသဖြင့် Meeting တွေဝင်တဲ့အခါ၊ လုပ်ငန်းကိစ္စစကားပြောဆိုတဲ့အခါ၊ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံရတဲ့အခါ သင့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေနဲ့ အလာဘသလာဘပြောသလို ဆက်ဆံလို့မရတာတော့ အသေအချာပါပဲ။ Eye Contact ထားပါ။ ပြောသူရဲ့ မျက်လုံးကို အလေးထားပြီးကြည့်ပေးပါ။ သူပြောတဲ့အကြောင်းအရာတွေနဲ့ လိုက်လျောညီထွေတဲ့ အံ့သြမှု၊ ကျေနပ်မှု၊ အလေးထားမှုနဲ့ ၀မ်းနည်းစိတ်မကောင်းမှု စတဲ့ ခံစားချက်အပြုအမူတွေကို သူ့နေရာနဲ့သူ အံဝင်ဂွင်ကျအောင် သုံးတတ်ဖို့ လိုအပ်ပါသေးတယ်။

ထိတွေ့ဆက်ဆံဖို့လည်း ကြောက်ရွံ့နေသလိုလို၊ ရှက်ရွံ့နေသလိုလိုစသည်ဖြင့် လုပ်ချင်သလိုလို၊ မလုပ်ချင်သလိုလို လုပ်နေတာဟာ အလွန်ရိုင်းစိုင်းတဲ့အပြုအမူတစ်ခုပါပဲ။ စတင်ဆုံတွေ့တဲ့အခါ လှိုက်လှိုက်လှဲလှဲ လက်ဆွဲနှုတ်ဆက်ပါ။ ပွေ့ဖက်ပြီးနှုတ်ဆက်သင့်တဲ့သူဆိုရင်လည်း ပွေ့ဖက်ဖို့ မကြောက်ပါနဲ့။ ကိုယ်နဲ့တွေ့ဆုံရမယ့် လူရဲ့ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုတွေအရ ကိုယ်လက်နှီးနှောထိတွေ့ပြီး နှုတ်ဆက်ရမှာတွေကို ကြိုတင်ခန့်မှန်းလေ့လာထားရပါလိမ့်မယ်။ တစ်ပါးသူရဲ့ ယဉ်ကျေးမှုနဲ့ ရင်းနှီးကျွမ်းဝင်မှုတွေကို ငြင်းပယ်တာဟာလည်း တကယ်ရိုင်းတဲ့အပြုအမူဆိုတာကို မမေ့လိုက်ပါနဲ့။

နောက်တစ်ခုက ပြုံးပါ။ လွယ်သယောင်ယောင်နဲ့ခက်နေကြတဲ့အလုပ်ဟာ ပြုံးဖို့ပါပဲ။ မျက်နှာရွှင်အောင်နေပါ။ မျက်နှာရူးအောင်တော့ မနေပါနဲ့။ ပြုံးတဲ့ရယ်တဲ့အခါလည်း တကယ်ပင်ကိုယ်သဘာဝအတိုင်း ပြုံးချလိုက်ရယ်ချလိုက်ပါ။ ပြုံးချင်သလိုလို မပြုံးချင်သလိုလိုလုပ်တာဟာ တစ်ပါးသူကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာကို သိထားရပါလိမ့်မယ်။ နောက်တစ်ခုက ဟာသပြောရင် ရယ်ကိုရယ်ကြရပါလိမ့်မယ်။

ဒါတွေကတော့ ကျောင်းကနေသင်ပေးလိုက်မှာမဟုတ်တဲ့ လူတွေနဲ့တွေ့ဆုံဆက်ဆံတဲ့နေရာမှာ အသုံးပြုရမယ့်ပညာရပ်အနည်းငယ်ပါ။ အခုပြောပြနေတာဟာ အပေါ်ယံပဲရှိနေသေးပြီး တကယ်ပြီးပြည့်စုံပြီး ယုံကြည်မှုရှိတဲ့၊ အများက ချစ်ခင်လေးစားမှုရှိတဲ့၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့လူတစ်ယောက်အဖြစ် ပုံဖော်ချင်တယ်ဆိုရင် Body Language အကြောင်းကို နှံ့နှံ့စပ်စပ်လေ့လာသဘောပေါက်ထားရပါလိမ့်မယ်။ သင် ပြောဆိုလုပ်ကိုင်တာတွေကို နှစ်ဆပိုပြီးအကျိုးရှိစေတဲ့အထဲမှာ မှန်ကန်တဲ့ ကိုယ်နေဟန်ထားအပြုအမူကိုသုံးစွဲနေတာလည်း ပါဝင်ပါတယ်။ ဒါကြောင့် အခု သင်ဟာ ပညာရပ်တစ်ခုခုကို ဆည်းပူးဖို့ စိတ်ကူးရနေသူတစ်ယောက်ဆိုရင်တော့ Body Language ပညာကို လေ့လာဆည်းပူးကြဖို့ တိုက်တွန်းပါရစေ။

 

Editor: Moethae Say



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.