Opinions   |   Posted on Feb 16, 2018 by Moe Thandar Lwin

ပျော်စရာအလုပ်အကိုင်များနဲ့ ရှင်သန်နေထိုင်ကြတဲ့အခါ


“လူတစ်ယောက်ဟာ မှန်ကန်ပြီး စိတ်ပါဝင်စားတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေရမှ နေ့စဉ်ဘ၀ရဲ့ ၆၀ ရာခိုင်နှုန်းက ပျော်ရွှင်နိုင်မှာပါ”

Share this article

လူတွေက နေ့စဉ်ဘ၀မှာ ရှင်သန်ကြရတဲ့အခါ အဓိကအရေးအကြီးဆုံးက ဘယ်အရာလို့ သင်တို့ ထင်ပါသလဲ။ တကယ်တမ်းတော့ နေ့စဉ်ဘ၀ လူတွေရှင်သန်ရေးမှာ အရေးအကြီးဆုံးအချက်က ပျော်ရွှင်မှုပါပဲ။ ကျွန်မတို့တစ်တွေဟာ စိတ်ဝိဥာဉ်တွေ ပျော်ရွှင်ချမ်းမြေ့နေမှ တခြားလူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ ကိစ္စအ၀၀ကို အောင်မြင်စွာ ထမ်းဆောင်နိုင်မှာမို့လို့ပဲဖြစ်ပါတယ်။ ဒါဆို နေ့စဉ်နေ့တိုင်းပျော်ရွှင်တဲ့ဘ၀တစ်ခုကို ရရှိဖို့ ဘာတွေလိုအပ်သလဲဆိုတဲ့ မေးခွန်းတစ်ခုက ထွက်လာပါပြီ။ ဒီမေးခွန်းအတွက်က ဖြေစရာအဖြေတွေ ရေးဖြေနေရရင် ကုန်တော့မှာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလအတွက်တော့ MODA စာဖတ်သူတွေအတွက် အသိပေးချင်မိတဲ့ စကားတစ်ခွန်းပဲရှိပါတယ်။

“လူတစ်ယောက်ဟာ မှန်ကန်ပြီး စိတ်ပါဝင်စားတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေရမှ နေ့စဉ်ဘ၀ရဲ့ ၆၀ ရာခိုင်နှုန်းက ပျော်ရွှင်နိုင်မှာပါ”

နေ့စဉ်နေ့တိုင်း စိတ်ချမ်းသာချင်တယ်ဆိုရင် အရင်ဆုံး ကိုယ်လုပ်နေတဲ့အလုပ်တွေက တကယ်ကို ကိုယ်စိတ်ပါဝင်စားပြီး မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဟုတ်ရဲ့လားဆိုတာကို စဉ်းစားရပါလိမ့်မယ်။ နေ့စဉ်နေ့တိုင်း စိတ်ညစ်စိတ်ဓာတ်ကျနေမိတယ်ဆိုရင်လည်း အဲဒီ့အတိုင်းပဲ စဉ်းစားကြည့်ပါ။ ဒီလိုစဉ်းစားတဲ့နေရာမှာ သင်တို့စဉ်းစားရခက်နေမှာဆိုးလို့ သင်တို့ကိုယ်သင်တို့ မှန်ကန်ပြီး စိတ်ပါဝင်စားတဲ့ အသက်မွေးလမ်းကျောင်းလမ်းပေါ်ရောက်ရော ရောက်နေရဲ့လားဆိုတာကို မေးကြည့်တဲ့နေရာမှာ ကူညီပေးပါရစေ။

အလုပ်လုပ်ရမှာ အားရှိရဲ့လား ?

ရုံးသွားဖို့ အိပ်ရာကထရတာ မနက်တိုင်း လန်းဆန်းနေရဲ့လား။ ဒါမှမဟုတ် ညဘက် အိပ်ရာဝင်တော့မယ်ဆိုရင် မနက်ဖြန်အတွက် အားအပြည့်ရှိရဲ့လား သင် လေ့လာဆန်းစစ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ နေ့တိုင်းလိုလို ငြီးငွေ့ပင်ပန်းပြီး နောက်တစ်နေ့မနက်ရောက်မှာကိုတောင် စိတ်ပျက်ညစ်ညူးနေမယ်ဆိုရင်တော့ သင့်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကတော့ သင်နဲ့ ကိုက်ညီတယ်လို့ ပြောလို့မရပါဘူး။ နေ့စဉ်အလုပ်လုပ်ရမှာကို အားအပြည့်ရှိနေဖို့ လိုအပ်ပါတယ်။ မနက်ဖြန် သင့်ရဲ့ရည်မှန်းချက်တစ်ခု ပြည့်မြောက်တော့မှာမို့လို့ ရန်ခုန်ခံစားနေရသလို သင် အလုပ်သွားရမယ့် မနက်ဖြန်တိုင်းဟာ ထပ်တူရင်ခုန်ခံစားနေရမှ ဖြစ်မှာပါ။

အလုပ်နေရာကရော စိတ်ကျေနပ်မှုရှိရဲ့လား ?

သင့်ရဲ့ရုံးမှာ သင်ရဲ့ အလုပ်စားပွဲ၊ အလုပ်နေရာ အတည်တကျရှိရဲ့လား။ ရုံးကိုရောက်သွားတာနဲ့ သန့်ရှင်းသပ်ရပ်နေတဲ့ သင့်ရဲ့ အလုပ်စားပွဲလေးက သင့်ကို စောင့်ကြိုနေရဲ့လား။ တစ်ခါတစ်လေ ဖြစ်တတ်တာတစ်ခုရှိပါတယ်။ သင့်ရဲ့ရုံးမှာ သင့်ဟာ နေရာအတည်တကျမရပဲ ဟိုလိုဒီလိုဖြစ်နေတာမျိုးပါ။ ဒါကတော့ သင်ဟာ သင့်ရဲ့အလုပ်မှာ နေရာမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သင် ဘယ်လောက်ပဲ ကြိုးစားပြီးလုပ်ပါစေ သင့်ကို အလေးမထားဂရုမစိုက်တဲ့နေရာတစ်ခုမှာ အချိန်အကြာကြီး ပျော်ရွှင်စွာနေနိုင်မှာမဟုတ်ဘူး။ ဒီလို သင့်အတွက် နေရာမရှိတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုမှာ သင် ခိုကပ်ပြီးနေတာဟာ သင့်ရဲ့ ပျော်ရွှင်မှုတွေကို သင် ရိုက်ချိုးနေတာနဲ့ အတူတူပါပဲ။

တန်ပြန်သက်ရောက်မှုရော ရှိရဲ့လား ?

သင့်ရဲ့ အလုပ်အကိုင်ကြောင့် သင် ဂုဏ်တက်ရပါလိမ့်မယ်။ သင့်ကိုယ်တိုင်ကလည်း သင့်ရဲ့ အလုပ်အကိုင်အပေါ်မှာ အမြဲတမ်း ဂုဏ်ယူနေမိရပါလိမ့်မယ်။ သင်နဲ့ သင့်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းရယ်ဟာ တစ်ဖက်နဲ့တစ်ဖက် လေးစားချစ်ခင်နေမှသာ ဒါဟာ မှန်ကန်တဲ့အသက်မွေးဝမ်းကျောင်းလို့ သတ်မှတ်လို့ရမှာပါနော်။ ဒီလိုမှမဟုတ်ပဲ သင်ကိုယ်တိုင်က ကိုယ် ဘာလုပ်သလဲဆိုတာကို လူအများကြားထဲမှာ ချပြဖို့ ရှက်နေကြောက်နေတယ်။ နောက်ပြီး အချိန်အကြာကြီး မြုပ်နှံလုပ်ကိုင်ခဲ့ပေမယ့် ငွေအားဖြင့်သော်လည်းကောင်း၊ နာမည်ဂုဏ်သတင်းအားဖြင့်သော်လည်းကောင်း သင့်အတွက် ဘယ်လိုမှ ထူးမလာဘူး၊ အကျိုးမဖြစ်စေဘူးဆိုရင်တော့ ဒါဟာ တစ်ခုခုလွဲချော်နေပါပြီ။ မှန်ကန်ပြီး စိတ်ပါဝင်စားစွာ လုပ်ကိုင်တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှန်သမျှဟာ တစ်ဖက်နဲ့တစ်ဖက် တန်ပြန်သက်ရောက်မှုကိုယ်စီရှိကြပါတယ်။

သင့်တင့်မျှတတဲ့အကျိုးခံစားခွင့်ရော ရရဲ့လား ?

ပရဟိတလုပ်ငန်းတွေကလွဲလို့ လူတွေဟာ အလုပ်အကိုင်ဆိုတာကို ဘယ်သူမှ အလကားစေတနာချည်းသက်သက် လုပ်ပေးနေတာ မဟုတ်ပါဘူး။ သူတို့လုပ်ကိုင်ဆောင်ရွက်ပေးတဲ့ အရည်အချင်းအပေါ်မူတည်ပြီး ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်တွေကို ရပိုင်ခွင့်ရှိကြပါတယ်။ ရသင့်ရထိုက်တဲ့ လစာ၊ ရသင့်ရထိုက်တဲ့ တခြားခွင့်ခံစားခွင့်တွေနဲ့ အပိုဆုကြေးခံစားခွင့်တွေ စတာတွေကို သင့်တင့်မျှတစွာ ရပိုင်ခွင့်ရှိမှသာ ဒီအသက်မွေးဝမ်းကျောင်းဟာ သင်တို့နဲ့ ထိုက်တန်တဲ့၊ မှန်ကန်ပြီး အကျိုးရှိတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု ဖြစ်နေမှာပါ။ ဒီလိုမှမဟုတ်ပဲ သင်တို့ လုပ်ထားသလောက် ညီမျှတဲ့အခွင့်အရေးတွေမရဘူး၊ လစာတွေမရဘူးဆိုရင်တော့ သင် ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။

Professional လမ်းကြောင်းပေါ် ရောက်နေပြီလား ?

ဒါက ကျောင်းနေစဉ်ဘ၀ကတည်းက သင့်ကိုယ်သင် ဘယ်လောက်ရည်မှန်းချက်ကြီးကြီးထားသလဲ၊ ဘယ်လောက်မျှော်မှန်းပြီးကြိုးစားခဲ့သလဲဆိုတာနဲ့လည်း သက်ဆိုင်ပါတယ်။ ငယ်စဉ်ကတည်းက အုတ်ရောရောကျောက်ရောရောနေခဲ့မယ်ဆိုရင် အခုအချိန်မှာ သင်ဟာ မှန်ကန်ပြီး ပျော်ရွှင်စရာကောင်းတဲ့ Professional လမ်းကျောင်းပေါ်ကို ရောက်ဖို့ခက်ခဲပါတယ်။ အဲဒါကြောင့် သင်ဟာ သူများတွေလုပ်တိုင်း လိုက်လုပ်နေမယ်၊ သာမာန် ကိစ္စပေါင်းစုံလိုက်ကူညီနေရတဲ့ သာမာန် ကုမ္ပဏီဝန်ထမ်းလေးတစ်ယောက်ဘ၀မှာပဲ ရပ်နေမယ်ဆိုရင်တော့ ပျော်ရွှင်နေရင်တောင် ခဏတာပဲ ပျော်ရွှင်နေရပါလိမ့်မယ်။ သင် ဘာကို စိတ်ပါဝင်စားသလဲ၊ ဘာကိုဝါသနာပါလဲ၊ တစ်သက်လုံး ဘယ်အရာကို ထပ်ခါတလဲလဲလုပ်နေနိုင်လဲစသည်ဖြင့် သေချာစဉ်းစားတွေးတောပြီး သင် သဘောကျတဲ့ လုပ်ငန်းနဲ့ အလုပ်အကိုင်ရာထူးကို ရရှိအောင်ကြိုးစားရပါလိမ့်မယ်။ ဒါမှပဲ တစ်သက်တာလုံး ပျော်ရွှင်နိုင်မှာပါ။

လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေရဲ့လား ?

လူမျိုးနဲ့မသင့် သိုးချင့်ချင့်ဖြစ်တယ်ဆိုတာ မကောင်းပါဘူး။ အလုပ်လုပ်ကိုင်ပြီဆိုရင် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့ ဆက်ဆံရပါပြီ။ ဒီလိုဆက်ဆံတဲ့အခါမှာလည်း ဆက်ဆံရေးကောင်းဖို့လိုအပ်ပါတယ်။ သင်နဲ့ မတည့်တဲ့သူတွေ၊ စကားမပြောချင်တဲ့သူတွေ၊ မကြည့်ချင်မမြင်ချင်တဲ့သူတွေ အရမ်းများနေမယ်ဆိုရင် သင့်ရဲ့ ရုံးတက်ချိန်၊ ရုံးဆင်းချိန်တွေက သိပ်ပြီးတော့ ကျေနပ်စရာကောင်းမှာ မဟုတ်ပါဘူး။ နောက်ပြီး ဘယ်လောက်ပဲအလုပ်ကြိုးစားပါစေ တစ်ယောက်တည်းနေတတ်တယ်ဆိုတာလည်း လုပ်ငန်းလုပ်ကိုင်ရာမှာ ကောင်းမွန်တဲ့ လက္ခဏာတော့ မဟုတ်ပါဘူးနော်။ ဒါကြောင့် အလုပ်ထဲမှာ သင် ကြည့်မရတဲ့သူတွေလည်း မများပါနဲ့။ သင့်ကို ကြည့်မရတဲ့သူတွေလည်း မများစေပါနဲ့။ မဟုတ်ရင် လုပ်ငန်းခွင်က သင့်အတွက် ပျော်ရွှင်စရာကောင်းတော့မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဒီမေးခွန်းခြောက်ခုနဲ့ ကိုယ်ဟာ အံဝင်ဂွင်ကျဖြစ်ရဲ့လား ဒါမှမဟုတ် တစ်နေရာရာမှာ လွဲချော်နေပြီလားဆိုတာ သေသေချာချာကို မေးကြည့်ပါ။  ဒီမေးခွန်းခြောက်ခုစလုံးရဲ့ အဖြေတွေကို “YES” လို့ လိပ်ပြာသန့်သန့်ဖြေဆိုနိုင်တဲ့သူတွေကတော့ ပြေးကြည့်စရာတောင် မလိုတော့ပါဘူး။ Professional Career မှာလည်း နာမည်တစ်လုံးနဲ့ အောင်မြင်နေပြီး နေ့စဉ်နေ့တိုင်းကိုလည်း ပျော်ရွှင်စွာဖြတ်ကျော်နိုင်နေတဲ့သူတွေပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပတ်ဝန်းကျင်နဲ့ သင့်မြတ်အောင် စိတ်ထားပါ။ လစာကောင်းတဲ့ Professional Career တစ်ခုရအောင် ကြိုးစားပါ။ သင့်ရဲ့နေရာတစ်နေရာကိုလည်း ရအောင် ယူတတ်ပါစေ။ ဒီအချက်တွေကိုသာ ပြည့်စုံအောင် သင်နေထိုင်နိုင်မယ်ဆိုရင်တော့ အလုပ်အကိုင်ပတ်သက်ရင် သင်အမြဲတမ်းအားရှိပြီး ဂုဏ်ယူနေရပါလိမ့်မယ်။

ဘ၀မှာ ပျော်ရွှင်အောင်နေနိုင်ဖို့ နည်းဥပဒေသ များများစားစားတော့မရှိပါဘူး။ ဒါပေမယ့် အဲဒီ့နည်းဥပဒေသအနည်းငယ်ထဲမှာတော့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကောင်းကောင်းလေးနဲ့ ရပ်တည်နေနိုင်ဖို့ ပါဝင်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေပါဦး။

 

Editor: MoethaeSay

 



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.