People   |   Posted on Mar 14, 2018 by Moe Thandar Lwin

Hip Hop ညတွေရဲ့ ကန့်လန့်ကာနောက်ကွယ်က လူတစ်ဦး Charlie Artingstoll


မြန်မာ့ Hip Hop ဂီတကို စိတ်ဝင်တစားရှိတဲ့ နိုင်ငံခြားသားတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ .... သူ့ရဲ့နာမည်ကတော့ Charlie လို့ ခေါ်ပါတယ်

Share this article

မတ်လမှာတော့ ပွင့်လင်းရာသီလည်းဖြစ်လာပြီဆိုတော့ လည်စရာပတ်စရာပွဲတွေလည်း တဖြည်းဖြည်းများလာပြီနော်။ ဒီလ MODA Art ကဏ္ဍအတွက် ရွေးချယ်လိုက်တာကတော့ ပုဒ်မ (Full Stop) Hip Hop Event တွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ Event Organizer တစ်ယောက်ပါ။ သူက နိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာပဲ အခြေချရင်း မြန်မာ့ဂီတလောကမှာ နေရာတစ်နေရာအခိုင်အမာယူထားနိုင်တဲ့သူဆိုရင်လည်း မမှားပါဘူး။ သူ့ရဲ့နာမည်ကတော့ Charlie ပဲဖြစ်ပါတယ်။ ဒီလအတွက်တော့ Charlie Artingstoll နဲ့ တွေ့ဆုံထားပြီး မြန်မာနိုင်ငံ Hip Hop လောကနဲ့ သူ့ရဲ့ခံယူချက်တွေ၊ နောက်ပြီး သူ ဘာတွေလုပ်နေလဲဆိုတာကို မေးမြန်းထားပြီး တင်ဆက်ပေးလိုက်ပါတယ်။

 

 

MODA Fashion Magazine နဲ့လည်း ဓာတ်ပုံရိုက်ပြီးပြီဆိုတော့ အခု ဘယ်လိုခံစားနေရလဲ။ ကိုယ်က Celebrity ဖြစ်တော့မယ်ဆိုတော့လေ။

အမှန်အတိုင်းပြောရရင် နည်းနည်းတော့ တစ်မျိုးဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် Celebrity တစ်ယောက်လို့ မမြင်မိဘူးလေ။ Mikkis နဲ့ အချိန်လုံး တစ်ပူးတွဲတွဲရှိတော့ သူ အပြင်သွားတဲ့အခါ ကောင်မလေးတွေက အမြဲတမ်း Mikkis ကိုလိုက်ပြေးပြီး သူနဲ့တွဲပြီး ဓာတ်ပုံရိုက်ကြတယ်။ ကျွန်တော်ကတော့ အဲလောက်အထိကို လူတွေနဲ့ တွေ့ဆုံဆက်ဆံပြီး လူတွေအာရုံကျတဲ့အခါ နေသားမကျဖြစ်နေတာပေါ့။ လူတွေက ကျွန်တော့်အကြောင်းသိချင်ကြတာထက်စာရင် ကန်လန့်ကာနောက်ကွယ်မှာနေပြီး ပွဲတွေလုပ်နေရတာ ပိုပြီး ပျော်စရာကောင်းပါတယ်။

Celebrity ဖြစ်တော့မယ်လို့ ဘာလို့ပြောတာလဲတော့ အကိုက ရန်ကုန်မြို့မှာ နာမည်နည်းနည်းလေးရလာတဲ့လူတစ်ယောက်ဖြစ်လာပြီပေါ့နော်။ တစ်ချို့ကြလည်း သိပ်မသိသေးတာတော့ ရှိမှာပေါ့။ အဲဒီတော့ Charlie အကြောင်းလေးတွေ၊ နောက်ပြီး Full Stop နဲ့ရော မိတ်ဆက်ပေးပါဦး။

ကျွန်တော်က “Event Organizer” ပါ။ နောက်ပြီး “Full Stop” ဆိုတဲ့နာမည်နဲ ကျွန်တော် hiphop ဂီတဖျော်ဖြေပွဲတွေလုပ်တယ်။ လတိုင်းတော့ “Full Stop” အနေနဲ့ ဖျော်ဖြေပွဲတွေ ပုံမှန်လေးလုပ်ဖြစ်နေပါတယ်။ နောက်ပြီးတော့ တစ်ချို့ ဘီယာ ကုမ္ပဏီတွေအတွက်ဆိုရင်လည်း Freelance အနေနဲ့ ပွဲစီစဉ်သူအဖြစ်ဆောင်ရွက်ပေးတာမျိုးတွေရှိပါတယ်။ ဒါတွေကတော့ ကျွန်တော်ရဲ့ အချိန်ပြည့်လုပ်နေတဲ့အလုပ်တွေပေါ့။

တခြားအင်တာဗျူးတွေမှာလည်း “Full Stop” အနေနဲ့ လူငယ်အဖွဲ့တွေအတွက် ရန်ကုန်ရဲ့ nightlife ကို အပြောင်းအလဲဖြစ်စေချင်တယ်ပေါ့။ “Full Stop” မလှုပ်ရှားခင်တုန်းကရော ရန်ကုန်မြို့ရဲ့ nightlife ပုံစံက ဘယ်လိုရှိလဲ။

ရန်ကုန်ရဲ့ nightlife ကို ကျွန်တော်တို့ ပြန်ပြီးအသက်သွင်းတယ်လို့တော့ ပြောလောက်တဲ့အနေအထားမှာ မရှိပါဘူး။ ဒါပေမယ့် house party တွေကလွဲရင် ရန်ကုန်မှာ လည်စရာဆိုလို့ ကျွန်တော်ထင်တယ် 7th Joint နောက်ပြီး လမ်း ၅၀ ဘက်က  bar တွေကလည်းပဲ နောက်ကျတဲ့အချိန်ထိ ဖွင့်တယ်။ ဒါပေမယ့်လည်း အဲဒီဘားတွေတောင်မှ ညလယ်လောက်ဆိုပိတ်ပြီ။ Nightclub ဆိုတာကလည်း မြို့ထဲမှာ Pioneer တို့ DJ Bar တို့ Inya Bar တို့လောက်ပဲ ရှိတယ်။ နောက်တစ်ခုက အဲဒီ့ Club တွေက ဖွင့်တဲ့သီချင်းတွေကလည်း အများအားဖြင့် Super Aggressive EDM တွေများတော့ အမြဲတမ်း ဒါတွေပဲထပ်နေတာများတယ်။

 

 

“Full Stop” ကရော ဘယ်ကနေစတယ်လို့ ပြောလို့ရလဲ။ U.K မှာတုန်းကရော ဒီလို event တွေလုပ်နေကြလား။

ကျွန်တော် မြန်မာနိုင်ငံကို စလာတုန်းကတော့ ဒီလိုလုပ်ဖို့ အစီအစဉ်မရှိခဲ့ဘူး။ ဒီက hiphop ပါတီတွေမှာ ပါဝင်ပြီးတဲ့အခါကျတော့ ကျွန်တော့် ဒီပါတီတွေကို ကောင်းကောင်းမွန်မွန်နဲ့ ပြီးစီးအောင်လုပ်နိုင်တဲ့အခါကျတော့ ကျွန်တော် ဒါမျိုးလုပ်နိုင်ပါလားပေါ့။ အတက်တန်းကျောင်းတက်တုန်းက အိမ်မှာ ဒီလိုမျိုး ပါတီတွေလုပ်နေကျပဲ။ အဲဒီလိုလုပ်တဲ့အခါ လူတွေအများကြီးက ကိုယ်စီစဉ်ပေးတဲ့ပွဲမှာ ပျော်ရွှင်နေတာကို တွေ့ရတဲ့အခါ စိတ်ကျေနပ်မှုကို ကျွန်တော်ခံစားရတယ်။  ပြီးတော့လည်း အဲဒီအချိန်ကတည်းက အဲဒီလိုမျိုး စိတ်ကျေနပ်မှုတွေကို တခြား သာမာန် ရုံတက်ရတဲ့အလုပ်တွေမှ ပြန်ရနိုင်ခဲ့တာမဟုတ်ဘူး။ နောက် Cambridge တက္ကသိုလ်တက်တုန်းကလည်း ကျွန်တော် တက္ကသိုလ်ရဲ့ မြေအောက် ၀ိုင်းပုလင်းသိုလှောင်ခန်းထဲမှာ nightclub ပုံစံကို ပြင်ဆင်လိုက်ပြီး အဲဒီမှာ ပွဲတွေလုပ်တယ်။ ဒါပေမယ့် တက္ကသိုလ်ဆရာတွေနဲ့ ပါမောက္ခတွေအတွက် ကျွန်တော်လုပ်တာ တော်တော်အမြင်ကပ်စရာကောင်းတာပဲ။ ကျွန်တော့် ကျောင်းစာတွေကို သိပ်မလုပ်ဖြစ်ဘူး။ သူတို့က စာမှာပဲ အာရုံစိုက်စေချင်တာကိုး။ ရန်ကုန်ကိုရောက်တော့လည်း အစပိုင်းမှာ သူငယ်ချင်းတွေနဲ့ ပါတီတွေစလုပ်တာ နိုင်ငံခြားသားတွေစုပြီးတော့ပေါ့နော်။ ဒုတိယတစ်ခေါက်ထပ်လုပ်တော့ မြန်မာနိုင်ငံက hiphop ဂီတသမားတွေကို ဖိတ်ပြီးတော့ Live လုပ်ပြီး တီးကြဆိုကြတယ်။ ပထမပိုင်း ပါတီတွေကတော့ ပျော်စရာကောင်းအောင်ပဲ အဓိကထားတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မြန်မာနိုင်ငံကလူတွေပါ လာ Join စေချင်ပြီး တဖြည်းဖြည်းကြီးထွားလာတယ်။

ဂီတအမျိုးအစားတွေအများကြီးထဲကမှ ဘာဖြစ်လို့ hiphop ကို ရွေးချယ်ခဲ့ရတာလဲ။

ဟန်မဆောင်တမ်းပြောရမယ်ဆိုရင်တော့ ကျွန်တော်ကလည်း Bronx ကလာတာလည်း မဟုတ်ဘူး။ Ganster တစ်ယောက်လည်း မဟုတ်ဘူး။ တကယ်ကို hiphop music ကို နှစ်သက်တယ်။ ဒါပေမယ့် hiphop က ကျွန်တော်ရဲ့ ယဉ်ကျေမှုလို့ သိပ်တော့ပြောလို့မရဘူးပေါ့နော်။ အထူးသဖြင့် ဒီမှာက hiphop music ကို ဖန်တီးတဲ့အခါ နိုင်ငံရေးထင်မြင်ယူဆချက်တွေ၊ အားမရမှုတွေကို ထည့်ပြီးဖန်တီးကြတော့ အရင့်အရင် artist တွေဆိုလည်း ဒုက္ခရောက်ကြတယ်ပေါ့။ ကျွန်တော်က ဒီလိုပုံစံမျိုးထဲမှာ လုံးဝမပါဝင်ခဲ့ဘူးဆိုတော့ မြန်မာ hiphop ကို ကိုယ်စားပြုနိုင်တယ်လို့ လုံးဝမပြောရဲဘူး။ အဓိကပြောရရင် ကျွန်တော်က event organize လုပ်တာကောင်းတယ်ဆိုတော့ မြန်မာ hiphop လောကရဲ့ တိုးတက်မှုတွေအတွက်၊ တက်သစ်စတွေကို အခွင့်အလမ်းတွေပေးနိုင်တယ်။ ဒါမျိုးတွေပေါ့။ ကျွန်တော်လုပ်တဲ့အထဲမှာ မြန်မာ hiphop ရဲ့ယဉ်ကျေးမှု ပိုင်ချင်နေတာ မဟုတ်ပါဘူး။ ဘယ်သူကိုမှလည်း မစော်ကားချင်ပါဘူး။ မေးခွန်းကိုဖြေရမယ်ဆိုရင် ဘာဖြစ်လို့ hiphop လဲဆိုတော့ ကျွန်တော်ဘာသာကျွန်တော် hiphop nights တွေ run လုပ်တာ အောင်မြင်ခဲ့တာတွေရှိတာရော ကျွန်တော်လုပ်ရတာလည်း ပျော်လဲပျော်လို့ပါ။

“Full Stop” က ပါတီတွေလုပ်ပေးလာတာ ၂နှစ်နီးပါးရှိလာပြီ။ ဒီအချိန်မှာ ဘယ်လိုပါတီပွဲတွေကို လုပ်ပေးဖြစ်လဲ။ ဒါ့အပြ အဲဒီအချိန်အတွင်း အမှတ်တရရှိနေတဲ့ပွဲရော တစ်ခုခုရှိလား။

တကယ် အထင်ရှားဆုံး အမှတ်တရဖြစ်တဲ့ပွဲနဲ့ “Full Stop” အတွက်လည်း အပြောင်းအလဲတစ်ခုဖန်တီးပေးခဲ့တဲ့ပွဲကတော့ ကျွန်တော် NGO ကနေ ရုံးဝန်ထမ်းဘ၀ကနေ ထွက်လာစေနိုင်ခဲ့တဲ့ပွဲပါ။ ဒီပွဲက 2016 တုန်းက “Yangon International Hotel” အပေါ်ဆုံးထပ်မှာ J-Me ခေါင်းဆောင်နဲ့ လုပ်ခဲ့တဲ့ “Monsoon Party” ပါ။ အခုကတော့ ပုံမှန် တစ်လကို event ၃ခုလောက်တော့ လုပ်ဖြစ်တယ်။ ပထမဆုံးကတော့ freestyle battle ပေါ့။ 7th Joint မှာလုပ်တယ်။ လူတွေသိပ်မသိသေးတဲ့ အနုပညာသမားတွေကို လူတွေပိုသိအောင် လုပ်ပေးနေတာပါ။ နောက်တစ်ခုကတော့ “Straight Outta Yangon” ဆိုတဲ့ hiphop event ပါ။ အဲဒီ့မှာ နာမည်ကြီးအနုပညာရှင်တွေရော၊ 7th Joint က ခုနပြောတဲ့ လူတွေသိပ်မသိသေးတဲ့အနုပညာသမား တွေရောပါတယ်။ တတိယတစ်ခုကတော့ “Shapes” လို့ခေါ့်တဲ့ music night ပါ။ အဲဒီမှာ  U.K က drum & bass, garage and grim လို့ခေါ်တဲ့ ဂီတအမျိုးအစာတွေ ဖွင့်ပြတယ်။

 

 

ရန်ကုန်မှာပဲ မဟုတ်ဘဲ ရန်ကုန်မြို့အပြင် တခြားနေရာတွေမှာရော party တွေလုပ်ဖူးသေးလား။

ကျွန်တော်လည်း မြန်မာအမျိုးသမီးတွေ ဂီတအနုပညာသမား လုပ်ချင်တဲ့စိတ် ဖြစ်ပေါ်လာအောင် Turning Tables ဆိုတဲ့ ဂီတနဲ့ပတ်သက်တဲ့အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ မိန်းကလေး ဂီတအနုပညာသမားတွေလည်း ခေါ်သွားပြီး မြန်မာနိုင်ငံအနှံ့ ဂီတပွဲခရီးစဉ် လုပ်မယ်လို့မျှေင်လင့်ထားပါတယ်။ ဒါမှလည်း တခြားမိန်းကလေးတွေက music လောကထဲကို ၀င်လာဖို့ ကြိုးစားချင်စိတ်နဲ့ အားတွေရလာမှာလေ။ မန္တလေးမှာ party လုပ်ရတာကိုလည်း သဘောကျတယ်။ လူတွေကလည်း မေးကြတယ်။ အဲဒီ့မှာ တစ်ခုခုမလုပ်ဘူးလားပေါ့။ ဒါပေမယ့် ကျွန်တော့မှာ အခုအထိ အဆက်အသွယ်မရှိသေးဘူး။ နောက်ပြီးတော့ Bangkok မြို့မှာ နေကြတဲ့ မြန်မာအသိုင်းအ၀ိုင်းတွေအတွက်လည်း ထိုင်းမှာ hiphop party လုပ်ပေးချင်တယ်။ ဒါပေမယ့်လည်း ရန်ကုန်မဟုတ်တဲ့ တခြားနေရာမှာ ပွဲလုပ်ဖို့က ကျွန်တော့်အတွက်လည်း အရမ်းကြိုးစားလုပ်ရမှာဖြစ်သလို စွန့်စားရမှာလေ။ လူတွေကို “Inya Lake” ကို လာအောင်လုပ်တာလောက်တော့ လွယ်မှာမဟုတ်ဘူး။

အခုဆိုရင် party တွေ event တွေကို ရွက်လှေတွေ၊ ရထားတွေနဲ့ ကမ်းခြေတွေမှာ လုပ်ကြတာကို Social Media တွေမှာတင်ထားကြတာ သတိထားမိတယ်။ Charlie အနေနဲ့ရော ဒီလိုလုပ်ချင်တဲ့စိတ်ကူးရှိလား။

ရထားပေါ်မှာ party လုပ်တာကတော့ ကျွန်တော်စိတ်ကူးပေါ့နော်။ ဒါပေမယ့် အဲဒီ့လုပ်သွားတဲ့ပွဲနဲ့ကတော့ ကျွန်တော်နဲ့မဆိုင်ပါဘူး။ တခြားအဖွဲ့က စီစဉ်နေတယ်။ ရွက်လှေပေါ်မှာတော့ ကျွန်တော် party လုပ်ဖူးတယ်။ ကျွန်တော် barge ပေါ်မှာလည်း တစ်ပွဲလုပ်ခဲ့ဖူးတယ်။ အဲဒီ့ barge party ဟာ အရမ်းမိုက်တယ်။ ဒါပေမယ့် ကျွန်တော်ထင်တာ ၀င်ကြေးတစ်သောင်းဆိုတာဟာ မြန်မာနိုင်ငံက hiphop လူငယ် ပရိသတ်အတွက်ဆိုရင်တော့ အရမ်းဈေးများခဲ့တယ်။ အဲဒီတော့ ပုံမှန်မဟုတ်တဲ့ မသိရတဲ့ location အတွက် ၀င်ကြေးတွေမြင့်နေတဲ့အခါ အဆင်တော့မပြေဘူး။ ကျွန်တော့်အတွေ့အကြုံအရဆိုရင်မြန်မာလူမျိုးတွေဟာ ပုံမှန်မဟုတ်တဲ့နေရာတွေရော သိပ်မရင်းနှီးတဲ့နေရာရော သိပ်တော့မသွားချင်ကြဘူးလို့သတိထားမိတယ်။

ရန်ကုန်မှာလုပ်တဲ့ party ပွဲတွေဟာ ပိုပြီးများပြားလာသလို အရင်ကထက်လည်း ပိုပြီး ထူးဆန်းပြီး ပုံစံအသစ်တွေရော နေရာအသစ်တွေမှာရော စမ်းသပ်လုပ်ကြသလိုဖြစ်နေတယ်ဆိုတော့ မြန်မာတွေက ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေအရမ်းကြီးတဲ့အခါ ဒီလိုအယူအဆတွေကိုရော ကျော်လွှားနိုင်မယ်လို့ရော မြင်လား။

ကျွန်တောကတော့ ဓာတ်ပုံတွေကိုလည်း အဲဒီလို ဘာသာရေးအရ ပုံတွေ အမှတ်အသားတွေ နောက်ခံအနေနဲ့ ပါလာပြီဆိုရင် အရမ်းဂရုစိုက်တယ်။ အရင်ကလည်း ဗုဒ္ဓပုံတော်ကို သူရဲ့ bar promote လုပ်တဲ့နေရာမှာအသုံးပြုမိလို့ အရေးယူခံရတာတွေ ရှိတယ်လေ။ အဲဒါကြောင့် ကျွန်တော်အနေနဲ့ တစ်ခုခုကို post လုပ်တော့မယ်ဆိုတာနဲ့ ဒါဟာ တစ်စုံတစ်ဦးကို စော်ကားမိမှာလား၊ ဒီကလူတွေကရော ဒါမျိုးကိုဆိုလက်ခံနိုင်ပါ့မလားစသည်ဖြင့် ကျွန်တော်ရဲ့ မြန်မာနိုင်ငံသားမိတ်ဆွေတွေနဲ့ အမြဲတိုင်ပင်ဖြစ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း သူတို့က ကျွန်တော့်ကို အစိုးရိမ်လွန်နေတယ်လို့တောင် ထင်ကြတယ်။

 

 

တခြားအင်တာဗျူးတွေမှာ “Full Stop” ရဲ့ ရည်ရွယ်ချက်တစ်ခုက ရန်ကုန်က nightlife ကို foreigner တွေရော၊ local တွေရော အတူတူပူးတွဲထားတာမျိုးတွေ လုပ်ချင်တယ်ဆိုတာ။ အခုရော အဲီးလောက်အထိ လုပ်နိုင်ခဲ့ပြီလား။

အမှန်အတိုင်းပြောရရင် ဒီ ရန်ကုန်မှာနေကြတဲ့နိုင်ငံခြားသားတွေကိုပိုပြီး ပါဝင်အောင် ပျင်းသွားပါပြီ။ ကျွန်တော်ရဲ့ hiphop event တွေက local အဖွဲ့တွေအတွက် ပိုပြီးအလေးထားလုပ်တယ်။ ဒီမှာရှိတဲ့ နိုင်ငံသားခြားတွေအများစုက နိုင်ငံခြားသားသွားကြနေကျဘားတွေကိုပဲ သွားချင်ကြတာကိုး။  ကျွန်တော့်ရဲ့ event တွေမှာကြတော့ မြန်မာလိုပဲ music ကိုတင်ဆက်တာဆိုတော့ နိုင်ငံခြားသားတွေမလာချင်ကြဘူးဆိုရင် သူတို့တွေကို အပြစ်တင်လို့မရဘူး။ ဒါပေမယ့် သူတို့တွေက ပိုပြီးဆွဲဆောင်နိုင်အောင် နည်းနည်းအားထုတ်သင့်သလိုခံစားနေရတယ်။ အဲဒါကြောင့် နိုင်ငံခြားက foreigner တွေကို ခေါ်နိုင်အောင်ကြိုးစားပြီး U.K က MC ရောအပါအ၀င်ပေါ့နော်။ အဲဒီ့မှာ အတူတူ event တွေလုပ်ရင်တော့ အရင်ကထက် foreigner တွေနဲ့ local တွေအတွက် ကောင်းတဲ့ဆက်ဆံရေးတွေဖြစ်လာမယ်လို့ ထင်တယ်။ “Shapes” ညတွေမှာလည်း foreigner တွေအတွက် အဓိကလုပ်တယ်။ ဒါပေမယ့် ခြုံကြည့်လိုက်ရင် nightlife က ကွဲနေတုန်းပါပဲ။

ရန်ကုန်မြို့က ဂီတပွဲဝင်ကြေးတွေအကြောင်းပြောရအောင်။ နိုင်ငံခြားသားတွေ တာဝန်ယူလုပ်တဲ့ပွဲတွေဆိုလည်း ဝေဖန်သံတွေကြားရတယ်။ ၀င်ကြေးက များတယ်ပေါ့နော်။ Charlie အနေနဲ့ရော မြန်မာနိုင်ငံသားတွေရော၊ နိုင်ငံခြားသားတွေရော အားလုံးတစ်စုတစ်စီးတည်း ပါဝင်လို့ရအောင် ပွဲတွေစီစဉ်တဲ့အခါ အဆင်ပြေလား။ ၀င်ကြေးတွေသတ်မှတ်ရတာနဲ့ ပွဲကုန်ကျစရိတ်တွေကရော အမြတ်အစွန်းကျန်ရဲ့လား။

တကယ်တော့ ပွဲဝင်ကြေးတွေက ၀င်ငွေနည်းတဲ့လူတွေအတွက်လည်း ၀င်ကြည့်နိုင်အောင် လုပ်ပေးလို့ရပါတယ်။ ဥပမာ ည၁၀နာရီမတိုင်ခင်လာမယ်ဆိုရင် အခမဲ့ဝင်ခွင့်ရမယ် စသည်ဖြင့်ပေါ့။ နည်းလမ်းတွေတော့ရှိတယ်။ ကျွန်တော်သိရသလောက်တော့ မြန်မာတွေအနေနဲ့ကလည်း ပွဲလာရင် ခပ်စောစောလာလေ့ရှိတယ်လေ။ နိုင်ငံခြားသားတွေကတော့ နောက်ကျမှလာတတ်ကြတယ်။ ပထမဆုံးအကြိမ် ကျွန်တော် Event လုပ်တုန်းက ၀င်ကြေးက ၇ထောင် သတ်မှတ်ခဲ့တယ်။ ဒီပွဲက တကယ်တော့ နိုင်ငံခြားသားတွေကို အဓိက target ထားခဲ့တာပေါ့နော်။ အဲဒီ့အချိန်မှာလည်း တစ်ခြားပွဲတွေနဲ့ အပြိုင်အဆိုင်တိုက်ဆိုင်နေတာမျိုးတွေလည်း မရှိဘူး။ အခုနောက်ပိုင်းတော့ ရန်ကုန်မှာ free ၀င်ကြည့်လို့ရတဲ့ event တွေ များလာပြီ။ နောက်ပြီးတော့ ကျွန်တော့်ရဲ့ ပွဲတွေကလည်း မြန်မာ audience တွေအတွက် ဦးစားပေးတာဆိုတော့ ၀င်ကြေးမပေးရတာကို ကြိုက်တဲ့အချက်တွေလည်း ရှိတယ်။ ၀င်ကြေးကြောင့်ပဲ လူတွေမလာတော့တာလည်း ရှိတယ်ဆိုတော့။ အခုနောက်ပိုင်းကတော့ event တွေလုပ်တဲ့အခါ sponsor တွေလည်း ရအောင် အဓိကထားပြီးကြိုးစားတယ်ဆိုတော့ ပွဲလုပ်ဖို့ကျမည့်ကုန်ကျစရိတ် ပွဲမလုပ်ခင်အကုန်ကြိုရနိုင်ရင် ပွဲတကယ်လုပ်တဲ့အချိန်ကျရင် စိတ်ဖိစီးမှုတွေ အရင်လောက်မများတော့ဘူး။

ဒီမှာ မြန်မာတက်သစ်စ အနုပညာရှင်တွေရပ်တည်ရတဲ့ပုံစံနဲ့ပတ်သက်ရင် ဘယ်လိုမြင်လဲ။ Charlie ဒီမှာလုပ်နေတဲ့ Event တွေကရော ဒီမြန်မာနိုင်ငံက တက်သစ်စအနုပညာရှင်တွေအတွက် လမ်းဖွင့်ပေးနေတာလို့ မြင်မိလား။

ဒီမှာ တက်သစ်စတွေ အခွင့်အရေးရအောင်၊ တီးဆိုဖျော်ဖြေခွင့်ရအောင် လုပ်ပေးတာတွေ အခွင့်အရေးတွေ သိပ်မရှိပါဘူး။ ဒီက အနုပညာရှင်တွေက အသိအမှတ်ပြုခံရအောင် ကြိုးစားရတဲ့အခါ Online မှာ ပေါက်အောင်လုပ်ရတယ်။ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို Internet မှာ ပြသရတယ်။ Live တီးဆိုဖျော်ဖြေခွင့်တွေကတော့ တက်သစ်စတွေအတွက် အလုပ်မဖြစ်ဘူး။

 

 

အခွင့်အရေးရမယ်ဆိုရင် အလုပ်အတူတူတွဲလုပ်ချင်တဲ့ artist တစ်ယောက်ယောက်များရှိလား။

ကျွန်တော်လေ U.K က Skepta ကို ရန်ကုန်ကိုဖိတ်ပြီး အတူတူတွဲလုပ်ကြည့်ချင်မိတယ်။ နောက်ပြီးတော့ mainstream ပေါ်က R&B music artist တွေနဲ့လည်း တွဲလုပ်ချင်မိတယ်။ ကျွန်တော်ကတော့ ဘယ်တော့မှ pop artist တွေနဲ့တော့ အလုပ်လုပ်ဖြစ်မယ်မထင်ဘူး။

ရန်ကုန်မှာ ပါတီတွေ Event တွေ လုပ်ပေးတယ်။ Charlie ကလည်း မြန်မာပြည်မှာ မြန်မာစကားပြောတတ်တဲ့ နိုင်ငံခြားသားတစ်ယောက်ထဲမှာ ပါလာပြီ။ မြန်မာစာကို လေ့လာနေတာ ဘယ်အနေအထားရောက်နေပြီလဲ။

ခက်တယ်။ ဒီကိုရောက်ပြီး တစ်နှစ်လောက်ကတည်းက ကျွန်တော် မြန်မာစကားသင်လာတာ။ ပထမအစီအစဉ်က တက္ကသိုလ်ပြီးတဲ့အချိန် ကျွန်တော် မြန်မာပြည်ကိုခဏလာတယ်။ NGO အလုပ်တွေကြောင့်ပေါ့နော်။ နောက်ပြီးရင် U.K ကိုပြန်မယ်ပေါ့။ ပြီးရင် master ဆက်ယူမယ်။ ဒါပေမယ့် ဒီမှာနေရတာ အဆင်မပြေဘူး။ တစ်ချိန်လုံးလည်း နိုင်ငံခြားသားတွေနဲ့ hang out လုပ်နေမိတယ်။ ဒီမှာနေရတာ၊ အလုပ်လုပ်ရတာကလည်း ဒီနိုင်ငံနဲ့ လုံးဝမထိတွေ့နိုင်သလိုခံစားနေရတယ်။ အဲဒါကြောင့်ပဲ ကျွန်တော် ဒီမြန်မာဘာသာစကားကို သင်ဖြစ်ခဲ့တယ်။ ပထမဆုံး “John Okell Burmese Language Course” တွေမှာတက်ပြီး စပြီးလေ့လာတယ်။ အခုတော့ private tutor နဲ့ ပုံမှန်သင်နေတယ်။ မြန်မာစာက ကျွန်တော်ထင်ထားတာထက် ခက်တယ်။ တထူးသဖြင့် လေယူလေသိမ်း အမှန်ပြောရတာ တော်တော်ခက်တယ်လို့သိရလိုက်တယ်။ ဘာလို့လဲဆိုတော့ မြန်မာစသင်ခါစတုန်းက အသံမှန်မှန်ကန်ကန်ထွက်အောင် ပြီးစလွယ်ပဲသင်ထားတယ်ဆိုတော့လေ။ တစ်ခါတစ်လေတော့ ကျွန်တော်ပြောတာ မှန်တယ်။ ဒါပေမယ့်လည်း တစ်ခါတစ်လေလည်း မှန်လားမမှန်လား မသိဘူး။

ချစ်သူအကြောင်းလည်း ပြောပြပါဦး။

ဒီအဖြေကို ကျွန်တော် ဂရုစိုက်ဖြေရမယ်။ ဒါကို သူဖတ်ချင်ဖတ်မှာ။ သူနဲ့စတွေ့တုန်းက အခက်အခဲအကြီးဆုံက ဘာသာစကားကြောင့်ထင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်သိသွားတာ ဘာသာစကားမတူတာကြောင့် မဟုတ်ဘူး။ တကယ် အခက်အခဲအကြီးဆုံး ဘာလဲဆိုတော့ ယဉ်ကျေးမှုပေါ့။ ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုက တကယ်မတူပါဘူး။ သူက ဘယ်လိုစဉ်းစားလဲနဲ့ ကျွန်တော် ဘယ်လိုစဉ်းစားလဲဆိုတာ ကွာတာပေါ့။  ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် second language နဲ့ ဆက်သွယ်ကြတယ်။ သူက ကျွန်တော့်ကို အင်္ဂလိပ်လို ပြောတယ်။ ကျွန်တော်က မြန်မာလိုပြန်ပြောတယ်။ ဘာသာစကားကလည်း relationship မှာ ကွာဝေးစေတယ်။ သူနဲ့ကျွန်တော် ပြောနိုင်တဲ့အကြောင်းအရာတွေကို ကန့်သတ်လိုက်သလိုဖြစ်သွားတယ်။ သူနဲ့ဆို နိုင်ငံရေးအကြောင်း မပြောနိုင်ဘူး။ ဒါပေမယ့် အဲဒါနဲ့ ကိုယ်ကိုယ်ကို ပြန်တွေးမိလိုက်တဲ့အခါ ပြောနိုင်ကြရင်တောင်မှ နိုင်ငံရေးကိစ္စအကြောင်းသိပ်ပြောချင်တဲ့စိတ်ရှိမှာမဟုတ်ဘူး။ ဘာသာစကားအကန့်အသတ်နည်းနည်းရှိပေမယ့်လည်း နှစ်ယောက်စလုံး စကားကောင်းကောင်းပြောနိုင်ကြသေးတယ်။ ဘယ်လိုဘာသာစကားတွေပဲဖြစ်ဖြစ် ပြောရတာ စိတ်လှုပ်ရှားစရာကောင်းတယ်။ relationship တစ်ခုမှာလည်း သူက အဓိကကျတယ်။  ဒီလို တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးမှုမတူသလိုမျိုးပဲပေါ့။

 

 

Charlie ရဲ့ e-bike အကြောင်းလေးလည်း ပြောပြပါဦး။ နာမည်ရောရှိလား။

ဒါ technically အရဆို e-bike အမျိုးအစားပေါ့နော်။ ဘတ်ထရီကတော့ ၆နာရီလောက်သွင်းရတယ်။ သွင်းပြီးရင် ၅၀ ကီလိုမိတာလောက်စီးလို့ရတယ်။ သူ့မှာ နာမည်ရှိတယ်လေ။ Jasmine တဲ့။ တကယ်တော့ ဒီနာမည်က ဘယ်လိုဖြစ်လာတာလဲဆိုရင်တော့ ဒီ bike ပုံစံက ကြည်လိုက်ရင် “Classic Italian Vespa” နဲ့ တူတယ်။ Vespa ဆိုတာ အင်္ဂလိပ်လိုဆို wasp ဆိုတဲ့အဓိပ္ပာယ်လို့ ဘော်ဒါတစ်ယောက်က ပြောတယ်။ အဲဒါက မြန်မာလိုဆို ကျားလို့ထင်ခဲ့တယ်။ မြန်မာလိုဆို အမှန်က ပြားလိုမျိုးကောင်။ Jasmine က ကျားကနေလာတယ်။ Kyarsmine ကနေ Jasmine ပေါ့။ သူ့ရဲ့အရောင်အမှန်က အစိမ်းဖျော့ရောင်။ ဒါပေမယ့် ဒါကို ဆေးပြန်မှုတ်လိုက်တာ။ ကျွန်တော့်အတွက်တော့ တကယ်အသုံးဝင်တဲ့ bike ပါ။ အချိန်လည်း မကုန်တော့ဘူး။ နောက်ပြီး ပိုက်ဆံလည်း သိပ်မကုန်တော့ဘူး။ ဘယ်နေရာဖြစ်ဖြစ် ခရီးတွင်တယ်။ Taxi ခလည်း မကုန်တော့ဘူးပေါ့။

ဒီမှာ မြို့ထဲတွေမှာ ဒီလို bike တွေ တရားဝင်စီးလို့တော့ မရဘူးနော်။ မော်တော်ပီကယ်တွေကရော ရပ်ခိုင်းပြီး စစ်ဆေးတာတွေဘာတွေ မခံရဘူးလား။

ကျွန်တော်တွေ့တာကတော့ ဒီမှာလည်း အရင်ကထက် စီးလာကြပါပြီ။ တကယ်ဆိုရင် ကျွန်တော့်အိမ်က ယာဉ်ထိန်းရဲရုံးချုပ်နဲ့ မျက်နှာချင်းဆိုင်ပဲ။ ကျွန်တော်ထင်ပါတယ်။ သူတို့ ကျွန်တော့်ကို ထိန်းသိမ်းချင်ရင် ဒါမှမဟုတ် bike ကိုဖမ်းချင်တယ်ဆိုရင် အရင်ထဲက ဖမ်းပြီးနေလောက်ပြီ။ ကျွန်တော်က နေ့တိုင်း အိမ်အပြင်ဘက်မှာ bike ကို ရပ်ထားနေကြလေ။  ကျွန်တော့်ကို တစ်ခါတော့မေးဖူးတယ် ယာဉ်ထိန်းရဲက။ ဒါပေမယ့် ကျွန်တော့်မှာ Bike အတွက် လိုင်စင်လည်း ရှိတယ်။ နောက်ပြီးတော့ ဒါက electric bike လည်း ဖြစ်နေတာလေ။ သူ အဆင့်ဆင့်မေးနေတာကို ကျွန်တော်က ဗမာလို ပြန်ဖြေတဲ့အခါကျတော့ သူက bike ထက် ကျွန်တော် ဘယ်ဘောလုံးအသင်းကို အားပေးလဲဆိုတာကိုပဲ စိတ်ဝင်စားတော့တယ်။

နောက်ဆုံးအနေနဲ့ ၂၀၁၈ခုနစ်မှာ Charlie အနေနဲ့ရော Full Stop အနေနဲ့ရော ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။

Hiphop တင်မကတော့ပဲနဲ့ ရန်ကုန်မြို့မှာ တခြား Music အမျိုးအစားတွေကိုပါ ထပ်ပြီးမိတ်ဆက်ချင်တယ်။ R&B လိုမျိုး လူသိများပြီးအောင်မြင်နေတဲ့ ဂီတအမျိုးအစားတွေကိုလည်း ကျွန်တော်လုပ်မယ့် ဖျော်ဖြေပွဲတွေမှာ တိုးချဲ့ပြီးထည့်သွင်းချင်တယ်။ အခုဆို Full Stop က သူ့ဘာသာသူ နာမည်လေးအနည်းငယ်တော့ ရလာပါပြီ။ အဲဒီ့အခါ ဒီနာမည်နဲ့ပဲ အ၀တ်အစားတွေထုတ်ဖို့ ရည်ရွယ်ထားတယ်။ နောက်ပြီးတော့ ကျွန်တော့်ရဲ့ အဓိကရည်ရွည်ချက်ကတော့ Full Stop နာမည်နဲ့ record label  ကို တည်ထောင်ပြီးတော့ ဒီနိုင်ငံမှာရှိတဲ့ အနုပညာရှင်တွေနဲ့ပါ ပူးပေါင်းနိုင်အောင်ကြိုးစားသွားမှာပါ။

 

Editor : Moethae Say

 



Share this article

TOP 5 ARTICLES


Celebrity Beauty   |   Posted on Dec 7, 2018

KEY ရဲ့ လွယ်ကူ ရိုးရှင်းတ...


Parties & Events   |   Posted on Dec 6, 2018

ရန်ကုန်မြို့မှာ ပထမဦးဆုံ...


Diet & Fitness   |   Posted on Dec 6, 2018

BLACKPINK အဖွဲ့ရဲ့ DIET P...


Skin   |   Posted on Dec 6, 2018

Piercing မလုပ်ခင် သိထားသင...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.