Cover Stories   |   Posted on May 24, 2017 by Moe Thandar Lwin

“I’m not a Single Mother” ဆိုတဲ့ သန္တာလှိုင်


Single Mother ဆိုတာ သူများတွေနှစ်ယောက်ပေါင်းပြီးတော့မှ လုပ်ကြတဲ့အလုပ်ကို ကိုယ်ကတစ်ယောက်တည်းလုပ်နေတာမို့လို့ ဂုဏ်ယူတတ်ရင် ဂုဏ်ယူလို့တောင်ရပါတယ်

Share this article

သူမကိုမြင်တာနဲ့ ကော်ဖီနံ့လေးရလာတယ်။ ၁၉၉၀ခုနှစ်များဆီက သူမနဲ့ အခုသူမကို တွဲယှက်မြင်ယောင်ကြည့်တဲ့အခါမှာလည်း သူမရဲ့အလှအပ၊ ကိုယ်ခန္ဓာနဲ့ အနုပညာမှော်စတာတွေရဲ့ တောက်ပထည်ဝါမှုက အခုထိ ထပ်တူကျနေဆဲပါပဲ။ လွန်ခဲ့တဲ့ကာလကလတစ်ခုကတော့ သူမဟာ ခင်ပွန်းသည်နဲ့ လမ်းခွဲခဲ့ပေမယ့် အနုပညာလမ်းကြောင်းမှာရော၊ ဘ၀လမ်းကြောင်းပေါ်မှာပါ ယိမ်းယိင်မှုမရှိပဲ အားမာန်အပြည့်နဲ့ ဆက်လက်လျှောက်လှမ်းနေတဲ့ အံမခန်းထက်မြတ်တည်ကြည်တဲ့ စိတ်ဓာတ်ခွန်အားတွေကြောင့် မိန်းကလေးတွေအားကျအတုယူခြင်းကို ခံရတဲ့အပြင် ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်သော်လည်း တဖြည်းဖြည်း အရင်ကထက် ပိုပြီးတောင် ဆွဲဆောင်မှုရှိလာတဲ့ သူမရဲ့ကိုယ်ခန္ဓာနဲ့ အသားအရေထိန်းသိမ်းမှုတွေကြောင့် ပရိသတ်တွေရဲ့အသည်းနှလုံးကို ဆွဲကိုင်လှုတ်ခတ်ထားနိုင်တဲ့ မော်ဒယ်သန္တာလှိုင်ကို ကျွန်မတို့ MODA မဂ္ဂဇင်းရဲ့ မေလကာဗာစတားအဖြစ် ပရိသတ်တွေထံ ခေါ်ဆောင်လာခဲ့ပါတယ်။

အရင်ဆုံး MODA Cover Shooting ရိုက်ရတဲ့ ခံစားချက်လေးကို ပြောပြပေးပါဦး။

ဟိုအရင် MODA မှာရိုက်တုန်းကတော့ ဘာရယ်မဟုတ်ဘူး။ ပျော်တာပေါ့နော်။ အခုတော့ Fashion နဲ့ပတ်သက်လာရင် ထိပ်ဆုံးနေရာမှာရှိတဲ့ မဂ္ဂဇင်းဖြစ်တဲ့အတွက် ကိုယ်လည်း မပါရတာကြာပြီဆိုတော့ ကိုယ်လည်း Cover မှာပြန်တက်ရင်ကောင်းမယ်ဆိုတဲ့ ပြန်တက်ချင်တဲ့စိတ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အလုပ်လုပ်ဖြစ်သွားတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီတစ်ခါက အသေအချာ Stylist တွေဘာတွေနဲ့ သေချာလုပ်ထားတဲ့အတွက် နည်းနည်းတော့ရင်ခုန်ရတာပေါ့။ ကိုယ်လုပ်ပေးနိုင်တဲ့အနေအထားက အခုနောက်ပိုင်း MODA ရဲ့ Fashion အဆင့် အတန်းကို မှီပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကလေးနဲ့ပေါ့နော်။

မသန္တာလှိုင်ဆိုတာ ၁၉၉၀ကျော်နှစ်တွေကစပြီး မော်ဒယ်လောကထဲစဝင်လာခဲ့တာ အခုဆို ၂၀၁၇ခုနစ်ရောက်နေပြီ။ မြန်မာနိုင်ငံရဲ့ မော်ဒယ်လောကဟာ ၁၉၉၀ကျော်နှစ်တွေနဲ့ အခု ၂၀၁၇နဲ့ ဘယ်လောက်တောင် တိုးတက်ကွာခြားသွားပြီလဲ။

၁၉၉၀ တွေတုန်းကနဲ့ အခု ၂၀၁၇နဲ့ဆိုရင် အရမ်းကို ကွာသွားပါပြီ။ ၁၉၉၀တွေတုန်းကဆို ကိုယ့်ဘာသာကိုယ် လမ်းကိုထွင်ပြီး ဖောက်ပြီးလျှောက်ရတာပါ။ ဈေးကွက်ဆိုတာလည်းမရှိသေးပါဘူး။ ဒါကြောင့်မို့လို့ ဈေးကွက်ကို ကိုယ်တိုင်စထွင်ခဲ့ရတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။ အခု ၂၀၁၇မှာကျတော့ ဈေးကွက်က အရမ်းကျယ်ပြန့်သလို ရွေးစရာ Model နဲ့ Industry ကလည်း အရမ်းကိုကျယ်ပြန့်သွားတဲ့အတွက်ကြောင့်မို့လို့ အရည်အချင်းရှိရင် ရှိသလောက် ထိပ်ကိုရောက်သွားနိုင်ပါတယ်။ အဓိကတော့ အရည်အချင်းနဲ့ အဆက်အသွယ်ပါပဲ။ Model လုပ်ငန်းတွေထဲမှာဆိုလို့ရှိရင် အဆက်အသွယ်ကလည်း အရမ်းအရေးကြီးပါတယ်။ အဆက်အသွယ်မရှိရင် ယက်ကန်ယက်ကန်နဲ့ အများကြားမှာ လည်နေမယ့် အခြေအနေမှာရှိပါတယ်။ ကံ၊ ဥာဏ်အပြင် လုံ့လဝီရိယနဲ့လည်းဆိုင်သေးတယ်လို့ ပြောချင်ပါတယ်။

အသားအရေကတော့ တင်းရင်းနုပျိုလှပနေတာ မိန်းကလေးတိုင်းအတွက် အားကျအတုယူစရာပါ။ အသားအရေထိန်းသိမ်းမှုနဲ့ အလှအပရေးရာမှာရော ဘာတွေကို အဓိကထားဂရုစိုက်ပြီး ပြုလုပ်ဖြစ်လဲ။

အသားအရေအတွက်ကတော့ အမြဲတမ်းဖြေနေတဲ့အဖြေအတိုင်း မပျက်စီးအောင် ပထမဆုံးကတော့  UVA နဲ့ UVB မခံရအောင် ကာကွယ်ရှောင်ပြီးနေဖြစ်တာပါပဲ။ အရမ်းကို ရှောင်လို့ မရတဲ့အခါတွေ တစ်နှစ်မှာနှစ်ခါလောက်ပါပဲ။ အဲဒီလိုထွက်ရမယ်ဆိုမှသာ UVA နဲ့ UVB ကို ကာကွယ်တဲ့  Suncream သေချာလိမ်းပြီးမှ ထွက်ပါတယ်။

မသန္တာလှိုင် Waxing ရော လုပ်ဖြစ်လား။ နောက်ပြီး ဘယ်လို Waxing အမျိုးအစားကို ကြိုက်နှစ်သက်လဲ။

အစ်မ Australia မှာ နေကတည်းက Waxing အမြဲတမ်းလုပ်ဖြစ်ပါတယ်။ ဆိုင်တွေမှာ Waxing လုပ်ရတာကျတော့ ဈေးအရမ်းကြီးလွန်းလို့ အစ်မက ဆိုင်တွေမှာလို Professional သုံးလို့ရတဲ့ Waxing ပစ္စည်းမျိုးလေးတွေကို ဝယ်ပြီး အိမ်မှာ ကိုယ့်ဘာသာကိုယ်  Waxing လုပ်ဖြစ်တာပဲများပါတယ်။ ဒါပေမယ့် ကလေးမွေးပြီးသွားတဲ့နောက်ပိုင်းမှာတော့ ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးအမျှင်တွေအကုန်လုံးနီးပါးကို Laser Hair Remover နဲ့ သတ်ထားတော့ သိပ်တောင်မရှိတော့ဘူး။ ဒါပေမယ့်လည်း အိမ်မှာတော့ အမြဲတမ်းအခုအချိန်အထိ Waxing ပစ္စည်းလေးတွေ ရှိပါတယ်။ မီးပလပ်လေးထိုးလိုက်ရတယ်။ ဘယ်နေရာမှာမပေမပျက်စီးပဲနဲ့ အချိန်စေ့ပြီဆိုရင် ပလပ်လေးကဖြုတ်ပြီးတော့ ခန္ဓာကိုယ်ပေါ်မှာ ဒလှိမ့်တုံးလေးနဲ့ သပ်ချလိုက်တာနဲ့ Waxing လုပ်လို့ရတဲ့ပစ္စည်းမျိုးလေးပါ။ မြန်မာပြည်ဈေးကွက်ထဲမှာတော့ မတွေ့ဖူးသေးဘူး။ ပစ္စည်းကုန်ခါနီးရင် နိုင်ငံခြားတစ်ခါသွားရတယ်။ အပြန်ကျရင် မမေ့အောင် ဝယ်ရတာ အလုပ်တစ်ခုပါ။

မသန္တာလှိုင်အနေနဲ့ Waxing လုပ်ရတာကို အထူးတလည်ကြိုက်နှစ်သက်ရတဲ့ အကြောင်းပြချက်ဆိုရင် ဘာဖြစ်မလဲ။

အမွှေးအမျှင်ကို ဖယ်ရှားတာထက် Waxing ကို အစ်မ ဘာတစ်ခုသဘောကျလဲဆိုတော့ ခန္ဓာကိုယ်ပေါ်မှာ တစ်ခါတစ်လေ အမြဲတမ်းမတိုက်နိုင်လို့ ကျန်ရှိနေပြီးသေနေတဲ့ Dead Skin Cells တွေကို Waxing နဲ့ဖယ်ရှားလိုက်လို့ရှိရင် အကုန်လုံးပါသွားပြီး အသားအရေလေးက ချောမွေ့နေပြီးနေလို့ထိုင်လို့ကောင်းတဲ့ သန့်ရှင်းနေတဲ့အရသာလေးကို ကြိုက်တာပါ။

မိန်းကလေးတစ်ယောက်မှာ အလှအပနဲ့ ကိုယ်ခန္ဓာထိန်းသိမ်းမှုဟာ ဘယ်လောက်အရေးပါတယ်လို့ အစ်မထင်လဲ။

အစ်မ ငယ်ငယ်ကတော့ မိန်းကလေးတစ်ယောက်မှာ အလှအပနဲ့ ကိုယ်ခန္ဓာထိန်းသိမ်းမှုက အရမ်းအရေးပါတယ်လို့ ထင်ခဲ့ပါတယ်။ အလှအပနဲ့ ကိုယ်ခန္ဓာထိန်းသိမ်းမှုဆိုတာကလည်း ဆက်စပ်နေတယ်လေ။ အတွေ့အကြုံရင့်ကျက်လာလေ ပိုပြီးတော့ သတိထားမိလာတာက မိန်းကလေးတစ်ယောက်ရဲ့အလှအပက ကိုယ်ခန္ဓာအပြင်ပန်းနဲ့ ဘာမှမဆိုင်ပါဘူး။ အတွင်းပိုင်း က Confident နဲ့ အရမ်းဆိုင်ပါတယ်။ Confident ရှိသောမိန်းမတစ်ယောက်နဲ့ အပြင်ပန်းနုနယ်လှပတဲ့ကောင်မလေးတစ်ယောက်နဲ့ ယှဉ်ပြီးတော့ရပ်နေမယ်ဆိုလို့ရှိရင် Confident ရှိတဲ့မိန်းကလေးရဲ့အလှအပက ပိုပြီးပေါ်လွင်နေမှာပါ။ ပြီးတော့ ကျန်းမာလာတာနဲ့အမျှ နုပျိုခြင်းနဲ့ လှပခြင်းဆိုတာက ဒွန့်တွဲပါလာမယ့် ကောင်းကျိုးနှစ်ခုပါ။ ဒါကြောင့် အစ်မကို အလှအပနဲ့ ကိုယ်ခန္ဓာ ထိန်းသိမ်းမှုအကြောင်းမေးလာတိုင်းမှာ အစ်မအနေနဲ့က ကျန်းမာရေးအတွက်ပဲ အဓိကထားလုပ်ဆောင်နေရင်းနဲ့ နုပျိုမှုနဲ့ လှပမှုဆိုတာက အနောက်ကနေ အလိုလိုလိုက်ပါလာတဲ့ ကောင်းကျိုးနှစ်ခုပါလို့ အမြဲပြောလေ့ရှိပါတယ်။

Single Mother တစ်ယောက်အနေနဲ့ရော ကိုယ့်ကိုယ်ကိုယ် ယူဆထားလား။ မသန္တာလှိုင်အနေနဲ့ အနုပညာ၊ မိသားစုနဲ့ အလုပ်အကိုင်တွေရော အဖက်ဖက်ကနေ Balance ဖြစ်အောင် ဘယ်လိုကြိုးစားခဲ့ရလဲ။

အစ်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ်တော့ Single Mother တစ်ယောက်လို့တော့ မယူဆပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ်မရဲ့ပတ်ဝန်းကျင်မှာ အစ်မရဲ့ကလေးတွေကို ထိန်းကျောင်းပေးတဲ့ အစ်မရဲ့အဖေအမေတွေ၊ နောက်ပြီး ကလေးတွေရဲ့ အဖေရှိနေလို့ပါပဲ။ ကလေးတွေရဲ့အဖေကလည်း ကလေးတွေကို ထိန်းကျောင်းတဲ့နေရာမှာတော့ ကိုယ်နဲ့တစ်သားတည်း တစ်ထပ်တည်း ကျပါတယ်။ ကလေးတွေနဲ့ပတ်သက်ပြီး ဘာမှပြဿနာမရှိအောင် အထောက်အကူပေးပါတယ်။ မိသားစုဝင်တစ်ယောက်လိုပါပဲ။ ဒီလိုသူ့ကိုလည်း မိသားစုဝင်တစ်ယောက်လို့သတ်မှတ်ထားတဲ့အတွက်ကြောင့် အိမ်ထောင်မရှိပေမယ့်လည်း အစ်မကိုယ်အစ်မ Single Mother လို့တော့ မယူဆပါဘူး။

မြန်မာအမျိုးသမီးလေးတွေဟာ ကိုယ့်အိမ်ထောင်ဖက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေတော့တဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် လက်တွဲဖြုတ်ဖို့ ဝန်လေးကြတယ်။ ဒီအယူအဆအပေါ် မသန္တာလှိုင်ရဲ့ အတွေ့အကြုံလေးနဲ့ယှဉ်ပြီး ဝေဖန်ပေးပါဦး။

ဟုတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကလည်း အခြေအနေနဲ့အကျိုးအကြောင်းချင်း လုံးဝမတူတဲ့အတွက် တစ်သမတ်တည်း ပုံသေကားချပ်တော့ ပြောလို့မရပါဘူး။ များသောအား ဖြင့်တော့ မြန်မာအမျိုးသမီးတွေဖြစ်တတ်တာက ရှိသမျှအိမ်မက်တွေ၊ ရည်မှန်းချက်တွေ၊ အလုပ်အကိုင်နဲ့ ပညာရေးတွေကို အကုန်လုံးစွန့်လွှတ်ပြီး မိသားစုဘဝထဲ မြုပ်နှံ ထားတဲ့အတွက် ကြောင့် ဘယ်လိုမှလက်တွဲလို့မရပဲ ကိုယ့်လမ်းကိုယ်လျှောက်ချင်ရင်တောင်မှ ပြန်လည်မလျှောက်နိုင်တဲ့ အခြေအနေမျိုးကိုရောက်ကြတယ်။ အများအားဖြင့်ဖြစ်တတ်တာက ကိုယ်ပိုင်ဝင်ငွေနဲ့ ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်တည်နိုင်စွမ်းအားကို စွန့်လွှတ်လိုက်ကြတဲ့အခါ တစ်ချိန်ချိန်မှာ အိမ်ထောင်ဖက်နဲ့အဆင်မပြေဖြစ်လာတဲ့အခါ ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်တည်ဖို့ အခြေအနေတစ်ခုကိုပြန်ရအောင် ကြိုးစားရတာကြောင့် အိမ်ထောင်ဖက်ကိုသည်းခံရတတ်ပါတယ်။ တစ်ချို့အိမ်ထောင်တွေကျတော့ ကလေးရှိသွားတဲ့အခါ  Single Mother အဖြစ် ကိုယ့် ခြေထောက်အပေါ်ကိုယ်ရပ်တည်နိုင်တယ်ထားဦး။ ကလေးတွေရဲ့ ရှေ့ရေးအတွက် အိမ်ထောင်ကိုမပြိုကွဲချင်ကြတာ မြန်မာအမျိုးသမီးမှတော့ မဟုတ်ပါဘူး။ အမျိုးသမီးတိုင်းရဲ့ထုံးစံပါပဲ။ ကိုယ် ကိုယ်တိုင်လည်း ဒီလိုဘဝမျိုးကိုဖြတ်သန်းလာရတဲ့အတွက်ကြောင့် ကိုယ်ချင်းစာပါတယ်။ ဒါကြောင့်မို့လို့လည်း တစ်ဖက်တစ်လမ်းကနေ ရည်မှန်းချက်၊ အခြေအနေမတူတဲ့ အမျိုးသမီးလေးတွေကိုကူညီနိုင်ဖို့ အစ်မ သင်တန်းဖွင့်ဖို့ ကြိုးစားနေပါတယ်။

အစ်မအတွက် ဘဝလက်တွဲဖော်ရော တွေ့နေပြီလား။

အစ်မ Page ပေါ်မှာလည်း ရေးထားပါတယ်။ လူတွေ ဘာကြောင့်အသက်ရှင်ရလဲဆိုတဲ့ ဘဝရည်ရွယ်ချက်က တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ခက်ခက်ခဲခဲ တောင်းတတယ်ပဲပြောပြော မဖြစ်နိုင်တာကိုပဲ ဖြစ်နိုင်အောင်လုပ်တယ်ပဲပြောပြော အစ်မရဲ့ Life purpose နဲ့ အတူတူလက်တွဲပြီးလျှောက်လို့ရတဲ့ လက်တွဲဖော်ကို တွေ့ရင်တော့ အတူတူလက်တွဲမယ် ကြေညာလိုက်ပါပြီလို့။

 

ကလေးတွေနဲ့ ပတ်သက်ပြီး မသန္တာလှိုင်ရဲ့ မျှော်လင့်ချက်ဆိုရင် ဘာဖြစ်မလဲ။

ပထမဆုံးအချက်အနေနဲ့ ကိုယ့်သားသမီးဟာ ဆန်ကုန်မြေလေးမဖြစ်ပဲ ကိုယ့်မိသားစုနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် အကျိုးရှိအောင် နေထိုင်နိုင်တဲ့ အသုံးဝင်ပြီး အကျင့်စာရိတ္တကောင်းမွန်တဲ့ စိတ်ထားမြင့်မြတ်တဲ့လူသားဖြစ်ဖို့ အစ်မ ထိန်းကျောင်းသွန်သင်ဆုံးမခဲ့တာပါ။ အဲဒီအချက်လေး ပြည့်စုံပြီဆိုရင် မွေးရကျိုးနပ်ပါပြီ။ အဲဒီလောက်ပဲ မျှော်လင့်ချက်ရှိပါတယ်။ တစ်ခြားကတော့ ဘဝမှာ သူတို့ဖြစ်ချင်တာ၊ သူတို့ရည်မှန်းတာ၊ သူတို့အိမ်မက်လေးတွေကိုပဲ အကောင်အထည်ဖော်ပေးဖို့ ကိုယ့်ဖက်က အတက်နိုင်ဆုံးပံ့ပိုးပေးတဲ့ မိဘဖြစ်ဖို့ပဲ ကြိုးစားပါတယ်။

မသန္တာလှိုင်ရဲ့ Facebook  Page မှာ ဖတ်လိုက်ရတယ်။ “ကျွန်မကို စိတ်ခိုင်တယ်လို့ ဘယ်သူပြောလဲ။ ဒီနေ့ တစ်နေကုန် ငိုနေရတယ်” တဲ့။ သမီးအကြီးလေးက အခုနိုင်ငံခြားမှာနော်။ သားသမီးနဲ့ခွဲရတဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်လေးလည်း ပြောပြပေးပါဦး။

သမီးလေးကို ထားခဲ့ရတုန်းက အရမ်းခံစားရတယ်။ ဒီလောက်တောင် မိဘတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ မိသားစုတွေကိုပစ်ပြီးတော့ အဝေးမှာနေချင်ရသလားရယ်လို့ စိတ်ထဲမှာ ဝမ်းနည်း သွားတယ်။ ဒါပေမယ့် သူ တကယ့်ကို သူလိုချင်နေတဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ သူနေချင်တဲ့နေရာ၊ သူပညာသင်ချင်တဲ့နေရာမှာ နေထိုင်ပြီးတော့ သူသွားချင်နေချင်တဲ့ပတ် ဝန်းကျင်မှာ သူ့သူငယ်ချင်းအသစ်တွေနဲ့ ပျော်နေတာ၊ သွားနေလာနေတာတွေ့ရတဲ့အချိန်မှာတော့ ကိုယ်ချင်းစာမိလိုက်ပါတယ်။ ကိုယ်လည်း ငယ်ငယ်တုန်းက ဒီလိုမျိုး မိဘတွေကိုခွဲသွားပြီး တခြားနိုင်ငံအဝေးတစ်ခုမှာ ပညာသင်ချင်တုန်းက မသင်ခဲ့ရဘူး။ ဒါပေမယ့် မိဘတွေအားလုံး ကိုယ်ချင်းစာတတ်မှာပါ။ ဘယ်လိုခံစားရလဲဆိုတာကိုတော့လေ။

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်းခေတ်မှာ Single Mother တွေ အရမ်းများလာတယ်။ အဲဒီ Single Mother တွေအတွက် မသန္တာလှိုင်ရဲ့ အားပေးစကားလေး ပြောပြပေးပါဦးနော်။

အစ်မပြောချင်တာက Single Mother ဆိုတာက အားငယ်စရာမရှိပါဘူး။  ဂုဏ်ယူတတ်ရင် ဂုဏ်ယူလို့တောင် ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူများတွေနှစ်ယောက်ပေါင်းပြီးတော့မှ လုပ်ကြတဲ့အလုပ်ကို ကိုယ်ကတစ်ယောက်တည်းလုပ်နေတာ။ ကိုယ်နဲ့မတူညီတဲ့ လက်တွဲလို့မရတဲ့ အိမ်ထောင်ဖက်နဲ့ ပြိုင်ပြီးတော့ ကိုယ့်သားသမီးတွေအတွက် ကိုယ်လုပ်ပေးချင်တဲ့လမ်းကို ခက်ခက်ခဲခဲလျှောက်ရတဲ့အတွက် ပိုပြီးတော့ ချီးကျူးရမယ့်မိဘလို့လည်း ပြောလို့ရပါတယ်။ သူများတွေနှစ်ယောက်လုပ်ကြတဲ့အလုပ်တွေကို ကိုယ်ကတစ်ယောက်တည်းလုပ်တဲ့အချိန်မှာ ဘေးကအကူအညီတွေပေးလာမယ်ဆိုရင်လည်း ရသလောက်အကူအညီတွေယူပါ။ ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ ကူညီဖို့ကမ်းလှမ်းမှုတွေကို ဘယ်တော့မှမငြင်းပါနဲ့။ ဥပမာ ကလေးကို တစ်နေရာရာမှာတစ်ယောက်တည်းထားခဲ့ပြီး အလုပ်သွားရမယ့်အစား မိဘတွေ၊ ဦးလေးအဒေါ်တွေ၊ မိတ်ဆွေတွေက စောင့်ရှောက်ပေးဖို့ကမ်းလှမ်းလာခဲ့မယ်ဆိုရင် သင့်တော်ရာကို ရွေးချယ်လက်ခံလို့ရပါတယ်လို့။

ရှေ့ဆက်လျှောက်မယ့် အနုပညာခရီးလမ်းအတွက် ပရိသတ်ကိုအသိပေးစရာ ရှိဦးမလား။

ရှေ့ဆက်လျှောက်မယ့် အနုပညာနဲ့ပတ်သက်ပြီးတော့ အစ်မ ပရိသတ်ကို အစ်မရဲ့ Facebook Page ပေါ်မှာ အမြဲတမ်း Upload လုပ်ပါတယ်။ ဒါ့အပြင် အစ်မ တွေ့ရှိထားတဲ့ ဘဝရည်ရွယ်ချက်လေးတွေကိုလည်း ရေးတင်ပေးပါတယ်။ ဒါကြောင့် ကျွန်မရဲ့ Facebook Account Thandar Hlaing နဲ့ ဖွင့်ထားတဲ့ Page ပေါ်မှာ သတင်းတွေ၊ မျှဝေစရာတွေ၊ Information တွေ တက်နိုင်သမျှ Update လုပ်ပေးပါ့မယ်လို့ ပြောချင်ပါတယ်။

ညီမမေးတဲ့ မေးခွန်းတွေအထဲမပါပေမယ့် မသန္တာလှိုင်အနေနဲ့ ဖြည့်စွက်ပြောပြချင်တာမျိုးလေးတွေရော ကျန်ဦးမလား။

Gender Equality နဲ့ပတ်သက်ပြီး မြန်မာပြည်မှာ အမျိုးသမီးနဲ့ အမျိုးသားက အခွင့်အရေးရပုံချင်း မတူတာကို ငြင်းစရာမရှိပါဘူး။ အမျိုးသားနဲ့အမျိုးသမီး မြန်မာပြည်မှာ အခွင့်အရေးရပုံချင်းမတူတာ အကုန်လုံးအသိပါပဲ။ အလုပ်ခွင်ထဲမှာ အမျိုးသားနဲ့ အမျိုးသမီး အခွင့်အရေးရပုံချင်းကို ကြည့်ရင်တောင် ကိုယ့်အရှေ့မှာ အရည်အချင်းအတူတူ၊ အသက်အရွယ်ချင်းအတူတူ၊ အိမ်ထောင်မရှိတာချင်းအတူတူ အမျိုးသမီးနဲ့အမျိုးသားနှစ်ဦး အလုပ်လာလျှောက်တဲ့အခါ ဘယ်သူ့ကို ဦးစားပေးမလဲ။ လခအရရော ဘယ်သူပိုရမလဲဆိုရင်တော့ ရှင်းပါတယ်။ အမျိုးသားကပဲ ရတာကို မြင်ဖူးတွေ့ဖူးကြမှာပါ။ ဒါဘာကြောင့်လဲဆိုတဲ့ နောက်ခံအကြောင်းအရင်းလေးတွေကို အစ်မထောက်ပြချင်ပါတယ်။ တကယ်လို့ အမျိုးသမီးကိုသာ ဒီအလုပ်ခန့်ခဲ့မယ်ဆိုရင် တစ်နေ့တစ်ချိန် အမျိုးသမီးဟာ အိမ်ထောင်ကြသွားခဲ့မယ်ဆိုရင် ၉၀ရာခိုင်နှုန်းက အလုပ်ကိုထွက်ပြီး ကလေးမွေးမယ်။ အလုပ်ဆိုတာက သူမဘဝမှာ အဓိကမဟုတ်တော့ပါဘူး။ အမျိုးသားအနေနဲ့ကျတော့ အိမ်ထောင်ကျသွားခဲ့တဲ့အခါ  ဒီအလုပ်ဟာ သူ့အတွက်ပိုလိုအပ်လာပြီး တာဝန်လည်းကြီးလာပြီး ပိုကြိုးစားရတာဖြစ်တဲ့အတွက် ပိုပြီးတော့ တန်ဖိုးရှိတဲ့ဝန်ထမ်းတစ်ယောက် ဖြစ်သွားမှာပါ။

 

Editor: Moethae Say

 

 

 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.