interview   |   Posted on Jan 3, 2017 by Tun Lin

ညီမဖြစ်သူ စိုးပြည့်သဇင်နဲ့လုပ်နေတဲ့သီချင်းတွေ ထပ်ထွက်လာဖို့ရှိတယ်ဆိုတဲ့ စန္ဒီမြင့်လွင်


ကော်ပီဆိုတာထက် သီချင်းတွေကတော့ အမြဲတမ်းအဟောင်းတွေကိုပြန်ပြီးတော့ Creation ပြန်လုပ်ပြီးတော့ မြူးဇစ်ပုံစံပြန်ချိန်းပြီးတော့ ဆိုကြတာကရှိတာပဲလေ။ ဒါကတော့ ဒီမှာမှမဟုတ်ဘူး။ အင်တာနယ်ရှင်နယ်မှာလည်း ရှိတာပဲလေ။

Share this article

“Queen ဆိုတာအမျိုးထုကြီးအားလုံးကို Queen ဆိုပြီးတော့ပြောချင်တာပါ။ မိန်းကလေးတွေ အမျိုးသမီးတွေအကုန်လုံးကို ဒီးဒီက Queen ဆိုပြီးပြောချင်တာ။ အမျိုးသမီးတွေကို နေရာပေးစေချင်တယ်ပေါ့နော်။ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ အခွင့်အရေးတန်းတူရှိတာ ဒီးဒီကြိုက်ပါတယ်။ ဒီနာမည်ကို အမျိုးသမီးထုကို အားပေးတာပေါ့။ အားလုံးကို Queen ဆိုပြီးပြောချင်တာ ဒီးဒီတစ်ယောက်တည်းကို ပြောချင်တာမဟုတ်ပါဘူး” လို့ပြောထားတဲ့ အဆိုတော် စန္ဒီမြင့်လွင်ရဲ့  Queen Album MTV ဟာ အခု ၂၀၁၇၊ ဇန်န၀ါရီလ (၇)ရက်နေ့မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။ စီဒီဖြန့်ချိခဲ့အပြီး တစ်နှစ်အကြာမှာ ထွက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ သီချင်းတော်တော်များများကို အမိုက်စားရိုက်ကူးထားတဲ့အတွက် ဒီခွေကို ဒီးဒီရဲ့ ပရိသတ်တွေတော့ အတော်ကြိုက်ကြလိမ့်မယ်ထင်ပါတယ်။ ဒီခွေထဲမှာ ပါဝင်တဲ့ Arkar Production ကရိုက်ကူးတဲ့ “ဟောလိဝုဒ်”သီချင်း MTV ကို  ကျွန်တော်တို့ MODA မဂ္ဂဇင်းနဲ့ ပူးပေါင်းရိုက်ကူးတင်ဆက်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဗီဒီယို မှာ ပါဝင်တဲ့ သရုပ်ဆောင် အေးမြတ်သူ၊ သင်ဇာဝင့်ကျော်နဲ့ အဆိုတော်စန္ဒီမြင့်လွင်တို့ရဲ့ဖက်ရှင် ဒီဇိုင်းတွေဟာ ယခုမြင်တွေ့နေရတဲ့ ကာဗာစတားပုံရိပ်တွေနဲ့ထပ်တူပါပဲ။ ကျွန်တော်အခု ဒီးဒီလို့ခေါ်ကြတဲ့ အဆိုတော် စန္ဒီမြင့်လွင်နဲ့ အင်တာဗျူးတွေ့ဆုံမှုကိုတင်ဆက်ပေးလိုက်ပါတယ်။

ထုံးစံအတိုင်း ပထမဆုံးအနေနဲ့ကျွန်တော်တို့မဂ္ဂဇင်းကာဗာပုံရိပ်နဲ့ ဒီးဒီရဲ့ “ဟောလိဝုဒ်” မြူးဇစ်ဗီဒီယိုပူးပေါင်းတင်ဆက်မှုလေးအကြောင်းကိုပဲစပြောပါဦး။
MODA မဂ္ဂဇင်းရိုက်ရတာကတော့ ဒီးဒီအတွက် အမှတ်တရပါပဲ။ နောက်ပြီးတော့ ဒီသုံးယောက်ကကျတော့ အမြဲတမ်းခရီးတွေလည်းအတူတူသွားဖူးတယ်။ အရမ်းလည်းခင်တယ်။ သင်ဇာကော၊ မြတ်လေးကောပေါ့။ သူတို့ကလည်း ကိုယ့်ကိုခင်လို့လုပ်ပေးကြတာဆိုတော့ သူငယ်ချင်းတွေလည်းဖြစ်တော့လေ၊ ပျော်ဖို့ကောင်းပါတယ်။ ဒီးဒီက သူတို့နဲ့ကို ရိုက်ချင်နေတာလေ။   ဒီသီချင်းကို မင်းသမီးတွေနဲ့ပဲရိုက်မယ်။ မင်းသမီးတွေထဲမှာကိုမှ အရမ်း Sexy ကျပြီး မိုက်တဲ့မင်းသမီးတွေနဲ့ရိုက်ချင်တာလေ။ သူတို့နဲ့ရိုက်ခွင့်ရခဲ့တယ်။ ပျော်လည်းပျော်ရတယ်။ အမှတ်တရတွေလည်းအများကြီးဖြစ်တယ်။

ဟောလိဝုဒ်သီချင်း MTV အပြင် တခြား Highlight လုပ်ပြီးပြောချင်တဲ့ MTV တစ်ခုအကြောင်းဆိုရင် ဘယ်သီချင်း MTV ဖြစ်မလဲဗျ။
ဒီးဒီ ဒီခွေထဲက သီချင်းတွေတော်တော်များများတော့ တစ်ပုဒ်ချင်းကို အကုန်လုံးကြိုက်နေတာလေ။ “နှိုက်မှာပဲ”သီချင်းဆိုလို့ရှိရင်လည်း ဒီးဒီ အရမ်းကြိုက်တယ်။ ရိုက်ထားတဲ့ ပုံစံတွေရောပေါ့။ “ဟောလိဝုဒ်”ကိုလည်း အရမ်းကြိုက်တယ်။ နောက်ပြီး “Happy” ဆိုတဲ့ သီချင်းလေးကိုတော့ ကိုအားတီနဲ့ရိုက်ထားတာ။ FG Entertainment ကနေပြီးတော့ ရိုက်ပေးထားတာ။ အဲဒီသီချင်းလေးကိုလည်း အရမ်းကြိုက်တယ်။ ရိုက်ပေးထားတဲ့ အိုက်ဒီယာလေးကိုလည်း အရမ်းသဘောကျတယ်။ နောက် “အခါးတွေမကျွေးနဲ့”ဆိုတဲ့ သီချင်းလေးဆိုရင်လည်း  ကိုပြေတီဦးနဲ့ရိုက်ထားပါတယ်။ ကိုအောင်ရဲလင်းနဲ့ ရိုက်ထားတဲ့ “ချစ်နေတုန်းပဲ” Version 2 ကို  ကိုထူးပိုင်ဇော်ဦးကရိုက်ပေးထားတာ။ ဒီးဒီ ဒီခွေမှာလေ အဲလိုမျိုး တစ်ပုဒ်တည်းရယ်လို့ သိပ်မပြောပြတတ်ဘူး။ အကုန်လုံးကို ဒီးဒီသဘောကျတယ်။

ဒီခွေထဲမှာ ဒီးဒီ ကိုယ်ပိုင်ရေးထားတဲ့ သီချင်းနည်းတာတွေ့ရတယ်နော်။
ဒီးဒီက သီချင်းရေးအားက နဂိုကတည်းက နည်းပါတယ်။ ဟိုစပ်စပ်ဒီစပ်စပ်ဝင်ရေးတာမျိုးလောက်သာ ရှိပါတယ်။ တစ်ပုဒ်လုံးရေးဖြစ်တာတော့ အရင်တုန်းက ရေးဖြစ်တာတော့များတယ်။ နောက်ပိုင်းတော့ သီချင်းရေးတာထက် သီချင်းဆိုတာကို ပိုပြီးတော့ အားသန်တယ်။ အဲဒါကြောင့်မို့လို့ပါ။ Music Arrange လုပ်ရတာကိုလည်းကြိုက်တယ်။ အတီးဆရာနဲ့ တီးလုံးတွေစီစဉ်ရတာ၊ နေရာထားတာ စသဖြင့် လုပ်ရတာကို ဒီးဒီကြိုက်တယ်။ အရေးပိုင်းကိုတော့ ဒီးဒီအဲလောက်မကျွမ်းကျင်ပါဘူး။ “ဟောလိဝုဒ်”တစ်ပုဒ်လုံးကိုတော့ ဒီးဒီအရေးတွေထပ်ဖြည့်ပြီးတော့ တစ်ပုဒ်လုံးကို ကိုယ်တိုင် Arrange လုပ်ထားပါတယ်။

“ဟောလိဝုဒ်”သီချင်းကို ပြန်ဆိုရခြင်းအတွက် အမှတ်တရတွေရှိရင်လည်းပြောပြပါဦး။
“ဟောလိဝုဒ်”သီချင်းက ဘာရယ်မဟုတ်ဘူး။ ကာရာအိုကေမှာ သူငယ်ချင်းတွေနဲ့သွားဆိုကြရင် ဒီသီချင်းက အမြဲပါတယ်။ အဲဒီကနေ ဒီသီချင်းလေးကို ဒီးဒီဆိုချင်သွားတယ်။ ဒီသီချင်းကို ဒီးဒီဆိုရင် ကောင်းမှာပဲဆိုပြီးတော့လည်း ညီမလေးတစ်ယောက်ကလာပြောဖူးတယ်။ အဲဒါနဲ့တိုက်ဆိုင်သွားတော့ ဒီသီချင်းကို ဆိုဖြစ်သွားတာ။

ဒီ “ဟောလိဝုဒ်”သီချင်းကို ဆိုလိုက်ခြင်းအားဖြင့် ဒီးဒီရဲ့ ခွေထဲက သီချင်း ၈ ပုဒ်ထဲမှာ ကော်ပီတစ်ပုဒ်ပါသွားတယ်ပြောလို့ရတာပေါ့နော်။
ဟုတ်ကဲ့။ ဒါပေမဲ့ ဒီးဒီက ဒီသီချင်းကို Creation ပြန်လုပ်တာဆိုတော့လေ၊ ကော်ပီဆိုတာထက် သီချင်းတွေကတော့ အမြဲတမ်းအဟောင်းတွေကိုပြန်ပြီးတော့ Creation ပြန်လုပ်ပြီးတော့ မြူးဇစ်ပုံစံပြန်ချိန်းပြီးတော့ ဆိုကြတာကရှိတာပဲလေ။ ဒါကတော့ ဒီမှာမှမဟုတ်ဘူး။ အင်တာနယ်ရှင်နယ်မှာလည်း ရှိတာပဲလေ။ ဒါကတော့ ပြန်ပြီးတော့ တီထွင်ဖန်တီးတဲ့သဘောမျိုးပါပဲ။ ဥပမာပြောရရင် အခုမအေးချမ်းမေရဲ့ “ဘုရားစူး”သီချင်းကို Arrange ပြန်လုပ်သလိုမျိုးပဲ။ ဒီသီချင်းက ကော်ပီဖြစ်ခဲ့တယ်။ သို့ပေမဲ့ မြန်မာတစ်နိုင်ငံလုံးက “ဘုရားစူး” ကိုပိုသိတယ်။ သူက ဒီသီချင်းကို မဆိုရင် ဖြစ်ကိုမဖြစ်ဘူး။ ဆိုကိုဆိုရမယ်။ ဒီးဒီတို့က ဒီသီချင်းကို ပုံစံလည်း မူမပျက်အောင် ရက်(ပ်)လည်း နည်းနည်းပဲထည့်ပြီးတော့ ကိုယ့်ဘာသာကိုယ်ပြန်ပြီးတော့ရေးတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ တိုင်ပင်ပြီးလုပ်ကြတယ်။ အဲလိုမျိုးပေါ့နော်။ ဒီသီချင်းကို မဆိုလို့မဖြစ်တဲ့အတွက်ကြောင့် သူက ဆိုကိုဆိုရမယ်။ “ဟောလိဝုဒ်”သီချင်းဆိုလို့ရှိရင်လည်း ကော်ပီပဲ။ ဒါပေမဲ့ ဒီသီချင်းက မခိုင်ကြီးတို့ပြန်ဆိုမှ လူတွေက ပိုသိလာတယ်။ အဲလိုမျိုးဆိုတဲ့အခါကျတော့ ဒါက ကော်ပီဟုတ်ပါတယ်။ ဒါပေမဲ့ ဒီးဒီတို့ခေတ်မှာကျတော့ ဒါကပြန်ပြီးတော့ Arrange အသစ်ထပ်ဆန်းသစ်ပြီးတော့ ဆိုကြတာဆိုတော့ အဲဒီသဘောပါပဲ။

ဒီးဒီရဲ့ ညီမဖြစ်တဲ့ စိုးပြည့်သဇင်နဲ့ဒီးဒီတို့ သီချင်းတွေစီစဉ်နေတယ်လို့လည်း သိရတယ်။ အဲဒီအကြောင်းနည်းနည်းပြောပါဦး။
ပထမတော့ အွန်လိုင်းမှာရောင်းမယ်။ ပြီးရင်အဲဒီနှစ်ပုဒ်ကိုပဲ ရိုက်ပြီးတော့ ခွေဖြန့်ဖို့လုပ်ထားပါတယ်။ သူ့ကိုကျတော့ မင်းသမီးအနေနဲ့သာ လူတွေက သိကြတာ။ သူက သီချင်းဆိုတာ အရမ်းတော်တယ်။ အဲဒါကို လူသိနည်းတယ်။ သူက ဒီးဒီထက်ကို သီချင်းဆိုသက်က ပိုစောတယ်။ ငယ်ငယ်ကတည်းက သူက ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွေလည်းပြိုင်တယ်။ ပီယာနိုတီးတာ၊ ဂစ်တာတီးတာလည်း ကျွမ်းကျင်တယ်။ တကယ်တမ်းသူ့ကို ပရိသတ်သိတာက မင်းသမီးတစ်ယောက်အနေနဲ့ပဲသိထားတာဆိုတော့ အခုသီချင်းလေးတွေလည်းထပ်လုပ်ချင်ကြလို့ပါ။ ဒီးဒီကကျတော့ မင်းသမီးလုပ်ခဲ့ပေမဲ့ ဒီးဒီကို ပရိသတ်က အဆိုတော်အနေနဲ့ပဲရင်းနီးထားတာဆိုတော့လေ။ အခုက ညီမနှစ်ယောက်အမှတ်တရလည်းဖြစ်သွားအောင်ဆိုပြီးတော့ သီချင်းလုပ်ဖြစ်သွားကြတာပါ။

အရင်က မင်းသမီးလုပ်ခဲ့တဲ့ ဒီးဒီက ဒီအဆိုတော်ဘက်ကို ရောက်လာခဲ့ပုံလေးပြောပြပါဦး။
ဒီးဒီကကျတော့လေ မင်းသမီးလုပ်ရတာထက် သရုပ်ဆောင်လုပ်ရတာကို ပိုပြီးတော့သဘောကျတယ်။ ဒီးဒီ ရုပ်ရှင်တွေရိုက်ကူးခဲ့တဲ့အချိန်တွေတုန်းကလည်း ဒီးဒီက အပြင်အတိုင်းပဲ ဒီးဒီရှိတဲ့အတိုင်းပဲသရုပ်ဆောင်တယ်။ အဲဒီပုံစံအတိုင်းပဲ အိုက်တင်တွေလုပ်တယ်။ ဒီးဒီက မင်းသမီးလို အရမ်းနုနွဲ့နေတာမျိုးလည်း ဒီးဒီကမကြိုက်ဘူး။ နောက်ပြီးတော့ သီချင်းဆိုရတဲ့အချိန်မှာလည်း ကိုယ်သီချင်းဆိုလိုက်တဲ့အချိန်မှာ  ကိုယ့်ရဲ့ အနုပညာကို အောက်ကပရိသတ်က အရမ်းအားပေးတယ်။ အဲဒါကို ဒီးဒီကြိုက်တယ်ပေါ့။ အဲဒီသဘောပါပဲ။ သီချင်းဘက်မှာတော့ ပိုပြီးတော့ ဒီးဒီကို ပရိသတ်ကြိုက်တယ်ထင်ပါတယ်။ ရုပ်ရှင်ဘက်ကိုလည်း ဒီးဒီစိတ်ဝင်စားပါတယ်။ အခုနောက်ပိုင်း ပြန်ရိုက်ချင်တာလေးတွေလည်းရှိတယ်။ မြူးဇစ်ကားလေးတွေပေါ့၊ လူငယ်ဆန်တဲ့ကားတွေ၊ မြူးဇစ်နဲ့ပတ်သက်တာတွေပါတဲ့ ကျောင်းတက်တာ ဘာညာစသဖြင့်ပေါ့၊ အရမ်းရိုက်ချင်တယ်။ ဒါပေမဲ့ ဒီမှာ အဲလိုကားတွေသိပ်မရိုက်ကြသေးဘူး။

တကယ်လို့ အဲလို ကာရိုက်တာအတွက် ရိုက်ကူးဖို့ကမ်းလှမ်းလာခဲ့ရင်တော့ ဒီးဒီ ရွေးချယ်ဖြစ်မှာပေါ့။
ဟုတ်ကဲ့။ ဒီးဒီအနုပညာအရ လုပ်ချင်ပါတယ်။ မင်းသမီးဖြစ်ရမယ်လို့မဟုတ်ဘူး။ အနုပညာအရ လုပ်ကွက်ရှိမယ်၊ လုပ်လို့ရမယ်။ ကိုယ်ကြိုးစားသလောက် ထင်ပေါ်မယ့် ဇာတ်ရုပ်မျိုးဆို ဒီးဒီလုပ်ဖြစ်မှာပါ။

ဟစ်ဟော့ပ်မြူးဇစ်ကို ရူးသွပ်တဲ့ မိန်းကလေး Rapper တစ်ယောက်အနေနဲ့ ဖြတ်သန်းခဲ့ရတဲ့  ဂီတခရီးလမ်းအကြောင်းပြောပြပါဦး။
ခရီးလမ်းကတော့ တော်တော်လေးမချောမွေ့ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ယောက်ျားလေးတွေတောင်မှ တိုးဖို့ခက်တဲ့အချိန်၊ ဟစ်ဟော့်ပ်မြူးဇစ်အစစ်ကြီးတွေတောင် အဆင်မပြေတဲ့အချိန်မှာ ဒီးဒီက မိန်းကလေးတစ်ယောက်အနေနဲ့ ဟစ်ဟော့ပ်တွေစဆိုတယ်။ အခုလိုမျိုး Commercial တွေ သိပ်မရှိသေးတဲ့အချိန်မှာ အရမ်းကြမ်းတဲ့ ဟစ်ဟော့ပ်မျိုးကိုဆိုခဲ့တယ်။ အဲဒါကြောင့်မို့လို့လည်း ပရိသတ်တွေရင်ထဲ စန္ဒီမြင့်လွင်ဆိုပြီတော့ ပရိသတ်ရင်ထဲချက်ချင်းရောက်သွားခဲ့တာပေါ့နော်။ အဲဒီတုန်းက ခရီးက တော်တော်ကြမ်းပါတယ်။ တချို့တွေက စန္ဒီမြင့်လွင်ကို ရုပ်ရှင်ဘက်ကနေ ပိုပြီးတော့ သိကြတယ်။ မင်းသမီးလုပ်တယ်ဆိုတာ သိတယ်။ သီချင်းဆိုတယ်ဆိုတာသိတယ်။ ဒါပေမဲ့ ဒီလိုဟစ်ဟော့ပ်အကြမ်းကြီးတွေဆိုတယ်လို့ မသိကြတာလည်းရှိတယ်။ အထူးသဖြင့် နယ်က ပရိသတ်တွေပေါ့။ သီချင်းဆိုဖို့ နယ်ပွဲတွေလိုက်ရတဲ့အခါ ဒီးဒီမှာ ဆိုစရာသီချင်းတွေက ဒါတွေပဲရှိတယ်။ တစ်ခါတစ်လေ သူတို့ခေါ်လိုက်တဲ့ ပွဲနဲ့ ဒီးဒီဆိုတဲ့ ပုံစံနဲ့က မအပ်စပ်ဘူးဖြစ်နေတယ်။ အဲဒီအချိန်တွေတုန်းကဆိုလို့ရှိရင် ပရိသတ်ကို အရမ်းအားနာတယ်။ မျက်နှာမထားတတ်ဘူး။ နောက်တစ်ခုက Band သမားတွေကြားထဲရောက်သွားပြီဆိုရင် ကိုယ်က ဟစ်ဟော့ပ် ပွဲတွေပဲဆိုတာကိုး၊ လူငယ်တွေနဲ့ပဲ ဆိုနေကြတာဆိုတော့လေ။ လူကြီးတွေကြားထဲရောက်သွားပြီဆိုရင် ကိုယ့်ကိုယ်ကို အရမ်းမျက်နှာငယ်သလိုခံစားရတယ်။ ကိုယ့်အဖွဲ့တွေ မပါတဲ့အခါ ကိုယ့်ကိုယ်ကို သိမ်ငယ်မိတာပေါ့နော်။ ငါ လူကြီးတွေကြားထဲမှာ အဆင်မှပြေပါ့မလား။ ငါ့မြူးဇစ်ကိုရော အောက်ကပရိသတ်တွေအားပေးကြပါ့မလားလို့ စိုးရိမ်မိတယ်။ ကိုယ့်ကိုယ်ကို စိုးရိမ်စိတ်တွေနဲ့ အမြဲတမ်းစင်ပေါ်ကို တက်ခဲ့ရတယ်။ အဲတုန်းက “ငါ့သမီးလေးတော်လိုက်တာ” တို့ဘာတို့စပေါက်တယ်။ ပရိသတ်က အဲဒီသီချင်းတွေကို သိတယ်။ ဒါပေမဲ့လည်း ကိုယ့်မှာ စိုးရိမ်စိတ်က အမြဲရှိနေတယ်။ ဒါပေမဲ့ ကြောက်တော့မကြောက်ဘူး။ ဆိုတာပဲ။ ငယ်လည်း ငယ်တာပါတော့ တိုးတယ်။ နောက်ပိုင်းလူငယ်တွေအတွက်ကကျတော့ အရမ်းအဆင်ပြေသွားတယ်လို့ထင်ပါတယ်။ အခုကျတော့ ဟစ်ဟော့ပ်ခေတ်ကြီးဖြစ်သွားတာပေါ့နော်။

အရင်က Band တွေကြားရောက်တဲ့အခါ အားငယ်သိမ်ငယ်စိတ်တွေဖြစ်ခဲ့ဖူးတယ်ဆိုတော့ အခုကော။ ဒီးဒီရဲ့  One Lady Show မှာဆိုရင်လည်း ဒီးဒီက Band နဲ့ဆိုသွားတဲ့အခါကျတော့လေ။ ဒီးဒီတို့ဆိုနေကျနဲ့ Band နဲ့ဆိုရတာ ဘာတွေကွာခြားမှုရှိလဲ။
အဲဒါကကျတော့ သူ့မြူးဇစ်နဲ့သူ၊ သူ့ပုံစံနဲ့သူပါပဲ။ ဒီးဒီက နှစ်မျိုးစလုံးကို ကြိုက်ပါတယ်။ ဒီဂျေနဲ့ဆိုရတာလည်း ဒီးဒီတို့က ဒီဂျေနဲ့ ဆိုကျင့်ဖြစ်နေတဲ့အခါကျတော့၊ နောက်ပြီး ဒီးဒီတို့ ဟစ်ဟော့ပ်တွေ၊ ရက်ပ်တွေကို Band နဲ့ဆိုရတာကိုလည်း ကြိုက်တယ်။ နှစ်မျိုးစလုံးကိုကြိုက်တယ်။ Band ကတော့ တစ်မျိုးစီပဲ။ မတူတဲ့ Taste ကိုရစေတယ်။ Band နဲ့ဆိုလို့ မရတာတွေလည်းရှိတယ်။ “လာမချုပ်နဲ့” လိုတီးလုံးမျိုးတွေ၊ “ရှော့ခ်”လိုတီးလုံးမျိုးတွေဆိုရင် ဘယ်လိုမှ Band နဲ့ဆိုလို့မဖြစ်နိုင်ဘူး။ အတီးတွေပြန်ပြောင်းတီးရင်တော့ မရတာတော့မဟုတ်ဘူး။ ရပါတယ်။ ဒါပေမဲ့ “လာမချုပ်နဲ့”တီးလုံးကကျတော့ ပရိသတ်က ဒီတီးလုံးကို အရမ်းနားစွဲသွားပြီလေ။ Band နဲ့ပြန်တီးမယ်ဆိုရင် ဆိုလို့တော့ရတယ်။ ဒါပေမဲ့ သူတို့ကြိုက်တာက အရင်ဗားရှင်းပဲဖြစ်နေတယ်။ အဲဒီသီချင်းကို ဒီးဒီပြန်တီးမယ်ဆိုတာကို မတီးဖြစ်ဘူးဖြစ်နေတာ။

ဒီးဒီရဲ့  One Lady Show မှာ “ကိုဘီအေ” သီချင်းကို ကိုနေတိုးနဲ့ဆိုဖြစ်ခဲ့တဲ့ အကြောင်းကရော၊ အမှတ်တရရှိလား။
ဒီးဒီက ကိုနေတိုးနဲ့အရမ်းဆိုချင်တယ်။ ပထမကတော့ ဦးအောင်ကိုလတ်ကိုပဲ အရင် Request လုပ်တာပါ။ ဦးလတ်သီချင်းဆိုတော့လေ၊ ဦးလတ်က ဆိုပေးချင်ပါတယ်။ ဒါပေမဲ့သူအဆင်မပြေဘူးပေါ့နော်။ သူခရီးထွက်စရာတွေရှိနေတယ်တဲ့။ အဲဒီတော့ ဒီးဒီက မင်းသားကိုနေတိုးနဲ့ဆိုချင်လို့ပါဆိုပြီး ခွင့်တောင်းလိုက်တယ်။ ကိုနေတိုးကလည်း အဲဒီတုန်းက ဒီမှာမရှိဘူး။ ခရီးသွားနေတော့ အစ်ကို သမီးကိုဆိုပေးနိုင်မလားဆိုတော့ ကိုနေတိုးကလည်း လိုလိုလားလားပဲကူညီပေးခဲ့တယ်။ ကိုနေတိုးဆိုပေးတာကိုလည်း အရမ်းသဘောကျတယ်။ ကျေးဇူးလည်းတင်ပါတယ်ပေါ့နော်။ သူလည်း မအားတဲ့ကြားကနေ ဆိုပေးခဲ့တာပါ။

One Lady Show မတိုင်ခင် ဘာတွေကို အဓိကစိုးရိမ်ခဲ့လဲ။ ဘာတွေကို အဓိကပြင်ဆင်ခဲ့လဲ။
ရှိုးမတိုင်ခင်ကတော့ မျိုးစုံပဲ။ တစ်ခုပြီးတစ်ခုဖြစ်နေတာပဲလေ။ ပွဲကိုမလုပ်ချင်တော့လောက်ထိအောင်လည်းဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဆင်မပြေတာတွေမျိုးစုံကြုံခဲ့ပြီးတော့မှ နောက်ဆုံးအဆင်ပြေခြင်းကိုရောက်တယ်။ ပွဲအစအဆုံးတစ်ခုလုံးကို ကိုယ်တစ်ယောက်တည်းစီစဉ်ရတာဆိုတော့ ခေါင်းထဲမှာ ဖြစ်ပါ့မလား၊ ဖြစ်ပါ့မလား ဆိုတဲ့စိုးရိမ်စိတ်တွေချည်းပဲ။ ဒါပေမဲ့ ဒီးဒီ ဒီ့ထက်လုပ်ချင်တာတွေအများကြီးရှိခဲ့သေးတယ်။ ဒီးဒီမလုပ်နိုင်ခဲ့ဘူး။ စင်ပေါ်မတက်ခင် ပြင်ဆင်ခဲ့တာတွေကတော့ အများကြီးပဲ၊ ခေါင်းတွေတောင်မူးတယ်။ ဘယ်လောက်ထိအောင်လဲဆိုရင် အဲဒီပွဲကြီးကို မြန်မြန်ပြီးပါစေတော့လို့တောင်ဆုတောင်းမိတယ်။ ဒီးဒီအရမ်းမောလာတယ်။ ဒီးဒီစိုးရိမ်တာက ပရိသတ်အားမပေးမှာကို ဒီးဒီအရမ်းစိုးရိမ်တယ်။ ဒီးဒီရဲ့ ပထမဆုံးပွဲမှာ ဟာခဲ့တာတွေအများကြီးရှိတယ်။ မလုပ်နိုင်ခဲ့တာတွေလည်းအများကြီးရှိတယ်။ နောက်တစ်ခါတော့ ပြင်နိုင်အောင်ကြိုးစားရမှာပေါ့။ နောက်တစ်ခုက ဒီးဒီစိတ်က တစ်ခါတစ်လေကျရင်လည်းမာတယ်၊ တစ်ခါတစ်လေကျရင်လည်းပျော့တယ်။ တစ်သမတ်တည်းမရှိဘူး။ အဲဒီစိတ်တွေ ဒီးဒီပြင်ရဦးမယ်။ အဲဒါတွေပြင်ပြီးမှ နောက်တစ်ပွဲထပ်လုပ်ဖို့ကြိုးစားမယ်။

ဒါပေမဲ့ ဒီးဒီရဲ့ရှိုးက အောင်မြင်ခဲ့ပါတယ်။ ပရိသတ်တွေလည်းအများကြီးလာကြတယ်။ ဒါပေမဲ့ ဒီးဒီရဲ့ရှိုးပွဲပုံရိပ်တွေကို မီဒီယာအသီးသီးက ပြန်လည်ဖော်ပြခဲ့တဲ့အချိန်မှာ တက်လာတဲ့ ဝေဖန်မှုတွေက ဘာလဲဆိုတော့ တစ်ကိုယ်တော်ရှိုးမှာ တခြား Featuring အဆိုတော်တွေ အရမ်းများနေတယ်ပေါ့။ အဲဒီအပေါ် ဒီးဒီအနေနဲ့ ဘယ်လိုပြန်ပြောချင်လဲဗျ။
အဲဒါကျတော့ ဘယ်လိုပြောရမလဲဆိုတော့ ဒါကတော့ ဒီမှာမှမဟုတ်ဘူး။ နိုင်ငံတကာမှာလည်းကြည့်လိုက်ပါ၊ ဥပမာ ရီဟားနားပဲဖြစ်ဖြစ်၊ နယ်လှည့် Tour ဆိုလို့ရှိရင် ဘယ်အဆိုတော်ကနေ ၀င်ကူညီပြီးတော့ ဆိုပေးတယ်ဆိုတာက ရှိတာပဲလေ။ ဒီးဒီသီချင်းတွေကကျတော့ ပိုဆိုးတယ်။ Featuring မပါလို့မဖြစ်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီးဒီက Rapping အဓိက ဆိုရတဲ့သူဆိုတော့ Rapping ဆိုရတဲ့အချိန်မှာ ဒီးဒီအရမ်းမောတယ်။ Featuring မယ်လိုဒီဆိုပေးတဲ့သူမပါလို့မဖြစ်ဘူး။ တချို့ကကျတော့လည်း ဒီးဒီသီချင်းပုံစံကို နားမထောင်ဖူးလို့လည်းဖြစ်ကောင်းဖြစ်မှာပါ။ များသောအားဖြင့်တော့ ဒီးဒီက သီချင်းတွေ စုံတွဲဆိုဖြစ်တာများပါတယ်။ ဥပမာပေါ့နော်၊ “ကြာပါတယ်ကွာ” လိုသီချင်းမျိုးဆိုရင် ဒီးဒီတစ်ယောက်တည်းဆိုတာမဟုတ်ဘူးလေ။ Jenny နဲ့ ဒီးဒီနဲ့ပေါင်းပြီးတော့မှပေါက်ထားတဲ့သီချင်း။ Jenny နဲ့မှနှစ်ယောက်မဆိုရင် ဒီသီချင်းက အဓိပ္ပာယ်ဘယ်လိုမှမရှိတဲ့သီချင်း။ “ကိုဘီအေ”ဆိုရင်လည်း ဒီလိုပဲ။ ဦးလတ်နဲ့သော်လည်းကောင်း၊ တစ်ယောက်ယောက်နဲ့တွဲဆိုကိုဆိုရမှာ၊ ဒီးဒီတစ်ယောက်တည်းနဲ့ “ကိုဘီအေ”သီချင်းဆိုတာ မဖြစ်နိုင်ဘူး။ အဲဒါကို တချို့တွေကတော့ ပြောကောင်းပြောနိုင်တာပေါ့နော်။ အဓိကတော့ အဲလိုမျိုးတွေရှိတာကြောင့်ပါ။

ဟုတ်ကဲ့ပါ။ ဒီ Queen MTV နဲ့ပတ်သက်ပြီးတော့ရော ပရိသတ်ကို ဘာထပ်ပြောချင်လဲဗျ။
ဒီခွေက ခွေထွက်တဲ့အချိန်မှာလည်း Feedback ကကြမ်းခဲ့တယ်ပေါ့နော်။ ဒီးဒီ Queen ကို ကြိုးစားရိုက်ကူးထားပါတယ်။ ပရိသတ်တွေလည်း စိတ်တိုင်းကျကြမှာပါ။ ဒီခွေထဲမှာ Bonus Track တစ်ပုဒ်ထပ်ထည့်ပေးထားပါတယ်။ တေးရေးမိုးထိုက်ရေးပေးထားတဲ့ ပန်းတိုင်ဆိုတဲ့သီချင်းပါ။ အဲဒီသီချင်းလေးက အကုန်လုံးကို အားပေးတဲ့သီချင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ်ငါတို့ကတော့ ပန်းတိုင်ကိုဆက်သွားမှာပဲဆိုတဲ့အကြောင်းပါ။

ဟုတ်ကဲ့ပါ။ နောက်ဆုံးမေးခွန်းလေးကိုတော့ ဖန်စီလေးနဲ့ပဲအဆုံးသတ်ချင်ပါတယ်။ ဒီကနေ့ခေတ်မှာ ခန္ဓာကိုယ်၊ မျက်နှာ စသဖြင့် ပြုပြင်ကြတာတွေအရမ်းခေတ်စားလာကြတဲ့အခါ ဒီးဒီအနေနဲ့ရော ဘယ်အစိတ်အပိုင်းကို ပြင်ချင်စိတ်ရှိလဲ။
အဆီတွေထုတ်ချင်တယ် ပိန်သွားအောင်။ အဆီတွေထုတ်ပြီးတော့ လုံးဝ ဘော်ဒီလှလှလေးဖြစ်သွားအောင်လုပ်ချင်တယ် ဟဟ။ တခြားတော့ ထူးခြားမရှိပါဘူး။ ဂျင်မ်တော့ကစားတော့ကစားဖြစ်ပါတယ်။ လေ့ကျင့်ခန်းလည်း အိမ်မှာလုပ်ဖြစ်ပါတယ်။ အဓိကကတော့ အစားအသောက်ရှောင်ရဦးမယ်။ အခုက သိပ်စားဖြစ်နေတယ်လည်းမဟုတ်၊ မစားဖြစ်ဘူးရယ်လည်းမဟုတ်ဘူး။ ဒါပေမဲ့ ပုံမှန်တော့မရှိဘူး။

အောင်လင်းသစ်

PHOTOGRAPHED BY AUNG KYAW TUN(VISUAL DESIGN)/ STYLING BY AUNG LAY/ ART DIRECTION BY THIHAN KYAW OO/ FASHION DESIGNER: SANDAR BY SANDAR AUNG/ HAIR & MAKEUP: MAY OO



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Jan 19, 2017

2017 People's Choice Awar...


Film & Music   |   Posted on Jan 19, 2017

2017 Grammy Awards ပွဲမှာ...


Fashion News   |   Posted on Jan 19, 2017

2017 People's Choice Awar...


Film & Music   |   Posted on Jan 19, 2017

Cinderella ဇာတ်ရုပ်ကိုငြင...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.