Cover Stories   |   Posted on Jul 31, 2017 by Tun Lin

ကလေးနဲ့တူတယ်ပြောကြလို့ ဗီလိန်လုပ်ပြချင်နေတဲ့ ရွှေသမီး


ဆာတိုရီထုတ်လုပ်ရေးနဲ့ ပွဲဦးထွက် သရုပ်ဆောင်လောကထဲရောက်လာခဲ့ပြီး အနုပညာပျိုးခင်းရဲ့ ထပ်မံစင်တင်ပေးမှုနဲ့အတူ တက်သစ်စတွေထဲမှာ ခြေလှမ်းသိပ်သွက်နေတဲ့ မင်းသမီးတစ်ယောက်။

Share this article

ဒီကာဗာရိုက်ကူးရေးနဲ့ပတ်သက်ပြီး ညီမရဲ့ စိတ်ခံစားချက်ကို သိပါရစေ။
ဒီလို ကာဗာရိုက်ကူးရတာ အရမ်းပျော်ပါတယ်။ MODA မဂ္ဂဇင်းနဲ့က ဒါ ဒုတိယအကြိမ်ဆုံဖြစ်တာပေါ့။ ပြီးတော့ ၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့အထူးထုတ်မှာ ကာဗာစတားတစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရခဲ့အတွက် ပိုပြီး ပျော်ပါတယ်။ MODA မဂ္ဂဇင်း  ၅ နှစ်ပြည့်ကနေ နောက်ထပ်နှစ်ပေါင်းများစွာတိုင် ဖက်ရှင်မဂ္ဂဇင်းတွေရဲ့ နံပါတ်တစ် အဖြစ်ရပ်တည်အောင်မြင်နိုင်ပါစေလို့ဆုတောင်းပေး ချင်ပါတယ်။

ရုံတင်လာဖို့ဇာတ်ကားတွေထဲကနေ ပရိသတ်ကို ဟိုက်လိုက်ပြောချင်တဲ့ဇာတ်ကားတွေများရှိလား။
အဲဒါက အခုမှ ရိုက်ထားတုန်းဇာတ်ကားပေါ့။ "သုံးရောင်ခြယ်"ဆိုတဲ့ ကားကြီးပါ။ ဒီကားကို ကိုစတီးလ်(ဒွေးမေတ္တာ)က ရိုက်တာပါ။ ကိုမင်းမော်ကွန်း၊ ကိုခန့်စည်သူ၊ မအိချောပိုပါတယ်။ ဒီကားထဲမှာ ကိုခန့်ကလည်း အသံအနေအထား၊ အိုက်တင်တွေကအစအများကြီးသင်ပေးထားပါတယ်။ အဲဒီမှာက ညီမတစ်ခါမှမလုပ်ဖူးသေးတဲ့ ကာရိုက်တာပေါ့၊ ပြည့်တန်ဆာတစ်ယောက်ရဲ့ ကာရိုက်တာကို သရုပ်ဆောင်ထားရပါတယ်။ အဲဒါက ပညာပေးဇာတ်လမ်းလေးပါ။ ဒီကာရိုက်တာက ညီမအတွက် ပထမဆုံးလည်းဖြစ်တယ်။ နောက်ထပ်ညီမအတွက် ဒါက ကာရိုက်တာစိန်ခေါ်မှုတစ်ခုလည်းဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်။

တဖြည်းဖြည်းနဲ့အောင်မြင်လာကြတဲ့အခါ မင်းသမီးတချို့ဟာ ဗီဒီယိုကားရိုက်မပေးတာတော့တာတွေရှိတယ်ကြားရတယ်။ ညီမအနေနဲ့ရော ကားကြီးကားသေး ရိုက်ကူးရေးတွေ ဘယ်လိုစီစဉ်ထားလဲ။
တစ်ဘက်တည်းကို ပိုပြီး ဦးစားပေးဖြစ်တာတော့မရှိပါဘူး။ နှစ်ခုစလုံးတော့မျှပါတယ်။ အခုလက်ရှိမှာ ကားကြီးတွေကတော့ ပိုများတယ်ပေါ့နော်။ ပိုများတယ်ဆိုပေမဲ့ ကားကြီးလည်းရိုက်နေလို့လည်းမဖြစ်ဘူးပေါ့။ ညီမတို့လို အခုမှ တက်သစ်စလေးတွေအတွက် အနုပညာရပ်ကို လေ့လာသင်ယူနေဆဲအချိန်ဖြစ်တဲ့အတွက် ကားကြီးတွေပဲရိုက်နေလို့လည်းမဖြစ်ပါဘူး။ ကားကြီးတွေက နောက်နှစ်နှစ် သုံးနှစ်မှထွက်မှာဖြစ်တဲ့အတွက် ပရိသတ်တွေနဲ့အဆက်ပြတ်နိုင်ပါတယ်။ အဲဒါကြောင့် ညီမတို့ ဗီဒီယိုကားလေးတွေ ရိုက်ရင်းနဲ့ ကိုယ့်ထက် စီနီယာတွေပိုဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေဆီကနေ ပညာတွေယူရတယ်၊ သင်ရတယ်ပေါ့နော်။ ဗီဒီယိုရိုက်ပြီးတော့ ၀မ်းစာဖြည့်ဖြည့်ရင်းနဲ့မှ ကားကြီးတွေဘက် ထပ်သွားရတာပေါ့။ ညီမအတွက်ကတော့ အဲလိုပါ။ ကားကြီးကားသေးဆိုပြီးတော့လည်း ခွဲခြားလုပ်တာမျိုးတွေမရှိပါဘူး။



ညီမကိုယ်တိုင်ကရော ဘယ်လိုကာရိုက်တာမျိုးကို ပိုရိုက်ချင်တဲ့ ဆန္ဒရှိလဲ။
ဘယ်လိုကာရိုက်တာမျိုးကို ပိုလုပ်ချင်လဲဆိုတော့ ခပ်ကြမ်းကြမ်းဆိုးဆိုး၊ ဗီလိန်လုပ်ရတာမျိုးကိုတော့ ပိုကြိုက်တယ်။ မာမာထန်ထန် လုပ်ရတာမျိုးကို ပိုသရုပ်ဆောင်ကြည့်ချင်တယ်။  ကိုယ့်အသက်အရွယ်နဲ့ ကိုယ့်ရုပ်ရည်နဲ့ လူတွေက ကိုယ့်ကိုအမြဲ ကလေးနဲ့တူတယ်ဆိုပြီးတော့ ပြောကြတယ်။ အဲဒါကြောင့် နည်းနည်းဗီလိန်ဆန်တာမျိုးကို လုပ်ကြည့်ချင်တယ်။

အနုပညာပျိုးခင်းမှာ အရွေးမခံရခင် အရင်ကရော အနုပညာအလုပ်တွေလုပ်နေဖြစ်ခဲ့လား။
အနုပညာပျိုးခင်းမရောက်ခင်က ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဗီဒီယိုတစ်ကားရိုက်ဖြစ်ခဲ့ပါတယ်။ ညီမရဲ့ ပထမဦးဆုံး ဗီဒီယိုကားပေါ့။ ရိုက်ဖြစ်ပြီး မန္တလေးမှာပဲ ကျောင်းဆက်တက်ဖြစ်တယ်။ မန္တလေးမှာ ရှိတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတချို့မှာတော့ ရုပ်ရှင်ရိုက်ဖြစ်ခဲ့တယ်။ အနုပညာပျိုးခင်းကိုလျှောက်ပြီး အရွေးခံရတယ်။ အဲဒီနောက်မှာတော့ ရန်ကုန်မှာလာနေဖြစ်တယ်။ အရင်ကအနုပညာလှုပ်ရှားမှုကတော့ အဲလောက်ထိမရှိခဲ့ပါဘူး။

ဟုတ်ကဲ့ ဆာတိုရီက ရိုက်ကူးတဲ့"တန်ခူးရင်ခွင်"မှာ ညီမကို စတွေ့ဖူးပါတယ်။ ဆာတိုရီနဲ့ ဘယ်လိုတွေ့သွားတာလဲ။
အဲဒီတုန်းက ဆာတိုရီက မန္တလေးမှာ ခေါင်းဆောင် မင်းသမီးလာရွေးတယ်။ အဲဒီမှာ ညီမလည်း အရွေးခံဖြစ်တယ်ပေါ့။ မေးခွန်းတွေမေးတယ်၊ Camera Test တွေလုပ်တယ်။ ဒါပေမဲ့ ညီမက လူတွေ၊ ကင်မရာတွေမကြောက်ခဲ့ဘူး။ သူတို့က ဘယ်သီချင်းကိုဆိုပြီး အိုက်တင်ဘယ်လိုလုပ်ပြပါဆိုရင် လုပ်ပြရတယ်။ သုံးလေးရက်လောက်ပဲကြာတယ်။ ဗီဒီယိုတစ်ကားရိုက်မယ်ဆိုပြီးတော့ အကြောင်းကြားလာတယ်။  သင်္ကြန်နားလည်းနီးနေပြီဆိုတော့ ကိုရဲတိုက်နဲ့ ဦးဇင်ဝိုင်းတို့၊ အန်တီမေသန်းနု၊ အန်တီမေရွက်ဝါတို့နဲ့ တခြား ၀ါရင့်အနုပညာရှင်တွေလည်းအများကြီးပါတယ်။



အမှတ်တရတွေကရော ဘာတွေရှိခဲ့လဲ။
ဘဘဦးတင်ဦး(ဒါရိုက်တာ မောင်တင်ဦး)ရိုက်ခဲ့တဲ့ကားပေါ့။ သူနောက်ဆုံးရိုက်ခဲ့တဲ့ကားလို့ပြောရမှာပေါ့နော်။ တွဲဖက်ဒါရိုက်တာက ဦးရီဇော်။ ဆရာတွေက အများကြီးသင်ပေးကြတယ်။ ညီမအတွက် တော်တော်လေးလည်း အချိန်ကုန်ကြရတယ်။  ရန်ကုန်မှာလည်း မသွားတတ်မလာတတ်နဲ့၊ သွားရေးလာရေး တည်းခိုဖို့ကအစ ခက်ခဲခဲ့တယ်။ အ၀တ်အစားစီစဉ်တာကအစ အများကြီး ခက်ခဲတာတွေရှိခဲ့ပါတယ်။ မန္တလေးက မိတ်ကပ်ဆရာ Sky ပေါ့၊ သူက ညီမကိုလိုက်ပြီး အစစအရာရာကူညီပေးခဲ့တယ်။ အဖက်ဖက်က ၀ိုင်းဝန်းကူညီပေးကြတာကြောင့် အခက်အခဲတွေအများကြီးပြေလည်နိုင်ခဲ့ပါတယ်။

ရွှေသမီးရယ်လို့ ညီမကို ပရိသတ်တွေက ဘယ်အချိန်မှာ၊ ဘယ်ဇာတ်ကားနဲ့ သိသွားကြတယ်လို့ထင်လဲ။
"တန်ခူးရင်ခွင်"ကလည်း ညီမကို သိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ်က သင်္ကြန်ကားသိပ်မရိုက်ကြဘူး။ ညီမတို့ကားတစ်ကားပဲလားရှိတယ်။ အဲဒီ "တန်ခူးရင်ခွင်"မှာလည်း ရွှေသမီးဆိုပြီးတော့ ညီမကို ပရိသတ်တွေသိသွားကြတယ်။ နောက်ထပ်က ကိုဝိုင်းရိုက်တဲ့ နိုင်ငံတော်ဇာတ်လမ်းတွဲဖြစ်တဲ့ "အချိန်တိုင်း၊ နေရာတိုင်း" မှာ ကိုစိုင်းစည်တွမ်ခမ်းနဲ့ တွဲပြီးတော့ သရုပ်ဆောင်ရတယ်။ အဲဒီဇာတ်လမ်းတွဲကြောင့်လည်း ပရိသတ်တွေပိုပြီးသိသွားကြပါတယ်။ နောက်တစ်ခုက အဆိုတော် ၀နရဲ့ သီချင်းထဲမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ပိုသိကြပါတယ်။

ရွှေသမီးကို Crush နေတဲ့ အမျိုးသားတွေကို ဘာပြောချင်လဲ။
အာ . . . ဘယ်လိုပြောရမလဲ ကျေးဇူးတင်ပါတယ်လို့။ အမှန်တော့ ညီမက အရမ်းရုပ်ချောတဲ့ ကောင်မလေးတွေထဲမှာ မပါဘူးလို့ပြောလို့ရပါတယ်။ တချို့က ညီမ အမြဲတမ်းရယ်နေတဲ့ ပုံလေးတွေကို ချစ်ကြတယ်လို့ပြောကြတယ်။ ကျေးဇူးတင်ပါတယ်လို့။ အမြဲတမ်းလည်း ပြုံးရယ်ပြီးနေနိုင်အောင်ကြိုးစားနေပါ့မယ်လို့ပြောချင်ပါတယ်။

ခုခေတ်က ခန္ဓာကိုယ်အစိတ်အပိုင်းပြင်ဆင်ကြတာကလည်း အရမ်းကို ခေတ်စားလာတော့ တကယ်လို့ပြင်ဖြစ်မယ်ဆိုရင် ညီမကကော ဘယ်လိုနေရာကိုပြင်ချင်စိတ်ရှိလဲ။
အခုလက်ရှိ ကိုယ်ရောက်နေတဲ့နေရာ၊ လက်ရှိအခြေအနေ၊ ကိုယ့်ရဲ့ အသားအရေ အားလုံးကိုကြိုက်တယ်။ ပြောင်းလဲချင်စိတ်မရှိပါဘူး။ ကိုယ့်ကိုယ်ကို အရမ်းချစ်တယ်။ အဲဒါကြောင့် ဘာမှမပြင်ချင်ဘူး။ ဒါပေမယ့် အသက်ကြီးသွားတဲ့အခါတော့ တစ်မျိုးပေါ့။ ပြင်တဲ့သူတွေကိုလည်း ညီမက အားပေးပါတယ်။ ပြင်ချင်တဲ့သူတွေကိုလည်း အားပေးပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့ သေသေချာချာအသေးစိတ်တိုင်ပင်ပြီးတော့မှလုပ်ကြစေချင်ပါတယ်။



အနုပညာနာမည်သီးသန့်မရွေးခဲ့ဘဲ နာမည်ရင်းဖြစ်တဲ့ ရွှေသမီးနာမည်ကိုပဲ ဘာကြောင့်ဆက်သုံးဖြစ်ခဲ့တာလဲ။
ခုနကပြောသလို ကိုယ့်ကိုယ်ကို ချစ်လို့ပေါ့။ အမေက မွေးကတည်းက ပေးထားတဲ့နာမည်လေးလည်းဖြစ်တဲ့အတွက် မပြောင်းဖြစ်ဘူး။ ဒီနာမည်လေးပဲဆက်ပြီးတော့သုံးဖြစ်သွားတယ်ပေါ့။ သူများတွေကတော့ ပြောကြတယ် နာမည်ပြောင်းပါလားပေါ့၊ နေ့နံမကိုက်ဘူးပေါ့။ ဒါပေမဲ့ မပြောင်းဖြစ်ခဲ့ဘူး။ ဒီနာမည်လေးကို အရမ်ကြိုက်လို့၊ အရမ်းချစ်လို့။

ပရိသတ်ကို ပြောချင်တဲ့စကားတစ်ခုခုလောက် ပြောပေးပါဦး။
ကျန်းမာရေးကို အဓိကဂရုစိုက်ကြပါလို့ပြောချင်ပါတယ်။ ကျန်းမာရေးကောင်းမှ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေအားလုံးကို လုပ်နိုင်မှာပါ။ ကိုယ်ရှာချင်တဲ့ ပိုက်ဆံရှာနိုင်မယ်၊ ကိုယ်သင်ချင်တဲ့ပညာကိုသင်နိုင်မယ်၊ ကိုယ်သွားချင်တဲ့နေရာကိုသွားနိုင်မယ်ပေါ့။ အဲဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ပြောချင်ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္တွာလုံးမှာ ရာသီဥတုကလည်း ဖောက်လွှဲဖောက်ပြန်ဖြစ်နေတဲ့အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ပြောချင်ပါတယ်။

အောင်လင်းသစ်

PHOTOGRAPHED BY WARREN PHRAKORNKHAM / STYLING BY DONG DONG / HAIR & MAKEUP: NYI NYI MAUNG (SAN CHUANG) / OUTFITS & ACCESSORIES: QUEEN COLLECTION / LOCATION: SAVOY HOTEL



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.