Cover Stories   |   Posted on Jul 11, 2017 by Tun Lin

ကိုယ်နဲ့မလိုက်ဖက်ဘူးထင်တဲ့ ဇာတ်ရုပ်တွေကို ဘာအတွက်နဲ့မှမရွေးချယ်ခဲ့ဘူး နိုင်နိုင်း


မရိုက်ခင် Rehearsal လုပ်တာဆိုလို့ ကျွန်တော့်ဘ၀မှာ ဒီတစ်ကားပဲရှိပါသေးတယ်။ ကျန်တဲ့ကားတွေက On Set ရောက်တော့မှ Rehearsal လုပ်တာတွေတော့ရှိပါတယ်။

Share this article

MODA မဂ္ဂဇင်းရဲ့ ၅ နှစ်ပြည့်အထူးထုတ်မှာ ကာဗာစတားတစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင် နိုင်နိုင်းနဲ့တွေ့ဆုံထားတဲ့ အင်တာဗျူးကို MODA စာဖတ်ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေရှိနေလဲအစ်ကို။
လက်ရှိမှာတော့ ကျွန်တော် ကားရိုက်မရှိသေးပါဘူး။ ကြော်ငြာတချို့ ရိုက်ကူးဖြစ်နေပါတယ်။

"ဒုဌ၀တီကိုလွန်၍" ဇာတ်ကားက အစ်ကို့ရဲ့ ရိုက်ကူးရေးအပိုင်းတွေအားလုံးပြီးသွားပြီလားခင်ဗျ။
ရိုက်ကူးရေးနဲ့ပတ်သက်ပြီး အစ်ကို့ဘက်ကအပိုင်းတွေတော့ အားလုံးပြီးသွားပါပြီ။ သူတို့ Edit ပိုင်းနည်းနည်းကျန်နေသေးတယ်ထင်တယ်။ ပြီးတော့ ဆင်ဆာလုပ်ဖို့ရှိဦးမယ်ထင်ပါတယ်။ သိပ်ထူးခြားတဲ့ အမှတ်တရတွေတော့မရှိပါဘူး။ ဒီဇာတ်ကားက အချိန်ပေးရမယ်ဆိုတဲ့အတွက် အချိန်ကာလညှိခဲ့ရတာလေးတွေတော့ရှိတယ်။

"ဒုဌ၀တီကိုလွန်၍"က ဇာတ်ကားတစ်ကားလုံးစာ Scene တွေကို ကြိုတင် Rehearsal လုပ်ပြီးမှ ရိုက်ခဲ့ကြတယ်လို့သိရတယ်ဗျ။ ကိုနိုင်နိုင်းဘ၀မှာရော ဒီလို Rehearsal လုပ်ပြီးရိုက်ကူးခဲ့ဖူးတဲ့ဇာတ်ကားဘယ်နှစ်ကားလောက်ရှိလဲဗျ။
မရိုက်ခင် Rehearsal လုပ်တာဆိုလို့ ကျွန်တော့်ဘ၀မှာ ဒီတစ်ကားပဲရှိပါသေးတယ်။ ကျန်တဲ့ကားတွေက On Set ရောက်တော့မှ Rehearsal လုပ်တာတွေတော့ရှိပါတယ်။ ဒီတစ်ကားကကျတော့ မရိုက်ခင် အရေးကြီးတဲ့ Scene တွေအားလုံးကို Rehearsal ကြိုလုပ်ထားခဲ့ကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပိုကောင်းတဲ့ ရလဒ်ကိုရစေပါတယ်။ ကောင်းပါတယ်။ အချိန်ပေးရတဲ့အတိုင်းအတာကတော့ သာမန်ထက် နည်းနည်းပိုတာပေါ့။ ဒါပေမယ့်လည်း အင်တာနယ်ရှင်နယ်သွားမယ်ဆိုရင်တော့ ဒီလိုလုပ်ကြတာပိုကောင်းပါတယ်။

မြန်မာပရိသတ်တွေက မြန်မာရုပ်ရှင်တွေရဲ့ အားနည်းချက်တွေကြောင့် မြန်မာပေါကားရပ်ဆိုတဲ့ အွန်လိုင်းလှုပ်ရှားမှုပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါရိုက်တာ ကိုအာကာရဲ့ ပြောစကားအရတော့ ဒီဇာတ်ကားဟာ လက်ရှိပြောနေကြတဲ့ မြန်မာပေါကားဆိုတဲ့ ဇာတ်ကားတွေနဲ့တော့ တူမှာမဟုတ်ဘူးလို့ဆိုထားပါတယ်။ အစ်ကိုကရော ယုံကြည်မှုဘယ်လောက်ရှိလဲ။
အစ်ကိုတို့က အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားကြတာပဲလေ။ မြန်မာကားကို မြန်မာတွေကြည့်ချင်ကြပါတယ်။ ပရိသတ်ဘက်က ဒီလိုမျိုးအသံတွေထွက်လာတယ်ဆိုတာလည်း အားမလိုအားမရဖြစ်ရတာကို အခြေခံပြီးတော့ ထွက်လာတဲ့စကားသံတွေဖြစ်ပါလိမ့်မယ်။ အစ်ကိုတို့ဘက်ကနေပြီးတော့ အတတ်နိုင်ဆုံး ဒါကိုကြိုးစားပြီးတော့ လုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာပြောတဲ့အတိုင်းဖြစ်ပါလိမ့်မယ်။

ကိုနိုင်နိုင်းရဲ့ ရိုက်ကူးထားပြီးတော့ ရုံမတင်ရသေးတဲ့ ဇာတ်ကား ဘယ်နှစ်ကားလောက်များရှိနေမလဲခင်ဗျ။
ရုံကြီးကားကတော့ ပြီးခဲ့တဲ့နှစ်က ရိုက်ထားတဲ့ ဒီ "ဒုဌ၀တီကိုလွန်၍"တစ်ကားပဲရှိပါတယ်။ အခုလာမယ့် ၁၁ လပိုင်းကျမှ နောက်တစ်ကားရိုက်ဖို့ရှိပါတယ်။ ဟိုက်လိုက်ပြောပြချင်တဲ့ကားရယ်လို့တော့ အစ်ကို့မှာ မရှိသေးဘူး။ ဒီကားကတော့ အကုန်လုံးဝိုင်းပြီးကြိုးစားထားကြတာပေါ့။ ပရိုဂျူဆာတွေဘက်ကရော၊ ဒါရိုက်တာတွေဘက်ကရော၊ သရုပ်ဆောင်တွေဘက်ကရော အားလုံး တက်ညီလက်ညီကြိုးစားထားကြတဲ့ ကားလေးတစ်ကားပါ။ အားလုံးလိုချင်နေတဲ့ အရသာကို ရမယ်လို့တော့ မျှော်လင့်ပါတယ်။

အနုပညာလမ်းကြောင်းမှာ ရပ်တည်လာတာလည်းအတော်ကြာခဲ့ပြီဆိုတော့ အခုနောက်ပိုင်းမှာ ဘယ်လိုဇာတ်လမ်း၊ ဘယ်လိုကာရိုက်တာမျိုးကို ပိုလက်ခံဖြစ်လဲ။
ကိုယ်နဲ့လိုက်ဖက်မယ့် ကာရိုက်တာတွေကိုပိုလက်ခံဖြစ်တာပေါ့။ အခုနောက်ပိုင်းကိုယ်လက်ခံဖြစ်တဲ့ ပုံစံတွေကတော့ အက်ရှင်၊ ဒရမ်မာဘက်ကို ပိုအားသန်လာတယ်။ ကိုယ်ငြင်းခဲ့တာရယ်လည်းမဟုတ်ပါဘူး။ ကိုယ်နဲ့ မလိုက်ဖက်ဘူးထင်တဲ့ ကာရိုက်တာတွေကိုတော့ လက်မခံဖြစ်ပါဘူး ။ မရိုက်ဖြစ်တာများပါတယ်။ အဓိက အစ်ကိုက ဇာတ်လမ်းအရမ်းရွေးပါတယ်။

မလုပ်ဖူးသေးဘဲ သရုပ်ဆောင်ချင်စိတ်ရှိတဲ့ကာရိုက်တာတစ်ခုခုပြောပါဆိုရင် ဘယ်လိုကာရိုက်တာမျိုးဖြစ်မလဲ။
ရှိပါတယ်။ တချို့ကာရိုက်တာတွေကျတော့ ရိုက်ကူးဖို့အတွက်က ကုန်ကျစရိတ်ကအရမ်းများပြားပါလိမ့်မယ်။ ပါးစပ်နဲ့ပြောရုံနဲ့မရတဲ့ ကာရိုက်တာမျိုးပေါ့။ တချို့ကားတွေကျတော့ ဆက်တင်နဲ့ လူတွေအုံလိုက်ကျင်းလိုက်လိုတယ်။ ဒီလိုဇာတ်လမ်းမျိုးတွေတော့ ကိုယ့်ရင်ထဲမှာရှိပါတယ်။

ရိုက်ကူးရေးတွေလည်းနည်းနည်းကျဲနေတော့ ပြင်ပမှာ ဘာတွေလုပ်ဖြစ်နေလဲဗျ။
ပြင်ပအလုပ်တွေကတော့ ထွေထွေထူးထူးဘာမှမရှိပါဘူး။ လုပ်ဖို့စိတ်ကူးထားတာတချို့တော့ရှိပါတယ်။ အခု အစီအစဉ်လေးတွေက ဆွဲနေတုန်းပဲရှိပါသေးတယ်။ လုပ်ဖြစ်တဲ့အခါ ပြောပြမှာပေါ့။

ကိုယ်နဲ့မလိုက်ဖက်ဘူးထင်ပေမဲ့လည်း အိုက်တင်ပြိုင်ဆိုင်လိုတဲ့စိတ်နဲ့သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားရောရှိလား။
မရှိဘူး။ မလိုက်ဖက်တာထက်၊ ပရိသတ်မကြိုက်လောက်ဘူး ယူဆတဲ့အတွက် မရိုက်ဖြစ်ဘူး။ ဒုတိယအချက်က ကိုယ်နဲ့မလိုက်ဖက်ဘူး။ သရုပ်ဆောင်တစ်ယောက်က ဘယ်ကာရိုက်တာကိုမဆို လုပ်ဆိုရင်တော့ လုပ်လို့ရရမှာပေါ့။ ဒါပေမဲ့ ဇာတ်လမ်းသဘောတရားအရ ဒီကာရိုက်တာကို လုပ်ရမယ်ဆိုရင်တော့အဆင်ပြေတာပေါ့။ ဇာတ်လမ်းနဲ့ခွဲထွက်ပြီးတော့ ဖြစ်နေတဲ့ကာရိုက်တွေကိုတော့ ကျွန်တော်လုပ်မှာမဟုတ်ဘူး။ ကိုယ်လုပ်ရမယ့် ကာရိုက်တာက ဒီဇာတ်လမ်းအပေါ် ဘယ်လောက်ထိပံ့ပိုးမှုရှိလဲဆိုတာက ပိုအရေးကြီးတယ်။ အဲဒီကာရိုက်တာက အဲဒီဇာတ်လမ်းမှာဘယ်လောက်ထိအရေးပါလဲ။ ကိုယ်နဲ့မလိုက်ဘူးဆိုပေမဲ့လည်း တချို့ကာရိုက်တာတွေက ဇာတ်လမ်းအပေါ်ကို အရမ်းအထောက်အကူဖြစ်တယ်၊ ဇာတ်လမ်းလည်းအရမ်းတာသွားမယ်၊ အဲဒီကာရိုက်တာကိုလည်း ပရိသတ်ကိုကြိုက်တယ်ဆိုရင် ကျွန်တော်က ရိုက်ဖို့အဆင်သင့်ပါ။

ရုပ်ရှင်ကားတွေမှာ Costume ဒီဇိုင်နာရဲ့ အခန်းကဏ္ဍကို အရေးပါတဲ့အနေနဲ့ထည့်သွင်းပြောဆိုလာကြတယ်။ သီးသန့်နဲ့ပြင်ဆင်သွားမယ်လို့သိရတယ်။ အစ်ကိုဘယ်လိုသဘောရလဲ။ လက်ရှိမှာရော ဒီအ၀တ်အစားတွေ ဘာတွေစီစဉ်ရတာ ဘယ်လိုရှိလဲ။
အစ်ကိုကတော့ ကြိုဆိုပါတယ်။ ဒါတွေက ဖြစ်သင့်တာလည်းကြာပါပြီ။ သရုပ်ဆောင်တစ်ယောက်ဆိုတာ ကားအစကားအဆုံး Scene ပေါင်းမြောက်မြားစွာကို အ၀တ်အစားတွေစီစဉ်ရတဲ့ကိစ္စ၊ ဒီအရှေ့ မှာ အစ်ကိုတို့ ရိုက်ခဲ့သမျှကားတွေတော်တော်များများအဲလိုကြီးကြုံခဲ့ရတာ။ တကယ်တမ်းဆိုရင် လူတစ်ယောက်ရဲ့ကာရိုက်တာပီပြင်ဖို့အတွက်က ဒီသရုပ်ဆောင်ဖို့အတွက်ကိုပဲ တာဝန်ပေးလိုက်မယ်ဆိုရင် ဒီကာရိုက်တာက လိုချင်တဲ့အတိုင်းအတာတစ်ခုကိုရောက်ပါလိမ့်မယ်။ အကုန်လုံးက ဇာတ်လမ်း၊ ဇာတ်ညွှန်းအပေါ်မူတည်ပြီးတော့မှ ဒီ Production ပိုင်းကနေပြီးတော့ အကုန်လုံး မိတ်ကပ်ဆံပင်၊ အ၀တ်အစားကအစ အကုန်စီစဉ်ပေးနိုင်ရင်တော့ သရုပ်ဆောင်အတွက် တော်တော်များများတာဝန်တွေပေါ့သွားမှာပါ။ သရုပ်ဆောင်တာကိုလည်း လွတ်လွတ်လပ်လပ်လုပ်လို့ရပါမယ်။

MODA မဂ္ဂဇင်းရဲ့  ၅ နှစ်ပြည့်အတွက် စကားတစ်ခုခုလောက်ပြောပေးပါဦး။
MODA က စထွက်လာကတည်းကိုက Quality တစ်ခုအနေနဲ့စထွက်လာတာ။ နောက်နှစ်မှသည် နောက်နှစ်ငါးဆယ်၊ နှစ်ငါးရာကို ဒီ အချိုးအစားအတိုင်းသွားမယ်ဆိုရင်တော့ ကျရှုံးစရာလုံးဝမရှိပါဘူး။ ဆက်လက်ပြီး အောင်မြင်မှာပါ။ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။

အောင်လင်းသစ်

PHOTOGRAPHED BY WARREN PHRAKORNKHAM / STYLING BY DONG DONG / MAKEUP: LI LI OWN (HTET POP SOUL) / OUTFITS: SCOTT & CO. / LOCATION: SAVOY HOTEL



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.