Opinions   |   Posted on Jan 5, 2018 by Moe Thandar Lwin

လိင်ခြားစည်းများကိုကျော်လွန်၍


မိန်းကလေးတွေကိုလည်း ယောက်ျားလေးတွေနဲ့တန်းတူ အခွင့်အရေးတွေ ပေးကြရဦးမှာပါ

Share this article

လူ့လောကကြီးထဲမှာ မွေးဖွားလာကြရပြီဆိုတာနဲ့ ကျွန်မတို့မှာ ရွေးချယ်မှုတွေကို စတင်ရင်ဆိုင်ကြရပါတယ်။ ငယ်စဉ်အခါက ရွေးချယ်မှုအများစုကို မိဘနဲ့မိသားစုအသိုင်းအ၀ိုင်းတွေက ပြုလုပ်ပေးလေ့ရှိသလို အရွယ်တစ်ခုကို ရောက်လာပြန်တော့လည်း ကိုယ်တိုင်ကိုယ်ကျ မိမိဘ၀ကို ရှုထောင့်ပေါင်းစုံက ရွေးချယ်မှုတွေ လုပ်ဆောင်ကြရပြန်ပါတော့တယ်။ ရွေးချယ်မှုနဲ့ လူသားဘ၀ဆိုတာ ခဏတဖြုတ်တောင် ကင်းကွာခြင်းအလျဉ်းမရှိတဲ့ အခြေအနေမျိုးနဲ့ ကျွန်မတို့ဟာ ဒီလူ့လောကလူ့ဘ၀ကြီးမှာ အသက်ရှင်ရပ်တည်ရုန်းကန်ရတော့တာပါပဲ။ ဒါပေမယ့် ဒီလိုရွေးချယ်မှုတွေပြုလုပ်တဲ့နေရာမှာ ကျွန်မတို့လူသားတွေ ကိုယ်တိုင်ကိုယ်ကျရွေးချယ်မှုမပြုလုပ်ရပါပဲနဲ့ အရွေးချယ်ခံလိုက်ကြရပြီး ကောင်းမွေဆိုးမွေကို သေသည်အထိ ကြိုက်ကြိုက် မကြိုက်ကြိုက် ထမ်းပိုးနေကြရတဲ့အရာတစ်ခုကတော့ ကျား၊ မ လိင်အမျိုးအစားရွေးချယ်ခံရခြင်းပါ။

ကျွန်မတို့ဟာ မိန်းမဖြစ်မည်၊ ယောက်ျားဖြစ်မည်စသည်ဖြင့် စိတ်ကြိုက်ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရမလာပဲနဲ့ လူ့လောကထဲကို ၀င်လာခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့ဘ၀ထဲလည်း ရောက်ရော မိန်းမဖြစ်နေလို့၊ ယောက်ျားဖြစ်နေလို့ စသည်ဖြင့် အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေနဲ့ ခွဲခြားဆက်ဆံခြင်းတွေဟာ ကျွန်မတို့နှလုံးသားတွေကို ထိုးနှက် ကန်ကြောက်ကြပါတော့တယ်။ ဒီလိုနဲ့ ကျွန်မတို့လူသားတွေဟာ ကိုယ်ပိုင်ဦးနှောက်၊ ကိုယ်ပိုင်အသိဥာဏ်နဲ့ စဉ်းစားဆင်ခြင်ဆုံးဖြတ်လို့မရတဲ့၊ ကံတရားက လက်ဆောင်ပေးလိုက်တဲ့ မတူကွဲပြားတဲ့လိင်အပေါ်မှာ မတူကွဲပြားတဲ့အခြေအနေတွေကို စတင်ရင်ဆိုင်ကြရပါပြီ။

ယခင်ခေတ်တွေကတည်းက အမျိုးသမီးဆို အားနွဲ့တယ်၊ အမျိုးသမီးတွေက နိမ့်ကျတယ်၊ အမျိုးသမီးတွေဆိုတာ အိမ်တွင်းမှုကိုသာ ထိန်းသိမ်းရမယ်၊ ကမ္ဘာကြီးကို အမျိုးသားတွေကသာ ခေါင်းဆောင်စေပြီး အမျိုးသမီးတွေဟာ ပါရမီဖြည့်ဖက်ဆိုတာ ဝေါဟာရအောက်မှာ အနောက်ကနေ လိုက်ရမယ် စသည်ဖြင့် အားကောင်းတဲ့လူတစ်စုရဲ့ ခွဲခြားဆုံးဖြတ်ခြင်းကို ခံခဲ့ရပြီး နှစ်ကာလရှည်ကြာစွာ ကျွန်မတို့ဟာ အမျိုးသမီးဖြစ်လာခဲ့ကြတဲ့အတွက် အလိုအလျောက် အိမ်အတွင်းမှာပဲ အိမ်ထောင့်တာဝန်တွေ၊ နောက်ပြီး အိမ်အနောက်ဘက်မှာရှိတဲ့ နေရာတွေက တာဝန်တွေကိုသာ ခွဲဝေယူခဲ့ကြရပါတယ်။ အိမ်အရှေ့ဘက်မှာ မားမားမတ်မတ်ရပ်တည်ခွင့်တော့ မရခဲ့ကြပါဘူး။

ဒါတွေကို ကျွန်မတို့ ဘယ်လိုနေရာတွေမှာ မြင်သာထင်သာစွာ တွေ့ရှိနိုင်သလဲဆိုရင်တော့ တစ်ချို့လူမျိုးတွေမှာ သားယောက်ျားလေးမွေးမှသာ မြင့်မြတ်တယ်ဆိုတဲ့ အယူအဆတွေရှိနေကြပုံတွေ၊ နိုင်ငံအများရဲ့ ဆုံးဖြတ်ခွင့်ချနိုင်သူ ခေါင်းဆောင်ပိုင်းနေရာတွေမှာ အမျိုးသမီးတွေကို နေရာမပေးတာတွေ၊ ပညာရေးမှာ အမျိုးသမီးတွေကို အမျိုးသားတွေထက် တင်းကျပ်သတ်မှတ်ထားတာတွေကို နိုင်ငံတော်တော်များများမှာ ယခုအချိန်အထိ လေ့လာနိုင်ပါတယ်။ ၂၁ရာစုကို ရောက်လာတဲ့အခါမှာတော့ အဖက်ဖက်က တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပညာတတ်အမျိုးသမီးတွေ၊ ဥာဏ်ရည်ထက်မြတ်ပြီး အစွမ်းအစရှိတဲ့အမျိုးသမီးတွေ နေရာအနှံ့ အများအပြားရှိလာခဲ့တဲ့အခါ အမျိုးသမီးဆိုတာ အိမ်ထောင်ပြု၊ ကိုယ်ဝန်ဆောင်၊ သားသမီးထိန်းသိမ်း၊ နောက်ဖေးမီးဖိုချောင်မှာ အလုပ်လုပ်၊ လင်ယောက်ျားကို ပြုစု ဒါတွေနဲ့ပဲ ဘ၀ကို ဖြတ်သန်းသွားကြရတော့မှာလား၊ အမျိုးသမီးတွေအနေနဲ့ရော ဒါတွေကို သဘောမကျရင် အစားထိုးစရာ တစ်ခြားအခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေရော မရှိကြတော့ဘူးလားဆိုတဲ့ မေးခွန်းဟာ ကမ္ဘာကြီးကို လှုပ်ကိုင်စေတဲ့ မေးခွန်းတစ်ခုဖြစ်လို့လာပါတော့တယ်။

ဒီလိုနဲ့ပဲ ကျွန်မတို့ ကမ္ဘာကြီးကို မေးခွန်းထုတ်ရတော့မှာဖြစ်ပါတယ်။ အမျိုးသမီးတွေဆိုတာ ဘာအတွက်သက်သက်လဲ။ ဒီလိုမေးခွန်းထုတ်နိုင်ဖို့အတွက်လည်း တစ်ဦးတစ်ယောက်ချင်းဆီမဟုတ်ပဲ လူအများပေါင်းစည်းမှုနဲ့ အခွင့်အရေးတစ်ခုကို ကျွန်မတို့ ရှာတွေ့ခဲ့ပါတယ်။

Dominican Republic ရဲ့ သမ္မတဖြစ်တဲ့ Rafael Leonidas Trujillo Molina ဟာ သူ့ကို ဆန့်ကျင်တဲ့ ညီအစ်မတွေကို နိုဝင်ဘာလ ၂၅ရက်နေ့ ၁၉၆၀ခုနစ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ ဒီ ညီအစ်မတွေသတ်ဖြတ်ခံရတဲ့အချိန်မှာ အမျိုးသမီးတွေဟာ ဝေဖန်ပိုင်ခွင့်နဲ့ စဉ်းစားဆုံးဖြတ်ပိုင်ခွင့်တွေမရှိကြတော့ဘူးဆိုတဲ့ ပြယုဂ်အသွင်ကို ဆောင်နေတဲ့ဖြစ်ရပ်ကို ဥပမာပြုရင်း ၁၉၉၉ခုနစ်မှာ ကျင်းပတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ (၅၄)ကြိမ်မြောက် အထွေထွေညီလာခံကြီးမှာ ဆုံးဖြတ်ချက်ချကာ နိုဝင်ဘာလ ၂၅ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတော့တယ်။ ဒီကနေပဲ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တောင်းဆိုခဲ့ကြမှုတွေ အရင်ကထက် ပိုမိုများပြားလာပြီး နိုဝင်ဘာလ ၂၅ရက်နေကနေ ဒီဇင်ဘာလ ၁၀ရက်နေ့အထိ နိုင်ငံတကာမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကာလလို့ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုလေးကိုတော့ ဖဲကြိုးအဖြူရောင်လေးများက ကိုယ်စားပြုပါတယ်။ ဖဲကြိုးအဖြူရောင်လေးတစ်ခုရဲ့ အဓိပ္ပာယ်ဟာ “အမျိုးသမီးတွေကို အကြမ်းမဖက်တော့ပါဘူး။ အကြမ်းဖက်မှုတွေကိုလည်း ဖြစ်နိုင်သမျှကာကွယ်တားဆီးပေးပါမယ်။” ဆိုတဲ့ ခံဝန်ကတိအဓိပ္ပာယ်လေးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလို လူထုလှုပ်ရှားမှုတွေကို ကျင်းပလာကြတာ သိပ်မကြာသေးဘူးလို့ ပြောလို့ရသေးပေမယ့်လည်း ၂၀၁၇ခုနစ်မှာတော့ ဒီလှုပ်ရှားမှုလေးကိုဆောင်ရွက်ရာမှာ ကျား၊ မ တန်းတူညီမျှရေးကို ရှေးရှုပြီး ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံအခြေစိုက် လူမှုအသင်းပေါင်း (၄၀)ကျော် ပါဝင်ခဲ့ပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများလည်း လက်တွဲကူညီခဲ့ကြပါတယ်။ ၂၀၁၇ခုနစ် နိုဝင်ဘာလကနေ ဒီဇင်ဘာလအထိကျင်းပခဲ့တဲ့ ဒီလှုပ်ရှားမှုမှာတော့ “အိမ်တွင်းငြိမ်းချမ်းရေးမှသည် ငြိမ်းချမ်းသော ကမ္ဘာဆီသို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ဖို့ အမျိုးသားများလည်း ပါဝင်စို့” လို့ ဆိုထားပြီး အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများနဲ့ အကြမ်းဖက်မှုများကို ပပျောက်စေဖို့အတွက် လူထုအသိပညာပေးအစီအစဉ်များကို လှုပ်ရှားဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ့အစီအစဉ်တွေထဲမှာ “ထာဝရဖဲကြိုးဖြူ” လို့အမည်ပေးထားတဲ့ သံချပ်ပြိုင်ပွဲတွေ၊ လူထုအသိပညာပေး Flash Mob လှုပ်ရှားမှုတွေ၊ မီဒီယာများကနေတစ်ဆင့် အသံလွှင့်အစီအစဉ်တွေပါဝင်ခဲ့ပြီး ပြည်နယ်နဲ့ တိုင်းပေါင်းစုံမှာ ကျင်းပပေးခဲ့တာပါ။ သံချပ်အဖွဲ့ကဆိုရင်လည်း ကျား၊ မရေးရာ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို မြန်မာ့ရိုးရာ သံချပ်အနုပညာနဲ့ ပူးပေါင်းတင်ဆက်ခဲ့တာဖြစ်ပြီး မန္တလေးမြို့နဲ့ ရန်ကုန်မြို့တွေမှာ သံချပ်အဖွဲ့ပေါင်း ၁၉ဖွဲ့က ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေခဲ့ကြပါတယ်။ ဒါ့အပြင်ကို လူထုအသိပညာပေးပွဲတွေအဖြစ်လည်း နိုဝင်ဘာလနဲ့ ဒီဇင်ဘာလများက ရန်ကုန်မြို့အပါအ၀င် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ဟောပြောပွဲတွေပြုလုပ်ခဲ့တယ်၊ အသိပညာပေးသီချင်းတွေစပ်ဆိုကြတယ်၊ နောက်ပြီး သရုပ်ဖော်အစီအစဉ်တွေ၊ အမေးအဖြေကဏ္ဍတွေနဲ့ ကျင်းပပြုလုပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ကျွန်မတို့ အမျိုးသမီးတွေဟာ ရှေးအစဉ်အလာဓလေ့ထုံးတမ်းတွေကြားမှာ အမြဲတစေ စင်အောက်မှာပဲ နေခဲ့ကြရပြီး ဦးဆောင်ခွင့်တွေ၊ ခေါင်းဆောင်ပြောဆိုခွင့်တွေ ပျောက်ဆုံးနေရုံသာမက နောက်ပိုင်းမှာ အမျိုးသမီးလေးတွေဟာ မိမိကို လူမှုပတ်ဝန်းကျင်က အကြမ်းဖက်လို့ အကြမ်းဖက်နေမှန်းတောင်မသိတဲ့ဘ၀တွေကို ရောက်နေကြရပါတယ်။ ဘတ်စ်ကားပေါ်မှာ လူ့ကျင့်ဝတ်ဖောက်ပြားနေတဲ့ အမျိုးသားတစ်ချို့ရဲ့ ကိုယ်၊နှုတ်၊အမူအရာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းကို အကြမ်းဖက်မှုမြောက်မှန်းမသိ ခံစားကြရသလို၊ အိမ်တွင်းမှာလည်း မိမိရဲ့အမျိုးသားက ရိုက်နှက်စော်ကားခြင်းတွေကို အိမ်တွင်းအမျိုးသမီးအကြမ်းဖက်မှုမြောက်မှန်းမသိ ထပ်မံခံစားကြရပြန်ပါတယ်။ လူမှုပတ်ဝန်းကျင်ကြီးတစ်ခုလုံးက ကိုယ်၊နှုတ်၊စိတ်နဲ့ အကြမ်းဖက်မှုများကို အမျိုးသမီးတွေ မခံစားကြရအောင် ကာကွယ်ဖို့ဆိုတဲ့နေရာမှာ အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာတော့ မဟုတ်လောက်ပါဘူး။ အခုအချိန်ဟာ အမျိုးသားများကိုယ်တိုင်ကလည်း ရုပ်ခန္တာသဘောသဘာဝအရ အမျိုးသားများထက် နူးညံ့သော၊ အားနွဲ့သော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကင်းစင်အောင် သင်တို့ပါ ၀ိုင်းဝန်းဆောင်ရွက်ရမယ့် အချိန်တစ်ခုကို ရောက်လာပါပြီ။

လူမှုပတ်ဝန်းကျင်ကြီးသာ လုံခြုံနေမယ်ဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားများနဲ့တန်းတူ ညဖက်နက်နက်အထိ အလုပ်လုပ်တဲ့နေရာမှာ စိုးရိမ်ပူပန်စရာတွေ ရှိလာမှာမဟုတ်ပါဘူး။ လူမှုပတ်ဝန်းကျင်ကြီးကသာ စာရိတ္တကောင်းမွန်နေမယ်ဆိုရင် အမျိုးသမီးလေးတွေ တစ်ဦးတည်း ခရီးသွားကြတဲ့အခါမှာ ဘယ်နေရာပဲရောက်နေရောက်နေ စိုးရိမ်ပူပန်စရာတွေ ရှိလာမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ်။ ကျွန်မတို့ ကျား၊ မ တွဲဖက်နေထိုင်နေတဲ့လူမှုပတ်ဝန်းကျင်ကြီးကသာ လုံခြုံစိတ်ချရတယ်ဆိုရင် အမျိုးသမီးတွေအတွက် အကြမ်းဖက်မှုဆိုတာရှိလာမှာမဟုတ်ပါဘူး။

အမျိုးသမီးတစ်ဦးဦးများ အကြမ်းဖက်မှုးနဲ့ တွေ့ကြုံလာရပြီဆိုရင် ဥပဒေအကာအကွယ်တွေကို သိနားလည်အောင် လုပ်ထားပါ။ မနှစ်သက်ကြောင်း တုံ့ပြန်ရဲပါစေ။ ယုံကြည်စိတ်ချရသူတစ်ဦးကို ရင်ဖွင့်တိုင်ပင်ဖို့ မရှက်ပါနဲ့။ အမျိုးသမီးအဖွဲ့အစည်းများနဲ့ ဆက်သွယ်ဖို့ မေ့မနေကြပါနဲ့။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိကြပါ။ ပတ်ဝန်းကျင်ကို အကူအညီတောင်းဖို့ မကြောက်ကြပါနဲ့။

အမျိုးသမီးတွေက မှီခိုတွေချည်းသက်သက် မဟုတ်ကြပါဘူး။ သူတို့တစ်တွေ ရှေ့မှာထွက်ရပ်လိုက်နိုင်ဖို့ နေရာတစ်နေရာပေးလိုက်ခြင်းဟာ အဆင့်အတန်းရှိသော၊ ဂုဏ်သရေရှိသော  အမျိုးသားကောင်းများရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရှေ့ကိုရောက်လာကြပြီဆိုရင် ကမ္ဘာကြီးကလည်း သူတို့နဲ့အတူတူ ရှေ့ကို ရွေ့လာမှာပါ။ အမျိုးသားများနဲ့ မတူညီတဲ့ အမျိုးသမီးတွေရဲ့ စဉ်စားမှုအတွေးအခေါ်တွေဟာ သင်တို့မတွေးမိတဲ့ရှုထောင့်ကနေ သင်တို့ကို အကူအညီပေးနေဦးမှာပါပဲ။ နောက်ပြီး အမျိုးသားတစ်ဦး လူမှုဝန်းကျင်မှာ အောင်မြင်သောဘ၀တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားကြတဲ့အခါ သူတို့ရဲ့ ပါရမီဖြည့်ဖက်ဟာ နောက်ကွယ်ကနေ အမြဲတစေရပ်တည်ပံ့ပိုးပေးနေကြပါတယ်။ ၀တ်စားထားတဲ့ အ၀တ်အစားကိုကြည့်ပြီး အမျိုးသမီးတစ်ယောက်ကိုတန်ဖိုးဖျက်လို့လည်း မရပါဘူး။ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့ဆိုတာ အမျိုးသမီးတွေမှာပဲ တာဝန်ရှိတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ အိမ်မှာ မွေးဖွားထားတဲ့ သားသမီးတွေရဲ့ ယဉ်ကျေးလိမ္မာမှုနဲ့ အနာဂတ်ဟာ မိခင်တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ လူမှုပတ်ဝန်းကျင်ကြီးတစ်ခုလုံးက အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးတွေကို တန်းတူညီမျှအကြမ်းမဖက်တဲ့ အခွင့်အရေးတွေပေးရင်း ရှေးရိုးအစဉ်အလာတွေထဲကနေ ရုန်းထွက်နိုင်ဖို့ ကူညီကြတဲ့နေရာမှာ လူမှုပတ်ဝန်းကျင်ကြီးတစ်ခုလုံးနဲ့ အထူးသဖြင့် အမျိုးသားများပါ ပါဝင်လာဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

 

Editor: Moethae Say



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.