interview   |   Posted on Nov 28, 2016 by Tun Lin

မရိုက်ချင်တဲ့ ကားတချို့ကို ငွေကြေးကြောင့် ရိုက်ခဲ့ရတယ်လို့ ဖွင့်ဟလာတဲ့ အေးမြတ်သူ


ခြေခြေမြစ်မြစ်မရှိတဲ့ ဇာတ်လမ်းတွေ အေးမြတ်သူမရိုက်ချင်တော့ဘူး။ အရင်တုန်းက ရိုက်ခဲ့တယ်၊ ဘာလို့ရိုက်ခဲ့လဲဆိုတော့ ပိုက်ဆံကြောင့်ရိုက်ခဲ့တာ၊ ဒါရှင်းရှင်းပြောပြ တာ။ အဲလိုမျိုးရှိခဲ့တယ်။ အခုအချိန်မှာတော့ အေးမြတ်သူ ငြင်းဖို့ကြိုးစားထားပါတယ်။

Share this article

သူမရဲ့ အပြုံး။ ရိုးရိုးသာမန်အပြုံးတစ်ခုမဟုတ်ဘဲ ပါးချိုင့်နှစ်ခုကိုပိုင်ဆိုင်ခွင့်ရထားတဲ့ သူမရဲ့အပြုံး။ ဒီအပြုံးလေးနဲ့ သူမရဲ့ အမာခံပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တယ်ပြောရပါမယ်။ ၂၀၀၄ ခုနှစ်၊ Miss Romanson ပြိုင်ပွဲမှာ Winner အဖြစ်နဲ့ သူမရဲ့ အနုပညာလမ်းကို ဖွင့်လှစ်ခဲ့သူပါ။ မော်ဒယ်လ်အနေနဲ့ အောင်မြင်သူတစ်ယောက်ဖြစ်သလို၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုတွေရနေသူပါ။ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှဟာဆိုရင်လည်း အရင်ကထက်ပိုပြီး အခုအခါမှာ ပိုပြီးလှပနေသူတစ်ဦးလို့သတ်မှတ်ခံထားရသူပါ။ အခု ရိုက်ကူးရိုက်ကူးတင်ဆက်ပေး ထားတဲ့ အေးမြတ်သူရဲ့ ကာဗာပုံရိပ်တွေ ကိုလည်း စာဖတ်ပရိသတ်တွေစိတ်ကျေနပ်သဘောကျနိုင်ကြမှာပါ။ သူ့ကိုယ်သူ အေးမြတ်သူ-အေးမြတ်သူနဲ့ ပြောတတ်တဲ့ အေးမြတ်သူနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးကို တင်ဆက်လိုက်ပါတယ်။

အခုရိုက်ကူးထားတဲ့ ကာဗာပုံတွေနဲ့ပတ်သက်ပြီး အေးမြတ်သူပြောချင်တဲ့စကား။
ဒီလိုရိုက်ကူးရတာ အရမ်းပျော်ပါတယ်။ အေးမြတ်သူရဲ့ ပုံစံကိုလည်း တကယ်ကို ပြောင်းလဲပေးလိုက်ပါတယ်။ အေးမြတ်သူက ကိုယ့်ကိုယ်ကို အဲလိုမျိုးပြောင်းလဲနေရတာကို ကြိုက်တယ်။ အဲဒီနေ့ကအခက်အခဲ တစ်ခု ကတော့ သတ်မှတ်ချိန်ထက် နောက်ကျပြီးမှ ရိုက်ဖြစ်ပါတယ်။ ဒါက အေးမြတ်သူရဲ့ အမှားပါ။ ဒါပေမဲ့ ရိုက်ကူးတဲ့အချိန်မှာ အေးမြတ်သူအကောင်းဆုံးစိတ်နှစ်ပြီးလုပ်ထားတယ်။ ရလာတဲ့ ရလဒ်ကလည်း စိတ်ကျေ နပ်စရာကောင်းပါတယ်။ အေးမြတ်သူမျက်နှာကိုလည်း အပြောင်းအလဲတစ်ခုဖြစ်အောင်လုပ်ထားတယ်။ Stylist ရဲ့အစွမ်းတွေကလည်း တကယ့်ကိုတော်ပါတယ်။ အေးမြတ်သူ ကိုယ့်ကိုယ်ကို မော်ဒယ်လ်လို့မမြင်ရတာ ကြာပါပြီ။ မင်းသမီး၊ သရုပ်ဆောင်တစ်ယောက်တစ်ယောက်အနေနဲ့ပဲ မြင်ရတာများတယ်။ ဒီကာဗာပုံတွေက အေးမြတ်သူ ကိုယ့်ကိုယ်ကို ငါဟာ မော်ဒယ်လ်လုပ်လို့ရသေးတယ်၊ ငါဟာ မော်ဒယ်လ်ဖြစ် တယ်ပေါ့နော်။ မော်ဒယ်လ်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်ခံစားလိုက်ရတယ်။ အေးမြတ်သူ သဘောကျပါတယ်။

အခု ရုံတင်လာတော့မယ့် ဆရာသော်တာဆွေရဲ့ "ဘွန္တောကြက်သူခိုး" ဇာတ်ကားနဲ့ပတ်သက်ပြီး ဘာတွေကြိုပြောထားချင်လဲဗျ။
ဒီကားကတော့ ပရိသတ်တွေကြိုက်ကြမှာပါ။ ဒီဇာတ်ကားက စာရေးဆရာကြီး သော်တာဆွေရဲ့ ၀တ္ထုကောင်းပေါ့နော်။ ကျေးလက်ဒေသကို ရည်ညွှန်းထားတာပေါ့။ မူရင်းဇာတ်အိမ်ခိုင်တဲ့ ဇာတ်ကားမျိုး။ အေးမြတ်သူတို့မှာ ဇာတ်အိမ်မခိုင်တဲ့ဇာတ်တွေရိုက်မိသွားရင်လည်း ဆိုးဆိုးရွားရွားဖြစ်သွားတတ်တယ်။ ဒါကမဟုတ်ဘူး။ မူရင်းဇာတ်အိမ်ခိုင်တယ်။ အေးမြတ်သူ ဒီကားကို ရိုက်တုန်းက ၂၀၁၅ ထဲမှာပေါ့။ ပြောရရင် အေးမြတ်သူ ရုပ်ရှင် ကားတွေ ကားရိုက်ကြဲနေတဲ့အချိန်မှာ ပထမဦးဆုံး ပြန်ငှါးတဲ့ကားလည်းဖြစ်တယ်။ အေးမြတ်သူ ၂၀၁၃ နှစ်ကုန်ပြီး ၂၀၁၄ တစ်နှစ်လုံး၊ ၂၀၁၅ နှစ်လယ်လောက်ထိ လုံးဝ ကားကြီးမရိုက်ရဘူး။ ဆိုတော့ အေးမြတ်သူကို ဇာတ်ကိုလာပြတယ်။ ဒီ "အရီး" တစ်ယောက်နေရာပေါ့။ Actor တစ်ယောက်အနေနဲ့လောဘအရပြောရရင် ဟိုဘက်က တက်ပုရဲ့ မိန်းမနေရာကို ကြိုက်တယ်။ ဒါတကယ်ကို လုပ်လို့ကောင်းတဲ့နေရာပေါ့။ ဒါပေမဲ့ ကိုယ်ရတဲ့နေရာက "အရီး"နေရာဖြစ်နေတယ်။ အေးမြတ်သူသည် အနုပညာသမား၊ ကိုယ်လုပ်ချင်တယ်ဆိုရင် ကျရာဇာတ်ရုပ်မှာ လုပ်နိုင်ရမယ်။ ပြီးတော့ အေးမြတ်သူသည် ပရိသတ်နဲ့တအားကွာဟနေတယ်။ အဲဒါကြောင့် အေးမြတ်သူ ဒီကားလေးရိုက်လိုက်ရင် ပရိသတ်နဲ့ငါနဲ့နီးသွားမယ်ပေါ့။ ပရိသတ်နဲ့အေးမြတ်သူ နီးချင်တဲ့အတွက် ဒီကားကို အေးမြတ်သူလက်ခံလိုက်တယ်။ ဆင်း(န်)တော့နည်းတယ်။ ဘာလို့ ဆင်း(န်)နည်းနည်းပဲပါရတာလဲလို့ အေးမြတ်သူပရိသတ်တွေကျေနပ်ချင်မှကျေနပ်ကြလိမ့်မယ်။ ဒါပေမဲ့ ဒါက ကားကြီးအတွက် ပထမဆုံးလာငှါးတဲ့ကား၊ ဒါရိုက်တာကို ကျေးဇူးတောင်တင်တယ်။ ၀မ်းပမ်းတသာ နဲ့အေးမြတ်သူရိုက်ခဲ့တယ်။ လုပ်ကွက်ကတော့ နည်းပါတယ်။ ပါဝင်ခွင့်လည်းနည်းပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းကောင်းကောင်း၊ ဒါရိုက်တာကောင်းကောင်းရဲ့လက်ထဲမှာ အေးမြတ်သူ ပါဝင်ခွင့်ရခဲ့ တယ်။ အေးမြတ်သူပါဝင်ခွင့်ရတဲ့ နေရာလေးကိုပဲ ပရိသတ်တွေကို ဝေဖန်အကြံပြုပေးပါလို့တောင်းဆိုချင်ပါတယ်။ ကားကကောင်းပါတယ်။ ပရိသတ်ကို စိတ်ပျက်စေမယ့် ကားမျိုးမဟုတ်ပါဘူး။ ဒါရိုက်တာကလည်း ကိုဇော်(အရုဏ်ဦး)ပါ။ ဟာသာကားတွေကို ဖော်ကြူးတဲ့နေရာမှာ စနစ်တကျနဲ့ Perfect ဖြစ်အောင်လုပ်တတ်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။

 ရိုက်ကူးထားပြီးတော့ ရုံမတင်ရသေးတဲ့ ဇာတ်ကားတွေရှိခဲ့ရင် ဘယ်ကားကိုများ Highlight ထုတ်ပြောချင်လဲဗျ။
အေးမြတ်သူအရင်ကပြောဖူးပါတယ်။ လက်ရှိပြသနေတဲ့ ကားတွေက လွန်ခဲ့တဲ့ ၂နှစ်၊ ၃နှစ်က ကားတွေဆိုတဲ့အခါကျတော့ အခုလက်ရှိမှာ ပရိသတ်မကြိုက်တဲ့ကားတွေထွက်လာနိုင်သေး တယ်ရှင့်။ အေးမြတ်သူပြောနိုင်တာကတော့ ဒီကနေ့ ဒီအချိန်ကစပြီး အေးမြတ်သူသည် သေသေချာချာပေါ့နော်၊ ကားတွေကို အေးမြတ်သူ အသေအချာရွေးသွားမယ်။ ကိုယ်လည်းမကြိုက်၊ ပရိသတ်လည်း မကြိုက်နိုင် မယ့်ကားတွေကို လုံးဝလက်မခံတော့ဘူးလို့ အေးမြတ်သူဆုံးဖြတ်ထားတယ်။ ကိုယ့်ဘက်က ဆင်ခြင်လို့ရတာ၊ ပြောင်းလဲလို့ရတာကိုတော့ အေးမြတ်သူ ပြောင်းလဲသွားပါမယ်။ အရင်ကရိုက်ခဲ့တဲ့ကားတွေ၊ ပရိသတ် မကြိုက်နိုင်တဲ့ကားတွေကျန်နေနိုင်သေးလို့ပါ။

အခုလက်ရှိအေးမြတ်သူတို့ ရိုက်ကူးရေးအပိုင်းမှာရော ဘယ်အရာတွေက လွယ်ကူလာပြီးတော့ ဘယ်အရာက ခက်ခဲတဲ့အပိုင်းတွေရှိနေလဲ။
ခုနကပြောသလို အေးမြတ်သူက ကိုယ်လိုချင်တဲ့ ရိုက်ချင်တဲ့ဇာတ်ကို ချင့်ချိန်နေတဲ့ အခါကျတော့ အေးမြတ်သူအနေနဲ့ ၀င်ငွေတော့လျော့တာပေါ့။ ဒီကားအတွက် အနုပညာကြေးဘယ်လောက် ဘယ်လောက်နဲ့ကမ်း လှမ်းလာတယ်ဆိုပေမဲ့ အေးမြတ်သူက ဒါဟာ ပရိသတ်မကြိုက်လောက်နိုင်ဘူး၊ ငါမရိုက်တော့ဘူးဆိုပြီး ငြင်းရတဲ့အခါကျတော့ ကိုယ့်ရဲ့ ၀င်ငွေကို ထိခိုက်တယ်။ ဒါအမှန်အတိုင်းပြောတာပါ။ ငွေရေးကြေးရေးကတော့ နည်းနည်းအခက်အခဲဖြစ်ပါတယ်။ အေးမြတ်သူက ဒီအနုပညာကရတဲ့ငွေကြေးနဲ့ပဲရပ်တည်နေရတာပါ။ တခြားပြင်ပစီးပွားရေးတွေလည်း ဘာမှမလုပ်ပါဘူး။ အဲဒီတော့ ဇာတ်လမ်းကိုမကြိုက်လို့ မရိုက်ဘူးငြင်းနေ သမျှကာလပတ်လုံး ရှေ့လျှောက်လည်း ငွေရေးကြေးရေးက ပိုခက်ခဲလာနိုင်တယ်။ တဖြည်းဖြည်းတော့ ကောင်းသောပြောင်းလဲခြင်းနဲ့ပြောင်းလဲလာရင်တော့ဖြစ်လာမှာပေါ့။ အစပိုင်းတော့ ဒီလောက်တော့ဖြစ်မှာပါပဲ။ စနစ်တစ်ခုပြောင်းလဲတဲ့ကြားကာလအချိန်အခါမျိုးမှာ အခက်အခဲတွေဆိုတာကတော့ ရှိမှာပါပဲ။ ရေလိုက်ငါးလိုက်မနေကြတော့ဘဲ တစ်ယောက်ချင်းစီကနေပြောင်းလဲပေးမယ်ဆိုရင်တော့ အကြီးကြီးပြောင်းလဲမှု တစ်ခုဖြစ်လာမယ်မျှော်လင့်ပါတယ်။

အေးမြတ်သူစိတ်ထဲက ရိုက်ချင်နေတဲ့ ဇာတ်ရုပ်တစ်ခုခုများရှိလား။ ဘယ်လို ဇာတ်ရုပ်မျိုးလဲ။
အေးမြတ်သူက အဲလိုမျိုးကြီးမရှိဘူး။ အေးမြတ်သူသည် ဘယ်ကာရိုက်တာနဲ့မှလိုက်တယ်၊ ငါက ဘယ်ကာရိုက်တာရမှ ရိုက်မယ်ဆိုတာမျိုးမရှိဘူး။ ကာရိုက်တာအကုန်လုံးအပေါ်မှာ ဒါရိုက်တာသင်ပြမှု၊ ဒါရိုက်တာရဲ့  Control အောက်မှာ ပြုပြင်ပြောင်းလဲနိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ပါတယ်ရှင့်။

အိုက်တင်ပိုင်းနဲ့ပတ်သက်ရင်ကော ဒီသမာရိုးကျဖြစ်တဲ့ ဒါရိုက်တာကသင်တယ်၊ အဲဒီအပေါ်မှာပဲ လိုက်လုပ်တယ် ဆိုတာထက်ကို ကိုယ့်ဘာသာဘယ်လိုမျိုးတွေလေ့လာဖြစ်တာမျိုးရှိလဲ။
ကိုယ်ကြိုက်တဲ့မင်းသမီးရဲ့ ရုပ်ရှင်ကားတွေကြည့်တယ်။ တကယ်အိုက်တင်ကောင်းတဲ့ Actor ကြီးတွေရဲ့ ကားတွေကြည့်တယ်။ ရွေးပြီးကြည့်ဖြစ်ပါတယ်။ ဖန်စီကားတွေတော့သိပ်မကြည့်ဖြစ်ဘူး။ ကိုယ်နဲ့တူတဲ့ မင်းသမီးဆိုရင်တော့ပိုပြီး အလေးထားပြီးပိုကြည့်ဖြစ်တယ်။

အဲဒီလို ကြည့်ရင်းနဲ့ အဲဒီကားထဲမှာ ၀င်ပြီး သရုပ်ဆောင်ချင်လိုက်တာဆိုတဲ့စိတ်ကော မဖြစ်ဘူးလားဗျ။
ဖြစ်တာပေါ့။ ကိုယ်စံထားရတဲ့ ကိုယ်ကြိုက်တဲ့ကားမှာ ပါဝင်ချင်တာပေါ့နော်။ ဒါကတော့ ပြောရမယ်ဆိုရင် အေးမြတ်သူမှာ ကားတွေအများကြီးရှိတယ်။

အေးမြတ်သူငြင်းဖြစ်တဲ့ ဇာတ်တွေက ဘယ်လိုဇာတ်တွေပိုများလဲ။
ကိုယ်နဲ့မအပ်စပ်တဲ့ဟာမျိုး။ ပြီးတော့ ကိုယ့်ရဲ့ ဇာတ်ရုပ်၊ ကိုယ့်ရဲ့ ကာရိုက်တာ ပါဝင်မှုနေရာ ရာခိုင်မှုန်းတအားနည်းတဲ့ကားမျိုး။ အဓိကက ဇာတ်မှာ ကိုယ်သည်ပါဝင်ရမှုနည်းတယ်၊ ရေလိုက်ငါးလိုက် လုပ်နေရတဲ့ ဇာတ်ရုပ်တွေ အေးမြတ်သူမရိုက်ချင်တော့ဘူး။ ခြေခြေမြစ်မြစ်မရှိတဲ့ ဇာတ်လမ်းတွေ အေးမြတ်သူမရိုက်ချင်တော့ဘူး။ အရင်တုန်းက ရိုက်ခဲ့တယ်၊ ဘာလို့ရိုက်ခဲ့လဲဆိုတော့ ပိုက်ဆံကြောင့်ရိုက်ခဲ့တာ၊ ဒါရှင်းရှင်းပြောပြ တာ။ အဲလိုမျိုးရှိခဲ့တယ်။ အခုအချိန်မှာတော့ အေးမြတ်သူ ငြင်းဖို့ကြိုးစားထားပါတယ်။

အနုပညာနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတာမျိုးတွေကော ဖြစ်ခဲ့ဖူးလားဗျ။
အဲလိုတော့မဖြစ်ဖူးဘူး။ ဒါပေမဲ့ ကိုယ်ခုနကပြောခဲ့သလို လက်ခံဖို့မသင့်တဲ့ကားမျိုးပေါ့၊ အားနာပြီးတော့လက်ခံခဲ့တာမျိုးလည်းရှိခဲ့တယ်။ ကိုယ်မလုပ်ချင်တဲ့ ပုံစံတွေလုပ်နေရတာမျိုးတွေကြုံခဲ့ဖူးတယ်။ အဲဒီအချိန်ကျရင် စိတ်ဓာတ်ကျတယ်။ ဘာလို့ငါ ဒါကိုလက်ခံခဲ့မိပါလိမ့်ဆိုပြီးတော့ပေါ့။ အရမ်းဆိုးဆိုးဝါးဝါးကြီးတော့ မဖြစ်ဖူးပါဘူး။

အေးမြတ်သူအနေနဲ့ ရိုက်ကွင်းပေါ်မှာ စိတ်ညစ်စရာတွေကြုံခဲ့ရင် ဘယ်လိုမျိုးဖြေရှင်းလဲ။
မဖြစ်အောင်နေတယ်။ ခုနက ပြောခဲ့သလို စိတ်ညစ်စရာတွေရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ဒါရိုက်တာက အက်ရှင်လို့ခေါ်လိုက်တဲ့အချိန်မှာ အေးမြတ်သူမှာ အဲဒါမရှိတော့ဘူး။ " Cut "လို့ပြောရင် အေးမြတ်သူပြန်ဖြစ်ရင်ဖြစ်မယ်။ အေးမြတ်သူတို့ကို ဆရာဦးမျိုးမင်းက ပြောဖူးပါတယ်။ သရုပ်ဆောင်တွေကတဲ့၊ တစ်ချိန်လုံး Mood ကြီးတွေသွင်းထားရတယ်ဆိုတာမျိုးသူကတော့ မလုပ်စေချင်ဘူးတဲ့။ အက်ရှင်နဲ့ Cut ကြားထဲမှာ အဲဒီ Mood ကို ပိုင်နိုင်အောင်လုပ်နိုင်ရမယ်။ အဲဒီ Mood ကို ပိုင်နိုင်အောင်ဆုပ်ကိုင်နိုင်ရမယ်။ အဲဒါကို လိုချင်တယ်တဲ့။ အဓိက အေးမြတ်သူမှာ ကဏ္ဍခွဲထားတယ်။ မလုပ်ချင်တဲ့အလုပ်ကို လုပ်နေရတယ်ဆိုပေမဲ့ အကောင်းဆုံးဖြစ်အောင်တော့လုပ်တယ်။ ငါမလုပ်ချင်တဲ့ဟာကို ဒီလိုပဲလုပ်လိုက်မယ်။ ပေါ့ပေါ့လေးပဲလုပ်လိုက်မယ်ဆိုတာမျိုးမရှိဘူး။ အဲလိုလုပ်လိုက်မိလို့ ထွက်လာတဲ့ Result ကမကောင်းရင် ကိုယ်ပိုခံရတယ်။ ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ်လက်ခံထားပြီးသားဆိုရင်တော့ အကောင်းဆုံး အေးမြတ်သူလုပ်တယ်။ အဲဒီကနေ အကောင်းဆုံး Result တွေရလာမှ လည်း ရှေ့လျှောက် အကောင်းဆုံးဖြစ်လာမှာ။ ပေါ့ပေါ့လေးပဲလုပ်လိုက်မယ်၊ ငါမမလုပ်ချင်တာဆိုတဲ့ စိတ်ထားလိုက်တဲ့အခါကျရင် အဲလိုမျိုးပဲ ပေါ့ပေါ့ကြီးထွက်လာလိမ့်မယ်။ အဲဒါဆိုရင်ကိုယ်က နှစ်ခါနာဖြစ်လိမ့်မယ်။ အဲလိုမျိုးအမှားမျိုး ကိုတော့ အေးမြတ်သူထပ်ပြီးတော့ မကျူးလွန်ဘူး။

အေးမြတ်သူဘ၀မှာ နောင်တရစေလောက်တဲ့ အမှားမျိုးတွေရော လုပ်ခဲ့ဖူးလား။
ရှိကောင်းရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်အရာမဆို လူတွေက အမှားနဲ့မကင်းကြဘူးလေ။ အမှားနည်းအောင်သာ လုပ်လို့ရမယ်၊ အမှားကင်းအောင်တော့ နေလို့မရဘူး။ မှားခဲ့ဖူးတဲ့ အမှားတွေလည်းရှိ မယ်။ ပြန်ပြောရလောက်အောင်တော့ အေးမြတ်သူစိတ်ထဲမှာမရှိဘူး။ ဒါက အေးမြတ်သူဘက်ကပေါ့။ အေးမြတ်သူမသိလိုက်ဘဲ ကိုယ့်ရဲ့လုပ်ရပ်ကြောင့် တစ်ဖက်သားခံစားသွားရတာမျိုးလည်း ရှိကောင်းရှိနိုင် တယ်။ အေးမြတ်သူမှာ ရှိပါတယ်။ နောင်တရခဲ့တဲ့ အမှားမျိုးတွေ လုပ်ခဲ့တာတွေလည်းရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေကို အခုအချိန်မှာ ပြန်ပြီးတော့ သတိမရတော့ဘူး။ မေ့ထားနိုင်ခဲ့ပြီ။ အဲဒီအမှားတွေထဲက ဘယ်လိုအကောင်းဆုံးဖြစ်အောင် ပြန်ယူမလဲကိုပဲ အေးမြတ်သူစဉ်းစားခဲ့တယ်။

အေးမြတ်သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပထမဦးဆုံးဇာတ်ကားက ဘယ်ဇာတ်ကားဖြစ်မလဲ။ ဘာတွေအမှတ်တရရှိခဲ့လဲ။
အေးမြတ်သူရဲ့ ပထမဦးဆုံးဇာတ်ကားက "အချစ်ရိုင်း"ရှင့်။ အဲဒီတုန်းက မင်းသမီးက ရတနာပုံ။ ဒါရိုက်တာ ဦးကျော်ကြီး(အာရုဏ်သစ်)ပေါ့နော်။ ပါတဲ့ Actor တွေက ဦးရဲအောင်ပါတယ်၊ ရတနာပုံပါ တယ်၊ အေးမြတ်သူပါတယ်ပေါ့။ အေးမြတ်သူက အဲဒီကားမှာ အစ်ကိုကို မသိတတ်တဲ့၊ ပိုက်ဆံရှိလားမရှိဘူးလားမသိတတ်တဲ့၊ မအောင်မြင်တဲ့စီးရီးကို ထုတ်ဖို့အတွက် နားပူနားဆာလုပ်တဲ့ ညီမတစ်ယောက်အနေနဲ့ ပါရတာ။ အစ်ကိုက ဦးရဲအောင်ပေါ့။ သီချင်းဆိုပြပါပေါ့၊ ဘယ်လိုအိုက်တင်တွေလုပ်တတ်လဲဆိုတော့ သီချင်းဆိုပြတဲ့ အိုက်တင်တွေလုပ်ပြတော့ အေးမြတ်သူရဲ့ အိုက်တင်ကမှားတယ်လေ။ အငယ်အသစ်ဆိုတော့။ ဦးကျော်ကြီးက သူကိုယ်တိုင်လုပ်ပြပြီးတော့ သင်ပေးတယ်။ အဆူလည်းခံရတယ်။ အဲဒါကတော့ အမှတ်တရပါပဲ။

မန္တလေးက အလှူတစ်ခုမှာ အေးမြတ်သူပါဝင်ဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပါဦး။
အဲဒါက မှတ်မှတ်ရရပါပဲ။ သင်္ကြန်ပြီးတော့ နှစ်ဆန်းတစ်ရက်နေ့ပါ။ အဲဒီအလုပ်က အေးမြတ်သူကို ပွဲမတိုင်ခင် ၃ လလောက်ကတည်းက အေးမြတ်သူကို ကြိုပြောထားတာ။ သူတို့အလှူလုပ်မယ်ပေါ့၊ ဒီအလှူရှင် က အေးမြတ်သူကို အလှူ့ဒါယိကာမနေရာမှာပါဝင်ကူပေးပါပေါ့။ သူ့အမျိုးသမီးရဲ့ လမ်းအရမ်းလျှောက်လို့မရတဲ့ ကျန်းမာရေးအခြေအနေကြောင့်ပါဆိုပြီးတော့ ကမ်းလှမ်းတာပေါ့။ သူ့အမျိုးသမီးကလည်း အေးမြတ်သူကို အရမ်းသဘောကျတယ်။ အေးမြတ်သူရဲ့ ပရိသတ်စစ်စစ်ပါဆိုပြီးတော့ပြောတယ်။ ကြားထဲက ဆက်သွယ်ပေးတဲ့အစ်ကိုကလည်း ကိုယ်နဲ့တအားကို ခင်မင်ရင်းနှီးတဲ့ အစ်ကိုဖြစ်နေတယ်။ သူများအလှူမှာ ကိုယ်ပါဝင်ပြီးတော့ မုဒိတာပွားတာပေါ့။ ကိုယ်ကိုယ်တိုင်အဲလိုအလှူ မလှူနိုင်သေးတဲ့အချိန်မှာ သူများအလှူကို ပံ့ပိုးပေးရတာ၊ ကုသိုလ်ကောင်းမှုပြုခွင့်ရတာပေါ့၊ အဲဒီစိတ်နဲ့ပဲ အဲဒီအလှူကို လက်ခံဖြစ်လိုက်တာပါရှင့်။

ခန္ဓာကိုယ်ထိန်းသိမ်းတဲ့အပိုင်းနဲ့ပတ်သက်လို့ရှိရင်အေးမြတ်သူက ဘယ်လိုနည်းလမ်းနဲ့ပိုထိန်းဖြစ်တာလဲ။ အစားအသောက်ပိုင်းကရော ဘယ်လိုပါဝင်ပတ်သက်နေလဲ။
အစားအသောက်ပိုင်းကတော့ အေးမြတ်သူက စားတယ်။ ခရင်မ်တွေဆိုလည်းတအားကြိုက်တယ်။ အေးမြတ်သူက ချဉ်၊ ငံ၊ ဖန်၊ ခါး၊ စပ် တော့မစားဘူး။ ချိုဆိမ့်အရသာတွေတအားစားတဲ့သူ။ ဒါပေမဲ့ ကိုယ်စားသလောက် လည်း ကိုယ့်ကိုယ်ကို ပြန်ပြီးဆော့နိုင်အောင်ကြိုးစားတယ်။ ဒါတွေကို ပြန် Burn လို့ရအောင် လေ့ကျင့်ခန်းလုပ်ဖို့တော့ ကိုယ့်ကိုယ်ကိုတွန်းအားတော့ပေးတယ်။ ပိန်ချင်လို့ အစားရှောင်တဲ့အထဲ မှာတော့ အေးမြတ်သူ မပါဘူး။

ဒီကနေ့ခေတ်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပြုပြင်ကြတာတွေက အရမ်းကိုခေတ်စားလာတဲ့အချိန်မှာ အေးမြတ်သူအနေနဲ့ရော တကယ်လို့ပြုပြင်မယ်ဆိုရင် ဘယ်အစိတ်အပိုင်းကို ပြုပြင်ချင်လဲဗျ။
လက်ရှိအနေအထားမှာ အေးမြတ်သူ ခေါင်းအစခြေအဆုံးပေါ့ ဘာမှမပြုပြင်ထားဘူး။ အခုလက်ရှိမှာလည်း အေးမြတ်သူဘာမှ ပြင်ချင်တာတွေမရှိသေးဘူး။ အဲဒါက အခု ၅ နှစ်တာလောက်ပတ်ဝန်းကျင်ကိုပြောတာ။ အသက် ၄၀ မှာ၊ ၅၀ မှာ အေးမြတ်သူမပြောတတ်သေးဘူး။ တစ်သက်လုံးမလုပ်ဘူးလို့တော့ အေးမြတ်သူအာမ မခံဘူး။ လုပ်ကောင်းလုပ်လိမ့်မယ်၊ လုပ်တဲ့အသက်အရွယ်ကလည်း အဲလို ၄၀ ကျော် ၅၀ မှဖြစ်လိမ့်မယ်။ ပြင်ချင်တယ်ဆိုရင်တော့ အေးမြတ်သူထင်တယ်၊ အသက်အရွယ်အရ လျော့ရဲလာတဲ့ ဥပမာ-ရင်သားမျိုးရှိမယ်၊ အဲလိုမျိုးပေါ့နော်။ အခုလက်ရှိမှာ ခန္ဓာကိုယ်ပေါ်မှာ အေးမြတ်သူမကြိုက်တဲ့နေရာ က ခြေချောင်းလေးတွေမကြိုက်ဘူး။ အေးမြတ်သူခြေချောင်းတွေက မလှဘူးလို့ကိုယ့်ကိုယ်ကို ခံစားရတယ်။

ဟုတ်ကဲ့ပါဗျ။ အေးမြတ်သူရဲ့ ရိုက်ကူးရေးမရှိတဲ့ အားလပ်ရက်တွေမှာ ၀ါသနာအရလုပ်ဖြစ်နေတာတွေ ဘာတွေရှိလဲ။
ဂျင်မ်ဆော့တယ်၊ ဂျင်မ်ဆော့တာကို အေးမြတ်သူ ဘယ်လိုပြောရမလဲ၊ ၀ါသနာတစ်ခုလိုဖြစ်သွားတယ်။ အလုပ်မရှိရင် အိပ်ရေးဝအောင်အိပ်မယ်၊ ရုပ်ရှင်ကြည့်မယ်။ ပြီးရင် အစားကောင်းကောင်းစားမယ်၊ ဂျင်မ်သွားမယ်။ အဲဒါပဲ။ ဒါက အေးမြတ်သူ Work Out သဘောမျိုးလုပ်နေဖြစ်တာပေါ့။ တကယ်လို့သာ အချိန်ပိုရခဲ့မယ်ဆိုရင် အားကစားလုပ်ချင်တယ်။ ကျွမ်းဘားခုန်တာမျိုး၊ ရေကူးတယ်ဆိုလည်း လှလှပပစနစ်ကျကျကူးတတ်တာ မျိုးပေါ့။ အဲလိုအားကစားတစ်ခုကိုတော့ စိတ်ရောကိုယ်ရော နှစ်ပြီးလုပ်ချင်ပါတယ်။

အတိတ်က အသက်အရွယ်အပိုင်းအခြား တစ်နေရာရာကိုသာ ပြန်သွားခွင့်ရမယ်ဆိုရင် ဘယ်အသက်အရွယ်ကိုအေးမြတ်သူ သွားချင်လဲ။
အဲလိုသွားခွင့်ရမယ်ဆိုရင် အေးမြတ်သူ အလယ်တန်း၊ အထက်တန်းကျောင်းသူဘ၀ကိုပဲပြန်သွားချင်ပါတယ်။ အဲဒီအချိန်တုန်းက လောဘလည်းမရှိဘူး၊ အတ္တလည်း အဲလောက်မကြီးဘူး။ ပိုက်ဆံရှာရမယ်ဆိုတဲ့ အသိတွေလည်း မရှိသေးဘူး။ ဘ၀ကြီးမှာ တကယ့်ကိုပျော်စရာကောင်းတယ်ဆိုတဲ့ အချိန်တွေပါပဲ။ သူငယ်ချင်းတွေနဲ့ ဘယ်လိုဆော့မယ်၊ သွားမယ်၊ မိဘတွေဆီက ဘယ်လိုမုန့်ဖိုးတောင်းမယ်ဆိုတဲ့စိတ်ပဲရှိတယ်။  အပူအပင်အရမ်းကင်းတဲ့ အေးမြတ်သူရဲ့ အထက်တန်းကျောင်းသူဘ၀ကို ပြန်သွားချင်တယ်။ ဟို ကလေးငယ်ငယ်လေးဘ၀ကိုလည်း မသွားချင်ဘူး။ ဘ၀မှာ အပျော်ဆုံးအချိန်တွေကို လောဘ၊ အတ္တ၊ မောဟ ကင်းကင်း နဲ့ဖြတ်သန်းခဲ့တဲ့အဲဒီ ကျောင်းသူဘ၀လေးပါပဲ။

အေးမြတ်သူရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ရင် အခုအချိန်မှာ တိကျတဲ့ အဖြေတစ်ခု ပေးနိုင်တဲ့ အခြေအနေရောက်ပြီလားဗျ။
မရောက်သေးဘူးရှင့်။ တိကျသေချာတဲ့ အဖြေကို အေးမြတ်သူမပေးနိုင်သေးပါဘူး။ ပေးနိုင်တဲ့နေ့ အသိပေးမှာပါ။ သိလည်း အသိပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အသက်အရွယ်က ခိုးကြောင်ခိုးဝှက်လုပ်ရမယ့် အရွယ်လည်း မဟုတ်တော့ပါဘူး။ တိကျတဲ့ အဖြေတစ်ခု ရခဲ့ရင် ပြောပြမှာပါ။

 

အောင်လင်းသစ်

PHOTOGRAPHED BY AUNG KYAW TUN(VISUAL DESIGN)/ STYLING BY SWANNIE DEAN/ FASHION DESIGNER: AHLATT LUMYANG/ HAIR & MAKEUP: NYI NYI MAUNG (SANCHAUNG)/ OUTFITS & ACCESSORIES: QUEEN COLLECTION



Share this article

TOP 5 ARTICLES


Sex & Relationships   |   Posted on Jun 26, 2017

ဆန္ဒပြီးမြောက်ချိန်မှာ ဘာေ...


Celebrity News   |   Posted on Jun 26, 2017

နာမည်ကြီးတံဆိပ်ဖြစ်တဲ့ Lo...


Art & Books   |   Posted on Jun 24, 2017

“Myself” ကို ဘယ်လိုမိတ်ဆက...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.