Interview   |   Posted on Apr 12, 2018 by Moe Thandar Lwin

မြန်မာအမျိုးသမီးများအတွက် လူနေမှုဘ၀ပုံစံကို ဖော်ကျူးဆဲ Michelle


သင်တို့ သိတဲ့ ရန်ကုန်သူမီရှဲ နဲ့ သင်တို့ မသိသေးတဲ့ သူမရဲ့ အကြောင်းအရာလေးများကို ဖတ်ကြည့်ရအောင်နော် ....

Share this article

၂၀၁၈ခုနစ်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အားကောင်းလာတဲ့နှစ်လို့ ပြောရမှာပါပဲ။ နိုင်ငံရေးအခင်းအကျင်းမှာလည်း ခေါင်းဆောင်ပိုင်းနေရာတွေမှာ အမျိုးသမီးတွေကို နေရာပေးလာခဲ့ပြီး ပြင်ပအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းပိုင်းတွေမှာလည်း နေရာခပ်မြင့်မြင့်ကို အမျိုးသမီးတွေက အရယူထားနိုင်ကြပါတယ်။ ဒါ့အပြင် ပြည်တွင်းအဖွဲ့အစည်းတွေမှာသာမကပဲ နိုင်ငံတကာမှာပါ မြန်မာအမျိုးသမီးတွေက စင်ပေါ်တက်ရတဲ့အချိန်ကို ရောက်နေတာပါ။ ဒါ ကျွန်မတို့ နိုင်ငံအတွက် ကောင်းသောပြောင်းလဲမှုကြီးတစ်ရပ်လို့ ပြောရပါလိမ့်မယ်။ အောင်မြင်ကျော်ကြားမှုနဲ့ ထူးချွန်ထက်မြတ်မှုကို အရယူတဲ့နေရာမှာ ကျန်ရှိနေသေးတဲ့ အမျိုးသမီးလေးတွေကလည်း မိမိရဲ့ နီးစပ်ရာပတ်ဝန်းကျင်နဲ့ မိမိ စိတ်ဝင်စားရာနယ်ပယ်က အောင်မြင်ပြီးသားအမျိုးသမီးတွေကို စံနမူနာထားအတုယူရပါလိမ့်မယ်။ အမျိုးသမီးလေးတွေကလည်း အချင်းချင်းလက်တွဲပြီး ဆက်လျှောက်လှမ်းကြရင်တော့ ကျွန်မတို့ အမျိုးသမီးထုကြီးရဲ့ အင်အားက အရှိန်အဟုန်ပြင်းပြင်းနဲ့ ရှေ့ကိုရွေ့နေတော့မှာပါပဲ။

ဧပြီလမှာတော့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံး ပျော်ရွှင်ချမ်းမြေ့နေကြမယ် ထင်ပါတယ်။ ပိတ်ရက်တွေ၊ ပွဲတော်တွေနဲ့ ပြည့်နှက်နေတဲ့ ဧပြီလလေးဟာ တကယ်တော့ မြန်မာနိုင်ငံရဲ့ အလှပဆုံးနွေရာသီလလေးလို့ ပြောလို့တောင်ရပါတယ်။ ဒီလမှာ ခရီးတွေထွက်ကြမယ်။ ပွဲတွေလည်ကြတယ်။ ပျော်ပွဲစားတွေထွက်ကြမယ်။ ဈေးဝယ်ကြမယ်။ တကယ်တော့ ဧပြီလဟာ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ဘ၀နေထိုင်မှုပုံစံ Lifestyle ကို အထူးဖော်ညွှန်းနေတဲ့လလို့ ပြောရင်တောင် မမှားပါဘူး။ ဒါကြောင့်လည်း ဧပြီလနဲ့ လိုက်ဖက်ညီတဲ့အတွက် ကျွန်မဖိတ်ခေါ်ထားတဲ့ အမျိုးသမီးလေးတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။

သူမကတော့ Michelle ပါ။ မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းကျောင်းရဲ့ Founder တစ်ဦးဖြစ်သလို လက်ရှိမှာလည်း ရန်ကုန်သူမီရှဲဆိုတဲ့အစီအစဉ်လေးကို လှုပ်ရှားနေတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိ Social Media မှာတော့ ရန်ကုန်သူမီရှဲအစီအစဉ်လေးဟာ မြန်မာနိုင်ငံမှာ လူငယ်တွေ သတိမထားမိပဲ ကျော်သွားကြတဲ့ အထင်ကရရှိခဲ့တဲ့ နေရာလေးတွေ၊ ရာသီလိုက်အထင်ကရပွဲတော်လေးတွေနဲ့ Woman Empowerment အစီအစဉ်တွေကို လူငယ်ဆန်ဆန်ရိုက်ကူးတင်ဆက်ပေးနေတဲ့အစီအစဉ်လေးပါ။ ဒါ့အပြင် တခြားတစ်ဖက်ကဆိုရင်လည်း အမျိုးသမီးတွေအတွက် သိရှိလေ့ကျင့်ထားရမယ့် ခုခံကာကွယ်နည်းကိုယ်လုံပညာကို သင်တန်းပေးနေပါသေးတယ်။

“ဆယ်တန်းပြီးလောက်ကတည်းက မိန်းကလေးတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေကို စိတ်ဝင်စားလာတယ်။ အဲဒီ့တုန်းက ဖက်ရှင်တွေ၊ အ၀တ်အစားပုံစံတွေ ဘယ်လိုဝတ်ရမလဲဆိုတာ အမြင်လည်းမကျယ်သေးဘူး။ ကိုယ့်ပုံစံက ကလေးအရမ်းဆန်တယ်။ သူငယ်ချင်းတွေ ၀တ်တာစားတာတွေ့ရင် သဘောကျတော့ ဘယ်လိုဝတ်စားလဲဆိုပြီး စပ်စုမိတယ်။ သူတို့ကတော့ နိုင်ငံခြားကမင်းသမီးတွေကိုလေ့လာပြီး ၀တ်ကြတယ်ပေါ့။ အဲဒါကကောင်းပေမယ့် ဒီက Lifestyle နဲ့ကျတော့ အချို့ အဆင်သိပ်မပြေတာတွေရှိတယ်။ အဲဒီ့မှာ အင်တာနက်ထဲမှာ လျှောက်ကြည့်လျှောက်ရှာနေရင်းနဲ့ကိုပဲ ပြင်ပက Lifestyle တွေကိုပါ စိတ်ဝင်စားလာတာပေါ့။ နောက်ပြီး စာများများဖတ်ခွင့်ရလာတယ်။ လေ့လာစရာတွေအများကြီးဆိုတာလည်း သိလာတယ်။”

သူမဟာ အမျိုးသမီးတွေရဲ့ လူနေမှုဘ၀ကို အထူးစိတ်ဝင်စားတဲ့သူတစ်ယောက်ပါ။ လက်ရှိ သူမ လှုပ်ရှားနေတဲ့အစီအစဉ်တွေအားလုံးကလည်း အမျိုးသမီးတွေရဲ့ လူနေမှုဘ၀ကို အကျိုးပြုတဲ့ကဏ္ဍတွေဖြစ်နေပြီး သူများတွေမမြင်သေးတဲ့ရှုထောင့်ကနေ အမျိုးသမီးတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှု၊ သွားလာနေထိုင်မှု၊ ပြုမူပြောဆိုမှုတွေအပြင် အမျိုးသမီးတွေကြုံတွေ့နေရတဲ့ Harassment တွေနဲ့ လိုအပ်နေတဲ့ ကိုယ်လုံပညာတွေကို မျှဝေပေးနေပါတယ်။

ဒါပေမယ့် တက္ကသိုလ်က ဘွဲ့ရပြီးတဲ့အချိန်အထိ သူမဟာ အခုလို အမျိုးသမီးတွေရဲ့ လူနေမှုဘ၀ကို ထောက်ပံ့ပေးသူတစ်ယောက်အဖြစ် မရပ်တည်ဖြစ်သေးပါဘူး။ သူမရဲ့ ပထမဆုံးအလုပ်ခွင်ကတော့ ကုမ္ပဏီတစ်ခုမှာ Full Time Translator တစ်ယောက်အဖြစ်နဲ့ လုပ်ကိုင်ခဲ့တာပါ။ ဒါပေမယ့် အောင်မြင်မယ့်သူတစ်ယောက်အတွက်ကတော့ သမားရိုးကျအလုပ်အကိုင်နဲ့ စိတ်တိုင်းကျမှာမဟုတ်ပါဘူး။ သူမမှာ အခုလိုအောင်မြင်မှုအိပ်မက်တွေရဲ့အစတည်ရာ တခြားဝါသနာတစ်ခုက ရှိနှင့်နေခဲ့ပါတယ်။

“ဆယ်တန်းပြီးတော့ သူငယ်ချင်းနဲ့အတူတူ Boxing လိုက်ဆော့ဖြစ်တယ်။ ဆရာက သိပ်အဆင်မပြေတော့ ထပ်စုံစမ်းရင်းနဲ့ပဲ YMCA မှာ လက်ဝှေ့ဆော့ဖြစ်တယ်။ တက္ကသိုလ်ပထမနှစ်လောက်ကတည်းက အမြဲတမ်းဆော့ဖြစ်သွားတယ်။ Miss ပြိုင်မယ်ဆိုတော့ Talent အနေနဲ့ဘာလုပ်ရင်ကောင်းမလဲဆိုတော့ Youtube တွေကို မွှေထားရာကနေ အဲဒီ့ Self Defense ကို သွားတွေ့တယ်။ နောက်ပိုင်းမှာ အမျိုးသမီးတွေ လမ်းသွားရင်း Harassment မကြုံရအောင် ဘာတွေလုပ်ရမလဲဆိုတဲ့ Campaign တွေမှာ Talent ပြဖြစ်တယ်။ အဲဒီ့မှာ Akhaya Women Myanmar က ဆက်သွယ်လာပြီးတော့ သူတို့ကပဲ Organize လုပ်ပေးမယ့်သူပါ ခေါ်လာပေးပြီး Michelle ကို သင်ပေးဖို့တောင်းဆိုတော့ ၂၀၁၅ခုနစ်ကျမှ စတင်ပြီးတော့ ဒီ Self Defense Center ကို သဘောတူမိတ်ဆွေတွေနဲ့ စဖြစ်သွားတယ်။”

လက်ရှိမှာတော့ မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းကျောင်းဟာဆိုရင် နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး အမျိုးသမီးများအတွက် အသုံးဝင်တဲ့ကိုယ်လုံပညာတန်းခွဲပေါင်းများစွာကိုလည်း ဖွင့်လှစ်သင်ကြားပြီးခဲ့ပြီးဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကတည်းက အားကစားလေ့ကျင့်ဆော့ကစားတာကို သဘောကျနှစ်သက်သူဖြစ်တဲ့အတွက်ကြောင့် ဒီကိုယ်လုံပညာဆိုတာကလည်း သူမရဲ့ ၀ါသနာပါရာထဲကတစ်ခုဖြစ်ခဲ့တာပါ။

“ပထမဆုံး ၀ိတ်လျှော့တဲ့အနေနဲ့ Aerobic ဆော့တယ်။ ပြီးတော့ Gym ဆော့တယ်။ နောက်ပြီး Yoga ဆော့တယ်။ ဖြည်းဖြည်းချင်းဆော့ရင်းနဲ့ အမြဲဒါတွေချည်းလုပ်နေရတော့ ပျင်းလာပြီး စိတ်လှုပ်ရှားစရာမရှိဘူးဆိုပြီးတော့ Boxing ကို ဆော့ကြည့်တော့ အရမ်းသဘောကျသွားတယ်။”

သူမရဲ့ မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းကျောင်းအနေနဲ့ကလည်း ပုံမှန်သင်တန်းတွေအပြင်ကို ပြည်တွင်းပြည်ပ အရပ်ဖက်လူမှုအကျိုးပြုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ သိသင့်သိထားရမယ့် ကိုယ်လုံပညာတွေကို အမျိုးသမီးလေးများ သိရှိနားလည်နိုင်စေရန် ပြသလျှက်ရှိနေပါတယ်။

ဒါ့အပြင်ကို သူမရဲ့ စိတ်ဝင်စားစရာကောင်းပြီး လက်ရှိမှာ အမျိုးသမီးအများစုရဲ့ သဘောကျနှစ်သက်ချင်းကို အရမ်းကို ရရှိနေတဲ့ အစီအစဉ်တစ်ခုကတော့ ရန်ကုန်သူမီရှဲအစီအစဉ်ပါပဲ။ သူမ ဒီအစီအစဉ်ကိုစဖြစ်သွားတဲ့အကြောင်းအရာကတော့

“Video Live Production က တခြားလူတွေနဲ့ တခြားအစီအစဉ်တွေကို လုပ်ကြည့်ဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် အဆင်မပြေဘူး။ အဲဒီမှာ ကိုအရည်ကြိုကို သုံးမိနစ်စာ Video လေးတစ်ခုလုပ်မယ်ဆိုတော့ မြို့ကြီးသားအရည်ကြို ဆိုပြီးလုပ်မယ်ပေါ့။ မြို့ကြီးသား လုပ်မလား မြို့သားကြီးလုပ်မလားပေါ့။ ဒါပေမယ့် ကိုအရည်ကြိုကတော့ သိပ်သဘောမကျဘူး။ အဲဒီမှာပြောရင်းနဲ့ သူ့ကို ကိုယ်က Michelle ဆိုရင်တောင် ရန်ကုန်သူမီရှဲဆိုပြီး ရိုက်လို့ရတယ်လို့ ပြောရင်းကနေ ရိုက်ကြမယ်ဆိုပြီး ဖြစ်လာတာ။”

ဒီအစီအစဉ်လေးကို အကောင်အထည်ဖော်ကြတဲ့အခါ လက်ရှိမြန်မာနိုင်ငံရဲ့ လူနေမှုဘ၀ကတော့ ဈေးကြီးပစ္စည်းတွေနဲ့ Brand တွေကပဲ အဆင့်အတန်းမြင့်မားတဲ့ လူနေမှုဘ၀ကို ပုံဖော်တာ မဟုတ်တဲ့အကြောင်းကို ပြသဖို့ကြိုးစားရင်း သူမဟာ ဒီအစီအစဉ်လေးကို စတင်လိုက်ပါတော့တယ်။ မြန်မာအမျိုးသမီးတွေအပေါ်မှာ သူမထားတဲ့စေတနာစစ်မှန်မှုတစ်ခုဖြစ်တဲ့ နာမည်ကြီးတံဆိပ်တွေနောက်ကိုပဲ လိုက်ပါနေကြတာမျိုးမဟုတ်ပဲ သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ လူနေမှုဘ၀တစ်ခုကို တည်ဆောက်လို့ရတယ်ဆိုတဲ့အကြောင်းအရာလေးနဲ့ အမျိုးသမီးတွေကို အကျိုးရှိစေမယ့် Women Empowerment အကြောင်းအရာလေးတွေကို မြန်မာအမျိုးသမီးလေးတွေကြားထဲရောက်အောင် မျှဝေချင်တဲ့အတွက်ကြောင့် အမျိုးသမီးအများစုရဲ့ ၀ိုင်းရံအားပေးခြင်းကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

“နောက်တစ်ခုက Street Harassment ပေါ့။ လမ်းမပေါ်မှာ သွားတယ်။ မိန်းကလေးတွေကို စတယ်။ မိန်းကလေးတွေက ခံနေရတယ်။ အစခံရတာ ကြိုက်လားဆိုတော့ မကြိုက်ဘူး။ ဒါသည် သိသာတယ်။ ယောက်ျားလေးတွေအနေနဲ့ ကိုယ့်အပျော်အတွက် မိန်းကလေးတွေကို အရှက်ရ အိနြေ္ဒပျက်အောင် မစသင့်ဘူးဆိုတဲ့ Message ကို ပေးချင်တယ်။”

အခု ရန်ကုန်သူမီရှဲအစီအစဉ်မှာကတော့ လူအများရဲ့ အားပေးစိတ်ဝင်စားမှုကို အများဆုံးရရှိထားတာကတော့ ကြည့်မြင်တိုင်ညဈေးအစီအစဉ်ပဲ ဖြစ်ပါတယ်။ လူငယ်တွေအများစု မေ့လျော့နေတဲ့ ရန်ကုန်မြို့က အထင်ကရနေရာတစ်ခုဖြစ်တဲ့ ကြည့်မြင်တိုင်ညဈေးကို သွားရောက်လည်ပတ်ခဲ့တဲ့ Video ကို ဝေမျှပေးခဲ့ပြီး အဲဒီ့ကြည့်မြင်တိုင်ညဈေးက ဘေထုတ်အ၀တ်အစားတွေကို မိတ်ဆက်ပေးကာ ဘေထုတ်အ၀တ်အထည်တွေနဲ့လည်း လှအောင်ဝတ်လို့ရတဲ့အကြောင်းအရာတွေကို ပြောပြခဲ့ပြီး တကယ်ကို သူမကိုယ်တိုင် အခမ်းအနားတစ်ခုကို တက်ရောက်တဲ့အခါမှာ ဘေထုတ်အင်္ကျီကို အမှန်တကယ် ၀တ်ဆင်ပြခဲ့ပါတယ်။

ဒါ့အပြင်ကိုမှ ဆက်လက်ပြီး ရန်ကုန်သူမီရှဲအစီအစဉ်ဟာ Food Channel တစ်ခုနဲ့ Travel နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ဝေမျှသွားပေးဖို့ပါ စီစဉ်နေပြီလို့သိရပါတယ်။ ဒါဆိုရင်တော့ ရန်ကုန်သူမီရှဲအစီအစဉ်လေးဟာ မြန်မာနိုင်ငံရဲ့ အမျိုးသမီးလေးတွေအတွက် ပြီးပြည့်စုံပြီး ဗဟုသုတမျိုးစုံနဲ့ အကြောင်းအရာမျိုးစုံကိုတစ်နေရာတည်းမှာ ရရှိနိုင်တော့မှာပါ။ နောက်ပြီး Mizzima TV ကနေလည်း Her World ဆိုတဲ့အစီအစဉ်ကနေတစ်ဆင့် တနင်္လာနေ့ ညကိုးနာရီတိုင်း ရန်ကုန်သူမီရှဲအစီအစဉ်ကို ထုတ်လွှင့်ပြသလျှက်ရှိပါတယ်။ တကယ်လို့မှ သူမအနေနဲ့သာ စိတ်တိုင်းကျလုပ်ခွင့်ရှိမယ်ဆိုရင် ယဉ်ကျေးမှုကိုထိန်းသိမ်းတဲ့လက်မှုပစ္စည်းတွေကို Mass Product အနေနဲ့ ထုတ်လုပ်ချင်တာပဲဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေအပေါ်ရော သူမ ဘယ်လိုမြင်လဲ။ သူမ လူအများကို အစီအစဉ်တစ်ခုအဖြစ် မတင်ဆက်ရသေးပေမယ့်လည်း သူမ ဘာတွေပြောပြချင်တာရှိမလဲ။ ဒါတွေကိုလည်း နားထောင်ကြည့်ပါဦး။

“ပထမဆုံး မှုခင်းဖြစ်တယ်။ ဒီမှုခင်းနဲ့ပတ်သက်ပြီး ရဲကို တိုင်ချက်ဖွင့်ရတော့မယ်။ တိုင်ချက်ဖွင့်တာကို အရေးယူတယ်ဆိုရင်လည်း ဆေးရုံမှာတစ်ခါပြော၊ ဆရာဝန်ဆီမှာတစ်ခါပြော၊ ရပ်ကွက်လူကြီးကိုတစ်ခါပြော၊ ရဲစခန်းကိုတစ်ခါပြော ဒါမျိုးတွေလည်း မဖြစ်သင့်ဘူး။ ဒီအရာတွေက Confidential မဖြစ်ဘူး။ ရုံတင်စစ်ဆေးတာကအစပေါ့။ သွားတိုင်လိုက်ပြီဆိုကတည်းက ကျွန်မမုဒိမ်းကျင့်ခံရပါတယ်လို့ တရားရုံးတစ်ဝက်က မသိသူမရှိသလောက်နီးပါးကို ဖြစ်သွားပြီ။ ဒီလိုမျိုး တရားစီရင်တဲ့အပိုင်းကို ပိုပြီးတိုးတက်စေချင်တယ်။ ဒါကတော့ နိုင်ငံတော်က စီစဉ်ရမယ့်အပိုင်းဖြစ်သွားပြီ။ နောက်တစ်ခုက ပြစ်ဒဏ်က သုံးနှစ်ပဲရှိတယ်။ ထောင်ထဲမှာ ခဏအဝေးသွားနေဆိုပြီး ရှောင်ခိုင်းလိုက်တဲ့သဘောမျိုးလား။ ထောင်ကလွတ်လို့ သူနေတဲ့အရင်နေရာဟောင်းကိုပဲ ပြန်လာတဲ့အချိန်ကျရင် ပုံစံပြောင်းသွားမှာလား။ ကိုယ့်ကိုယ်ထိခိုက်မှာလား။ ကိုယ့်ကိုယ်ရန်ရှာမှာလား။ ဒါ သူဘာမှမပြောင်းလဲဘူး။ အိပ်ရာပြောင်းအိပ်လိုက်တဲ့သဘောပဲရှိတယ်။ အဲဒီလိုလူတွေကို ပြစ်ဒဏ်ချထားချိန်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ သေဒဏ်ပေးရင်လည်း သေသွားတာမျိုးပဲရှိတယ်။ မဖြစ်ခင်ဆိုလည်း ကိုယ့်ရဲ့ခံယူချက် ဘယ်လိုလဲအပေါ်မှာ မူတည်တယ်။ အမျိုးသမီးတစ်ယောက် မုဒိမ်းကျင့်ခံရပြီဆိုရင် သြော် ဒီမိန်းကလေးက ဘယ်လိုနေလဲမှမသိတာ ဆိုတာမျိုးထက် သြော် သူ မုဒိမ်းကျင့်ခံလိုက်ရပြီ။ ငါတို့ဘာကူညီရမလဲ ဆိုတာမျိုးဖြစ်သင့်တယ်။ မိန်းကလေးတွေအနေနဲ့ကလည်း ကိုယ့်ခန္ဓာကိုယ် ကိုယ်လုပ်ချင်တာလုပ်မယ်။ ကိုယ်နေချင်တဲ့သူနဲ့ နေမယ်ဆိုတာထက် ဒါမျိုးလုပ်ရင် ဘာများဖြစ်သွားမလဲဆိုတဲ့ အကျိုးဆက်ကို သိထားဖို့ ပညာပေးနိုင်ရမယ်။ စာလည်းများများဖတ်ရမယ်။ ပညာပေးဖို့ဆိုရင်လည်း ပြည့်စုံတဲ့ Community Support က အရေးကြီးတယ်။ ကျူးလွန်တဲ့သူဘက်ကဆိုလည်း ဘာကြောင့်ဒါတွေလုပ်လဲဆိုတော့ အဖြေက အားနေလို့။ IQ ရော၊ EQ ရောမှာ အားနည်းချက်တွေရှိနေလို့၊ သွားစရာ Community Center ကောင်းကောင်းမရှိဘူး။ လုပ်စရာမရှိရင် စိတ်ဝင်စားတဲ့အရာတွေကို ကြည့်ရင်းကနေပဲ စိတ်တွေအဲဒီလိုဖြစ်လာတယ်။”

မ Michelle ဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကိုလည်း ပြင်းထန်စွာရှုံ့ချပြီး ပိုမိုလွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ လူနေမှုဘ၀ပုံစံကို မြန်မာအမျိုးသမီးလေးတွေအားလုံးအတွက် ပိုင်ဆိုင်စေချင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ မ Michelle လို အမျိုးသမီးလေးတွေ တဖြည်းဖြည်းများပြားလာမယ်ဆိုရင်တော့ အမျိုးသမီးတွေအားလုံးအတွက် ၀မ်းသားဂုဏ်ယူစရာအရမ်းကို ကောင်းနေတော့မှာပါပဲ။ တကယ်လည်း အမျိုးသမီးအချင်းချင်း တစ်ဦးကိုတစ်ဦးလက်တွဲပြီး အမြင့်တစ်နေရာဆီကို လျှောက်လှမ်းကြရတဲ့အခါ နောက်မှာပဲ ရပ်မနေခဲ့ပဲ ကျွန်မတို့အမျိုးသမီးထုကြီးတစ်ရပ်လုံးက ရှေ့ကိုထွက်ပြီး မားမားမတ်မတ်ရပ်တည်သင့်တဲ့အချိန်ကိုလည်း ရောက်လာပြီလို့ ကျွန်မထင်ပါတယ်။

ဒီလို လိင်ခွဲခြားဆက်ဆံမှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ အမျိုးသမီးတွေ လမ်းမတွေပေါ်မှာ အမျိုးသားတွေက စနောက်ခြင်းကို ခံစားရတာတွေကနေ အမြန်ဆုံးရုန်းထွက်နိုင်ဖို့ သူမယုံကြည်တဲ့နည်းလမ်းကရော ဘာများဖြစ်နိုင်မလဲ။ သူမမှာ အဖြေတစ်ခုက ရှိနှင့်နေပြီးသားပါ။ အဲဒါကတော့ “သတ္တိရှိဖို့ပါပဲ”။

“အဓိကတော့ စိတ်ပဲ။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လက်ကိုင်လိုက်ပါပြီတဲ့။ ဟဲ့ကောင် နင် ငါ့ကို ဘာလုပ်တာလဲလို့ မေးလိုက်။ အဲဒီအမျိုးသားက ငါ ဘာလုပ်လို့လဲဆိုပြီး ပြန်ပြောလိုက်ရင် ကောင်စုတ် နင် ငါ့ကို ဘာလုပ်လိုက်တယ်လေ ဘာညာဆိုပြီး ပြန်ပြောရဲဖို့ သတ္တိလိုတယ်။ လုပ်ရဲဖို့ကလည်း သတ္တိလိုတယ်။ လုပ်ရဲဖို့သတ္တိဆိုတာကလည်း ရင်းနှီးကျွမ်းဝင်နေဖို့လိုတယ်။ တစ်ခုခုနဲ့ ကောက်ထုလိုက်တာပဲဖြစ်ဖြစ်။ ဒါဟာ Self Defense ပဲ။ Self Defense Way တွေက အများကြီးရှိတယ်။ အဲဒီ့နည်းလမ်းတွေအများကြီးဆီရောက်ဖို့ဆိုတာဟာ အရင်ဆုံး သတ္တိလိုအပ်တယ်။”

လက်ရှိကတော့ သူမအနေနဲ့ ရန်ကုန်သူမီရှဲအစီအစဉ်ကို အများကြီးထပ်ပြီး လုပ်ပြနိုင်ဖို့အတွက် အဓိက စိတ်အားထက်သန်နေပါတယ်။ သူမအနေနဲ့ကလည်း အသက်ငယ်ငယ်နဲ့ အစီအစဉ်တွေ၊ လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့ မိသားစုလုပ်ငန်းတွေကို ဦးစီးဦးဆောင်ပြုလုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ ကျွန်မတို့ရဲ့ အမျိုးသမီးအသိုက်အ၀န်းမှာ အခုလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြတ်ပြီး ကြိုးစားသော၊ အောင်မြင်သော သူမရှိနေတာ ကျွန်မတို့အားလုံး ၀မ်းမြောက်ဝမ်းသာကြိုဆိုကြရမှာပါ။

“လုပ်တာတွေအားလုံးကိုတော့ အကောင်းဆုံးလုပ်ပေးတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ဘောင်မ၀င်သလိုတန်းမ၀င်သလိုတော့ ကြည့်တာကိုခံရတယ်။ ဒါပေမယ့် သူတို့ ပါးစပ်ပိတ်သွားအောင် ကိုယ်ဘာတွေလုပ်ပြမလဲဆိုတာ အရေးကြီးတယ်လေ။ ဒါကလည်း ဟိုးရှေးခေတ်လူကြီးတွေကအစ ဒီမှာက လူတစ်ယောက်ရဲ့ဘ၀က ဆယ်တန်းအောင်ပြီးမှစသလိုဖြစ်နေတယ်။ ကိုယ်တွေရဲ့ အခွင့်အလမ်းတွေအကုန်လုံးက အသက်အရွယ်အပိုင်းအခြားတစ်ခုမှာဖြစ်သွားတယ်။ တကယ်လို့သာ ၁၄နှစ်လောက်ကတည်းက Business ထဲအထိအတွေ့ပေးထားတယ်။ အားလပ်ရက်တွေမှာ အချိန်ပိုင်းအလုပ်တစ်ခုခုလုပ်ရင်း State ကျောင်းတက်နေတဲ့ တခြားနိုင်ငံက ကလေးတွေလိုပေါ့။ စာလည်းလုပ် ဒါလည်းလုပ်ဆိုပြီး လုပ်မယ်ဆိုရင် သူ့ရဲ့အသက် ၁၈၊ ၁၉လောက်ရောက်ရင် ဒါတွေနဲ့ အကျွမ်းတ၀င်ဖြစ်ပြီးသားဖြစ်သွားပြီး ၂၁၊၂၂လောက်ရောက်ရင် သူသည် လုပ်ငန်းတစ်ခုကို စပြီးလုပ်လို့ရပြီ။ အဲဒါတွေကြောင့်လို့တော့ ထင်တယ်။ လူတွေက ဆယ်တန်းဆိုတဲ့အပိုင်းအခြားကို ကန့်သတ်ပြီးတွေးလိုက်တာကြောင့်လည်း ဖြစ်မယ်ထင်တယ်။”

ဒါ့အပြင် Gender Equality နဲ့ပတ်သက်ပြီးတော့လည်း တန်းတူညီမျှအခွင့်အရေးတွေရရှိဖို့ဆိုရင် အမျိုးသမီးတွေဟာ မိမိကိုယ်ကိုယ် စိတ်ဆုံးဖြတ်ပြီး Lady First ဆိုတာထက် မိမိကိုယ်ကိုယ်သန်မာလာအောင်၊ မိမိကိုယ်ကိုယ်လုပ်ကိုင်နိုင်မှုစွမ်းရည်ရှိလာအောင် ကြိုးစားကြရမယ်လို့ ပြောပြသွားပါသေးတယ်။

မ Michelle အနေနဲ့ကတော့ စိတ်ပင်ပန်းလာရင် အိပ်ရေး၀၀အိပ်လေ့ရှိပြီး ရုပ်ရှင်ကြည့်တာမျိုးဖြစ်ဖြစ် အတွေးတွေကို ခဏတာဖျောက်ထားနိုင်တဲ့ ပေါ့ပေါ့ပါးပါးဂိမ်းတွေ ဆော့လေ့ရှိတယ်လို့ သိရပါတယ်။ သူမ စိတ်ဓာတ်ကျနေချိန်တွေမှာဆိုရင် အရင်ကထက် အစားအသောက်ပိုစားလေ့ရှိပြီး အားကစားလုပ်လေ့ရှိသူပါ။ သူမရဲ့ အကြိုက်ဆုံးဖက်ရှင်ကတော့ Free Style ဖြစ်တယ်ဆိုပေမယ့်လည်း သူမကို ကြည့်ကြည့်ရင် နေရာဒေသကိုလိုက်ပြီး အလှပဆုံးဝတ်စားတတ်တာကို တွေ့မြင်ရမှာပါနော်။

သူမဟာ တစ်ဖက်တစ်လမ်းကနေ မြန်မာအမျိုးသမီးတွေရဲ့ လူနေမှုဘ၀ကို ပုံဖော်နေပါတယ်။ ရန်ကုန်သူတစ်ယောက်ရဲ့ ဘ၀နေထိုင်မှုပုံစံကို ဖော်ပြနေပါတယ်။ သူမရဲ့ အစီအစဉ်တွေဟာ မြန်မာအမျိုးသမီးလေးတွေအတွက်လည်း အတုယူစရာတွေ၊ ဗဟုသုတတွေအများကြီးရနိုင်သလိုပဲ တစ်ဖက်မှာလည်း နိုင်ငံခြားသားတွေအနေနဲ့ မြန်မာနိုင်ငံက မြန်မာအမျိုးသမီးရန်ကုန်သူတစ်ယောက်ရဲ့ ဘ၀နေထိုင်မှုပုံစံနဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေကိုပါ ရန်ကုန်ကို မရောက်လာပဲ အွန်လိုင်းမီဒီယာကနေတစ်ဆင့် လေ့လာကြည့်ရှုလို့ရနေပါတယ်။

“ရန်ကုန်သူမီရှဲအနေနဲ့က ရန်ကုန်မှာရှိနေတဲ့သူတွေ၊ မြန်မာပြည်မှာရှိနေတဲ့သူတွေ မေ့လျော့နေတဲ့ Lifestyleနဲ့ သတိမထားမိတဲ့အရာတွေကို ပြောပြပေးနေတာပါ။ ဒါတွေက အလုံးစုံ Copy ကူးဖို့မဟုတ်သလို၊ Information အပြည့်အစုံပေးနေတာလည်း မဟုတ်ပါဘူး။ တကယ်လို့ Information အပြည့်အစုံသိချင်ရင် သွားကြည့်ပြီး လေ့လာကြည့်ကြပါ။ ကိုယ်ဘာရလာမလဲဆိုတာကလည်း တစ်ယောက်ချင်းစီအပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီ့ Message ကို အဓိကရစေချင်ပါတယ်။ ပြီးတော့ Michelle သည်လည်း လူတစ်ယောက်ဖြစ်တဲ့အတွက် Michelle လုပ်လို့လိုက်လုပ်တယ်ဆိုတာမျိုးထက် ကိုယ့်ဘာသာကိုယ် ရှာဖွေလေလေတွေ့ရှိလေလေဖြစ်သွားကြတာကို ပိုကြိုက်ပါတယ်။”

မြန်မာအမျိုးသမီးလေးတွေကို အမြဲတမ်းသတင်းအချက်အလက်တွေနဲ့ ဗဟုသုတတွေမျှဝေပေးနေတဲ့ သူမဟာ လမ်းမတွေပေါ်မှာ Harassment လုပ်ခြင်းကို ခံစားရသူမိန်းကလေးတွေကိုလည်း အကြံဥာဏ်လေးမျှဝေပေးခဲ့ပါသေးတယ်။

“မဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ဖြစ်လာပြီ စခံရပြီ Harassment လုပ်ခံရပြီဆိုရင်တော့ ငြိမ်မခံနေပါနဲ့လို့။ တစ်ခုခုပြန်တုန့်ပြန်ခဲ့ပါလို့။ အနည်းဆုံးတော့ မကျေနပ်တဲ့အကြည့်တစ်ခုနဲ့ ကြည့်ခဲ့ပေးလိုက်ပါ။ အဲဒါမှ သူတို့ဟာ ကိုယ် ဒါမကြိုက်ဘူးဆိုတာကို သိမှာပါ။ အကယ်၍ အစခံရတယ်။ ဘာမှပြန်မပြောရဲခဲ့ဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ဒါက ကိုယ်က ရှက်ရမှာမဟုတ်ပါဘူး။ ဒါသည် ကျူးလွန်တဲ့သူက ရှက်ရမှာပါ။”

ရှေ့လျှောက် မြန်မာနိုင်ငံမှာလည်း သူမတို့တစ်တွေလို ထူးချွန်ထက်မြတ်ပြီး အောင်မြင်တဲ့အမျိုးသမီးတွေများစွာကို မြင်တွေ့ချင်မိပါတယ်။ ဒါမှလည်း ကျွန်မတို့ မြန်မာနိုင်ငံကြီးဟာ တဖြည်းဖြည်းနဲ့ အရှေ့ကို ရွေ့လာမှာ မဟုတ်ပါလား။ သူမကရော ကြိုးစားနေလျှက် မိန်းကလေးတွေကို ဘာများပြောချင်ဦးမလဲ။

“Top တစ်နေရာကိုရောက်ချင်တယ်ဆိုရင် ကိုယ်ဘာဖြစ်လို့ရောက်ချင်တာလဲဆိုတာကို အရင်မေးပါ။ ပွဲလမ်းသဘင်တွေမှာ VIP အနေနဲ့ ဖိတ်ကြားတာခံချင်လို့လား။ ဒါမှမဟုတ် ကိုယ့်ကိုယ် အမြဲတစေအရေးယူပြီး လူတွေဝိုင်းချစ်တာကို ခံချင်လို့လား စသည်ဖြင့်ပေါ့။ Michelle ဆိုရင် အမျိုးသမီးတွေကို အရမ်း Support လုပ်ပေးချင်တယ်။ အဲဒါနဲ့ Self Defense ကို စဖြစ်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ Lifestyle ကို ဒါမျိုးလုပ်လို့ရနေတာပဲလေလို့ ကိုယ်မြင်လာတယ်။ အဲဒီတော့ အားလုံးကို တစ်ခါတည်းပြောပြနိုင်ဖို့အတွက် အစီအစဉ်တွေလုပ်တယ်။ ကိုယ့်ရဲ့ဝါသနာကနေ တဖြည်းဖြည်း လမ်းစလေးတစ်ခုရလာတာပေါ့။ ကိုယ်လုပ်ချင်တဲ့အလုပ်သည် ဘယ်လိုအလုပ်ပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့အလုပ်၊ ကိုယ်လုပ်နေရတဲ့အလုပ်ကို အကောင်းဆုံးလုပ်ပေးနေမယ်ဆိုရင် Top တစ်နေရာကို ရောက်လာမှာပါ။”

ကျွန်မတို့ အမျိုးသမီးတွေက ရဲရင့်ကြပါတယ်။ အင်အားရှိကြပါတယ်။ ထူးချွန်ထက်မြတ်ကြပါတယ်။ အခုဆိုရင်လည်း ကျွန်မတို့ အမျိုးသမီးတွေ လက်တွဲညီညီနဲ့ တဖြည်းဖြည်းချင်းဆီ အရှေ့နေရာတစ်နေရာကို ရောက်ရှိနေကြပါပြီ။ ဒီလိုအချိန်မျိုးတွေမှာလည်း ကျွန်မတို့ဟာ နောက်မှာကျန်နေသေးတဲ့အမျိုးသမီးတွေကိုလည်း လက်တွဲခေါ်ယူဖို့ အရေးကြီးပါသေးတယ်။ မြန်မာနိုင်ငံက အမျိုးသမီးထုကြီးတစ်ခုလုံးကို အရှေ့ဆုံးကိုရောက်အောင် တွန်းအားပေးနေတဲ့အထဲမှာ မ Michelle ကလည်း အရေးကြီးတဲ့အမျိုးသမီးတစ်ယောက်အဖြစ်အပါအ၀င်ပါပဲ။ ဒါကြောင့် ကျွန်မအနေနဲ့ Myanmar Women’s Self Defense Center ရဲ့ Founder ဖြစ်တဲ့ Yangon Thu Michelle အစီအစဉ်က မ Michelle ကို 2018, April ရဲ့ MODA Woman အဖြစ် ရွေးချယ်တင်ဆက်လိုက်ပါတော့တယ်။

Editor : Moethae Say

Stylist : Zippy @ Phyu Sin Maung

Photographer : Ye Thwaye

Outfits : Forcast

 



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on May 21, 2018

Billboard Music Awards ဂီ...


Celebrity News   |   Posted on May 21, 2018

Royal Wedding က Meghan Ma...


Celebrity News   |   Posted on May 21, 2018

Prince Harry နဲ့ Meghan M...


Parties & Events   |   Posted on May 21, 2018

အမျိုးသမီးများအကြားရေပန်း...


Style Note   |   Posted on May 21, 2018

White buttoned-down shirt...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.