Art & Books   |   Posted on Aug 10, 2016 by Tun Lin

မြန်မာ့ပန်းချီလောက ဖွံ့ ဖြိုးတိုးတက်ရေးလမ်းစဉ်ကို ပုံဖော်နေသူ River Gallery ပိုင်ရှင် Gill Pattison နှင့် တွေ့ဆုံခြင်း


မြန်မာပန်းချီကားတွေကို ၀ယ်စုထားချင်တယ်ဆိုရင် ဒီအချိန်ကာလဟာ အသင့်တော်ဆုံးအချိန်ကာလတစ်ခုပါပဲ။

Share this article

Gill Pattison ဆိုတဲ့ နယူးဇီလန်သူအမျိုးသမီးတစ်ယောက်ဟာ မြန်မာ့ပန်းချီလောကကို စိတ်ဝင်စားမှုအရှိန်လွန်ကဲသွားတယ်လို့ပဲပြောရပါမယ်။ သူမဟာ မြန်မာပန်းချီဆရာတွေကိုလေးစား ပြီး မြန်မာနိုင်ငံက ပန်းချီကားတွေကို နှစ်သက်ချစ်မြတ်နိုးတာကြောင့် River Gallery ဆိုတဲ့ ပန်းချီပြခန်းတစ်ခုကိုတည်ထောင်ဖြစ်ခဲ့ပါတယ်။ စတင်တည်ထောင်စဉ်ကတည်းက သူမဟာ မြန်မာ့ပန်းချီလောကအပေါ် ဘယ်လိုစေတနာထား တယ်ဆိုတာ မြင်နိုင်ပါတယ်။

River Gallery ကို ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာရှိတဲ့ Strand Hotel အတွင်းမှာဖွင့်လှစ်ထားသလို၊ နောက်ထပ်çထပ်တိုးပြီး River Gallery2 ကိုလည်း Strand Hotel ကပ်ရက်လမ်းပဲဖြစ်တဲ့ ၃၇ လမ်း နဲ့ ၃၈ လမ်း(အောက်ဘလောက်)၊ အမှတ် ၃၃/၃၅ မှာဖွင့်လှစ်ထား ပါတယ်။ ဒီပြခန်းဟာ လမ်းနှစ်ဘက်စလုံးမှာ ၀င်ပေါက်တွေရှိတဲ့အတွက် ဘယ်လမ်းကပဲ ၀င်လာဝင်လာ အဆင်ပြေပါတယ်။ ပန်းချီချစ်သူတွေအနေနဲ့ River Gallery က ပန်းချီကားတွေကို စိတ်ဝင်စားတယ်ဆိုရင် www.rivergallerymyanmar.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အဲဒီဝက်ဆိုဒ်မှာဆိုလို့ရှိရင် စိတ်ကြိုက် ပန်းချီဆရာ တွေကိုတစ်ဦးချင်းရှာဖွေနိုင်သလို၊ web ပေါ်မှာပြသထားတဲ့ ပန်းချီကားတွေကိုလည်း မှန်ဘီလူးပြုလုပ်ချက်တပ်ဆင်ပေးထားတဲ့အတွက် အွန်လိုင်းပေါ်ကပဲ ပန်းချီကားချပ်ကို အနီးကပ်ကြည့်ရှုနိုင်သလို ၀ယ်ယူ မှုတွေလည်းပြုလုပ်နိုင်တာကို တွေ့ရပါတယ်။ တိုက်ရိုက်ဆက်သွယ်ချင်တယ်ဆိုရင်တော့ River Gallery ရဲ့ Hotline ဖုန်းနံပါတ် ၀၁-၃၇၈ ၆၁၇ ကိုဆက်သွယ်နိုင်ပါတယ်။(ယခု အင်တာဗျူးသည် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလထုတ် MODA မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည်။)

Gill နဲ့ မြန်မာနိုင်ငံနဲ့ ဆက်သွယ်မှုလေးကိုသိချင်ပါတယ်။ ဒီကိုရောက်လာတာ ဘယ်နှစ်နှစ်ရှိနေပြီလဲဗျ။
မြန်မာပြည်ကို ရောက်တာက ၂၀၀၂ ခုနှစ်ကပါ။ ၁၃ နှစ်ပြည့်နေပြီပေါ့။ လာတုန်းကတော့ ဒီမှာ ၁ နှစ်၊ ၂ နှစ်လောက်ပဲ နေဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ ဒီမှာ အကြာကြီးနေဖြစ်သွားတယ်ပေါ့။

အကြာကြီးနေဖြစ်သွားတဲ့ အကြောင်းရင်းက ဘာများလဲဗျ။
ဒီကိုရောက်လာတဲ့အချိန် ကျွန်မမှာ သမီးလေးတစ်ယောက်ရှိပါတယ်။ အဲဒီအချိန်တုန်းက သူ ၂ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ဒီမှာရှိနေတဲ့ အချိန်တွေကို သဘောကျတယ်။ ဒီမှာ ရှိနေတဲ့လူတွေကိုလည်း တစ်ခုခုလုပ်ပေးနိုင်လိမ့်မယ်လို့ထင်တယ်။ စီးပွားရေးလည်းလုပ်ရင်းနဲ့ နေရတာလည်း အဆင်ပြေတယ်။ ဒါတွေကြောင့်ပါ။

Gill အနေနဲ့ ဒီပြခန်းပိုင်ရှင်ဆိုတာအပြင် တခြားပရော်ဖက်ရှင်နယ်အလုပ်အကိုင်တစ်ခုခုကို အဆင်ပြေရင်မိတ်ဆက်ပေးနိုင်မလား။
ကျွန်မ ဟောင်ကောင်မှာနေတုန်းက City Bank မှာလုပ်တယ်။ Banker လို့ပြောလို့ရပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ ယူကေမှာ Consortium လုပ်တယ်။ ဟောင်ကောင်ကနေပြီးတော့မှ ဒီကိုရောက်လာတယ်ပေါ့။ ဒီ Gallery Owner အပြင်ထပ်ပြောလို့ရတာကတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ပဲပေါ့။

စရောက်လာခါစတုန်းက မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ လူတွေရဲ့ နေထိုင်မှုပတ်ဝန်းကျင်ပုံစံတွေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားမိလဲ။
ကျွန်မက အရင်ကတည်းက ပန်းချီတွေ အနုပညာတွေကို စိတ်ဝင်စားတဲ့အတွက် စရောက်လာခါစကတည်းက ဒီပန်းချီအနုပညာတွေကို ကျွန်မပထမဆုံးစပြီးသတိထားမိခဲ့ပါတယ်။ ကျွန်မမှာ ပန်းချီနဲ့ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ဖြစ်တာမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ ပန်းချီမြင်ရင် ကြည့်ချင်တဲ့ ၀ါသနာ၊ ဗီဇတော့ရှိတယ်။ ရောက်ခါစတုန်းကတော့ ပန်းချီကားတွေကို စိတ်ဝင်စားလို့ကြည့်တယ်။ ဒီက Skill တွေကို သတိထားမိတယ်။ ကြည့်ရင်းနဲ့ ပိုစိတ်ဝင်စားတဲ့အခါကျတော့ ပြပွဲမှာပြနေတာတင်မကတော့ဘဲနဲ့ ပန်းချီဆရာတွေရဲ့ လုပ်ငန်းခွင်ကို သွားကြည့်ဖြစ်တယ်။ ပန်းချီဆရာတွေက ကန်ကရိုက်တိုက်မြင့်တွေပေါ်မှာနေကြတဲ့သူတွေလည်း များတော့ တက်လိုက်ဆင်းလိုက်နဲ့ လိုက်လည်ဖူးပါတယ်။ သွားကြည့်တဲ့အခါ ဘာကိုတွေ့ရလဲဆိုတော့ ဒီမှာက Skill တွေအရမ်းကောင်းတယ်။ ဖန်တီးမှုတွေအရမ်းကောင်းတယ်။ ဒါနဲ့ကျွန်မ ပြိုင်ပွဲတစ်ခုလုပ်ပေးဖို့ စိတ်ကူးရပါတယ်။ ဒါနဲ့ ၂၀၀၄ ခုနှစ်မှာ မြန်မာတိုင်းမ်နဲ့ ပူးပေါင်းပြီး ပြိုင်ပွဲတစ်ခုလုပ်ဖြစ်ပါတယ်။ ဒါကတော့ ကျွန်မရဲ့ ပထမဦးဆုံးခြေလှမ်းလို့ပြောလို့ရပါတယ်။

ဒီပြိုင်ပွဲက ဘယ်လိုဖြစ်သွားတာလဲဆိုတော့ ပထမက ဖစ်လစ်မောရစ်စီးကရက်ကုမ္ပဏီကနေကြီးမှူးပြီး အာဆီယံမှာ ပန်းချီပြိုင်ပွဲတွေလုပ်ပေးတယ်။ မြန်မာပြည်ကပန်းချီဆရာ တွေက အဲဒီပြိုင်ပွဲဝင်မယ်ဆိုပြီးတော့ ဆွဲထားတဲ့ ပန်းချီကားတွေရှိတယ်။ ဒါပေမဲ့ ဖစ်လစ်မောရစ်ကမြန်မာနိုင်ငံက ပန်းချီဆရာတွေကို ရုတ်တရက်အကြောင်းကြားတယ်။ မြန်မာနိုင်ငံပါဝင်ခွင့်မရှိတော့ဘူးလို့ပေါ့။ နိုင်ငံရေးအခြေအနေအကြောင်းတစ်ခု ခုကြောင့်ဖြစ်မယ်ထင်ပါတယ်။ ပါလို့မရတော့ဘူးဆိုတော့ ဒီပြိုင်ပွဲဝင်ဖို့လုပ်ထားတဲ့ ပန်းချီကားတွေက ဒီအတိုင်းကြီးဖြစ်သွားတယ်။ ပန်းချီဆရာတွေကလည်း ဘာလုပ်ရမယ်မှန်းမသိတော့ဘူး။ ရုတ်တရက်ပေါ်လာတဲ့ အခြေအနေပေါ့နော်။ ကျွန်မကလည်း ပန်းချီကို အရမ်းစိတ်ဝင်စားတဲ့အချိန်ဖြစ်နေတော့ ဒီမှာပဲပြိုင်ပွဲလုပ်ဖြစ်သွားတယ်။

စီးပွားရေးအရကြည့်မယ်ဆိုရင် ဒီနိုင်ငံရဲ့ Gallery လုပ်ငန်းက ဘယ်လိုအနေအထားမှာ ရှိနေတယ်ထင်သလဲ။
ဒီမေးခွန်းမဖြေခင်မှာ ကျွန်မအရှေ့ကမေးခွန်းကို ပြန်ကောက်ပြီးပြောရပါလိမ့်မယ်။ အဲဒီအချိန်တုန်းက မြန်မာပြည်က ပန်းချီဆရာတွေအတွက် ပန်းချီကားပြသစရာနေရာအရမ်းရှားပါးနေပါတယ်။ gallery တွေလည်း သိပ်မရှိပါဘူး။ ပန်းချီကားတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်း gallery မရှိတဲ့အခါကျတော့ ပန်းချီဆရာအိမ်သွားကြည့်ဖို့ဆိုတာ မလွယ်ဘူးလေ။ လုပ်ငန်းတွင်ကျယ်မှုမရှိတာလည်း ပါတာပေါ့လေ။ ကျွန်မဒီ gallery ကိုစလုပ်ဖြစ်တာ အဲဒါတွေလည်း ပါပါတယ်။အဲဒီအချိန်တုန်းက မြန်မာပန်းချီဆရာတွေအတွက် Activities တွေ၊ ပရိုမိုးရှင်းစတာတွေလုပ်ပေးမယ့် gallery မျိုးမရှိသေးဘူး။ အဲဒါတွေက ဒီ River Gallery ကိုစတင်ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းတစ်ရပ်ဆိုလည်းမမှားပါဘူး။|

အခုမေးခွန်းကို ဆက်ဖြေရမယ်ဆိုရင် စကတည်းက ဒီ gallery လုပ်ငန်းက အရမ်းမြတ်မှာပဲဆိုပြီး မျှော်လင့်ပြီးလုပ်လို့မရပါဘူး။ ဒီအလုပ်အပေါ်မှာ စိတ်ဝင်စားမှုရှိရမယ်။ ဒီအလုပ်ကို ၀ါသနာပါရမယ်။ ပန်းချီဆရာတွေကို အားပေးထောက်ပံ့ရမယ်။ ကံကောင်းရင်တော့လည်း အမြတ်ငွေထွက်ရင် ထွက်လာနိုင်တာပေါ့နော်။ များသောအားဖြင့်တော့ သူတို့ရဲ့ အနုပညာကို Promote လုပ်မယ်ဆိုတဲ့ အတွေးနဲ့လုပ်ရပါမယ်။ ကျိန်းသေပေါက် အမြတ်ထွက်မယ်ဆိုတဲ့ လုပ်ငန်းမျိုးမဟုတ်ပါဘူး။ ခုနောက်ပိုင်းမှာတော့ အရင်ကထက်စာရင် gallery တွေက နည်းနည်းများလာပါတယ်။ ဒါပေမဲ့ ရာခိုင်နှုန်းအားဖြင့် အရမ်းနည်းပါတယ်။

River Gallery ဆိုတဲ့နာမည်ကရော ဘယ်သူပေးထားတာလဲဗျ။ ဒီနာမည်က ဘယ်လိုအဓိပ္ပာယ်ဖော်ဆောင်နေပါသလဲ။
River Gallery ဆိုတဲ့နာမည်ကို ကျွန်မကိုယ်တိုင်ပဲပေးထားတာပါ။ နံပါတ်တစ်အချက်ကတော့ ရန်ကုန်မြစ်ရဲ့နံဘေးမှာရှိလို့ပါ။ နံပါတ်နှစ်အချက်ကတော့ ဒီမြစ်ကြောင်းက သူ့မြစ်ကြောင်းကနေ ပင်လယ် သမုဒ္ဒရာထဲ စီးဆင်းသလိုပဲ။ ဒီမြန်မာနိုင်ငံက ပန်းချီအနုပညာတွေဟာလည်း ဒီမြစ်ကြောင်းကလေးစီးသလိုပဲ နိုင်ငံတကာ အနုပညာရပ်ဝန်းဆီ စီးဆင်းစေမယ် ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ပါ။

လက်ရှိမှာ မြန်မာ့ ပန်းချီလောကကို Gill အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
မြန်မာနိုင်ငံက ပွင့်လင်းလာတဲ့အခါမှာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဧည့်သည်တွေများလာတယ်။ ပိုပြီးတော့ အခွင့်အလမ်းတွေပိုများလာတယ်ပေါ့။ gallery တွေကလည်း ပိုများလာတဲ့အတွက်ကြောင့်မို့လို့ ပန်းချီဆရာတွေကလည်း သူတို့ရဲ့ ပန်းချီကားတွေကို ပြသခွင့်ပိုရလာတယ်။ နောက်တစ်ခုက ပန်းချီဆရာတွေက နိုင်ငံခြားကပွဲတွေသွားလို့ရတယ်။ Artist Residency ဆိုတာရှိတယ်။ အဲဒီမှာပန်းချီဆရာတွေက ၁ လ၊ ၂ လစသဖြင့် ပန်းချီရေးဆွဲကြတာမျိုးရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်လေ့လာကြတယ်။ ပညာချင်းဖလှယ်ကြတာ၊ အယူအဆချင်းမျှဝေကြတာရှိတယ်။ အဲဒီလို အခွင့်အရေးတွေပိုပိုပြီးတော့များလာတယ်ပေါ့။

အနာဂါတ် မြန်မာ့ပန်းချီလောကကိုရော Gill ဘယ်လိုသုံးသပ်ချင်ပါသလဲ။
မြန်မာ့အနာဂါတ်ပန်းချီလောကကို ဘယ်လိုပြောရမလဲဆိုရင် အစကတည်းက မြန်မာနိုင်ငံမှာက ပန်းချီအနုပညာလောကတစ်ခုလုံးကမဖွံ့ ဖြိုးဘူး။ မဖွံ့ ဖြိုးဘူးဆိုတာ ဖောင်ဒေးရှင်းတွေ မရှိဘူး။ စကောလား ရှစ်ပေးတာတွေမရှိဘူး။ ပန်းချီဝါသနာရှင်လေးတွေကို ထောက်ပံ့မှုကောင်းကောင်းမပေးနိုင်ဘူး။ ဒီမှာက ပန်းချီနဲ့ပတ်သက်တဲ့ ကျောင်းတွေလည်း အရမ်းနည်းပါတယ်။ ရှိတဲ့ ကျောင်းတွေမှာလည်း တကယ်ရှိအပ်တဲ့၊ လိုအပ်တဲ့ပစ္စည်းကိရိယာထောက်ပံ့မှုအပိုင်းက မပြည့်စုံတာတွေ အများကြီးရှိတယ်။ ဒါတွေက နိုင်ငံတော်တော်များများမှာ ပြည့်စုံနေပြီးသားဖြစ်ပါတယ်။ ပြီးတော့ တခြားနိုင်ငံတွေမှာ ပန်းချီအလုပ်ရုံဆွေးနွေးပွဲတွေ မကြာခဏလုပ်ကြတယ်။ ဆိုတော့ ဒါတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းနိုင်မယ်ဆိုရင်တော့ မြန်မာ့အနာဂါတ်ပန်းချီလောကက တော်တော်ကြီးကို တိုးတက်လာမှာပါ။ ဘာလို့လဲဆို အခုတောင် ဒါတွေအပြည့် အစုံမရှိဘဲ မြန်မာ့ပန်းချီလောကဟာ တော်တော်ထွန်းပေါက်နေလို့ပါပဲ။ ဒါပေမဲ့ ဒါတွေကို ကျွန်မတို့နားလည်ပေးလို့ရပါတယ်။ တခြားလိုအပ်ချက်တွေအများကြီးရှိနေသေးတော့ ဒါတွေကို မလုပ်နိုင်သေး တာနားလည်လို့ရပါတယ်။ လူတွေမှာလည်းလိုအပ်ချက်အရမ်းများနေတဲ့အခါကျတော့ အနုပညာနဲ့ပတ်သက်တဲ့ခံစားမှုက အားနည်းနေသေးတယ်လို့ပြောရပါမယ်။ ဥပမာ-စနေ၊တနင်္ဂနွေအားလပ်ရက်မှာ လူတွေကို ပန်းချီပြခန်းတို့၊ အနုပညာပြတိုက်တို့ သွားမလား တခြားကိုယ့်လိုအပ်ချက်တွေလုပ်မလားဆိုရင် တခြားလိုအပ်ချက်တွေပဲလုပ်ကြမှာပေါ့။ ဒါတွေကလည်း အရမ်းကိုပြည့်စုံသွားတဲ့အခါကျမှ လုပ်ကြတာလေ။ ဒီလိုမျိုးဖြစ်လာ ရင်တော့ အရမ်းကောင်းတာပေါ့။

ပန်းချီလောကမှာ အယူအဆချင်းအတိုက်အခံဖြစ်နေသူတွေကိုရော ဘယ်လိုမြင်လဲ။
ဟုတ်လား။ ကျွန်မတော့ သိပ်သတိမထားမိပါဘူး။ ဘယ်နိုင်ငံမှာမဆို ဘယ်နေရာမှာမဆို ဒါမျိုးရှိတတ်ပါတယ်။ ရှိနိုင်ပါတယ်။ ရှိပြီးသားအနုပညာတွေနဲ့ ကိုယ်နှစ်သက်တဲ့အနုပညာကို စွဲစွဲမြဲမြဲရေးနေ တဲ့သူတွေလည်းရှိသလို၊ ဒီဘောင်ကနေ ဒီနေရာကနေ တစ်ခုခုကို ကျော်ပြီးတော့လုပ်ချင်တယ်၊ ဖောက်ထွက်ချင်တဲ့သူတွေလည်းရှိပါတယ်။ ဒီလိုမျိုးတွေတော့ ရှိတတ်ပါတယ်။ အ၀တ်အစားဝတ်ဆင်တဲ့ ဖက်ရှင် ဆိုရင်တောင် ခေတ်ကို တအားကြီးလိုက်ပြီးပြောင်းလဲဝတ်ဆင်တတ်ကြတဲ့သူတွေနဲ့၊ အရင်ခေတ်ရှိပြီးသားအဆင်တန်ဆာတွေကိုပဲ ကြိုက်နှစ်သက်တဲ့ သူတွေရှိသလိုမျိုးပေါ့။ ဒါပေမဲ့ ကျွန်မကတော့ အဲလိုအယူအဆချင်း တိုက်ခိုက်နေကြတာတွေကို သိပ်သတိမထားမိပါဘူး။ ဒါပေမဲ့ ပန်းချီဈေးကွက်မှာတော့ ပန်းချီကားကိုကြည့်လိုက်ရင် ပန်းချီကားအကြောင်းအရာကိုသိပြီးဝယ်တဲ့သူတွေက ပိုများပါတယ်။ အရမ်းမော်ဒန်ဖြစ်တဲ့ ပန်းချီကားတွေကိုတော့ ၀ယ်တဲ့သူတွေရှိတယ်။ ဒါပေမဲ့ အရေအတွက်နည်းပါသေးတယ်။ Landscape ကိုဆွဲထားမယ်၊ Portrait တွေဆွဲထားမယ် ဒီလိုမျိုး အကြောင်းအရာကိုသိတဲ့ပုံတွေကို ၀ယ်ယူသူတွေများပါ တယ်။

Gill အနေနဲ့ မြန်မာပန်းချီဆရာတွေထဲက ဘယ်ပန်းချီဆရာတွေကို လေးစားသဘောကျလဲ။
ဒီက ပန်းချီဆရာတွေ တော်တော်များများကို ကျွန်မသဘောကျပါတယ်။ သဘောသာမကျဘူးဆိုရင် ကျွန်မ ဒီနေရာမှာ ဘယ်နေရှိပါ့မလဲ။ ဒါပေမဲ့ ကျွန်မ၀န်ခံပါတယ်။ တစ်ချို့က တစ်ခုခုကို ဖန်တီးဖို့ အရမ်းကို အာသီ သဖြစ်နေပါတယ်။ ကြိုးစားနေတဲ့သူတွေရှိပါတယ်။ အဲဒီထဲက တစ်ယောက်ကတော့ အောင်ကိုပါ။ သူက ပန်းချီမှမဟုတ်ဘူး။ တခြားအနုပညာဖန်တီးမှုတွေများစွာကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ River Gallery 2 ထဲက ဆိုက်ကားဟာဆိုရင် အောင်ကို့လက်ရာပါ။ ပြီးတော့ သူက ဗီဒီယို documentary တွေ၊ Installation Art တွေအများကြီးပဲ၊ အမြဲတမ်းအသစ်လုပ်နိုင်အောင် သူကြိုးစားတယ်။ အဲဒါကြောင့် သူ့ကိုသဘော ကျတယ်။ နောက်တစ်ယောက်က ထိန်လင်းပါ။ သူကလည်း မတူတဲ့အမြင်တွေနဲ့ အမြဲတမ်းအသစ်အသစ်တွေကြိုးစားလုပ်တယ်။ သူတို့မှာ ပါရမီရှိတဲ့ အယူအဆတွေတွေ့ရတယ်။ ရေခံမြေခံကောင်းတဲ့ အရည်အချင်းပေါ့။ မြေကောင်းတော့ ဘယ်လိုမျိုးစေ့ချချပေါက်မြောက်တဲ့ ညာဉ်မျိုးပါ။ နောက်တစ်ယောက်က ကိုဇော်ဝင်းဖေ။ သူက Landscape တွေဆွဲတယ်။ ဒါပေမဲ့ သူက Landscape တွေဆွဲတဲ့နေရာမှာ ထူးခြားမှုရှိတယ်။ ပြောင်းလဲနေတယ်။ သူလည်း အရမ်းကြိုးစားတဲ့ ပန်းချီဆရာတစ်ယောက်မို့ ကျွန်မသဘောကျပါတယ်။ ဒါပေမဲ့ အားလုံးကတော့ ကောင်းကြပါတယ်။ အားလုံးက အခက်အခဲတွေ အတားအဆီးတွေ ကို ကျော်လွှားပြီးကြိုးစားခဲ့ကြတော့ကောင်းကြပါတယ်။ ဒါပေမဲ့ ရွေးထုတ်ပေးပါဆိုရင်တော့ ခုနက ၃ ယောက်ကိုရွေးထုတ်ပေးချင်ပါတယ်။

ပန်းချီချစ်သူတွေအတွက် သတင်းပေးစကားတစ်ခုခုလောက်ပြောပေးပါဦး။
Message လေးတစ်ခုပေါ့ ကျွန်မပေးပါ့မယ်။ သင်ဟာ မြန်မာပန်းချီကားတွေကို စိတ်ဝင်စားလို့ ၀ယ်ချင်တယ်၊ စုထားချင်တယ်ဆိုရင် ဒီအချိန်ကာလဟာ အသင့်တော်ဆုံးအချိန်ကာလတစ်ခုပါပဲ။ တခြား တိုးတက်ပြီးနိုင်ငံတွေမှာဆိုရင် ပန်းချီကားတွေရဲ့ ဈေးနှုန်းတွေက ကိုယ်မမီနိုင်တဲ့ဈေးတွေဖြစ်နေပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကိုယ်ကြိုက်တဲ့ကားတွေ့ရင်တော့ ၀ယ်ထားသင့်ပါတယ်။ တိုင်းပြည်တိုးတက်လာ တာနဲ့အမျှ သူ့အနောက်ကအရာအားလုံးလည်း လိုက်လာတတ်ပါတယ်။ ဒီအချိန်မှာ ၀ယ်ထားမယ်၊ စုထားမယ်ဆိုရင် နောက်မကျသေးပါဘူး။ တရုတ်တို့၊ အိန္ဒိယတို့က ပန်းချီနဲ့မယှဉ်ပါနဲ့ဦး၊ ဖစ်လစ်ပိုင်တို့၊ အင်ဒိုနီးရှား တို့မှာဆိုရင်တောင် နာမည်ရပန်းချီဆရာဆိုရင် အနည်းဆုံး ဒေါ်လာ ၃ သောင်း လောက်ပေးနိုင်မှရပါတော့တယ်။ မြန်မာနိုင်ငံအတွက်တော့ ဒီအချိန်ဟာ ရွေးချယ်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ကျွန်မအကြံပြုပါရစေ။

Photographed and interviewed by River Gallery & Aung Lynn Thit



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Mar 24, 2017

2017 CFDA ဆုပေးပွဲရဲ့ စကာ...


Health & Fitness   |   Posted on Mar 24, 2017

အရေးပေါ်သန္ဓေတားဆေး သောက်တေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.