People   |   Posted on Jun 2, 2017 by Tun Lin

NVM နဲ့ တာထွက်လှခဲ့တဲ့ Sophia Everest


စင်နဲ့ပတ်သက်ပြီး ဆိုဖီက သိပ်ကံမကောင်းလှဘူးလို့ပြောရမယ်။ စင်ပေါ်တက်သီချင်းဆိုမယ်ဆိုရင် ချောချောမွေ့ မွေ့ ဘယ်တော့မှမပြီးဘူး။ ခလုတ်ကသင်းတစ်ခုခုတိုက်ပြီးတော့မှ အဆင်ပြေတတ်တယ်။

Share this article

Sophia Everest ဟာ Myanmar Idol(Season 1) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Top 4 ကနေ နှုတ်ဆက်ထွက်ခွာခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ Mainstream ပေါ်မှာ တခြားသူမနဲ့အတူ ပြိုင်ဘက်ပြိုင်ပွဲဝင်တွေထက်စောပြီး Crush On You ဆိုတဲ့ သီချင်းနဲ့အောင်မြင်မှုတွေရလာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ယခုနှစ်၊ ဖေဖော်ဝါရီလကထွက်ရှိ ထားတဲ့ NVM ဆိုတဲ့ သူမရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်ကလည်း လူငယ်ပရိသတ်တွေကြားထဲမှာ ရေပန်းစားပြောဆိုနေကြတာတွေ့ မြင်ရပါတယ်။ NVM(Never Mine) လို့ နာမည်ပေးထားတဲ့ ဆိုဖီယာရဲ့ ခွေထဲမှာ NVM၊ အမုန်းမဲ့ကျိန်စာ၊ စွန့်ပစ်ပစ္စည်း၊ မလိုတော့ဘူး၊ Ice၊ အကယ်၍များ၊ Too Much၊ Ha Ha Ha၊ သီချင်းတစ်ပုဒ် နဲ့ အိပ်မက်ချစ်သူ ဆိုပြီး သီချင်း ၁၀ ပုဒ်ပါဝင်ပါတယ်။ တေးရေးတွေအနေနဲ့ ဆောင်းဦးလှိုင်၊ ညီမင်းခိုင်၊ Glock၊ MHL နဲ့ မိုးထက်(B+) တို့က ရေးသားပေးထားပြီး Bo Bo Music Entertainment ကနေ ဖြန့်ချိပေးထားပါတယ်။ အခု ကျွန်တော်တို့ရဲ့  MODA Art ကဏ္ဍမှာသူမနဲ့တွေ့ဆုံပေးလိုက်ပါတယ်။

Myanmar Idol ပြိုင်ပွဲကို ဝင်မပြိုင်ခင်အချိန်တုန်းက ဆိုဖီယာဘာတွေလုပ်နေခဲ့လဲ။ ဂီတအလုပ်တွေလုပ်နေဖြစ်ခဲ့တာလား။
Myanmar Idol မပြိုင်ခင်ကစင်္ကာပူကနေပြန်လာတာပေါ့။ ပြန်လာပြီးတော့ ဒီမှာ စတူဒီယိုမှာ သီချင်းတွေလုပ်ဖြစ်တယ်။ စ စချင်းကတော့ အလုပ်တွေလုပ်တယ်။ ကျောင်းပြီးတာ က Biotechnology ဆိုတဲ့အခါကျတော့ ဒီမှာအလုပ်ရှာဖို့နည်းနည်းခက်တယ်။ အဆင်ပြေမယ့်အလုပ်ရှာပြီး ဝင်လုပ်တဲ့အခါ  ရှန်ဂရီလာဟိုတယ်မှာလုပ်ရတယ်။ နောက်ရေနံ ကုမ္ပဏီတစ်ခုမှာ ဝင်လုပ်သေးတယ်။ အလုပ်မမြဲဘူးပဲပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ ဆိုဖီစိတ်ဝင်စားတဲ့အရာ၊ ဝါသနာပါတာကိုပဲ လုပ်ချင်တယ်။ အဲလိုဆိုတော့ အကုန်လုံးရပ် လိုက်ပြီးတော့ အလုပ်လည်းထွက်လိုက်တယ်။ ထွက်လိုက်ပြီးတော့ စတူဒီယိုမှာ သီချင်းတွေသွင်းရင်းနဲ့ Idol ပြိုင်ပွဲဆိုတာပေါ်လာတယ်။ ဆိုဖီကိုယ်တိုင်ကလည်း American Idol ကြည့်နေကျဆိုတဲ့အခါကျတော့ ဒီမြန်မာပြည်မှာလည်းရောက်လာပြီဆိုတော့ ဝင်ပြိုင်မယ်ဆိုပြီး ဝင်ပြိုင်ကြည့်တဲ့အခါမှာ ဒီလိုအခြေအနေတစ်ခုဖြစ်သွားတာပေါ့။

ဆိုဖီယာရဲ့ မွေးရပ်ဇာတိမြို့ကရော ဘယ်မြို့လဲ။
ရန်ကုန်ပါပဲ။ ဒီမှာကျောင်းတက်ပြီးတော့ အထက်တန်းလောက်မှာ ဟိုဘက်ပြောင်းလိုက်တာပေါ့။ ဟိုမှာ အထက်တန်းကျောင်းပြီးတယ်။ တက္ကသိုလ်ပြီးသွားတယ်။ ပြီးတော့ ပြန်လာ တာပါ။

ဆိုဖီယာက အိုင်ဒေါပြိုင်ပွဲကနေကံမကောင်းစွာနဲ့ထွက်ခွာခဲ့ရတယ်။ ဒါပေမဲ့ တခြားပြိုင်ပွဲဝင်တွေထက် Mainstream ပေါ်ရောက်လာတာရော၊ အောင်မြင်လာတာပါစောတယ်ပေါ့။ အောင်မြင်ပြီးသားသူတွေနဲ့အတူ လက်တွဲအလုပ်လုပ်နေတာတွေလည်းတွေ့ရပါတယ်။ အနုပညာလောကသားတွေနဲ့ ရင်းနီးမှုတွေ၊ အဆက်အသွယ်ကောင်းတွေက အစကတည်းက ရှိနေခဲ့တာလား။
ခွေထဲမှာဆိုရင် ကိုမိုးထက်တို့၊ မနီတို့ပါတယ်ပေါ့နော်။ Connection ကတော့ မရှိဘူး။ ဒါပေမဲ့ ဒီပြိုင်ပွဲကထွက်သွားပြီးတဲ့အချိန်မှာ ရှိုးပွဲတွေဆိုရတယ်။ မနီတို့နဲ့လည်း ပွဲတွေမှာ တွေ့ပြီး ခင်လာကြတယ်။ မနီက သီချင်းတစ်ပုဒ်လုပ်ကြမယ်ဆိုပြီး ပြောလေ့ရှိတယ်။ ဆိုဖီဝမ်းသာတယ်။ ဆိုဖီကလည်းလုပ်ချင်တယ်။ သူကတကယ်တော်တဲ့အဆိုတော် တစ်ယောက်လေ။ ကိုယ်လည်းအရမ်းကြိုက်တဲ့အဆိုတော်တစ်ယောက်ဖြစ်တယ်။ ဆိုဖီ့ခွေထဲမှာက ပထမ ကိုမိုးထက်ပဲပါမလို့ပေါ့။ နောက်စဉ်းစားမိတော့ မနီနဲ့ R&B သီချင်းတစ်ပုဒ် လောက်လုပ်လိုက်ရင် ပိုကောင်းမယ်ထင်တယ်လို့တွေးမိတယ်။ မနီကို သီချင်းတစ်ပုဒ်ဆိုပေးဖို့ ကူညီပေးပါဦးပြောလိုက်တော့ လှိုက်လှိုက်လှဲလှဲပဲကူညီတယ်။ ဒါပေမဲ့ အဲဒီသီချင်းမှာ ဆိုဖီ့ဘက်က Perfect မဖြစ်လိုက်ဘူးထင်မိတယ်။ နည်းနည်းအချိန်ထပ်ယူဖို့လိုလိုက်တယ်။ မနီကတော့ လုံးဝ Perfect ပဲ။ အရမ်းကောင်းတယ်။ ကို X-Box ကကျတော့ အိုင်ဒေါမှာ ဆိုဖီပြုတ်တဲ့နေ့မှာပဲ သူကတန်းပြီးဖုန်းဆက်လာတယ်။ Snapshot ဆိုမယ်။ Featuring လေးဆိုပေးနိုင်မလားအဆင်ပြေမလားဆိုပြီးတော့ပေါ့။ ဆိုဖီဆိုရတဲ့အပိုဒ်က လည်းအင်္ဂလိပ်လိုဆိုတော့ အဆင်ပြေပါတယ်။

NVM ကို ဆိုဖီယာ အချိန်ဘယ်လောက်လောက်ပြင်ဆင်ခဲ့ရလဲဗျ။
၇ လ၊ ၈ လလောက်ပြင်ဆင်ခဲ့ရပါတယ်။ ကိုယ့်သီချင်းကိုယ်ဆိုရင်တော့ အကုန်ကြိုက်တာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုအားအရဆုံးသီချင်းတွေကတော့ Never Mine၊ Too Much တို့ပေါ့။ ပြီးတော့ “စွန့်ပစ်ပစ္စည်း” ကြိုက်တယ်။ ပြီးတော့ Ice ပေါ့။ R&B ဆန်တဲ့သီချင်းလေးတွေတော့ပိုကြိုက်တယ်။

Crush On You သီချင်းကရော အိုင်ဒေါပြိုင်နေစဉ်ကတည်းက လုပ်လက်စရှိနေခဲ့တဲ့သီချင်းလား။
အဲဒီသီချင်းက အိုက်ဒေါပြုတ်သွားပြီးမှ။ မပြုတ်ခင်ကတည်းက အိုက်ဒီယာရှိတယ်။ ကိုမိုးထက်ကိုပြောထားတာရှိတယ်။ လုံးဝ R&B Trap ဘက်သွားချင်တယ်။ Crush နဲ့ပတ်သက် တာ မျိုးလေးလုပ်ချင်တယ်။ ဒါပေမဲ့ မိန်းကလေးဆန်ဆန်မဟုတ်ဘူး။ ယောက်ျားလေးဆန်ဆန် ခပ်မာမာလေးလုပ်ပေးပါဆိုတော့ အဲဒီမှာ သူက လုပ်ထားပေးတယ်။ ပြိုင်ပွဲပြီးသွားတဲ့ အချိန်မှာ အဲဒါကိုသွင်းရင်းနဲ့နောက်ဆုံး စက်တင်ဘာ၊ အောက်တိုဘာမှာ စထုတ်ဖြစ်သွားတယ်။ ပရိသတ်တွေတော်တော်များများတော့လက်ခံကြတာတွေ့ရတယ်။

ကြားထဲမှာ အခက်အခဲတွေ ဘာတွေကြုံခဲ့ရသေးလဲ။
ဘာတွေဒုက္ခရောက်လဲဆိုတော့ ပိုက်ဆံကော အချိန်ကောပေါ့။ ပြီးရင် သီချင်းဆိုပုံဆိုနည်းပေါ့၊ ပုံမကျသေးဘူးဆိုရင် အဲဒါကို ထပ်ခါထပ်ခါသွင်းပေါ့။ Crush On You ဆိုလည်း အဲလိုပဲ အချိန်တွေပေးခဲ့ရတယ်။ အများကြီးပေါ့နော် အချိန်တော်တော်ပေးခဲ့ရတယ်။

အိုင်ဒေါပြိုင်ပွဲအပါအဝင်၊ Cover Song တွေထဲမှာ ဘယ်သီချင်းတွေက ဆိုဖီယာကိုခက်ခဲစေလဲ။
ပြိုင်ပွဲတုန်းက သီချင်းတွေ ပိုခက်တယ်ရှင့်။ ပြိုင်ပွဲတုန်းကကျတော့ စိတ်ကြိုက်ရွေးပိုင်ခွင့်မရှိဘူးပေါ့နော်။ ကိုယ်ကျတဲ့သီချင်းဆိုရတာဆိုတော့ အဲဒီတုန်းကဆိုရင်ဆိုဖီပထမဦးဆုံးဆိုတဲ့ “ဂျပန်ပြည်သို့ ရေးသောစာ” တို့၊ ပြီးရင် “အချစ်သည်လေပြေ” တို့ပေါ့  အဲဒီသီချင်းတွေက ဆိုဖီ့အတွက် ခက်ခဲတယ်။ ဘယ်လိုပြောရမလဲ တော်တော်ကျင့်ယူမှရတယ်ပေါ့နော်။ နူးညံ့တယ်။ သီချင်းလေးက mood လေးနဲ့ဆိုရတယ်။ ဆိုဖီကကျတော့ R&B အမာလိုင်းဆိုတော့လေ၊ သိပ်တော့အဆင်မပြေခဲ့ဘူး အဲဒီတုန်းက။

သရုပ်ဆောင်ဘက်ကိုလည်း လျှောက်လှမ်းနေတာတွေ့ရတယ်နော်။
သရုပ်ဆောင်ပိုင်းမှာကျတော့ ဆိုဖီ “နောက်ကျောကဓား”ရယ်၊ “နောင် ဘယ်တော့မှမမုန်းဘူး” ဆိုတဲ့ နှစ်ကားရိုက်ထားပါတယ်။ “နောက်ကျောကဓား”ကျတော့ ဒါရိုက်တာ ကိုရာဇဝင်ကို၊ “နောင်ဘယ်တော့မှမမုန်းဘူး”ဆိုတဲ့ကားကျတော့ ဒါရိုက်တာ မယ်မင်းဘုံနဲ့ရိုက်ထားပါတယ်။ ၂ ကားလုံးကတော့ ခေါင်းဆောင်မင်းသမီးနေရာကပဲ။ ဒါပေမဲ့ ဆိုဖီရိုက် ရတဲ့အခန်းက အမာခန်း၊ ဆရာမကြီး ပုံစံတို့ ချေတဲ့အခန်းတွေ ရိုက်ရတာပိုများတယ်။ ကိုယ်နဲ့လည်းလိုက်ပါတယ်။ မဆိုးပါဘူး။

ကိုယ်ကိုယ်တိုင်ကရော ဘယ်လိုကာရိုက်တာမျိုးကို ပိုသဘောကျလဲ။
ဆိုဖီကြိုက်တဲ့ပုံစံတွေက ဒီမှာ မရိုက်ကြသေးဘူး။ Hunger Game တို့၊ စွန့်စားခန်းပါတဲ့ဇာတ်ကားတွေ၊ အက်ရှင်ကားတွေရိုက်ချင်တယ်။ တောမှာချတာတော့မဟုတ်ဘူးပေါ့။ သိပ္ပံဆန်ဆန်ကားတွေပေါ့။ စိတ္တဇဆန်ဆန်ဆိုက်ကိုဘက်ရောက်တာပိုကြိုက်တယ်။

ဇာတ်ကားရိုက်တာကရော ဘယ်လိုကနေ စရိုက်ဖြစ်သွားတာလဲ။
ဆိုဖီ သရုပ်ဆောင်နဲ့ပတ်သက်ပြီး ရည်ရွယ်ချက်မထားဖူးဘူး။ သရုပ်ဆောင်အလုပ် လုပ်လည်းမလုပ်ဖူးဘူး။ သင်တန်းတွေဘာတွေလည်းမတက်ဖူးဘူး။ ပွင့်ပွင့်လင်းလင်းပြောရ ရင်တော့ ကိုယ့်ကြောင့်သူများဒုက္ခရောက်သွားမှာစိုးတယ်။ ဒါရိုက်တာ ရာဇဝင်ကို တို့က အိုင်ဒေါလာကြည့်တယ်ပြောတယ်။ ဆိုဖီတို့ မေကြည်တို့ကိုတွေ့တယ်ပေါ့။ အဲဒီအချိန်မှာ ဇာတ်ကားရိုက်မယ်ဆိုပြီးတော့ စဉ်းစားထားတာတဲ့။ အိုင်ဒေါပြီးသွားတဲ့အချိန်မှာ ဆက်သွယ်လာတယ်ပေါ့နော်။ ဒီလို ဇာတ်ကားတစ်ကားရိုက်မယ်ပေါ့။ အဆင်ပြေမလား စိတ်ဝင်စား လားဆိုပြီးတော့ ဇာတ်ညွှန်းပေးဖတ်တယ်။ ဆိုဖီလည်း ဝါသနာတော့ပါတယ်။ ဒါပေမဲ့မလုပ်ရဲဘူး။ စိတ်ဝင်စားတယ်၊ ကြိုးစားမယ်ဆိုပြီးတော့ လက်ခံလိုက်တယ်။ ဒုတိယတစ်ကား မှာတော့ တော်တော်လေးအဆင်ပြေသွားပြီ။ ဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆို ကံကောင်းတယ်ပေါ့။ ကိုယ့်ဘက်က သိပ်ပြီး ဒီလိုရိုက်ကူးခွင့်ရဖို့ မကြိုးစားခဲ့ရဘူး။ ကိုယ့်ကို လက်တွဲ လာခေါ်တဲ့သူအဆင်သင့်တွေ့ ခဲ့ရတယ်ပေါ့။ အဓိကကတော့ အိုင်ဒေါရဲ့ ကျေးဇူးတွေပေါ့။ အိုင်ဒေါမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် ပရိသတ်တွေ အများကြီးသိသွားတယ်။ အိုင်ဒေါကနေ မသွားဘဲ ကိုယ့်ဟာကိုယ်လုပ်မယ်ဆို ဒီလောက်ထိဖြစ်ဖို့ဆိုတာမလွယ်ဘူး။ အိုင်ဒေါက ပံ့ပိုးပေးတာတွေလည်းများတယ်။

ဇာတ်ကားရိုက်ကူးဖို့လက်ခံထားတာမျိုးတွေရောရှိလား။
ဆိုဖီက ပထမက ဒီခွေအတွက်ကို အာရုံစိုက်ထားတော့ တခြားဟာတွေ ဘာမှမလုပ်သေးဘူး။ သီချင်းခွေကိုပဲပြီးအောင်လုပ်မယ်ဆိုပြီးတော့ပေါ့။ ခုတော့ သီချင်းခွေလည်းပြီးသွား ပြီပေါ့။ အခုထိတော့ ကမ်းလှမ်းထားတာရော၊ လက်ခံထားတာရောမရှိသေးပါဘူး။ ရှိလာခဲ့ရင်တော့ ဇာတ်ညွှန်းဖတ်ကြည့်ပြီးတော့ အဆင်ပြေရင် လက်ခံသွားမှာပါ။

ခုလက်ရှိရောက်နေတဲ့နေရာတစ်ခုမှာကော ဆိုဖီယာနေသားကျနေပြီလား။
ဆိုဖီ့ကို ဆိုဖီတော့ အားမရသေးဘူး။ ဘာလို့လဲဆိုတော့ ဆိုဖီလုပ်ချင်တဲ့အရာတွေ စိတ်ကူးတွေအများကြီးရှိသေးတယ်။ အဲဒီအရာတွေဖြစ်လာဖို့အတွက် နောက်မှာ ပိုက်ဆံကလိုအပ် တယ်လေ။ အဲဒီအတွက် အရင်ဆုံး ပိုက်ဆံရှာရမှာပေါ့။ ပိုက်ဆံရှာ ပိုက်ဆံစုပြီးမှ ဆိုဖီဖြစ်ချင်တဲ့အရာတွေ တစ်ခုချင်းစီလုပ်ဖို့ စိတ်ကူးတွေရှိတယ်ပေါ့။ အိုက်ဒီယာတွေတော့ အများကြီးရှိသေးတယ်။ Crush On You မှာ အားရတယ်။ NVM မှာဆိုလည်း 100% မှာ 80% လောက်တော့အားရတယ်။ အပြည့်အားမရဘူး။ အခုတော့ အဆိုလည်းလုပ်နေ တယ်။ သရုပ်ဆောင်ဘက်လည်းလုပ်ဖြစ်နေတယ်ပေါ့။

NVM ကို MV ရိုက်ကူးဖို့အစီအစဉ်ကရော ဘယ်လိုရှိလဲ။
Ha Ha Ha ကိုတော့ fg Entertainment နဲ့ဒီလထဲမှာ ရိုက်ဖို့ ပြောထားတာလေးရှိပါတယ်။ ပြီးတော့ Too Much ကတော့ Ha Ha Ha ပြီးသွားတာနဲ့ဆက်ရိုက်မယ်ပေါ့။

ဒါဆို fg ရဲ့ ပုံစံအရ တစ်ပုဒ်ချင်းစီ လွှတ်ဖြစ်မယ်ထင်တယ်။
ဟုတ်ကဲ့ အဲလို တစ်ပုဒ်ချင်းပဲတင်ဖြစ်မယ်။ တစ်ခွေလုံးကို ရိုက်ဖို့ဆိုတာတော့ ခဏစောင့်ဦးမယ်ပေါ့။ ဆိုဖီလည်း အဲလို တစ်ပုဒ်ချင်းတင်ရတာကို ပိုကြိုက်တယ်။ ပရိသတ်တွေလည်း ပိုပြီးတော့ Focus ရတာပေါ့။

ပြိုင်ပွဲဝင်တစ်ယောက်က Mainstream ပေါ်က စင်ကိုတော့ ကြောက်တော့မယ်မထင်ဘူး။
O ပွဲ ၃ ပွဲလောက်ရှိပြီ။ အိုက်ဒေါမှာတုန်းက တစ်ခါ၊ အဲဒီတုန်းကတော့ သီချင်းအဆင်မပြေဖြစ်သွားလို့ပါ။ ဒုတိယတစ်ခေါက်ကျတော့ Night Of Pop မှာ။ ကိုယ်လည်း ပြိုင်ပွဲဝင်လာတာပဲ၊ အတွေ့အကြုံလည်းရှိနေတာပဲ။ ဒါပေမဲ့ ဆိုခါနီးမှာမှ အရမ်းလေ ရင်တွေခုန်လာပြီးတော့ ပျာယာတွေခတ်ပြီးတော့ဖြစ်နေတာ။ ဆိုမယ်လည်း လုပ်ရော အဲလို ပျာယာခတ်နေပါတယ်ဆိုမှ အတီးကအရင်တီးချလိုက်တာ။ ကိုယ်ကနှုတ်ဆက်မလို့ စကားတွေစီထားတာ၊ အဲဒီအချိန်မှာ သီချင်းအရင်ဝင်လိုက်ရတဲ့အခါကျတော့ အဲဒီမှာ လွဲကုန်တာပေါ့။ ကိုယ်ဆိုမယ့်အကြောင်းမှာ သူတို့ကတီးပြီးသွားပြီ။ အဲဒီမှာ ဆိုဖီ့စိတ်က အာရုံမရတော့ဘူးဖြစ်သွားတယ်။ စိတ်ကသိကအောက်နည်းနည်းဖြစ်သွားတာပေါ့။ ဆိုနေတဲ့အချိန် ပရိသတ်တွေက ပန်းစည်းလာပေးတဲ့အချိန်မှာ ပန်းစည်းကို ဆိုဖီအာရုံမရတော့ဘူး။ အမှန်တော့ ပန်းစည်းကိုင်ပြီးဆိုရမှာ။ ကိုယ်တိုင်လည်း အဲလိုပဲဆိုနေကျ။ ဒါပေမဲ့ အဲဒီနေ့က ဘယ်လိုဖြစ်လဲဆိုတော့ ပန်းစည်းတစ်ခုလာပေးရင် အနောက်မှာသွားထား၊ အဲလိုဖြစ်သွားတယ်။ ကိုယ့်အာရုံနဲ့ကိုယ်တိုင်ပတ်နေတော့ သူတို့ကိုလည်း မပြုံးပြလိုက်မိဘူး ဖြစ်သွားတယ်။ နောက်တစ်ခေါက်ကျတော့ ဦးနိုင်မြန်မာပွဲပေါ့။ အမျိုးသားကဇာတ်ရုံမှာ။ အဲဒီပွဲမှာကျတော့ ဆိုဖီဆိုရမယ့်အလှည့်ရောက်နေပြီ ဆိုဖီ့ကိုလာမခေါ်ဘူး။ လာမခေါ်ဘဲနဲ့ ဆိုဖီယာဆိုပြီးတော့ ဦးအရိုင်းက ကြေညာလိုက်တော့မှသိတာ။ ကမန်းကတမ်းတွေကိုဖြစ်လို့၊ စင်ပေါ်တက် တက်ဆိုတော့ စင်ပေါ်တက်မယ်ဆိုတော့ အဆိုတော်တွေအားလုံးက စာသားမရကြတော့ အရှေ့မှာ စာသားပို့ပေးထားတယ်ပေါ့နော်။ အဆိုတော်တွေအားလုံးကို စာသားရေးပေးထားတယ်ဆိုတော့ အိုကေတယ်ပေါ့။ တစ်ယောက် ၂ ပုဒ်ဆိုရတာ။ ဆိုဖီ့ အတွက် ၂ ပုဒ်စလုံးက အရမ်းခက်တယ်။ အိုကေလို့ ဆိုမယ်လည်းလုပ်ရော ရှေ့မှာ စာသားက မရှိဘူး။ ဘုရားတပြီး တစ်ပုဒ်လုံးဆိုသွားရတာ။ ပရိသတ်တွေအားလုံးကလည်း ကြည့်နေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဆိုဖီယာလို့ခေါ်လိုက်တဲ့အချိန်မှာ ချက်ချင်းမရောက်လာဘူး။ ကြာမှစင်ပေါ်တက်တယ်။ စလည်းဆိုရော၊ ကိုယ်ကတွေးနေတာ “နေနိုင်သူကြီး” ဘယ်ကစလဲပေါ့။ ဘုရားတပြီးဆိုနေတာ တစ်ပုဒ်ကပြီးသွားရော။ နောက်တစ်ပုဒ်က “ရွှေဘုံပေါ်မှာ” ဆိုတဲ့သီချင်း တော်တော်ကိုခက်တာ။ အဲဒီမှာ ဦးအရိုင်းက စာသားလာချပေးတယ်။ အိုကေပေါ့ အေးဆေးပေါ့။ ဆိုမယ်လည်းလုပ်ကော သီချင်းက ရေးထားတာ စာသားကမှားနေတယ်။ အဲဒီမှာ တိုင်တွေပတ်ပေါ့။ အဲဒီအချိန်မှာပွဲကို Live ပြနေတယ်ဆိုတာကို ဆိုဖီမသိလိုက်ဘူး။ ဒီလူ၊ ဒီပရိသတ်တွေပဲကြည့်နေတယ်ထင်တယ်။ ပြီးသွားတော့လည်း ကို့ရို့ကားယားတွေဖြစ်တယ်။ ကိုယ်က ဝတ်ထားရတာလည်း ဒီဇိုင်နာ ချုပ်ပေးထားတာက ရှေ့ကအကွဲ။ ကင်မရာမန်းက အောက်ကနေလာရိုက်တယ်။ အဲဒါနဲ့ ဒုက္ခပဲလို့ ငါတော့သွားပြီလို့ ဆိုပြီးသွားလို့ဆင်းလာရော ဆင်းလာတော့ Fan တွေက မမတဲ့ တီဗီမှာတွေ့လိုက်တယ်တဲ့။ အဲတော့မှ Live လွှင့်နေတာသိတာ။ ငါတော့ သေပြီလို့တွေးလိုက်တယ်။ အဲဒီပွဲမှာတော့ အခက်အခဲဖြစ်တာ နည်းနည်းကြီးသွားတယ်။ ပုံမှန်ပွဲတွေ ကတော့ အေးဆေးပါပဲ။

ဆိုဖီယာ အလုပ်လုပ်တဲ့ပုံစံက တော်တော်လေးမြန်တယ်ပြောရမလား။
ခုထွက်သွားတဲ့ခွေမှာ အိမ်က မိဘတွေရဲ့ ပံ့ပိုးမှုတွေလည်းအများကြီးပါတယ်။ အဲဒါကြောင့်လည်း မြန်မြန်လေးထွက်ဖြစ်သွားတာပေါ့။ ဆိုဖီက တီးတဲ့သူတွေကိုလည်း နည်းနည်း ပူဆာတယ်။ အဲဒါကြောင့် သူတို့လည်း မြန်မြန် မြန်မြန်လုပ်ပေးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ဆိုဖီကိုယ်တိုင်က အပျော်အပါးမက်တယ်။ သူငယ်ချင်းနဲ့သွားရလာရတာ ပိုသဘောကျတယ်ပေါ့။ အလုပ်ဖက်ကိုလည်း ဆိုဖီလုပ်တယ်။ အလုပ်လည်းလုပ်တယ်။ ပျော်ပျော်လည်းနေတယ်ပေါ့။ Work hard play hard ပုံစံမျိုးလေးသွားတယ်။

ဆိုဖီယာ့မှာလက်ရှိတွဲနေတဲ့ချစ်သူရှိလားဗျ။
မရှိသေးပါဘူး။ တစ်ယောက်တည်းပါပဲ။

ဆိုဖီယာ့ကို Crush နေတဲ့သူတွေအတွက်စကားတစ်ခုခုလောက်ပြောပေးပါဦး။
ဆိုဖီက Free Style ပုံစံပဲနေတတ်တယ်။ သူနဲ့တွေ့တဲ့အချိန်မှာ ဆိုဖီပရက်ချာမဖြစ်ရတဲ့ လူမျိုး၊ ပြီးတော့ အေးဆေး ပေါ့ပေါ့ပါးပါးနဲ့ပေါ့။ မြူးဇစ်ကိုလည်းစိတ်ဝင်စားရမယ်။ ကိုယ့်ကိုလည်းပံ့ပိုးတာမျိုးမဟုတ်ဘဲနဲ့ အိုက်ဒီယာတွေပေးနိုင်မယ်။ ဘယ်လိုပြောရမလဲ စကားနဲ့ Supporting လေးလုပ်ပေးနိုင်မယ့် လူမျိုးပေါ့။ အတူတူကြိုးစားပြီး အလုပ်လုပ် ရတဲ့လူမျိုး။ အဓိကကတော့ ဆိုဖီ့ကို ပရက်ချာမဖြစ်စေတဲ့လူမျိုးပေါ့။ ဆိုဖီတချို့ကျတော့ တွေ့ဖူးတယ်။ အရမ်းချောတယ်၊ အရမ်းမိုက်တယ်။ ဘာမှပြောစရာမရှိဘူး Perfect။  ဒါပေမဲ့ သူနဲ့တွေ့တဲ့အချိန်မှာ ပရက်ချာတစ်ခုရှိသလိုမျိုး ဘယ်လိုနေလို့နေရမယ်မှန်းမသိတဲ့ စကားလည်းမပြောတတ်ဘူး။ လွတ်လွတ်လပ်လပ်လည်းမရှိဘူး။ စားတာသောက်တာနေတာ ထိုင်တာကအစအဆင်မပြေဘူးဆိုရင်၊ အဲဒါမျိုးကျ ဆိုဖီ့အတွက် အဆင်မပြေဘူး။ လွတ်လွတ်လပ်လပ်ပုံစံဖြစ်မယ်၊ စိတ်ဓာတ်ကောင်းမယ်ပေါ့။ ပြီးတော့ Gols ရှိတဲ့ ယောက်ျားမျိုး တော့ပိုပြီးတော့ သဘောကျတယ်။

ဆိုဖီယာရဲ့ ပရိသတ်တွေကိုရော ဘာပြောချင်သေးလဲ။
ဆိုဖီက ဒီ NVM ခွေထဲမှာ ပရိသတ်တွေကြိုက်တဲ့သီချင်းတွေလည်းပါမယ်။ သိပ်အားမရတဲ့သီချင်းတွေလည်းပါပါတယ်။ ဆိုဖီအကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ MV တွေကို လည်း Free Release  အနေနဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ပေးမှာပါ။ အားလုံးလည်း အလွယ်တကူဒေါင်းလုဒ်လည်းလုပ်ရုံနဲ့ ကြည့်နိုင်ပါတယ်။ ပြီးတော့ ဆိုဖီကိုယ်တိုင်ရေးတဲ့ သီချင်း လေးတွေလည်း ဖန်တီးဦးမှာပါ။ အဲဒီအတွက် အားပေးဖို့မျှော်လင့်ပါတယ်။ ဆိုဖီ့ကို အားပေးနေတဲ့ ပြည်တွင်း၊ ပြည်ပပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

အောင်လင်းသစ်

PHOTOGRAPHED BY JASON (SENSE STUDIO)/ STYLING BY DONG DONG/ OUTFITS: MANGO/ HAIR & MAKEUP: JET JET/ FLORAL: THE SCENT OF MUSE

 



Share this article

TOP 5 ARTICLES


Beauty Box   |   Posted on Nov 14, 2018

The Body Shop ရဲ့ ရင်ခုန်...


Celebrity Beauty   |   Posted on Nov 14, 2018

DRAMA SERIES အသစ်တစ်ခုထွက...


Celebrity Beauty   |   Posted on Nov 14, 2018

လှပလွန်းတဲ့ ရွှေမှုံရတီရဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.