People   |   Posted on Apr 12, 2019 by Hnin Ei Ei Hlaing

ပင်လယ်ပျော် Thin Zar Wint Kyaw


ခုနောက်ဆုံး ထိုးထားတဲ့ တက်တူးက ပေါင်ရင်းမှာပါ။ les petites choses de la vie တဲ့။ ပြင်သစ်စကားပါ။

Share this article

မကြာခင် နွေဦးက ရောက်လာတော့မယ်။

မြန်မာ့နှစ်ကူးကာလရောက်လာဖို့ကလည်း မဝေးတော့ဘူး။

မြန်မာတွေ အနှစ်သက်ဆုံး ပွဲတော်ဖြစ်တဲ့ သင်္ကြန်ဆိုတာလည်း လက်တစ်ကမ်းအလိုနား ရောက်နေပြီ။

တစ်နှစ်တာ ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့အတွက် အပန်းဖြေခရီးတွေ ထွက်နိုင်ဖို့ကို အခုကတည်းက

ကြိုဆင်ပြင်ဆင်နေကြတဲ့ မိသားစုတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကျွန်တော် သတိထားမိတယ်။

တချို့က ဘုရားဖူးခရီး ထွက်ကြမှာ။

တချို့က ပြည်ပခရီးတွေ သွားကြမှာ။

တချို့ကျ တောင်တက်ခရီးတွေ ထွက်ကြမှာ။

ဒါပေမဲ့ တချို့ကတော့ ပင်လယ်ကမ်းခြေတွေဆီကို သွားကြမှာ။

သင်ဇာဝင့်ကျော်နဲ့ MODA Dream Team ထဲက အဖွဲ့သားတချို့ဟာ ငပလီကမ်းခြေကို ရောက်နေပါပြီ။

သင်ဇာက သူ့ရဲ့ခြေချောင်းလေးတွေကို ပင်လယ်သဲပွင့် ဖြူလွှလွှလေးတွေထဲ ထိုးဖွရင်း အဝေးကို ငေးနေတယ်။

ငပလီကမ်းခြေရဲ့ နေရာတချို့မှာ တစ်နေကုန် ရိုက်ကူးခဲ့ရတာဆိုတော့ သူလည်း မောပန်းနွမ်းနယ်နေတာ သိသာတယ်။

ဒါပေမဲ့ သူ့မျက်နှာကတော့ ပြုံးရွှင်နေတာပဲ။

ပင်လယ်ကို ချစ်လို့ ပင်လယ်ရှေ့ လာထိုင်နေတာတဲ့လေ။



သင်ဇာရဲ့ခန္ဓာကိုယ်ပေါ်မှာ အင်္ဂလိပ်စာသား တက်တူးတစ်ခုကို တွေ့လိုက်ရတယ်။

မေးကြည့်တော့ သူ ကားမတော်တဆမှုဖြစ်တုန်းက ထိုးဖြစ်ခဲ့တာတဲ့။

တက်တူးတွေကို ချစ်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ နောက်ဆုံးထိုးဖြစ်ထားတဲ့တက်တူးကကျ သူ့ပေါင်ရင်းနားမှာ။

ပြင်သစ်စကားတစ်ခွန်းကို ထိုးထားတာလို့ သူက ဆိုတယ်။

Bra အကြာကြီး ဝတ်ရင် Allergy ဖြစ်တတ်တဲ့ သင်ဇာဟာ ခရီးထွက်ရင် Bra တွေကို တကူးတက ရွေးယူသွားရသူတစ်ယောက်လည်း ဖြစ်ပါတယ်။

သင်ဇာ့ အစ်မနှစ်ဝမ်းကွဲ နဝရတ်က ဦးကျော်ဟိန်းဆီ ခေါ်သွားပေးခဲ့လို့ ဦးကျော်ဟိန်းရဲ့တပည့်တစ်ဦးဖြစ်ခဲ့ဖူးတာကြောင့်ပဲ သူ့သရုပ်ဆောင်မှုတွေ သဘာဝကျတာလို့ သင်ဇာက ပြောပြတယ်။

သူဟာ ပရဟိတွေ အများကြီး လုပ်ဖူးပြီး ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ခဏခဏ ငွေသွားလှူတတ်သူလည်း ဖြစ်တယ်။

ဒါတင်မက အလောင်းထမ်းတဲ့ပရဟိတကို လုပ်ဆောင်ဖူးသူလည်း ဖြစ်သေးရဲ့။

အေးမြတ်သူကို MODA Cover Story အတွက် ကျွန်တော် အင်တာဗျူးခဲ့တုန်းက အေးမြတ်သူသာ အခုနေ ယောကျာ်းလေးတစ်ယောက် ဖြစ်သွားခဲ့မယ်ဆိုရင် အနုပညာလုပ်ဖော်ကိုင်ဖက်တွေထဲက ဘယ်သူ့ကို လိုက်ကြောင်မလဲ မေးတော့ သင်ဇာဝင့်ကျော်လို့ မဆိုင်းမတွ ဖြေသဗျာ။

တလောတုန်းကလည်း စမိုင်းလ်က သင်ဇာဝင့်ကျော်ရဲ့ရင်ခွင်ထဲ အိပ်ချင်တယ်လို့ စနောက်တဲ့ပို့စ်လေးတစ်ခု တင်တာ တွေ့လိုက်ရသေးတယ်။

ဒါကြောင့် ဒီနိုင်ငံမှာ Lesbian Movie တစ်ကား ရိုက်ဖြစ်ပြီး သင်ဇာသာ ပါဝင်သရုပ်ဆောင်ခွင့်ရမယ်ဆိုရင် ဘယ်သူနဲ့ တွဲရိုက်ချင်သလဲ မေးကြည့်တော့ အခုချိန်ထိ အရမ်းမိုက်နေတဲ့ မော်ဒယ်လ် သရုပ်ဆောင်တစ်ယောက်ရဲ့အမည်ကို ဖြေသဗျို့။

ဒီလောက်ဆိုရင် သင်ဇာနဲ့ ကျွန်တော် တွေ့ဆုံမေးမြန်းထားတာတွေအထဲ သင်ဇာ့အကြောင်းတွေ ဘယ်လောက်အထိ ပါနေမလဲဆိုတာ ရိပ်မိလောက်ကြပြီ ထင်ပါတယ်။

ကိုယ်တိုင်သာ ဆက်လက်ဖတ်ရှုကြည့်ပါတော့နော်။



MODA. ငပလီကမ်းခြေမှာ MODA COVER ရိုက်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ခံစားချက်တွေကို အရင်ဆုံး ပြောပြပါလား။

Thinzar. ငပလီကမ်းခြေက မြန်မာနိုင်ငံရဲ့ အလှဆုံးကမ်းခြေတွေထဲက တစ်ခုလေ။ ငယ်ငယ်တုန်းကတော့ မိသားစုနဲ့အတူ တစ်ကြိမ် ရောက်ခဲ့ဖူးတယ်။ နောက်ပိုင်းကတော့ မရောက်တာ ကြာပြီ။ MODA က Cover ရိုက်ဖို့ ကမ်းလှမ်းတဲ့အခါ ငပလီမှာ ရိုက်ရမှာဆိုတာ သိရလို့ အရမ်း ပျော်သွားတယ်။ ပြီးတော့ မတ်လအတွက် ရိုက်တဲ့ Cover ဆိုတော့ Summer Theme တွေနဲ့ ရိုက်ဖြစ်ခဲ့တာမို့ ဝတ်စုံတွေက အကုန် ပေါ့ပေါ့ပါးပါးလေးတွေချည်းပဲ။ အရမ်း ပျော်ခဲ့ရတယ်။

MODA. မြန်မာ့ရုပ်ရှင်တွေနဲ့ Cover Shooting တွေကို ပင်လယ်ကမ်းခြေတွေမှာ ရိုက်တော့မယ်ဆိုရင် အများအားဖြင့် ငွေဆောင်တို့၊ ချောင်းသာတို့မှာသာ သွားရိုက်ကြတာ များတယ်လေ။ ဒါကြောင့် အခုတစ်ကြိမ် ငပလီကမ်းခြေကို ရောက်လာဖြစ်တာက သင်ဇာ့အတွက် ဘယ်နှကြိမ်မြောက် ရောက်ဖူးတာလဲဆိုတာမျိုး မှတ်ထားမိသလား။

Thinzar. ဒီအကြိမ်အပါအဝင်မှ သုံးခေါက်ပဲ ရောက်ဖူးတာ။ ငယ်ငယ်တုန်းက မိသားစုနဲ့ သွားခဲ့တာက အလည်အပတ် ခရီးသွားလေ။ ဒုတိယတစ်ကြိမ်က ကားရိုက်စရာရှိလို့ အလုပ်ကိစ္စနဲ့ ရောက်ခဲ့တာ။ အခုတစ်ခေါက်ကလည်း Cover ရိုက်ဖို့အတွက်ဆိုတော့ အလုပ်ကိစ္စနဲ့ လာရတာပါပဲ။ ဒါပေမဲ့ ပျော်နေတာပဲ။

ငပလီကမ်းခြေကို တခြားကမ်းခြေတွေထက် ကြိုက်တယ်။ ရေတွေ သဲတွေကြောင့် ကြိုက်တာ။ ရေက ကြည်ပြီး သန့်ရှင်းနေတာပဲ။ သဲတွေဆိုလည်း ဖြူဖြူလွှလွှလေးတွေလေ။

MODA. သင်ဇာက နိုင်ငံခြားခရီးတွေကိုလည်း သွားဖြစ်နေကျဆိုတော့ ပြည်ပက ပင်လယ်ကမ်းခြေတွေထဲမှာ သင်ဇာ နှစ်သက်မိတဲ့ ကမ်းခြေတချို့ရှိရင် ပြောပြပါဦး။

Thinzar. ဖူးခက်၊ ဘာလီ၊ ပတ္တရားတို့ကိုပဲ ရောက်ဖူးတာ။ ဖူးခက်ကိုက ရုပ်ရှင်ရိုက်ကူးရေးအတွက်နဲ့ ရောက်ခဲ့တာ။ အဲဒီတုန်းက ပျော်စရာကြီးပဲ။ ရိုက်ကူးရေး စောပြီးတဲ့ညတွေဆို Bar တွေ သွားကြတယ်။ လမ်းတွေ စုံလျှောက်သွားပြီး မုန့်တွေလည်း လျှောက်ဝယ်စားကြတယ်။

MODA. ကိုယုန်လေး ပို့စ်တင်တာ ထင်တယ်။ သူရယ် ကိုမြင့်မြတ်တို့ရယ် သင်ဇာနဲ့အတူ တောင်တက်ခရီး ထွက်ကြတော့မယ်ဆိုပြီး တင်ခဲ့တဲ့ပို့စ်လေ။ မေးချင်တာက ပင်လယ်ကမ်းခြေတွေဆီ ခရီးထွက်ရတာနဲ့ တောင်တက်ခရီးတွေ ထွက်ရတာမှာ ဘယ်ဟာကို ပိုကြိုက်တာလဲဆိုတာပါ။

Thinzar. တစ်မျိုးစီပေါ့နော်။ ရန်ကုန်မှာ ရာသီဥတုက အများအားဖြင့် ပူလောင်နေတော့ တစ်ခါတလေ အေးအေးချမ်းချမ်းလေး နေချင်တယ်။ အဲဒီလို ခံစားနေရတဲ့အခါကျ အေးချမ်းတဲ့တောင်ပေါ်ဒေသတွေဆီ သွားချင်တယ်။ ရန်ကုန်မှာ အေးနေတဲ့အချိန်ကျ ပင်လယ်ကမ်းခြေတွေဆီ သွားချင်ပြန်ရော။ ရန်ကုန်မှာ ကားရိုက်ရက်တွေ များပြီး ကားတွေပိတ်တဲ့ဒဏ်တွေ ခံရတာ များလာရင်၊ အလုပ်ကြောင့် စိတ်ဖိစီးတာတွေ များလာရင် အလုပ်တွေ ပြီးတာနဲ့ ခရီးထွက်ပစ်လိုက်တာ များတယ်။

MODA. ခရီးထွက်တဲ့အခါ အသားအရေ ထိန်းသိမ်းမှုအတွက် ဘာတွေကို ဘယ်လိုပြင်ဆင်ယူဆောင်သွားတတ်သလဲ။

Thinzar. အဓိကက မျက်နှာနေလောင်ခံခရင်မ်ရယ်၊ အသားအရေနေလောင်ခံခရင်မ်တွေရယ်၊ ဖျန်းတဲ့ စပရေးတွေရယ်နဲ့ ပါးနီတွေရယ်ကို ဦးစားပေးယူသွားဖြစ်တာ။

MODA. အစားအသောက်တွေထဲမှာ ရှောင်တာတွေ ရှိသလား။ ခရီးထွက်ရင် အစားအသောက်နဲ့ပတ်သက်ပြီး ဇီတာကြောင်တတ်တာမျိုးတွေ ရှိသလား။

Thinzar. ငယ်ငယ်တုန်းကတော့ ခရီးထွက်တိုင်း အစားအသောက်ကြောင့် ဒုက္ခရောက်ရတယ်။ မတည့်တာတွေ စားမိလို့ Allergy တွေ ခဏခဏ ဖြစ်ခဲ့ဖူးတယ်။ ခုနောက်ပိုင်းကျ အဲဒီလိုတွေ မဖြစ်တော့ဘူး။ ပင်လယ်စာတွေဆိုလည်း အကုန် စားတာပဲ။ ရှောင်တဲ့အစားအစာရယ်လို့လည်း မရှိဘူး။ မကြိုက်တဲ့အစားအသောက်တွေတော့ ရှိတာပေါ့။

NODA. သွားချင်ပါလျက်နဲ့ အကြောင်းမတိုက်ဆိုင်သေးလို့ အခုထက်ထိ မရောက်ဖူးသေးတဲ့ နေရာဒေသဆိုရင် . . . ။

Thinzar. မော်လ်ဒိုက်ပေါ့။ သွားမယ် သွားမယ်ဆိုပြီး ပြင်ဆင်နေတာ နှစ်နှစ်လောက် ရှိပြီ။ တကယ်တမ်းကျ ခုထိ မရောက်ဖြစ်သေးဘူး။ ဒါပေမဲ့ ဒီနှစ်ထဲမှာ သေချာပေါက် သွားဖြစ်အောင်တော့ အကောင်အထည် ဖော်မှာပါ။

MODA. သင်ဇာ ငယ်ငယ်တုန်းက ဖိနပ်ထဲ အိမ်မြှောင်ဝင်နေလို့ အရမ်းကြောက်သွားတာရယ်၊ နောက်တစ်ခါ အင်္ကျီထဲ အိမ်မြှောင် တစ်ခါ ဝင်ဖူးလို့ ကြောက်သွားတာရယ် ဖြစ်ခဲ့ဖူးတယ်နော်။ အိမ်မြှောင်နဲ့တူတဲ့ တောက်တဲ့တွေကိုလည်း ကြောက်တယ်ဆိုတာ သိရတယ်။ ဒီတော့ ကားရိုက်နေတုန်းမှာကော အိမ်မြှောင်တွေ့လို့ ဒုက္ခရောက်ခဲ့ဖူးတာမျိုးတွေ ရှိသလား။

Thinzar. ခရီးသွားရင်း တွေ့တဲ့အခါတွေမှာ တော်တော် ဒုက္ခရောက်တယ်။ ရိုက်ကွင်းတွေမှာတော့ လူတွေ များနေလို့လား မသိဘူး၊ မကြုံဖူးသေးဘူး။ ဒါပေမဲ့ အိမ်မှာ တွေ့တာက ပိုများတယ်။ အိမ်မြှောင်တွေ မျက်နှာကြက်မှာ ကပ်နေရင် အဲဒီအောက်ကနေ လမ်း ဖြတ်မလျှောက်ရဲအောင် ကြောက်တာ။

MODA. ပူတာအိုဘက် သွားပြီး ရုပ်ရှင်ကားကြီးတစ်ကား စရိုက်ရတော့မယ်လို့လည်း သိရတယ်။ ရေခဲတောင်မှာ မတ်လအထိတောင် ရိုက်ရမှာဆိုတော့ အဲဒီဒေသမှာ ကြုံတွေ့ရမှာတွေနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမိနေတာတွေ ရှိသလား။ ရှိတယ်ဆိုရင် ဘာတွေနဲ့ ပတ်သက်တာမျိုးတွေလဲ။

Thinzar. အရင်တုန်းက ရေခဲတောင်အထိ တစ်ခါမှ သွားမရိုက်ဖူးခဲ့ဘူး။ စိတ်လှုပ်ရှားနေတာတွေတော့ ရှိတယ်။ ဟိုမှာ ဘယ်လောက်ထိ အေးမယ်၊ ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာ မသိသေးတော့ စိတ်လှုပ်ရှားစရာတွေ ဖြစ်နေတာပေါ့။



MODA. သင်ဇာက Bra အကြာကြီး ဝတ်ထားရင် Allergy ဖြစ်တတ်သူတွေထဲ ပါတယ်လို့ ကျွန်တော် သိထားတယ်။ ခရီးထွက်တဲ့အခါ ဘယ်လို Bra မျိုးကို ဦးစားပေး ရွေးယူသွားတတ်လဲ။

Thinzar. Cotton နဲ့ လုပ်ထားတဲ့ Bra တို့၊ Sport Bra တို့၊ Cube Bra တို့ကို ဦးစားပေး ယူသွားတတ်တယ်။ ဇာတွေ ပါတဲ့ Bra တွေကိုတော့ အတတ်နိုင်ဆုံး ရှောင်တယ်။

MODA. ခန္ဓာကိုယ်မှာ ခွဲစိတ်ပြုပြင်လိုက်ချင်တယ်ဆိုတဲ့အစိတ်အပိုင်းမျိုး ရှိသလား။

Thinzar. အဲဒီလိုတော့ မရှိဘူး။ ခန္ဓာကိုယ်က အားကစားလုပ်ပြီး ပြုပြင်ရင် ရတာပဲလေ။

MODA. ထိခိုက်ပျက်စီးတာ၊ ဒဏ်ရာရသွားတာတို့ဖြစ်သွားမှာ အစိုးရိမ်မိဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းဆိုရင်ကော . . . ။

Thinzar. မျက်လုံးပေါ့။

MODA. What doesn't kill me makes me stronger ဆိုတဲ့တက်တူးကို သင်ဇာ့ခန္ဓာကိုယ်မှာ ထိုးထားတယ်ဆိုတာ ဟုတ်လား။

Thinzar. ဟုတ်ပါတယ်။

MODA. ဘာလို့ ထိုးဖြစ်ခဲ့တာလဲ။

Thinzar. လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သင်ဇာ ကားမတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ ဩဂတ်စ်လ ၈ ရက်နေ့လို့ ထင်တယ်။ အဲဒီမှာ အိုင်ဒီယာရပြီး ထိုးဖြစ်ခဲ့တာပါ။

MODA. နောက်ဆုံးထိုးဖြစ်ထားတဲ့ တက်တူးကကော . . . ။

Thinzar. ခုနောက်ဆုံး ထိုးထားတဲ့ တက်တူးက ပေါင်ရင်းမှာပါ။ les petites choses de la vie တဲ့။ ပြင်သစ်စကားပါ။ The Little Things of Life လို့ အဓိပ္ပာယ်ရတယ်။ အဲဒီစကားကို သဘောကျလို့ ပေါင်ရင်းမှာ ထိုးဖြစ်ခဲ့တယ်။



MODA. ပွဲတွေတက်တဲ့အခါ သင်ဇာရဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ဘယ်အပေါ် အဓိက မူတည်နေတယ်လို့ ထင်သလဲ။

Thinzar. ဒါကတော့ သွားရတဲ့နေရာပေါ် မူတည်တာပေါ့။ ဈေးဝယ်ဖို့ လိုအပ်လို့ ခဏတဖြုတ် အပြင်ထွက်တဲ့အခါ မိတ်ကပ်မပါလည်း ဘာမှမဖြစ်ဘူးလေ။ ဒါပေမဲ့ မိတ်ကပ်မလိမ်းဘဲနဲ့တော့ ပွဲမတက်ဘူး။ ပွဲတက်ပြီဆိုရင် မိတ်ကပ်၊ ဆံပင်၊ ဖိနပ်၊ အိတ် စသဖြင့် အပြည့်အစုံ ကြိုတင်ပြင်ဆင်ပြီးမှ သွားတတ်တယ်။

MODA. ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်တဲ့မေးခွန်းတွေ မေးမယ်နော်။ သင်ဇာရောက်ခဲ့ဖူးတဲ့ တခြားနိုင်ငံက လူတွေနဲ့ ကိုယ်နိုင်ငံလူတွေမှာ မိန်းကလေးတစ်ယောက် ဝတ်စားဆင်ယင်လိုက်တဲ့အပေါ် ဘယ်လိုမျိုး မတူညီတဲ့ ရှုမြင်တုံ့ပြန်ပုံတွေ ရှိနေတယ်လို့ ထင်သလဲ။

Thinzar. နိုင်ငံခြားမှာက ကမ်းခြေကို ဆင်းပြီဆိုရင် Two Piece Outfits ကို ဘယ်လောက်ထိ တိုပြတ်နေအောင် ဝတ်ဝတ်၊ ဘယ်သူမှ စိတ်ဝင်တစား လိုက်ကြည့်မနေဘူး။ သူတို့ဆီမှာ ဒါတွေက ရိုးနေပြီလေ။ ဒီမှာကျ ပြူးပြဲကြည့်ကြတာ။ တချို့တွေက အမြင်မကျယ်ကြသေးလို့ဆိုတာ နားလည်ပါတယ်။ သူတို့ကိုလည်း အပြစ်မမြင်ပါဘူး။

MODA. ဖက်ရှင်နဲ့ပတ်သက်ပြီး စောင့်ကြည့်အတုယူဖြစ်နေတဲ့ Fashion Icon တွေ ရှိသလား။

Thinzar. ပြည်ပက သူတွေကို စောင့်ကြည့်ဖြစ်တာ များတယ်။ Celebrity တွေထက် Fashion Blogger တို့ Beauty Blogger တို့ကို ပိုပြီး စောင့်ကြည့်ဖြစ်တယ်။ ကြိုက်တဲ့ ဒီဇိုင်းတွေ တွေ့ရင် Save ထားတယ်။ ချွတ်စွပ်မတူပေမယ့် ဒီမှာ ဖန်တီးလို့ရသလောက် ဝတ်ဆင်ကြည့်ဖြစ်တယ်။

MODA. လူမှုကွန်ယက်ပေါ်မှာ ဝေဖန်တိုက်ခိုက်ခံရတာတွေအထဲ သင်ဇာ့ကို စိတ်ထိခိုက် နာကျင်စေမှုအဖြစ်ဆုံးကိစ္စဆိုရင် ဘယ်ကိစ္စများ ဖြစ်မလဲ။

Thinzar. သင်ဇာ့ကို လာပြောတာတွေတော့ သိပ်ဂရုမစိုက်တတ်ဘူး။ အဖေနဲ့ အမေကို ပြောတာတွေတော့ စိတ်မကောင်းဖြစ်မိတယ်။ သူတို့က လူကြီးတွေလေ။ အသက်လည်း ကြီးနေကြပြီ။ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ပြောခံရတဲ့အခါ သင်ဇာ့လောက် Strong ဖြစ်ချင်မှဖြစ်မှာ။ သူတို့လည်း Social Network တွေ သုံးနေကြတာဆိုတော့ ဆိုးဆိုးဝါးဝါး တိုက်ခိုက်ပြောဆိုထားတာတွေ တွေ့ရင်၊ ဖတ်မိရင် စိတ်မကောင်းဖြစ်ကြတာပေါ့။

အစတုန်းကတော့ အဖေနဲ့ အမေတို့တောင်မှ သင်ဇာဝတ်တဲ့ တချို့အဝတ်အစားတွေကို မြင်ရတဲ့အခါ စိတ်ထိခိုက်တာမျိုးတွေ ရှိခဲ့တယ်။ နောက်ပိုင်းကျ ဒါတွေကို သူတို့ နားလည်သွားပြီ။ လူတွေက အမြင်အမျိုးမျိုးကို စိတ်ထင်သလို လျှောက်ပြောနေကြတာတွေဟာ မဆန်းဘူးဆိုတာရယ်၊ တချို့လူတွေဆို ဘာဝရဲ့အဆင်မပြေမှုတွေကြောင့် ဖြစ်လာတဲ့ဒေါသတွေကို Comment တွေ ရေးပြီး ဖြေဖျောက်နေကြတယ်ဆိုတာရယ်ကို အဖေတို့ အမေတို့ နားလည်သွားကြပြီလေ။



MODA. Swim Suit ဝတ်တာနဲ့ပတ်သက်ပြီး ဖြေလိုက်တာမဟုတ်တဲ့အဖြေတစ်ခုကို လူတစ်ယောက်က မှားယွင်းဆက်စပ်ပြီး ပို့စ်တင်ပစ်လိုက်တော့ Facebook ပေါ်မှာ ပွက်ပွက်ညံခဲ့ဖူးတယ်နော်။ တချို့ အင်တာဗျူးတွေမှာ သင်ဇာက အဲဒီကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းပါးပါး ပြန်ရှင်းပြထားတာမျိုးတွေတော့ နားထောင်ရတယ်။ ကျွန်တော် မေးချင်တာက အဲဒီလို အထင်လွဲ တိုက်ခိုက်ခံရတာတွေကို ဘယ်လိုဖြေတွေးတတ်သလဲ။ ဒါမှမဟုတ် ဘာမှ မခံစားရဘူးလား။

Thinzar. ရှင်းလေ ရှုပ်လေပဲမို့ ထားလိုက်တော့တယ်။ သူတို့ ပြောလို့လည်း သင်ဇာ့ထမင်းအိုး ကွဲသွားတာမဟုတ်ဘူးလေ။ အခုလည်း အလုပ်တွေကို ဆက်လုပ်နေရတာပဲ။ သင်ဇာ့ကို ချစ်တဲ့လူတွေ ပြောကြတဲ့စကားတွေကိုပဲ ခေါင်းထဲ ထည့်ထားတော့တယ်။

MODA. စိတ်ဓာတ်တွေ ထိုးကျနေတဲ့အချိန်အများစုမှာ သင်ဇာ့ကို အားပေးဖေးမမှုအပြုနိုင်ဆုံးပုဂ္ဂိုလ်က ဘယ်သူလဲ။

Thinzar. အဖေနဲ့ အမေပေါ့။

MODA. ကိုယ်တိုင် ပြင်ချင်ပါလျက်နဲ့ အခုထက်ထိ ပြင်မရသေးတဲ့ အကျင့်ဆိုးတစ်ခုဆိုရင် . . . ။

Thinzar. ခုလောလောဆယ် ဖြစ်နေတာကို ပြောရမယ်ဆိုရင် အရမ်း ပိန်ချင်နေပါလျက်နဲ့ အစားအသောက်တွေကို လျှော့မစားနိုင်သေးတာပဲ။

MODA. ကျွန်တော် အေးမြတ်သူကို MODA COVER အတွက် ဗျူးဖြစ်ခဲ့တုန်းက အေးမြတ်သူသာ အခုနေ ယောကျာ်းလေးတစ်ယောက် ဖြစ်သွားခဲ့မယ်ဆိုရင် အနုပညာလုပ်ဖော်ကိုင်ဖက်တွေထဲက ဘယ်သူ့ကို လိုက်ကြောင်မလဲဆိုတဲ့ မေးခွန်းတစ်ခု ပါတယ်။ အေးတ်ြသူက ချက်ချင်းကို ပြန်ဖြေတာဗျာ။ သင်ဇာဝင့်ကျော်တဲ့။ နောက်ပြီး ဟိုတလောတုန်းက စမိုင်းလ်တင်ထားတဲ့ပို့စ်တစ်ခုကို တချို့တွေ Share ပြီး နောက်ပြောင်နေကြတာ တွေ့မိတယ်။ ပို့စ်အစက သင်ဇာဝင့်ကျော်ရဲ့ ရင်ခွင်ထဲမှာ အိပ်ချင်မိတယ်ဆိုလားပဲ။ မှတ်မိသလောက် ပြောပြတာပါ။ စာသား နည်းနည်းတော့ လွဲနိုင်ပေမယ့် ဒီသဘောမျိုးပေါ့လေ။ ကျွန်တော် မေးချင်တာက မိန်းကလေးချင်းတောင် အခုလို ဆွဲဆောင်နေနိုင်တဲ့ သင်ဇာသာ မြန်မာနိုင်ငံမှာ Lesbian ရုပ်ရှင်တစ်ကား ရိုက်ခွင့်ရလို့ ရိုက်ဖြစ်မယ်ဆိုရင် ဘယ်သူနဲ့ တွဲရိုက်ချင်သလဲဆိုတာပါ။

Thinzar. မသန္တာလှိုင်နဲ့ပေါ့။ (အားရပါးရ ရယ်လျက်)

MODA. ဘာကြောင့်လဲဆိုတာ ပြောပြဦးလေ။

Thinzar. သူ့ကို သင်ဇာ ကလေးဘဝကတည်းက ကြိုက်လာခဲ့တာ။ အမြဲတမ်းလည်း ကြိုက်နေတယ်။ သူ့ပုံစံ၊ သူ့ဘော်ဒီက အခုဆို ပိုတောင် မိုက်လာသေးတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ငယ်ဂုဏ်ထက် အသက်ကြီးတဲ့အထိ ကိုယ့်ကိုယ်ကိုယ် ထိန်းထားနိုင်တာမျိုးကို သင်ဇာက ပိုသဘောကျတယ်။ သူဆိုရင် ကလေးအမေပဲ။ သင်ဇာ့ထက်လည်း အများကြီး ကြီးတယ်။ သူ့အသက်အရွယ်နဲ့ အခုလို လှနေတာ တကယ် သဘောကျမိတယ်။ မသန္တာလှိုင်က သင်ဇာ့ Idol ပဲ။



MODA. ကိုယ့်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ကိုယ်တိုင် စိတ်ကျေနပ်မှုအရဆုံး ဖြစ်ခဲ့တဲ့ ရုပ်ရှင်ကားတွေဆိုရင် . . . ။

Thinzar. မပြသေးတဲ့ကားတွေ ပြောချင်တယ်။

MODA. ရတယ်၊ ပြောလေ။

Thinzar. ဗီဇ ဆိုတဲ့ကားနဲ့ Secret Page ဆိုတဲ့ ကားပေါ့။ ဗီဇမှာက အန်ကယ်လေး၊ သူထူးစံ၊ နေဒွေး၊ မေကဗျာတို့ ပါတယ်။ Secret Page မှာက ရဲရင့်အောင်ရယ်၊ ခါရာရယ် ပါတယ်။ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးပေါ့။ ဇာတ်လမ်းတွေအကြောင်းကိုတော့ သေသေချာချာ မပြောပြချင်သေးဘူး။ ရုံတင်တဲ့အချိန်သာ စောင့်ကြည့်အားပေးစေလိုတယ်။

MODA. တွဲသရုပ်ဆောင်ခဲ့ဖူးသမျှ အမျိုးသားသရုပ်ဆောင်တွေထဲမှာ သင်ဇာနဲ့ အလိုက်ဖက်ဆုံးလို့ ကိုယ်တိုင်ထင်မိတဲ့မင်းသားက ဘယ်သူလဲ။

Thinzar. ကိုယ်တိုင်တော့ မပြောတတ်ဘူး။ ပရိသတ်တွေကတော့ အောင်ရဲလင်း၊ မြင့်မြတ်၊ နေတိုးတို့နဲ့ လိုက်တယ် ပြောကြတာပဲ။

MODA. သင်ဇာရဲ့လက်ဦးဆရာတွေထဲမှာ ဘဘ ဗိုလ်ကလေးတင့်အောင်၊ ဦးကျော်ဟိန်း၊ ဦးပီတာတို့ ပါတယ်လို့ သိရတယ်။ ဆိုတော့ မြန်မာ့ရုပ်ရှင်လောကထဲကနေ ထွက်သွားတာ ၁၀ နှစ်ကျော်သွားပြီဖြစ်တဲ့ မင်းသားကြီး ဦးကျော်ဟိန်းနဲ့ပတ်သက်တဲ့ အမှတ်တရတချို့ကို မှတ်မိသေးသလောက် ပြောပြပါဦး။

Thinzar. သူ့ဆီကို မနဝရတ်ကိုယ်တိုင် ခေါ်သွားပေးခဲ့တာ။ သူ့ဆီ ရောက်တော့ သင်ဇာက သူ့ကို မေးလေးထောက်ပြီး ထိုင်ကြည့်နေတာ။ သူက ပြောပြတယ်။ တချို့ဆို သူ့ကို ကြောက်တယ်၊ ရှိန်တယ်တဲ့။ သူ့ဆီ လာအပ်တဲ့လူတိုင်းကိုလည်း သူ့တပည့်အဖြစ် လက်ခံတတ်တာ မဟုတ်ဘူး၊ ရွေးသေးတာ။ အဲဒီတုန်းကတော့ သင်ဇာ့ကို တပည့်အဖြစ် လက်ခံခဲ့တယ်။ သူ့ဆီက ပညာတွေ အများကြီး ရခဲ့ပါတယ်။ တချို့ပရိသတ်တွေက သင်ဇာ သရုပ်ဆောင်တာ အရမ်း သဘာဝကျတယ်လို့ ပြောကြတယ်။ အဲဒါတွေက သူ့ကြောင့် အများကြီး ပါပါတယ်။

MODA. နဝရတ်က သင်ဇာနဲ့ အစ်မ နှစ်ဝမ်းကွဲ တော်တာနော်။ နောက်ပြီး သင်ဇာ့ဘကြီးက တစ်ချိန်တုန်းက မြန်မာ့ရုပ်ရှင်လောကမှာ လျှမ်းလျှမ်းတောက်ခဲ့တဲ့ မင်းသားကြီး ဦးကျော်ဆွေလို့လည်း သိရတယ်။ ဘယ်ဘက်က တော်စပ်တာလဲ။

Thinzar. အမေဘက်က တော်တာ။ အမေ့ရဲ့အစ်ကိုတစ်ဝမ်းကွဲပါ။

MODA. လက်ရှိမှာ Brand Ambassador အဖြစ် တာဝန်ယူထားတဲ့ Brand တွေ ရှိသလား။

Thinzar. မရှိပါဘူး။

MODA. နောက်ဆုံးမေးခွန်းအနေနဲ့ မေးချင်တာက ပရဟိတတွေ သွားလုပ်တဲ့အခါ ဘယ်လိုနေရာတွေ၊ ဘယ်လိုကိစ္စတွေအတွက် လှူရတာမျိုးက သင်ဇာ့ကို ပိုပြီးပီတိဖြစ်စေသလဲဆိုတာပါ။

Thinzar. အလောင်းထမ်းရတဲ့ ပရဟိတကို ပီတိ ပိုဖြစ်တယ်။ လူတိုင်း မလုပ်နိုင်ဘူးလေ။ အဲဒါ လုပ်ခဲ့တုန်းကလည်း ရင်ထဲ လှိုက်လှိုက်လှဲလှဲ ခံစားရတယ်။ ဝမ်းနည်းနေတဲ့ မိသားစုတွေကို ကူညီရတဲ့အတွက်လည်း ကျေနပ်မိတယ်။ နောက် မိဘမဲ့ကလေးကျောင်းတွေ၊ မသန်စွမ်းကျောင်းတွေနဲ့ ဘိုးဘွားရိပ်သာတွေကို လှူရတာ သဘောကျတယ်။ အဓိကအားဖြင့်တော့ ဘုန်းကြီးကျောင်းတွေကို လှူရတာ အကြိုက်ဆုံးပဲ။ သင်ဇာက ဘာသာရေးလိုက်စားသူဆိုတော့ ဘုန်းကြီးကျောင်းတွေကို ပုံမှန် လှူရတာ ပိုသဘောကျပါတယ်။

Editor - Lu Thar Man

ခေါင်းစဉ် - ပင်လယ်ပျော် Thin Zar Wint Kyaw

Description - ခုနောက်ဆုံး ထိုးထားတဲ့ တက်တူးက ပေါင်ရင်းမှာပါ။ les petites choses de la vie တဲ့။ ပြင်သစ်စကားပါ။



Share this article

TOP 5 ARTICLES


Body   |   Posted on Sep 18, 2019

2019 3D Nail Design


Fashion News   |   Posted on Sep 18, 2019

2019 London Fashion Week...


Celebrity Style   |   Posted on Sep 17, 2019

ခပ်မိုက်မိုက် Fashion တွေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.