Tv & Movie   |   Posted on Sep 6, 2018 by Min Chit Paing

ချစ်ခြင်းမေတ္တာ၊ နာကျင်မှု၊ ဆုံးရှုံးမှုနဲ့ လောကအမြင်တွေကို ရိုးရှင်းစွာ ရိုက်ပြထားတဲ့ Dear Zindage


၁၅၀၀ အချစ်၊ ၅၂၈ မေတ္တာနဲ့ ဘဝကို ရှုထောင့်အသစ်တွေကနေ ရှုမြင်တတ်လာစေမယ့် ဘောလိဝုဒ်ရုပ်ရှင်တစ်ကားပါ။

Share this article

ရင်ကွဲအောင် မငိုဖူးရင် စိတ်ရောကိုယ်ပါ ရယ်မောနိုင်လိမ့်မယ်မဟုတ် တဲ့။

" ကမ္ဘာမြေတစ်ခုလုံးကို ဆုံးရှုံးဖူးသူသာ ကမ္ဘာမြေတစ်ခုလုံးကို ပြန်ရပေလိမ့် " ဆိုတဲ့ ကဗျာစာသားလိုပေါ့။

အပေါ်ဆုံးက စကားဟာ Dear Zindage ရုပ်ရှင်ထဲက စကားပါ။ Zindage ဆိုတာ Life တဲ့။ Dear Life ပေါ့ဗျာ။ ရုပ်ရှင်က ထူးထူးဆန်းဆန်းကားမျိုး မဟုတ်ပေမယ့် ဘဝအမြင်နဲ့ပတ်သက်တဲ့ ရိုးရိုးရှင်းရှင်း စကားတွေကို ဒီရုပ်ရှင်ထဲ ကြားခဲ့ရတာကြောင့် ညွှန်းလိုက်ပါတယ်။

ရုပ်ရှင်တွေနဲ့ပတ်သက်ပြီး ကျွန်တော် ယုံကြည်ထားတာ တစ်ခုရှိတယ်။ အဲဒါက " ရိုးရှင်းတဲ့ရုပ်ရှင်တွေက ရင်ရှင်းစေတယ် " ဆိုတာပါ။ ဒီကားဟာ တကယ်ကို ရင်ရှင်းစေတဲ့ ရုပ်ရှင်တစ်ကားပါ။ ဒီကားထဲမှာ မှတ်သားစရာ လောကအမြင်တွေ/ပုံပမာတွေ တော်တော်လေးပါတယ်။ ဗဟုသုတ တော်တော်လေး နှံစပ်သူတွေအတွက်ကတော့ တချို့ပုံပမာ/လောကအမြင်တွေဟာ သိမြင်ပြီးသားတွေပဲ ဖြစ်နေမှာပါ။ ဒါဆို ဘာကြောင့် ညွှန်းရသလဲ တွေးမိမှာပေါ့။ ငါးချက်လောက် ပြောပြပါမယ်။

 

(၁) ကိုယ့်ဘဝကို နောက်ထပ် ရှုထောင့်သစ်တစ်မျိုးကနေ ပြောင်းလဲရှုမြင်ဖို့ စေ့ဆော်ပေးတာကြောင့်ပါ။

အမြဲတမ်း စက်ဘီးစီးပြီး ဖြတ်သွားနေရတဲ့လမ်းတစ်ခုကို တစ်ရက်လောက် လမ်းလျှောက်ပြီး သွားကြည့်ပါ။ အုပ်စုတစ်စုကို အပြင်ဘက်ကနေ သုံးသပ်ရှုမြင်ပြီးရင် အုပ်စုထဲ ဝင်ရောက်ပြီးပါ ရှုမြင်သုံးသပ်ကြည့်ပါ။ လူတစ်ယောက်နဲ့ မခင်မင်ခင်က သူ့အပေါ် အထင်နဲ့ ခင်မင်ဆက်ဆံပြီး ကိုယ်ထင်ထားသလို လုံးဝဖြစ်မနေတာမျိုး ကြုံဖူးလား ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်ဘဝကိုကော ရှုထောင့်သစ်တစ်မျိုးကနေ ပြောင်းလဲရှုမြင်ဖူးလား။

ဒီရုပ်ရှင်ထဲက ကောင်မလေးမှာတော့ အဲဒီလိုပြောင်းလဲရှုမြင်ဖို့အတွက် ဘဝက အကြောင်းဖန်ပေးခဲ့တယ်။ ပြောင်းလဲပေးဖို့ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတယ်။ သူ့မှာ အလုပ်က အဆင်မပြေဘူး။ ရည်းစားတွေနဲ့လည်း အဆင်မပြေဘူး။ အဆင်ပြေမယ်ထင်ထားတဲ့သူကလည်း နောက်တစ်ယောက်နဲ့ စေ့စပ်သွားတယ်။ အိမ်ထောင်ရှင်တွေကိုပဲ ထားမယ်ဆိုပြီး လက်ရှိငှားနေနေတဲ့အိမ်ကနေ ပိုင်ရှင်က နှင်ထုတ်တယ်။ ညဘက်တွေမှာ လုံးဝ အိပ်မပျော်ဖြစ်လာတယ်။

တစ်ရက် ကြော်ငြာသွားရိုက်ရင်း ' စိတ်ကျန်းမာရေး ပညာပေးဆွေးနွေးပွဲ ' တစ်ခုကို အမှတ်မထင် နားထောင်လိုက်ရတယ်။

Shah Rukh Khan က စိတ်ရောဂါကုဆရာဝန်တစ်ယောက်ပါ။ Khan ဆီ သူရောက်သွားပြီးတော့ စကားပြောကုသဖြစ်တယ်။ အဲဒီအခန်းတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ( Khan က ဇာတ်ပို့သရုပ်ဆောင်ပါ။ ရုပ်ရှင်စပြီး မိနစ် ၅၀ လောက်မှ Khan ပေါ်လာတာ။)

 

(၂) ကိုယ့်ဘဝကို ကိုယ်သာပြောင်းလဲရတာလို့ သဘောပေါက်စေတယ်။ တခြားသူတွေဟာ ကိုယ့်ဇာတ်လမ်းမှာ ဇာတ်ပို့တွေသာပဲ။ မင်းသား/မင်းသမီးလုပ်ရင် ပီပီပြင်ပြင်သာ လုပ်ပါ။

" ဘဝဟာ Jigsaw Puzzle ကစားနည်းလိုပဲ။ တချို့လူတွေက ပျောက်ဆုံးနေတဲ့အပိုင်းအစတွေကို ကိုယ်ပြန်ရှာတွေ့အောင် ကူညီဆက်စပ်ပေးပေမယ့် ကိုယ်ကိုယ်တိုင်ကသာ ပြည့်စုံပြီးမြောက်စေရတယ် " တဲ့။ Khan က ပြောတဲ့စကားတစ်ခွန်းပါ။ (Jigsaw ဉာဏ်စမ်းဆိုတာ ရုပ်ပုံတစ်ခုရဲ့အပိုင်းအစတွေကို အံဝင်ခွင်ကျဖြစ်အောင် တစ်ခုနဲ့တစ်ခု ဆက်စပ်ပေးရတဲ့ ဉာဏ်စမ်းရုပ်ဆက်ကစားနည်းတစ်မျိုးပါ။) ဒီစကားပြောပြီးနောက် ကောင်မလေးဟာ သူ့ဘဝကို အရင်ကထက် အံဝင်အောင် ဆက်စပ်လာပုံလေးတွေ ပြသွားတာ ကြည့်ရတယ်။

 

(၃) ခွင့်လွှတ်ခြင်းရဲ့အရေးပါပုံကို ပြတယ်။ ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်နိုင်မှုကိုပါ ဆိုလိုတာပါ။

လူတိုင်း အမှားနဲ့ မကင်းကြပါဘူး။ ဒါကို သိမ်းဆည်းသိုလှောင်ပြီး တေးထား၊ ငြိုးထားရင် လူဟာ ပိုပင်ပန်းပါတယ်။ ဝါဂွမ်းထုပ်တွေတင်ထားတဲ့ မြည်း ရေထဲကျသလိုပါပဲ။ ကိုယ့်အပေါ် မှားခဲ့သူတွေကို ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရတာ ခက်ခဲတာပေါ့။ ဒါပေမဲ့ လုံးဝ မဖြစ်နိုင်တာမျိုးလည်း မဟုတ်ပါဘူး။

ဒီကားထဲက ကောင်မလေးဟာ မိဘတွေရဲ့အမှားကို ခွင့်မလွှတ်နိုင်မှုနဲ့ သယ်ပိုးထားတယ်။ သူ ငယ်စဉ်ဘဝက မိဘနှစ်ယောက်ဟာ သူ့ကို အဘိုးအဘွားတွေနဲ့ ထားပစ်ခဲ့တယ်။ သူ့မောင်လေးကိုတော့ သူတို့အလုပ်သွားလုပ်တဲ့အာဖရိကအထိ ခေါ်သွားတယ်။ (သူတို့လည်း အလုပ်သစ်အတွက် ရုန်းကန်ကြရပေမယ့် သမီးငယ်ရဲ့ခံစားချက်ကို လျစ်လျူရှုသလို ဖြစ်ခဲ့တာ။) သမီးရေးတဲ့စာတွေဟာ ပြန်စာမရတဲ့ပို့စာတွေသာ ဖြစ်ခဲ့တယ်။ အရွယ်ရောက်တော့မှ မိဘတွေနဲ့ ပြန်နေရတော့ အဆင်မပြေဘူး။ သူ့ဇာတိကို သူ ဘယ်တော့မှ မပြန်ချင်ခဲ့ဘူး။

အမှားကျူးလွန်ခဲ့သူတွေကို သူ ဘယ်လိုသိမြင်ခွင့်လွှတ်ခဲ့နိုင်သလဲဆိုတာကိုတော့ ရုပ်ရှင်ထဲသာ ကြည့်ကြည့်စေလိုပါတယ်။

 

(၄) နာကျင်ရလည်း ချစ်ပါ။

ဆုံးရှုံးရတာ နာကျင်စရာတစ်ခုပါ။ နာကျင်ရလည်း ချစ်သာချစ်ပါ။ ဒီကားထဲက ကောင်မလေးက သူ့ကို စွန့်ပစ်မသွားခင် သူက အရင် စွန့်ပစ်တယ်။ တွယ်တာပြီးမှ ခွဲခွာရရင် နှလုံးသားပွန်းရပဲ့ရတာတွေကို ကြောက်လို့ ဘယ်တော့မှ စိတ်နှစ်ပြီး မချစ်ဘူး။ ဆုံးရှုံးပုံ ဆုံးရှုံးနည်းတွေ ကွဲပြားပေမယ့် အရာတိုင်းလိုလိုကို ဆုံးရှုံးကြရမှာ သေချာတာမို့ လူတစ်ယောက်ကို အားကုန်ချစ်ကြည့်လိုက်ပါ။ နှလုံးသားစေရာ လိုက်လိုက်ပါ။ မပိုင်ဆိုင်ရဘဲ ကြေကွဲနာကျင်ရလည်း ချစ်သာချစ်လိုက်ပါ။ မချစ်ဖူးတာထက်စာရင် ချစ်ပြီး ဆုံးရှုံးသွားရတာက ပိုကောင်းတယ်ဆိုတာ အမှန်ပါ။

 

(၅) တခြားလူတွေကို ချစ်ခင်တာဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်နည်းတစ်မျိုးပါ။

ဒီစကားက ၅၂၈ ကိုရော ၁၅၀၀ ကိုပါ ရည်ရွယ်တာပါ။ မေတ္တာဆိုတာ စက်ဝိုင်းသဘောမို့ ပတ်ပတ်လည်ကို ရိုက်ခတ်လာမှာ သေချာပါတယ်။

ခါတိုင်းရေးနေကျ ရုပ်ရှင်အညွှန်းတွေနဲ့ မတူအောင် ပုံစံတစ်မျိုးနဲ့ တင်ဆက်ခဲ့ပါတယ်။ ဒီလိုရေးရခြင်းအကြောင်းက ဒီရုပ်ရှင်အကြောင်း နည်းနည်းပြောတာနဲ့ကို Spoiler ဖြစ်သွားမို့ပါ။ ကိုယ်တိုင်ခံစားပြီး စိတ်နှစ်ကြည့်ရှုနိုင်ကြပါစေဗျာ။

Editor : Lu Thar Man



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.