Tv & Movie   |   Posted on Aug 30, 2018 by Min Chit Paing

ဖြစ်ရပ်မှန် သက်ငယ်မုဒိမ်းမှုကို ရိုက်ကူးထားတဲ့ ကိုရီးယားရုပ်ရှင် : Hope (2013)


ကလေးငယ်တွေရဲ့အကောင်းမြင်စိတ်၊ ကြောက်စိတ်နဲ့ ရှက်စိတ်တွေကို အသုံးချကာ မုဒိမ်းမှုကျူးလွန်တတ်ပုံကို ဖော်ပြထားတဲ့ရုပ်ရှင်ကားကောင်းတစ်ခုပါ

Share this article

မိုးရွာတဲ့ ကျောင်းဖွင့်ရက်တစ်ရက်မှာ ၉ နှစ်သမီးလေး Hope တစ်ယောက် ကျောင်းကို သွားတယ်။ ကျောင်းကို လှမ်းမြင်နေရတဲ့နေရာရောက်တော့ ရှေ့မှာ သူ့ကို လမ်းပိတ်ထားတဲ့လူကြီးတစ်ယောက်နဲ့ ကြုံရတယ်။ ဒီလောက်ဆို မိတ်ဆွေတို့ သဘောပေါက်ပြီပေါ့။ ဟုတ်ပါတယ်၊ သက်ငယ်မုဒိမ်းမှုအကြောင်း ရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားပါ။ ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတာလည်း ဖြစ်တာမို့ ဒီရုပ်ရှင်ထွက်ခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက ကိုရီးယားမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။

ကျူးလွန်ခံရသူ ကလေးမလေး Hope ဟာ စိတ်သဘောထားကောင်းမွန်တယ်၊ စာကြိုးစားတယ်၊ သူတစ်ပါးကို စာနာတတ်တယ်၊ မိဘအတွက်လည်း စဉ်းစားပေးတတ်တယ်။ တရားခံဟာ အခြေအနေ အချိန်အခါအရတင်သာမက ကလေးရဲ့စိတ်သဘောထားကြီးမှုကိုပါ အသုံးချပြီး ကျူးလွန်ခဲ့တာဖြစ်တယ်။ (သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေဟာ ကလေးတွေရဲ့အကောင်းမြင်စိတ်၊ ကြောက်စိတ်နဲ့ ရှက်စိတ်တွေကို အသုံးချကာ ကျူးလွန်တတ်ကြလေ့ ရှိတယ်။)

ကျူးလွန်ခံရသူ Hope လေးဟာ သူ့ကို လွန်ကျူးပြီး ပစ်ထားခဲ့တဲ့အချိန်၊ အသက်မြော့မြော့လေးပဲ ကျန်နေခဲ့တဲ့အချိန်မှာတောင် အဖေနဲ့ အမေ အလုပ်ရှုပ်နေကြမယ့်အချိန်ဆိုပြီး 911 ကိုသာ ဖုန်းဆက်ခဲ့တဲ့သူပါ။ ဟိုလူဆိုးကြီးကိုလည်း ဖမ်းမိစေချင်လို့ပါတဲ့။

သူ့ခန္ဓာကိုယ်အနှံ့မှာ ပြတ်ရှဒဏ်ရာတွေနဲ့။ စအိုကနေ အူမကြီးအထိ စုတ်ပြဲဒဏ်ရာတွေနဲ့။ ဆရာဝန်တွေက သူ့အစာအိမ်လမ်းကြောင်းက အူတချို့ကို ဖယ်ရှားပစ်လိုက်ရတယ်။ စအိုကိုလည်း ပိတ်ပစ်ပြီး ' စအိုတု ' လုပ်ပေးလိုက်ရတယ်။ စအိုတုဆိုတာ ဝမ်းဗိုက်နံရံကို ဖွင့်ပြီး အူအသေးကို အပြင်ထုတ်ကာ မစင်စွန့်ဖို့ အိတ်နဲ့တွဲထားပေးရတာကို ပြောတာပါ။ Hope လေးက တစ်သက်လုံး ဒီလိုပဲ အသက်ရှင်သွားရတော့မှာလေ။

သက်ငယ်မုဒိမ်းမှုတွေ ဖြစ်လာတဲ့အခါ ကျူးလွန်ခံရတဲ့ကလေးတွေမှာ ကြီးမားတဲ့ စိတ်ဒဏ်ရာတွေ ရတယ်။ ဘယ်လောက်ပဲ သက်သာလာပါစေ၊ ဒီအရိပ်မည်းကြီး သူတို့နားကို ဘယ်အချိန် ပြန်လည်ရောက်ရှိလာမှာလဲလို့ စိုးရွံ့နေတတ်ကြတယ်။ ကျူးလွန်ခံရသူ ကလေးငယ်တွေရဲ့ဂုဏ်သိက္ခာနဲ့ အနာဂတ်အတွက် အမှုကို လူသိထင်ရှား မဖြစ်အောင် တတ်နိုင်သမျှ ထိန်းတတ်ကြတယ်။ လူထုကို အသိပေးသင့် မပေးသင့်ဆိုတာ အမြဲ စဉ်းစားဆုံးဖြတ်ရခက်တဲ့ပြဿနာတစ်ရပ်ပါ။ နောက်ပြီး အနံ့ခံကောင်းတဲ့မီဒီယာတွေလည်း ကြောက်လန့်နေရသေးတယ်လေ။

ဒီရုပ်ရှင်ထဲမှာတင် ဆေးရုံကို မီဒီယာသမားတွေ ရောက်လာတော့ သူ့သမီးလေးမျက်နှာကို ဓာတ်ပုံသမားတွေ ရိုက်သွားလို့မရအောင် ဖခင်က အမြန်ချီပိုးပြီး အပေါ်ထပ်တစ်နေရာကို တက်ပြေးတယ်။ Hope လေးလည်း ကြောက်လန့်နေတာပေါ့။ ပြေးလွှားတဲ့ဒဏ်ကြောင့် မစင်တွေ ထွက်ကျပြီး ခန္ဓာကိုယ်မှာ ပေကျံကုန်တော့ အဖေက စိုးရိမ်တကြီး သန့်ရှင်းပေးဖို့ လုပ်တယ်။ Hope လေးက ကြောက်လန့်တကြား အော်ဟစ်ရုန်းကန်တယ်။ စိတ်ထဲမှာ သူ့အဖေဆိုတာ ပျောက်သွားပြီး တခြားယောက်ျားတစ်ယောက်လိုလို၊ သူ့ကို ကျူးလွန်သွားတဲ့လူလိုလို ကယောင်ကတမ်းတွေ ထင်မြင်ယူဆကုန်တာပါ။ ဒီဖြစ်ရပ်ပြီးကတည်းက အဖေ့မျက်နှာကို သူ မတွေ့လိုတော့တဲ့အတွက် အဖေ အခန်းထဲ ဝင်လာရင် စောင်ခြုံပြီးသာ နေတော့တယ်။ (ကျူးလွန်ခံရတဲ့မိသားစုတွေမှာ တွေ့ကြုံရလေ့ရှိတာ နောက်တစ်ခုက တရားရင်ဆိုင်ရမယ့် စရိတ်စကတွေ၊ ဆေးရုံစရိတ်တွေနဲ့ အမှုရင်ဆိုင်ရတဲ့ကာလတွေ ရှည်ကြာနေတတ်မှုတို့ပါ။)

ကျူးလွန်တဲ့တရားခံဟာ သက်ငယ်မုဒိမ်းမှုကိုပဲ ကျူးလွန်ခဲ့ဖူးပြီး ထောင်ကနေ ပြန်လွတ်လာသူ ဖြစ်တယ်။ အမှုကို ပြစ်ဒဏ်ပေါ့အောင် ဘယ်လိုထွက်ဆိုရမယ်ဆိုတာ သိတယ်။ ကျူးလွန်ခံရသူ ကလေးငယ်တွေဟာ တရားဥပဒေအရ တရားခွင်ရှေ့မှောက် လာရောက်ထွက်ဆိုပေးဖို့ အခက်အခဲရှိတာကို သိတယ်။ တကယ်လို့ ဒီအမှုမှာ အပြစ်ခံယူရရင်တောင် နောက် ဘယ်နှနှစ်ကြာရင် အပြင်လောကထဲ ပြန်ရောက်လာမယ်ဆိုတာအထိ တွက်ချက်ပြီးသား။ ဒီတော့ သက်ငယ်မုဒိမ်းမှုတွေအတွက် ပြစ်ဒဏ်ကြီးကြီးမားမား လိုအပ်သလား၊ မလိုအပ်ဘူးလားဆိုတဲ့ငြင်းခုန်မှုတွေ အတော်လိုအပ်နေတာ တွေ့ရတယ်။ ပြစ်ဒဏ်ကြီးမားမှုကြောင့် ကလေးတွေကို မုဒိမ်းကျင့်ပြီး လက်စဖျောက်တဲ့အမှုတွေ ပိုများလာမယ်လို့ တွက်ချက်တာတွေ၊ ပြစ်ဒဏ်ကြီးမားလို့လည်း အမှုကိစ္စတွေ လျော့ပါးသွားမှာမဟုတ်ဘူးလို့ ငြင်းခုန်တာတွေ ရှိပေမယ့် ဒီလိုအမှုတွေမှာ တရားခံကို ဘာမှသက်ညှာနေစရာမရှိဘူးလို့ ကျွန်တော်ကတော့ ယူဆမိတယ်။

Hope လေးတစ်ယောက် ကံဆိုးမှုကြီးကနေ လွန်မြောက်ပြီးတော့ တစ်ချိန်တုန်းကလို သူ့ရဲ့လှပတဲ့စိတ်ကူးတွေ ပြန်ရလာဖို့၊ ဘဝမှာ သက်သောင့်သက်သာ ပြန်ဖြစ်လာဖို့၊ ဖြစ်ရပ်ဆိုးကြီး မှတ်ဉာဏ်ထဲကနေ မှိန်ဖျော့လာဖို့အတွက် ခက်ခဲတဲ့ကာလတွေကို ဖြတ်သန်းရတယ်။

ကံကောင်းတာတစ်ခုက ' နေကြာပန်းစင်တာ ' က အမျိုးသမီးကြီးတစ်ယောက် ရောက်လာတာပဲ။ သူက ဒီလိုကလေးငယ်တွေကို ပြန်လည်ပြုစုပျိုးထောင်ပေးဖို့ ကျွမ်းကျင်သူတစ်ယောက်။ သူ့သမီးလေးကိုယ်တိုင် ဒီလိုအဖြစ်ဆိုးကို ကြုံခဲ့ရပြီး ၁၆ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့အတွက် သူကိုယ်တိုင်လည်း သေကြောင်းကြံခဲ့ဖူးသူ ဖြစ်တယ်။ သူ့အသက် မသေဘဲ ခြေထောက်နှစ်ချောင်းသာ ဆုံးရှုံးခဲ့ရပြီးနောက်ပိုင်း ဒီလိုကလေးတွေကို ကူညီဖို့ ဆုံးဖြတ်ပြီး နေကြာပန်းစင်တာကို တည်ထောင်ခဲ့သူလည်း ဖြစ်တယ်။ အကောင်းမြင်စိတ်များတဲ့ Hope လေးဟာ အဲဒီအမျိုးသမီးကြီးရဲ့အစီအစဉ်တွေကြောင့် တိုးတက်လာခဲ့ပေမယ့် တစ်ဖက်မှာလည်း တရားရုံးဆီက လာတဲ့ဖိအားတွေကို ရင်ဆိုင်ရပြန်တယ်။

သူပြောတာတစ်ခု သိပ်ဝမ်းနည်းစရာကောင်းတယ်။ " အိပ်ရာကနေ နိုးလာရင် အားလုံး အရင်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်လို့ တွေးဖူးလား၊ တကယ့်တကယ် သမီး နိုးလာတဲ့အခါ ဘာမှ ပြောင်းလဲမသွားတော့ . . . " တဲ့။ ဆို့နစ်စရာပါ။ ဒါ့အပြင် Hope ရဲ့မိခင်တွေးတာတစ်ခုကလည်း သိပ်ကြောက်စရာကောင်းတယ်။ " ကျန်တဲ့ကလေးတွေ အားလုံးလည်း ဒီလိုမျိုး ဖြစ်စေချင်တယ်၊ ဒါမှ Hope လေးက ပိုပြီးနာကျင်မနေရတော့မှာ " တဲ့။ ကြားရရချင်းတော့ တော်တော့်ကို အဆင်မပြေတာပါ။ သို့သော် ဆက်ကြည့်နေရင်းနဲ့ပဲ စာနာတတ်တဲ့မိခင်ပါးစပ်က ဘာလို့ ဒီလိုတောင်တွေးရသလဲဆိုတာ သိလာရတော့တယ်။

ရုပ်ရှင်အဆုံးမှာ " အထီးကျန်ဆုံးလူဟာ အကြင်နာတတ်ဆုံး လူပါ။ ဝမ်းအနည်းတတ်ဆုံးလူရဲ့အပြုံးဟာ အတောက်ပဆုံးပါ။ ဘာလို့ဆို သူတို့ခံစားရသလို တခြားသူတွေ နာကျင်မှုကို မခံစားစေချင်လို့ပါ " ဆိုတဲ့ စာကိုးစကားကိုးလေးတစ်ခုကို ဖော်ပြထားတာ တွေ့ရတယ်။ ဒီရုပ်ရှင်နဲ့ဆက်စပ်ပြီး တွေးကြည့်တဲ့အခါ . . . ။

Editor : Lu Thar Man



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.