Cover Stories   |   Posted on Oct 17, 2019 by Ja Seng Pan

စစ်မှန်တဲ့ ခံစားမှု၊ ကြည်လင်တဲ့ အိပ်မက်နဲ့ Han Nay Thar


ကျွန်တော် ခြေကုပ်ဖို့အတွက် အလုပ်တွေအများကြီးလုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်ဘာဖြစ်ချင်လဲဆိုတာ Clearly ကွဲကွဲပြားပြားသိတဲ့အတွက်ကြောင့် Music ကိုပဲ လုပ်နေတယ်။ မသိစိတ်ထဲမှာတော့ Music လမ်းကြောင်းကို လျှောက်နေတာ ဟုတ်ရော ဟုတ်ရဲ့လားဆိုတဲ့ သံသယစိတ်တော့ ရှိခဲ့တယ်

Share this article

MODA Magazine နဲ့ Vivo တို့က မိုးမခ အိပ်မက်ခရမ်းပြာသီချင်းနဲ့ ပရိသတ်အားပေးမှုများစွားရရှိနေတဲ့ ဟန်နေတာကို ဒီလအတွက် Cover Star အဖြစ် ရွေးချယ်ခဲ့ပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ အမှောင်တွေကို အလင်းရောက်စေနိုင်ဖို့ ကြည်လင်ပြတ်သားတဲ့ Vivo V17 Pro ရဲ့ Night mood နဲ့ ပုံဖော်ဖန်တီးပေးထားပါတယ်။ ပထမဆုံးအခွေထွက်ဖို့ ၄ရက်အလိုမှာ မိခင်ဆုံးပါးသွားခဲ့ပြီး Depression ဝင်ခဲ့တဲ့အချိန် လမ်းပျောက်ခဲ့ရတဲ့ နောက် သူတကယ်ဖြစ်ချင်ခဲ့တဲ့ အစစ်အမှန်ကို ရှင်းရှင်းလင်းလင်းသိလာတဲ့အခါ ဘယ်လို ပြန်လည်ရုန်းထနိုင်ခဲ့လဲ။ သူ့ရဲ့ အစစ်အမှန်က ဘာလဲ။ သူ့နှလုံးသားထဲမှာ ဂီတက ဘယ်လောက်အထိ စီးဆင်းနေလဲဆိုတာ MODA Magazine Cover Story မှတင်ဆက်ပေးလိုက်ပါတယ်။

MODA Magazine ကို ဖတ်ဖူးလား။ အခု MODA Magazine Cover ရိုက်ရတဲ့ ခံစားချက် ဘယ်လိုရှိလဲ။
MODA Magazine ကို ရိုက်ဖို့ မကမ်းလှမ်းခင်ကတည်းက ကြည့်ဖူးတယ်။ ကိုအာဇာနည်၊ ကိုရန်ရန်ချမ်း၊ ကိုဟန်ထူးလွင်တို့ရဲ့ Issue ကို ဖတ်ဖူးတယ်။ ဒီ Magazine က Fashion လည်း မိုက်တယ်၊ Creative လည်း ဖြစ်တယ်။ ဒီမှာရှိတဲ့ Magazine တွေထက် ပိုပြီးထူးခြားတယ်လို့ မြင်တယ်။

ဒီနောက်ပိုင်းမှာ အရင်ကနဲ့မတူပဲ ပိုပြီး အားပေးမှုကို ရလာတဲ့အပေါ် ဘယ်လိုခံစားရလဲ။
အစကတည်းက ကျွန်တော်လုပ်ခဲ့တာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ခဲ့တာမဟုတ်ဘူး။ ကျွန်တော့် Fan နဲ့ သွားတာဆိုတော့ ဒီလိုမျိုးဖြစ်လာခဲ့မယ်လို့ ထင်မထားဘူး။ ခုတော့ အားပေးတဲ့လူဦးရေ များလာတယ်။ အဲ့အတွက် Proud ဖြစ်တာမျိုးတော့ မရှိဘူး။ ပိုပြီးတော့ ပင်ပန်းလာတယ်။ တခြားတော့မရှိပါဘူး။

ဒါဆိုရင် ကိုယ်လုပ်ချင်တာပဲ အမြဲတမ်းလုပ်ခဲ့တဲ့ အတွက်ကြောင့် ကိုယ့်ကိုကိုယ် Real ဖြစ်တယ်လို့ ခံစားရလား။
ဖြစ်တယ်။ သိပ်ဖြစ်တယ်။

FG Live Lounge ပွဲမှာတုန်းက နားထင်နှစ်ဖက်မှာ Love နဲ့ Sex လို့ ရေးထားတာတွေ့တယ်။ အဲဒါဘယ်လို အဓိပ္ပါယ်လဲ။
ကျွန်တော်က Facebook ထက် Instagram ကို ပိုသုံးဖြစ်တယ်။ Instagram မှာက ဖက်ရှင်နဲ့ ပတ်သက်လို့ အများကြီးလေ့လာလို့ရတယ်။ အဲ့မှာပဲ ကိုယ်ကြိုက်တဲ့ Artist တွေရှိတယ် ။ သူတို့လည်း Skin Art တွေလုပ်ကြတယ်။ တချို့ဆို မျက်နှာမှာ ရေးတာတွေရှိတယ်။ ကျွန်တော်ကတော့ ဒီနားမှာ လုပ်လိုက်တာပါ။

မိုးမခအိပ်မက်ခရမ်းပြာသီချင်းထဲမှာ အမေဖြစ်စေချင်တာနဲ့ဝေးပြီဆိုပြီး ရေးထားတာရှိတယ်။ အဲ့တော့ အမေက ဟန်နေတာကို ဘာဖြစ်စေချင်တာလဲ။
ကျွန်တော့်ကိုအဖေ့လိုပဲ ရေနံမှာ အစိုးရဝန်ထမ်းဖြစ်စေချင်တာ ။ ကျွန်တော်ကို ဒီအလုပ်ကို မလုပ်ချင်ဘူး။ အဲ့အတွက်ကြောင့် ကျွန်တော်ဒုက္ခခံရတာပေါ့။

Eternal Gosh လုပ်လာတာ ၆နှစ်ကျော်သွားပြီဆိုတော့ ကြားထဲမှာ ခက်ခဲတဲ့အချိန်တွေအများကြီး ရှိခဲ့ဖူးမှာပေါ့။ မြန်မာနိုင်ငံ Culture အရဆိုရင် လူတွေက မိဘတွေကို လုပ်ကျွေးရမယ်ဆိုတဲ့ တာဝန်ရှိတယ်။ ကိုယ့်လုပ်ချင်တာတွေပဲ လုပ်ခဲ့တဲ့အတွက် မိဘတွေအပေါ် တာဝန်မကျေခဲ့လို့ ကိုယ့်စိတ်ထဲမှာ အပြစ်ရှိတယ်လို့ ခံစားရလား။
ရှိခဲ့တယ်။ အခုတော့ အဖေ့ကိုပဲ ကြည့်စရာလိုတော့တယ်။ ကျွန်တော့်ရဲ့ပထမအခွေက အမေ့အတွက်ပဲ လုပ်ခဲ့တာ။ ဒါပေမယ့် အမေမရှိတော့ ကျွန်တော့်အတွက်အဓိပ္ပါယ်မဲ့သွားတယ်၊ဖီလင်လည်းမရှိတော့ဘူး။ ကျွန်တော်က အမေ့ကို မြင်စေချင်တာ။ ခုချိန်မှာသာ အမေရှိခဲ့ရင်အရမ်းကောင်းမှာပဲ။ အခွေမထွက်ခင် ၄ရက်အလိုမှာပဲ အမေဆုံးသွားခဲ့တယ်။ Promotion ပွဲတွေရော စီစဉ်ထားတာတွေအကုန်လုံး ကျွန်တော်ဘာမှမလုပ်နိုင်ခဲ့ဘူး။ ခွေထွက်တယ်ဆိုတာလောက်ပဲ ရှိတာ။ အခု ၁၀ လပိုင်း ၅ရက်နေ့ဆို ၂နှစ်ပြည့်ပြီ။ှ FG ကလုပ်တဲ့ပွဲမှာမှ ကျွန်တော့်သီချင်းကိုပြန်ပြီး သတိထားမိကြတာ။

ခုချိန်ထိဆို Depressed ဖြစ်တဲ့အချိန်တွေလည်း ရှိခဲ့ဖူးမှာပေါ့။ ကိုယ့်ကို Depressed ဖြစ်ဖို့ အချိန်ဘယ်လောက်ပေးလဲ။
အမေမရှိတော့ ပိုဆိုးတာပေါ့နော်။ အမေ မရှိတော့ ဘေးနားမှာ လှည့်ကြည့်လိုက်မယ်ဆိုရင်တောင် ဘယ်သူမှမရှိသလို ခံစားရတယ်။ တစ်ယောက်တည်းပဲ ဖြစ်နေတဲ့အတွက်ကြောင့် ဘယ်သူမှလည်း မရှိပါဘူး။ သူငယ်ချင်းတွေတော့ရှိတယ်။ ကျွန်တော့်ညီတွေ ကျွန်တော့် Member တွေရှိတယ်။ သူတို့ကလည်း အနွေးထွေးဆုံးတော့ မပေးနိုင်ဘူးလေ။ အမေဆုံးသွားတာက ကျွန်တော့်အတွက်တော့ Depression အကြီးကြီးပဲ။ တစ်နှစ်လောက် ကျွန်တော် Alcohol တွေ Drugs တွေနဲ့ပဲ တိုင်ပတ်နေတယ်။ ဂိမ်းဆော့တယ်။ အဲ့ထဲမှာပဲ နစ်မျောနေတာ။ တစ်နှစ်ပတ်လုံးက ဘယ်သူနဲ့မှလည်း အဆက်အသွယ်မလုပ်ဘူး။ အခန်းထဲမှာပဲနေတယ်။ ထမင်းလည်းစားချင်မှစားတယ်။ အိပ်ချင်တဲ့အချိန်မှအိပ်တယ်။

မူးယစ်ဆေးရဲ့သားကောင် ဆိုတဲ့သီချင်းက အဲ့တုန်းက ရေးတာလား။
အမေရှိကတည်းကရေးတာ။ အမေရှိတုန်းက Motivate ဖြစ်နေတာပေါ့။ အဲတုန်းက အဲ့ဒါတွေသိပ်စိတ်မဝင်စားဘူး။ ဒါမကောင်းဘူး။ ဒါကိုမလုပ်နဲ့။ လုပ်မိရင်လည်း ပြင်ရမယ်ဆိုတဲ့ အသိနဲ့ ကျွန်တော့်သီချင်းနားထောင်နေတဲ့ လူငယ်တွေကို အဓိက Message ပေးချင်တာ။ သူတို့တွေက ဘယ်လိုမြင်လဲတော့ မသိဘူး။ ဒါပေမယ့် အမေဆုံးတော့ အဲ့လိုမဟုတ်တော့ဘဲ ဒီသီချင်းက ပြန်စီးတာပေါ့နော်။ ကျွန်တော်အနေနဲ့ သီချင်းက နိမိတ်ဖတ်တယ်လို့ ပြောလို့ရတယ်။

တစ်နှစ်လောက် အချိန်အကြာကြီးမှာ ကိုယ့်ကို ပြန်ထလာစေတဲ့ ကိစ္စတစ်ခုဆို ဘာဖြစ်မလဲ။
အဖွဲ့မှာက ကျွန်တော်မှ မလုပ်ရင် ဘယ်သူမှမလုပ်တော့ဘူး။ အကုန်လုံးက အတူတူဆိုပေမယ့် ဦးဆောင်သူဆိုရင် ကျွန်တော်ပဲ ဖြစ်နေတာပေါ့။ သီချင်းရေးတာ ဆိုတာလည်း ကျွန်တော်ပဲ။ ပြီးရင် Project တစ်ခုခုတင်မယ်ဆိုရင်လည်း ကျွန်တော်ပဲ ဆိုတော့ ကျွန်တော်မှပြန်ပြီး မရုန်းထွက်ရင် မရတော့ဘူး။ အဲ့အတွက်ကြောင့် Drugs တို့ Alcohol တို့စွဲနေတာကနေ တစ်ခုချင်းစီလျော့ရတယ်။ တစ်ခုကို တဆင့် တဆင့်လျော့ပြီးမှ ဖြတ်ရတာ တန်းခနဲ လုပ်လို့တော့ မရဘူးပေါ့နော်။ Drug မရှိတော့ဘူးဆိုရင်လည်း Alcohol ပေါ့။ အခုတော့ ကျွန်တော်ဘာမှမလုပ်တော့ဘူး။ စိတ်ကူးတောင်မယဉ်တော့ဘူးပေါ့။ ဒါပေမယ့် သီချင်းတော့ရေးရခက်သွားတယ်။

ဒါဆိုရင်အဲ့ဒါတွေသုံးတုန်းက သီချင်းတွေက ပိုပြီးအများကြီးရေးနိုင်တာလား။ Inspire တွေပိုပြီးရတယ်လို့ ခံစားရလား။
တကယ်တမ်း ကျွန်တော်ထင်တာက ဒါက တစ်မျိုးနဲ့ တစ်မျိုးတော့ မတူဘူး။ တစ်ချို့တွေက လူကို Slow ဖြစ်စေတယ် တစ်ချို့ ကျတော့လည်း Motivate ဖြစ်စေတာတွေရှိတယ်။ Weed ဆိုရင် စားမယ်၊သောက်မယ်၊အိပ်မယ်။ အဲလိုမျိုးလေးတွေပေါ့။ တခြား Chemical တွေနဲ့ ဆိုရင်တော့ Motivate ဖြစ်တယ်။ ပြီးရင် ခန္ဓာကိုယ်မှာရှိတဲ့ Energy ကို ဆယ်ဆလောက်တွန်းပို့ပေးတာဆိုတော့ ဘာပဲပြောပြော သီချင်းတစ်ပုဒ်ရေးဖို့ မြန်တယ်။ ဖန်တီးဖို့ အရမ်းမြန်တယ်။ တစ်ခုတွေးပြီဆိုရင် ၁၀ ခုလောက်ထွက်လာတယ်။ အဲ့တော့ အရမ်းမြန်တယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ Energy မရှိတော့ဘူးဆိုရင် လည်နေတာ အဲ့နားမှာပဲ။ ရေးတာပဲအဖတ်တင်ပြီးဘာမှထွက်မလာတော့ဘူး။ အဲ့ဆိုးကျိုးက နောက်ပိုင်းကျရင်လည်း ကုန်သွားတာပါပဲ။ ဘာမှမလုပ်ရင်တော့ အကောင်းဆုံးပဲပေါ့။

သီချင်းရေးတဲ့အခါမှာလည်း ရေးပြီးရင် ကိုယ်ပြောချင်တာကို ဖော်ပြနိုင်လား မဖော်ပြနိုင်လား ပြန်စစ်ကြည့်တာတွေရှိလား။
ရှိတယ်။ ကျွန်တော် ဒုတိယအခွေထဲမှာ (ထွက်တော့ မထွက်သေးဘူးပေါ့) ။ အဲ့အခွေထဲက သီချင်းဆိုရင် အမေနဲ့ ပတ်သက်တဲ့သီချင်းရေးတာ၂၀၁၈ ကမှပြီးတယ်။ ဒဏ်ရာရရင် ချက်ချင်းမကျက်သလိုပေါ့။ အမာရွတ်ဖြစ်သွားမှ ဒါနဲ့ ပတ်သက်တဲ့ ဆိုးကျိုးကောင်းကျိုးကို ပြန်သုံးသပ်နိုင်တာပေါ့။ အတွေ့အကြုံပိုထွက်တယ်။ အချိန်နည်းနည်းကြာတော့မှ သီချင်းကို ပြန်ပြီး သုံးသပ်ဖြစ်တယ်။

သီချင်းရေးတဲ့အခါမှာ အရင်က ရေးတဲ့ပုံစံနဲ့ အခုနောက်ပိုင်း သီချင်းရေးတဲ့ပုံစံ ဘယ်လိုတွေကွာခြားမှုရှိလာလဲ။
အမေဆုံးတဲ့အချိန်မှာရေးတဲ့ သီချင်းက ထူးခြားတယ်။ မိဘမေတ္တာဘွဲ့တွေရေးရတာ ကျွန်တော့်အတွက် ပိုခက်ခဲတယ်။ ပိုကြာတယ်။ ဘဝအကြောင်းရေးတာ အဲ့လောက်မကြာဘူး။ အချစ်အကြောင်းဆိုရင်တော့ ချက်ချင်းထွက်တယ်။ ဒါပေမယ့် အခုကျတော့ အချစ်သီချင်းဆိုရင် မထွက်တော့ဘူး။ ဘဝအကြောင်းထွက်တယ်။ မိဘနဲ့ ပတ်သက်တဲ့ မေတ္တာတရားအကြောင်းတွေထွက်တယ်။

ဟန်နေတာက ဒီအလုပ်ကိုပဲ လုပ်မယ်လို့ ဆုံးဖြတ်ထားတာထင်တယ်။ ကြားထဲမှာလည်း ဘာမှမလုပ်ခဲ့ဘူးဆိုတော့ Clear As Real ဆိုသလို ကိုယ့်ရဲ့ ရည်မှန်းချက်ကိုပဲတစိုက်မတ်မတ် သွားနေတယ်လို့ပြောလို့ရလား။
ဟုတ်တယ်။ ဒါပေမယ့် ခြေကုပ်ဖို့အတွက် တခြားအလုပ်တွေ အများကြီးလုပ်ခဲ့ဖူးတယ်။ Decoration မျက်နှာကျက်ကပ်တာတွေ၊ CCTV Camera ဆင်တာတွေ လုပ်ခဲ့ဖူးတယ်။ တောက်တိုမယ်ရလုပ်ခဲ့ဖူးတာတွေလည်း အများကြီးရှိခဲ့တယ်။ အိမ်က အဲ့ဒါလုပ်မယ်ဆို ပြန်မလာနဲ့ ဆိုတော့ ဘယ်သူမှ အားကိုးလို့မရဘူး။ ကိုယ့်ဟာကိုယ်ပဲ အားကိုးနေရတယ်။ အဲ့တုန်းက အခုနဲ့ မတူဘူးပေါ့။ ကျွန်တော့် စိတ်ကို လွှတ်ပေးတာဆိုတော့ မသိစိတ်ထဲမှာတော့ Music လမ်းကြောင်းကို လျှောက်နေတာ ဟုတ်ရော ဟုတ်ရဲ့လားဆိုတဲ့ သံသယစိတ်တော့ ရှိခဲ့တယ် ။ သူကလည်း Drug လိုပဲ အရမ်းရူးသွပ်စေတယ်။ ထွက်လို့မရဘူး။ ပြင်းထန်လေလေထွက်လို့ မရလေလေဆိုတာကြောင့် ကျွန်တော်ထွက်လို့မရတော့တာပေါ့။

ကိုယ့်ကို ဝေဖန်တဲ့သူ တိုက်ခိုက်တဲ့သူတွေကို အောင်မြင်လာတဲ့အချိန်ကျရင် ပြန်ကလဲ့စားချေမယ်ဆိုတဲ့ စိတ်ရောရှိလား။
အဲ့လိုတော့ မရှိပါဘူး။ ငယ်ငယ်တုန်းကတော့ အဲ့လိုရှိတာပေါ့။ ကျွန်တော့်ရဲ့ အရင်က Bass သမားအဟောင်းပြောဖူးတယ်။ သူ့နာမည် မိုးဝေလို့ ခေါ်ပါတယ်။ သူက ဘဲကြီး ခင်ဗျားတစ်ခုခုခံစားနေရရင် မချေနဲ့၊ ကိုယ့်အစား လောကကြီးက ချေပေးသွားလိမ့်မယ်တဲ့။ ကိုယ့်ကို မနာလိုတဲ့သူပဲ ဖြစ်နေ ဖြစ်နေ၊ တိုက်ခိုက်တဲ့ သူပဲ ဖြစ်နေဖြစ်နေ ကျွန်တော်က ဘာမှမတုံ့ပြန်ဘူး။ ကျွန်တော်မတုံ့ပြန်လည်း လောကကြီးက သူ့ဘာသာသူတုံ့ပြန်သွားတာလို့ ထင်တယ်။ ကျွန်တော်အများကြီး တွေ့လာရတယ်။ ကျွန်တော့အစား တုံ့ပြန်မယ့်သူ တစ်ယောက်ပေါ်လာတယ်။

တကယ်လို့ ဟန်နေတာက ကမ္ဘာပေါ်မှာမရှိတော့ဘူးဆိုရင် လူ့လောက က လူတွေက ဟန်နေတာကို ဘယ်လိုပုံစံမျိုးနဲ့ မှတ်မိစေချင်လဲ။
ကျွန်တော်မရှိတော့ဘူးဆိုရင် ကျန်ခဲ့မှာကတော့ ကျွန်တော်ဖန်တီးထားတဲ့ သီချင်းတွေပဲပေါ့။ သီချင်းတွေ ပုံဖော် ရူးသွပ်နေတာတွေကို ချပြမယ်။ ကျွန်တော်ပန်းချီလည်း ဝါသနာပါတယ်ဆိုတော့ ပန်းချီဘက်လည်း ရောက်ရင်ရောက်သွားမှာပေါ့။ ကျွန်တော်လုပ်နိုင်သလောက်တော့ ချန်ခဲ့ပါမယ်လို့။



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.