People   |   Posted on Aug 1, 2016 by Tun Lin

THE MARIONETTE အဖြူရောင်များနှင့်တိုင်းထွာခြင်း


စာသားတွေအားလုံးက ကျွန်တော့်ဘ၀နဲ့သက်ဆိုင်တဲ့စာသားတွေပါ။ ကိုယ်တွေ့တွေချည်းပဲ ရေးဖြစ်ခဲ့တာ။

Share this article

THE MARIONETTE ရဲ့ အဖြူရောင်များနှင့်တိုင်းထွာခြင်း ခွေဟာ ၂၀၁၆ အတွင်းမှာ စိတ်ဝင်စားစရာမြူးဇစ်စတိုင်လ်နဲ့ထွက်လာခဲ့တယ်။ Physical ခွေလုပ်ထားတာကိုက ရိုးရိုးကလေး၊ ကာဗာစာရွက်ရယ်၊ စတေကာရယ်၊ ခွေရယ် ဒါပဲ။ သီချင်းခေါင်းစဉ်တွေတော့ပါတယ်။ သီချင်းစာသားလည်းမပါဘူး။ ဘယ်သူရေးတယ် ဘာညာလည်းမပါဘူး။ ဘယ်နေရာမှာ အသံသွင်းတယ်။ ဘယ်နေရာမှာMixing & Mastering လုပ်တယ်ဆိုတာလည်း ထည့်မထားဘူး။ Myanmar Music Network ကနေဖြန့်ထားတယ်။ တစ်ခွေ ၁၅၀၀ တဲ့။ ၀ယ်ပျော်တာပေါ့။ သူတို့က အွန်လိုင်းပေါ်မှာလည်း ဖရီးဒေါင်းလင့်တွေကို သူတို့ကိုယ်တိုင် Share ပေးတယ်။ အံသြစရာကောင်းလောက်အောင် ထွက်ပြီးပြီးချင်းမှာပဲ မထင်မှတ်လောက် ရော့ခ်ပရိသတ်တွေကြားထဲ အပြောများစရာဖြစ်လာခဲ့တယ်။ ဒါဟာ ကိုမိုနိုလေးတို့ ကိုကျားပေါက် (Big Bag)တို့ရဲ့ မှတ်ချက်တွေကြောင့်လည်း အများကြီးပါပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကိုက အဲဒါကြောင့် ၀ယ်နားထောင်ဖြစ်ခဲ့တာ။ သူတို့ကိုယ်တိုင်ကိုကလည်း ဒါကို ၀န်ခံတယ်။ ကျေးဇူးလည်းတင်ကြတယ်။ သူတို့မြူးဇစ်စတိုင်လ်က ရော့ခ်ခေါင်းစဉ်အောက်မှာပဲ။ လူတွေကတော့ အင်ဒီးရော့ခ်လို့သတ်မှတ်ပေးထားကြတယ်။ ဒါပေမဲ့ သူတို့က ခေါင်းစဉ်တပ်မထားဘူးလို့ပြောတယ်။ ၀မ်းသာစရာတစ်ခုက ကျွန်တော်တို့နိုင်ငံရဲ့ မြူးဇစ်တွေထဲမှာ စတိုလ်တစ်မျိုးနဲ့ အမျိုးအစားတစ်ခုကို ထပ်ပြီး ယူဆောင်ပေးနိုင်လာကြတာပဲ။ အေးအေးဆေးဆေးနဲ့ မျောနေတဲ့ သီချင်းပုံစံလေးတွေဖြစ်တယ်။ ဧပြီ(၁)ရက်နေ့မှာ ခွေထွက်တယ်။ သူတို့ သင်္ကြန်ရှိုးဆိုရတယ်။ ပြီးတော့ မေလ ၆ ရက်နေ့က ပြင်သစ်ယဉ်ကျေးမှုဌါနမှာ လုပ်တဲ့ French(Love) Friday ပွဲမှာလည်း Big Bag နဲ့အတူဖျော်ဖြေခွင့်ရခဲ့တယ်။ သေချာတာက ဒီတစ်ခွေတည်းနဲ့ သူတို့ရဲ့ အမာခံပရိသတ်တွေကို ရှာတွေ့သွားတာပဲ။ The Marionette Band မှာ Band member ၅ ယောက်ရှိပါတယ်။ ခုလက်ရှိမှာ သူတို့ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ကို စ Run နေပြီဖြစ်တယ်။ ဒီအင်တာဗျူးကို The Marionette ရဲ့ Vocalist ဖြစ်တဲ့ ကိုစည်သူနဲ့တွေ့ဆုံပြီးမေးထားပါတယ်။(ယခုအင်တာဗျူးကို ၂၀၁၆ ခုနှစ်၊ ဇွန်လထုတ် MODA မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။)

 

 

ဒီခွေထဲမှာ သီချင်းတွေအားလုံး အစ်ကိုတစ်ယောက်တည်းရေးထားတာနော်။
ဟုတ်တယ်။ ကျွန်တော်ပဲရေးထားတာ။ ဒါပေမဲ့ ဒီ Title ဖြစ်တဲ့ “အဖြူရောင်များနှင့်တိုင်းထွာခြင်း” ကိုကျတော့ Mandalay FM ကျွန်တော့်သူငယ်ချင်း ကျော်စွာက ရေးထားတာ။ ကျွန်တော့်စာသား တစ်ချို့တစ်ဝက်တော့ပါတာပေါ့နော်။

အစ်ကိုတို့ Band က အခက်အခဲကြားထဲကနေ ထွက်လာတာဆိုတော့ ဘယ်လိုအခက်အခဲတွေကြုံခဲ့လဲ။
ကျွန်တော်တို့အခက်အခဲကတော့ ရှင်းရှင်းပြောရရင် ငွေကတော့ ရှိတယ်ဗျ။ ဒါပေမဲ့ မလုပ်သင့်ဘူး ထင်တဲ့ ဥစ္စာတွေကို ကျွန်တော်တို့မလုပ်တော့တာဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ တခြားကိစ္စတွေအားစိုက်ထားတာတွေအများကြီးရှိတယ်။ မြူးဇစ်နဲ့ပတ်သက်ပြီး Arrange ပိုင်းတွေမှာ အားစိုက်ထားတာအများကြီးရှိတယ်။ Home Studio ဖြစ်တဲ့ ကျွန်တော့် Studio မှာပဲကျွန်တော်တို့တီးတယ်။ အဲလိုတီးတော့ အခက်အခဲကတော့ တော်တော်လေးများတယ်။ ငွေရေးကြေးအခက်အခဲသိပ်မရှိဘူးဆိုပေမဲ့ နည်းနည်းပါးပါးတော့ပါပါတယ်။ တခြားအခက်အခဲဖြစ်တဲ့ Recording ဆိုဖို့အဆင်မပြေတာတို့၊ တခြား အသံ Noise တွေပါတာတို့ပေါ့။ ငွေက ရှိတယ်ဆိုပေမဲ့ ကွက်တိပဲရှိတယ်။ စာနယ်ဇင်းရှင်းလင်းပွဲလုပ်ဖို့လိုတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘတ်ဂျက်လျှော့ဖို့ကိစ္စတွေဖြစ်လာတယ်။ ဘာတွေလျှော့လို့ရမလဲပေါ့။ အဲလို လျှော့ရင်းလျှော့ရင်းနဲ့ ဘာမှမရှိတော့ဘူး။ အကုန်လုံးကုန်သွားတယ်။ ဒါတွေက လုပ်ရမယ့် ကိစ္စတွေပါ။ အမှန်တော့ ကျွန်တော်တို့ ၂၀၁၆ ဇန်န၀ါရီ ထွက်မယ်လုပ်ကြတာပေါ့။ ပထမက ၂၀၁၅၊ ၈ လပိုင်းထွက်ဖို့လုပ်တာ။ ရေဘေးနဲ့တိုးတော့ အဲဒါကို နောက်ဆုတ်လိုက်တာ။ ၁ လပိုင်းရွေ့တော့ အဲဒီအချိန်မှာ ငွေကကြပ်သွားတယ်။ မြူးဇစ်ပိုင်းမှာလည်း တစ်ချို့ဟာတွေမပြီးသေးတာလည်း ပါတယ်။ ဒါနဲ့ လေးလပိုင်း ၁ ရက်နေ့ထွက်ဖြစ်အောင်ရက်သတ်ပြီးတော့လုပ်ကြတယ်။ အခက်အခဲက အဲဒီမှာ စဖြစ်တာ။ ၅ ရက်၊ ၆ ရက်အလိုမှာ ကျွန်တော်တို့ အပြီးလုပ်မယ်ဆုံးဖြတ်ပြီးလုပ်ကြတယ်။ အားလုံးဖြန့်ပြီး သူ့တာဝန်ကိုယ့်တာဝန်လုပ်ကြတယ်။ Mixing နဲ့ Mastering တွေက ကျွန်တော်ဆွဲလို့မပြီးသေးဘူး။ အေးဆေးပဲဆွဲနေတာ။ အခက်အခဲတွေက အဲဒါတွေဖြစ်သွားတာ။ ပထမက မျောနေသေးတယ်။ မထုတ်တော့ဘူး။ သင်္ကြန်ပြီးတော့မှပဲ ထွက်ဖြစ်မယ်ဘာညာနဲ့။ ၀ုန်းဒိုင်းကောက်လုပ်မယ်ဆိုပြီးတော့ဖြစ်သွားတာပေါ့။

 မြူးဇစ်အမျိုးအစားကိုရော အစ်ကိုတို့ဘက်က ဘယ်လိုသတ်မှတ်ပေးလိုက်တာလဲ။
ကျွန်တော်တို့က ဖီးလ်ဖြစ်တဲ့ သီချင်းတွေအားလုံးတီးမှာပဲ။ ခံယူထားတာလည်းမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ မျောလွင့်နေတဲ့ပုံစံလေးတွေကြိုက်တယ်။ မျောလွင့်နေတယ်ဆိုတာ သီချင်းအမျောတွေကို ပြောတာမဟုတ်ဘူး။ ကျွန်တော့်စိတ်ထဲပေါက်ကွဲနေရင် ပေါက်ကွဲတဲ့သီချင်းတီးမှာပဲ။ Pattern တွေကလည်းအများကြီးပါမှာပဲ။ အင်ဒီးရော့ခ်ဆိုတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ချို့အပုဒ်တွေက ကျွန်တော်တို့သုံးထားတဲ့ကာလာတွေက အင်ဒီးအရမ်းဆန်တယ်။ သတ်မှတ်ထားတာမျိုးတော့မရှိပါဘူး။ ခေါင်းစဉ်တပ်မယ်ဆိုရင်တော့ ရော့ခ်ခေါင်းစဉ်အောက်မှာပါပဲ။

Music Arrangement ပိုင်းကိုတော့ ကျွန်တော်အရမ်းကြိုက်တယ်။ Vocal သံမပါဘဲ Instrumental only ချည်းပဲတော်တော်မိုက်တာတွေ့တယ်။
ကျွန်တော်လည်း အဲလိုခံစားရပါတယ်။ နည်းနည်းလေး ဆန်းသွားတယ်။ ဆန်းသွားတယ်ဆိုတာကလည်း တစ်ယောက်တစ်မျိုးရှာကြတဲ့ အလုံးတွေကြောင့်ပါ။

အစ်ကိုတို့ ခွေထွက်ပြီး တစ်ပါတ်၊ နှစ်ပါတ်လောက်အတွင်းမှာကိုပဲ အရမ်းကိုပဲပေါက်သွားတော့ အဲဒီအနေအထားကို ဘယ်လိုသုံးသပ်မိလဲ။
မခန့်မှန်းထားဘူး။ ဒီကာလအတွင်းမှာ ဒီလိုဖြစ်သွားတယ်ဆိုတာ ဖီးလ်တော့ဖြစ်တယ်ဗျာ။ အဓိကကတော့ ကိုကျားနဲ့ ကိုမိုနိုလေးပေါ့။ ကိုကျားရဲ့ ဖန်တွေ တစ်ဝက်လောက်က ကျွန်တော့်ဆီရောက်လာတယ်။ ကိုကျားနဲ့တွဲတီးရမယ်ဆိုတာမျိုး ကျွန်တော်မတွေးဖူးဘူး။ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာထက် ကျွန်တော်တို့ မှန်းထားထက် အတိုင်းအတာထက် အများကြီးကို ပိုဖြစ်သွားတယ်။ ကျွန်တော်တို့ တကယ်မှန်းထားတာက ငါတို့ခွေက တစ်နှစ်လောက်တော့ကြာမှာပဲ။ တစ်နှစ်လောက်ကြာသွားလို့ရှိရင် ငါတို့ရှိုးတွေရတော့မယ်ပေါ့။ ဒါပေမဲ့ အခုလို ၀ုန်းဒိုင်းထဖြစ်တော့ ရှိုးတက်ရမယ်ဖြစ်လာတယ်။ မထင်ထားဘူး။ ကျွန်တော်တို့ သီချင်းတွေတိုက်မထားဘူး။ ကိုယ့်ဘာသာ အေးဆေးပဲ။ ငါတို့ခွေထွက်သွားပြီပျော်တယ်။ အဲလိုနေကြတာ။ အဓိကခွေထွက်ချင်တာနံပတ်တစ်လေ။ အဲဒီမှာ သီချင်းတွေအကုန်လိုက်တိုက်ရရော။ ဆိုလိုက်တိုက်လိုက်နဲ့ အသံတွေဝင်။ အခက်အခဲက အဲလိုတော့ဖြစ်တယ်။ ဒါပေမဲ့ ပျော်နေတဲ့အပျော်တွေက ဖုံးနေတယ်။

ခွေထွက်ပြီး ပြီးချင်းမှာပဲ ရှိုးဆိုရတယ်ဆိုတော့ အဲဒီအခြေအနေကိုလည်းပြောပြပါပြီး။
ဧပြီလ ၁ ရက်နေ့ ခွေထုတ်တာ ကျွန်တော်တို့ သင်္ကြန်ရှိုးလည်းလိုချင်တယ်။ ဒါပေမဲ့ သင်္ကြန်ရှိုးက ရမလိုလို မရမလိုလိုဖြစ်တယ်။ ကိုကာကိုလာနဲ့ MRTV-4 ပေါင်းလုပ်တဲ့ မဏ္ဍပ်ပေါ့။ အဲဒီမှာ ကျွန်တော်အရမ်းဆိုချင်တယ်။ ဆိုချင်တယ်ဆိုတာ Live Broadcasting ပါချင်လို့ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ Broadcasting မပါလိုက်ရဘူး။ ကျွန်တော်တို့ ပွဲရတာကအရမ်းကပ်သွားတယ်။ ပွဲရတာက ကိုကျား(ကျားပေါက်)ကျေးဇူးတွေလည်းပါတယ်။ ပြီးတော့ MRTV-4 က ကျွန်တော့်ဆရာတွေ ကျေးဇူးတွေလည်း ပါပါတယ်။

France Institute မှာ လုပ်ခဲ့တဲ့ ပွဲက အတွေ့အကြုံလေးတွေ နည်းနည်းလောက်ပြောပြပါဦး။
အဲဒီပွဲမှာ ကျွန်တော့်တို့ ဖန်တွေလာမယ်ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမဲ့ ဒီလောက်များမယ်မထင်ဘူး။ ကိုကျားဖန်တွေပါပဲ။ ကျွန်တော်ပြောခဲ့သလိုပဲ။ ကိုကျားရဲ့ ဖန်တွေတစ်ဝက်လောက်က ကျွန်တော့်တို့ဖန်တွေဖြစ်သွားတယ်ဆိုတာ။ တစ်ချို့ဆို မုံရွာကလာကြည့်တဲ့သူတွေတောင်ရှိတယ်။ ကျွန်တော်ကမေးတယ်။ ဒီမှာ အလုပ်ရလို့လားပေါ့။ မဟုတ်ဘူးတဲ့။ ပြီးရင်ပြန်မှာတဲ့။ ဟာ လို့။ ကျွန်တော်တောင် ပါးစပ်အဟောင်းသားနဲ့ လန့်သွားတယ်။ ပျော်တယ်ဆိုတာထက်ကို ဘယ်လိုပြောရမယ်မှန်းမသိဘူး။ ကျွန်တော်သီချင်းဆိုတဲ့အချိန် အောက်ကလိုက်ဆိုကြတယ်။ ကျွန်တော်က တီးနေရင်းဆိုနေရင်းနဲ့ မီးအရှိန်တွေရောပေါ့၊ နားကလည်း အူလာတော့ ငါနားကြားမှားတာလည်းဖြစ်လောက်မှာပါလို့ထင်တယ်။ ဆိုနေရင်းနဲ့ တစ်ချို့နေရာတွေလွှတ်ပေးကြည့်လိုက်တယ်။ ဟာ တကယ်ကြီးဟ ဆိုပြီး ကျွန်တော်အရမ်းဖီလင်ဖြစ်တယ်။ အောက်ကိုလည်း ကျွန်တော်မကြည့်ရဲဘူး။ ဒါပေမဲ့ တစ်ချက်တစ်ချက်ကြည့်မိတယ်။ သူတို့တွေ ကျွန်တော်မျောစေချင်တဲ့ ပုံစံအတိုင်းမျောနေကြတာ။ ကျွန်တော်အရမ်းပျော်တယ်။

ခွေထဲမှာ သီချင်းစာသားတွေ ဘာလို့မထည့်ခဲ့တာလဲ။
တမင်သက်သက်မထည့်တာ။ ကော့ဒ်ထည့်ဖို့ဆိုတာ ပိုဝေးတယ်။ ကျွန်တော်တို့အဓိကပေးချင်တာက ကျွန်တော့်ဖီးလ်ပေါ့နော်။ ကျွန်တော်သီချင်းတစ်ပုဒ်နားထောင်ပြီဆိုလို့ရှိရင် ကျွန်တော်အဲဒီသီချင်းကို မရရအောင်လိုက်ရှာတယ်။ ကျွန်တော်က အဲလိုဖီးလင်ကို ကြိုက်တယ်။ ကျွန်တော့်အခွေကိုလည်း ကျွန်တော်အဲလိုဖြစ်စေချင်တဲ့အတွက်ပါ။ ပြီးတော့ ကျွန်တော်တို့ ပေ့ခ်ျမှာတင်တယ်။ ကျွန်တော် တို့ ပေ့ခ်ျကို ရောက်လာစေချင်တာလည်းပါတယ်။

သီချင်းတွေထဲမှာ စာသားတစ်ချို့ဆို ဘာဆိုလိုက်တာလဲဆိုတာကို သဲသဲကွဲကွဲနားမလည်တာမျိုးဖြစ်ကြတယ်။ အဲဒါစတိုင်လ်တစ်မျိုးလား။ တခြားသူတွေကရော ပြောကြလား။
နားမလည်အောင်ဆိုထားတာတော့ မဟုတ်ပါဘူး။ တခြားသူတွေက မပြောဘူး။ ဒီဟာ ဘာဆိုထားတာလဲမမေးဘူး။ တစ်ချို့က သူတို့ နားလည်သလို သူတို့စိတ်ထဲမှာ ရှိတာကို တင်တယ်။ ဒါပေမဲ့ ကျွန်တော်ဝင်မပြောဘူး။ ကျွန်တော့်သူငယ်ချင်းတွေဆိုလည်း ကျွန်တော့်ပြန်မမေးကြဘူး။ သူတို့ဟာနဲ့သူတို့ တီးကြဆိုကြဟုတ်နေတာပဲ။ ကျွန်တော်ကတော့ ဒါကိုစတိုင်လ်လုပ်ဆိုတာမဟုတ်ဘူး။ ကျွန်တော်ဆိုဖူးသွားတဲ့ ဥစ္စာတစ်ခုရှိတယ်ဗျာ။ ကျွန်တော်ရီကောဒင်းသွင်းတာက ဒီနေ့ ဒီတစ်ပုဒ်အပြီးသွင်းမယ်ဆိုပြီးသွင်းတာမဟုတ်ဘူး။ အိမ်မှာသွင်းတာဆိုတာတော့ ဒီနေရာမကြိုက်ဘူးဆိုရင် နောက်တစ်နေ့ အဲဒီနေရာ ထပ်ဆိုရင်ဆိုတယ်။ ဟိုးအရင်က mood နဲ့ အခု mood ကွဲသွားတာရှိတယ်။ အဲဒီမှာ စာသားစကားလုံးမပီတာမျိုးတွေဖြစ်သွားတယ်။ အရမ်းကြီးလည်းမဟုတ်ပါဘူး။ သီချင်းစာအုပ်ထည့်ပေးလိုက်တော့ ဒါအဆင်ပြေသွားမယ့် ကိစ္စ။ ကျွန်တော်ကိုယ်တိုင်ကလည်း တစ်ချို့ဟာတွေ စကားမပီတာတွေရှိပါတယ်။ စတိုင်လ်တော့မဟုတ်ပါဘူး။

သီချင်းစာသားပိုင်းမှာဆိုလည်း အရမ်းမော်ဒန်ဖြစ်ပြီး အရေးစကေးကောင်းတာကိုတွေ့ရတယ်။
ကျွန်တော်က စာသိပ်မဖတ်ဘူး။ စာဖတ်ပျင်းတယ်။ ရုပ်ရှင်တွေပဲကြည့်တာများတယ်။ ကျွန်တော်ဒီမှာ ရေးထားတဲ့ ဥစ္စာတွေက မြင်ဆရာတွေတော့ရှိတယ်။ ကဗျာတွေလည်း မဖတ်ဖြစ်ပါဘူး။ ဒီမှာပါတဲ့ စာသားတွေအားလုံးက ကျွန်တော့် ဘ၀နဲ့သက်ဆိုင်တဲ့စာသားတွေပါ။ ကိုယ်တွေ့တွေချည်းပဲ ရေးဖြစ်ခဲ့တာ။ တချို့ကလည်း ပြောကြတယ်။ မော်ဒန်ဆန်တယ်ပေါ့။ ဒါပေမဲ့ မော်ဒန်ဆန်တယ်ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်က ကဗျာမဖတ်တော့ မော်ဒန်ဆန်လား မဆန်လားလည်းမသိဘူးလေ။ စာသားတွေက အဆက်အစပ်မရှိဘဲ အပြတ်ပြတ်တွေလည်းပါတယ်။ ကျွန်တော် လွတ်လွတ်လပ်လပ်ပဲရေးထားတာ။ ကဗျာဖြစ်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်ကဗျာရဲ့ စည်းမျဉ်းစည်းကမ်းကိုမသိဘူး။ သူတို့မှာလည်း သူတို့ Pattern တွေနဲ့သူတို့ရှိမှာပဲလေ။ အဲဒါတွေကျွန်တော်မသိဘူး။

ဒီခွေမှာရော နိုင်ငံခြားဖြစ်စေ၊ ပြည်တွင်းပဲဖြစ်စေ Band တစ်ခုခုရဲ့ လွှမ်းမိုးတာတွေပါလား။
ပါတယ်။ လွှမ်းမိုးမှုဆိုတာက ကျွန်တော်က သီချင်းတစ်မျိုးနားထောင်တယ်ဗျ။ Panic At The Disco ဆိုတဲ့ Band သူတို့ကို ကျွန်တော်အရမ်းကြိုက်တယ်။ သူတို့နဲ့တူတှဲု့အနာ လေးတွေယူတာမဟုတ်ဘူး။ သူတို့သီချင်းကို ကျွန်တော်ခံစားကြည့်တာ။ ခံစားကြည့်လို့ရတဲ့ ဥစ္စာမျိုးပဲ ကျွန်တော်လုပ်တာ။ ဒါပေမဲ့ ကျွန်တော်တို့လုပ်ထားတာ တစ်ပုဒ်မှ သူတို့နဲ့မတူဘူး။ သူတို့လုပ်တဲ့ Arrange တွေအရမ်းမိုက်တယ်။ သူတို့တီးတာက လိုအပ်တဲ့ နေရာတွေပဲ လိုက်ဖြည့်တာ။ ကျွန်တော်တို့လည်း လိုအပ်တဲ့ နေရာတွေလိုက်ဖြည့်တယ်။ Solo ဆိုပြီးတော့ သီးသန့်ကြီး ကျွန်တော်တို့မှာ မရှိဘူး။ မတီးနိုင်လို့တော့ မဟုတ်ဘူး။ တီးနိုင်တယ်။ မတီးဘူး။ ဘာလို့လဲဆိုတော့ မလိုအပ်ဘူးထင်လို့။

ခွေ Title ပေးဖြစ်ပုံအကြောင်းလေးကိုလည်း ပြောပေးပါဦး။
ခွေနာမည်ပေးမယ်ဆိုရင် ဒီလိုမျိုး ရှည်တဲ့နာမည်ပေးတာ နည်းတယ်။ မရှိကြဘူး။ အဲဒီသီချင်းကို ရေးတာက ကျော်စွာရေးတာ။ ပထမအစတုန်းက အဲဒီသီချင်းနာမည်က “အတူတူပျံ” ဆိုပြီးတော့ ပေးထားတာ။ နောက်တော့မှာ ဒီနာမည်ပေးတာပေါ့။ ဒါပေမဲ့ ကိုယ့်ဘာသာကြိုက်လို့ ပေးထားတာ။ အဲဒီစကားရဲ့ နက်နဲတဲ့ အဓိပ္ပာယ်ကိုယ်တိုင်တောင် သိပ်မသိသေးဘူး။ အဲဒီကြားထဲမှာ ကျွန်တော် တီဗီချန်နယ်တစ်ခုမှာ ကြည့်လိုက်ရတယ်။ ဘဘဗိုလ်ကလေးတင့်အောင်ပြောခဲ့တဲ့စကားပေါ့နော်။ နှလုံးသားဖြူစင်မှ ကိုယ်ဖန်တီးတဲ့အရာတွေအားလုံးကို အရောင်ခြယ်နိုင်ဖို့။ ကျွန်တော်အရမ်းကြိုက်သွားတယ်။ ငါလိုချင်တာ ဒါပါလားလို့ သိသွားတယ်။ အဲဒီမှာ အဲဒီနာမည်လုံးဝမပြောင်းတော့ဘူး ဆိုပြီး Title ပါဖြစ်သွားတာ။

ပထမက အစ်ကိုတို့ ရုပ်သေးရုပ်ဆိုတဲ့နာမည်နဲ့ Band လုပ်ခဲ့တယ်။ ဘာကြောင့်နာမည်ပြောင်းလိုက်ကြတာလဲ။
ရုပ်သေးရုပ်ဆိုတဲ့ စကားလုံးကိုကြိုက်တယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအရုပ်က အရမ်း Classic ဖြစ်တယ်။ တစ်မျိုးပြောရရင် သူက analog အရုပ်ဖြစ်တယ်။ လူကလုပ်မှ သူက လှုပ်ရှားတယ်။ အဲဒါလေးကို ကျွန်တော်က နဂိုကတည်းကကြိုက်တယ်။ ပြီးတော့ နောက်တစ်ခုက ကျွန်တော်တို့ ဘ၀တွေကိုယ်တိုင်ကိုက ကြိုးဆွဲခံနေရတယ်။ ကျွန်တော့်မှာ အရင်က ရုပ်သေးရုပ်ဆိုတဲ့ Band ရှိတယ်။ ပျက်သွားတယ်။ နောက်တော့ပြန်ပေါင်းဖြစ်တယ်။ ပြန်ပေါင်းတော့ Band နာမည်အသစ်ထပ်စဉ်းစားကြတယ်။ အင်္ဂလိပ်လိုပေးမယ်ဆိုပြီး စဉ်းစားကြတယ်။ ပထမက Puppet ဆိုပြီးပေးကြသေးတယ်။ ရိုးတယ်ဆိုပြီး မကြိုက်ကြဘူး။The Marionette (သမယ်ရီယိုနက်ထ်)ကလည်း ခေါ်ရတာခက်ပါတယ်။ အဓိကက ဒီသီချင်းကြိုက်ရင် ဒီသီချင်းမှာ စီးမျောမယ်။ စီးမျောလို့ရှိရင် ဒီသီချင်းက ဘယ်ကလာလဲလိုက်ကြည့်မှာ။ ဘယ်လောက်ခက်ခက် သူအသံထွက်လိုက်ရှာမှာ။ အဲဒီအတွက် ကျွန်တော်သိပ်ပြီးစိတ်မပူဘူး။ အဲဒီနာမည်ကို ကျွန်တော်တို့ မန်နေဂျာ မုန်းမုန်းနိုင်၊ ­သူနဲ့တိုင်ပင်ပြီးတော့ ငါတို့ကို နာမည်ရွေးပေးဦး၊ ငါဒါတော့ တွေ့ထားတယ်ပေါ့နော်။ မယ်ရီယိုးနက်ဆိုတာက အရမ်းရှေးကျတဲ့အရုပ် ရုပ်သေးရဲ့ အစလို့တောင်ပြောလို့ရတယ်။ ဒါနဲ့ အဲဒီနာမည်ပေးဖြစ်သွားတယ်။ ကျွန်တော်တို့ရဲ့ ရုပ်သေးရုပ် Theme ကိုလည်း လုံးဝကွက်တိရောက်တယ်။

ခွေဈေးနှုန်းကို ၁၅၀၀ ဆိုတဲ့အတိုင်းအတာကို ဘယ်လိုသတ်မှတ်လိုက်ကြတာလဲ။
၁၀၀၀၊ ၁၉၀၀ ၊ ၂၀၀၀၊ ၂၀၀၀ ကျော် ရောင်းကြတယ်ပေါ့။ ဖြန့်ချိရေးပိုင်းနဲ့ ပြန်တွက်မယ်ဆိုရင် ကျွန်တော်တို့ ၁၀၀၀ ပဲပြန်ရတယ်။ သိတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် အခွေရောက်သွားရင်ပြီးရော ဆိုပြီးတော့ လုပ်ကြတာ။ ၁၈၀၀ နဲ့ရောင်းမယ်ဆိုရင်လည်း Percentage က ပိုပေးရမယ်။ ၂၀၀၀ နဲ့အထက်ရောင်းမှ ကျွန်တော်တို့ဘက်က Percentage လျှော့ပေးရတာ။ စထွက်တဲ့ သူတစ်ယောက်အနေနဲ့ ၂၀၀၀ အထက်ကျတော့ မရောင်းသင့်ဘူးလို့ ကျွန်တော်ထင်တာပဲ။ စီးပွားဖြစ်တော့ မတွက်ဖြစ်ပါဘူး။ ကျွန်တော်တို့လည်း ဖီးလ်ဖြစ်လို့လုပ်ထားတာပဲ။

ဒုတိယခွေနဲ့ပတ်သက်ပြီး မြူးဇစ်အမျိုးအစားအပြောင်းအလဲလုပ်သွားဖို့ရှိလား။ သီချင်းတွေကရော ရယ်ဒီရှိပြီးသားလား။
သီချင်းတွေက ရှိပါတယ်။ ဒုတိယခွေ ကျွန်တော်တို့ Run နေပါပြီ။ စတူဒီယိုကလည်း ပင်လယ်စတူဒီယိုကနေ ဂျူတီ ၃၀ ကနေ ၅၀ အဲလိုမျိုး Free ပေးထားပါတယ်။ သီချင်းပုံစံကတော့ သိပ်ပြောင်းသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျိန်းသေပေါက်ပြောင်းသွားမှာ တစ်ခုတော့ရှိတယ်။ ဘာလဲဆိုတော့ ကျွန်တော်တို့ Band လူစုံတက်စုံအားလုံးစုပြီးတကယ်တီးကြတော့မယ်။ ပါဝါအပြည့်နဲ့လုပ်ထားတဲ့ အားတွေပါလာမယ်။ အယူအဆတွေလည်း ပြောင်းရင်ပြောင်းမယ်။ အဲဒီအတွက် ကျွန်တော်လည်း ရင်ခုန်တယ်။ သီချင်းအိအိလေးတွေဘက် ပိုရောက်မယ်ထင်တယ်။ သီချင်းတွေက ရယ်ဒီရှိတယ်။ နောက် ၂ ခွေစာလောက်အထိကို ရှိတယ်။

 

အောင်လင်းသစ်

 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.