Art & Books   |   Posted on Oct 9, 2017 by Moe Thandar Lwin

သူတို့နဲ့အတူ လုပ်ငန်းခွင်ဝင်ပါ


ဒါတွေမပါပဲ အလုပ်သွားဖို့ မစဉ်းစားပါနဲ့

Share this article

“အလုပ်ကလည်း ကောင်း၊ လစာကလည်း ကောင်း နင်ဘာပူစရာရှိနေသေးလဲလို့” အမေးခံဖူးကြလားနော်။ တကယ်တော့ အလုပ်ဘယ်လောက်ကောင်းကောင်း၊ လစာဘယ်လောက်ကောင်းကောင်း ပူစရာက ရှိကိုရှိနေပါသေးတယ်။ ဒါကတော့ သင်ကိုယ်တိုင်ကောင်းရဲ့လား ဆိုတာပါပဲ။ သင့်ရဲ့ လုပ်ငန်းခွင်က စည်းကမ်းတွေဘယ်လိုချထားချထား သင့်အတွက်ပြည့်စုံမှာ မဟုတ်သေးပါဘူး။ သင်လိုအပ်နေသေးတဲ့  စည်းကမ်းချက်တွေရှိနေပါသေးတယ်။ ဒါကို သင့်အတွက် ဘယ်သူမှ လာပြီးချမှတ်ပေးမှာမဟုတ်ပါဘူး။ သင့်ကိုယ်သင် ချမှတ်ပြီး သင်ကိုယ်တိုင်စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ ဒါမှပဲ အလုပ်က ပျော်စရာကောင်းပြီး တာဝန်ကျေပွန်တဲ့ ၀န်ထမ်းကောင်းတစ်ယောက် ဖြစ်နိုင်မှာပါ။ သင် ၀ါသနာပါတဲ့အလုပ်မှာ သင် လွတ်လွတ်လပ်လပ်ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်နိုင်ဖို့ဆိုတာဟာ သင့်အပေါ်မှာပဲ မူတည်ပါတယ်နော်။

အလုပ်နောက်မကျပါစေနဲ့

အလုပ်နောက်ကျတာက သင့်အတွက် ဆိုးကျိုးတွေ တော်တော်များတာပါ။ အလုပ်နောက်ကျရင် အထက်လူကြီးရဲ့ ငြိုငြင်တာကို ခံရမယ်။ လစာတွေ အဖြတ်ခံရမယ်။ အလုပ်တွေလည်း ပြီးသင့်သလောက်ပြီးမှာမဟုတ်တဲ့အပြင် ကြာရင် အလုပ်သွားရမှာကို ပျင်းတဲ့အကျင့်ကြီး ပါသွားနိုင်ပါတယ်။ အလုပ်ချိန်နောက်ကျတာနဲ့ပတ်သက်ပြီး တချို့လုပ်ငန်းခွင်တွေက တင်းကျပ်တဲ့စည်းကမ်းတွေ ထားရှိတတ်ကြပေမယ့် တချို့အလုပ်ခွင်တွေကတော့ လျှော့ပေါ့ပေးထားတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းခွင်က စည်းကမ်းနဲ့ ထိန်းချုပ်သည်ဖြစ်စေ၊ မထိန်းချုပ်သည်ဖြစ်စေ သင့်ဘက်ကနေ သင့်ကိုယ်သင် ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

အပါးမခိုမိပါစေနဲ့

အလုပ်မှာ အပါးခိုတတ်တာ သင် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ နေမကောင်းလို့ဖြစ်စေ၊ စိတ်အနှောက်အယှက်တွေကြောင့်ဖြစ်စေ တစ်ရက်တစ်လေ အလုပ်မလုပ်ပဲ အပါးခိုတာမျိုးဟာ လူတိုင်းမှာ ရှိပါတယ်။ ဒါပေမယ့်လည်း နေ့တိုင်းလိုလို အကျင့်ကြီးပါပြီး တစ်နေ့တာအတွက် ပြီးအောင်လုပ်ရမယ့်အလုပ်တွေကို ပြီးအောင်မလုပ်ပဲ နေ့ရွေ့ညရွေ့နဲ့ အပါးခိုနေမယ်ဆိုရင်တော့ ခဏတာအတွက် သင် နားနားနေနေ နေနိုင်မှာမှန်ပေမယ့် ရေရှည်မှာတော့ သင့်ရဲ့ လုပ်နိုင်အားရော၊ စွမ်းဆောင်ရည်ပါ ကျဆင်းလာမှာ အသေအချာပါပဲ။ တစ်နေ့စာ တစ်နေ့လုပ်ဖို့ သင့်ကိုယ်သင် စည်းကမ်းချမှတ်ထားပါ။ ဒီလိုမှမဟုတ်ရင်တော့ မလှုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ ၀န်ထမ်းတစ်ယောက်ဘ၀နဲ့ပဲ သင့်ရဲ့ ဘ၀ကြီးကို ဖြတ်သန်းသွားရပါလိမ့်မယ်။

မိတ်မပျက်ပါစေနဲ့

နောက်တစ်ခု သင့်ရဲ့ခေါင်းထဲမှာ အလွတ်ကျက်ထားရမယ့် စည်းကမ်းချက်တစ်ခုရှိနေပါသေးတယ်။ အဲဒါကတော့ မိတ်မပျက်ဖို့ပါပဲ။ သင့်ရဲ့ လူမှုရေးခံစားချက်ကြောင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ စီးပွားဖက်အချင်းချင်း နောက်ပြီး လက်အောက်ငယ်သား၊ အထက်လူကြီးနဲ့ ဖောက်သည်တွေနဲ့ပဲဖြစ်ဖြစ် မိတ်မပျက်အောင် နေရပါလိမ့်မယ်။ မျက်နှာပျက်ခြင်း၊ စိတ်လက်မာန်ပါစကားပြောမိခြင်းတွေနဲ့ ရိုင်းစိုင်းတဲ့ကိုယ်နေဟန်ထားတွေက သင့်ကို လူအများ မိတ်ပျက်သွားစေမယ့် အချက်တွေပဲဖြစ်ပါတယ်။ ဒါကိုလည်း လုပ်ငန်းခွင်က စည်းကမ်းချက်ကြီးတစ်ခုအဖြစ် သင့်ကို သတ်မှတ်ပေးထားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ကိုယ်သင် ချမှတ်ထားရပါလိမ့်မယ်။

စိတ်ခံစားချက်ကို ဦးစားမပေးမိပါစေနဲ့

စိတ်ခံစားချက်ဆိုတာ လူကို မောင်းနှင်နေတဲ့အရာပါ။ ဒါပေမယ့်လည်း လုပ်ငန်းခွင်နဲ့ပတ်သက်ရင်တော့ မောင်းနှင်မခံပါနဲ့။ အလုပ်လုပ်တယ်ဆိုတာ အလုပ်နဲ့တူရပါလိမ့်မယ်။ သင် ၀မ်းနည်းနေလို့ အလုပ်ကို ဖြစ်ကတတ်ဆန်း လုပ်လိုက်တာမျိုး၊ သင် ပျော်နေလို့ အလုပ်ကတိတွေ လိုတာထက်ပိုပေးမိလိုက်တာမျိုး၊ သင် စိတ်လေလွင့်နေလို့ အလုပ်တွေကို ပေါ့ပေါ့လျှော့လျှော့လုပ်မိတာမျိုးတွေဟာ သင့်ရဲ့ လုပ်ငန်းခွင်အရည်အချင်းကို ပျက်ပြားစေနိုင်တာမို့လို့ ကိုယ်ပိုင်လုပ်ငန်းကိုပဲလုပ်လုပ်၊ သင်က ၀န်ထမ်းပဲဖြစ်ဖြစ် သင့်ရဲ့စည်းကမ်းချက်ထဲမှာ ဒါဟာ မပါမဖြစ် အချက်အလက်တစ်ခုဆိုလည်း မမှားပါဘူး။ လူတိုင်းဟာ စီးပွားရေးလုပ်နေတာဖြစ်တဲ့အတွက်ကြောင့် အလုပ်ကိုရောက်ပြီဆိုတာနဲ့ သင့်ရဲ့စိတ်ခံစားချက်တွေကို တံခါးဝအပြင်မှာ ခဏထားခဲ့လိုက်ပါ။

သန့်ရှင်းရေးကိုမေ့လျှော့မမိပါစေနဲ့

ဒါကတော့ သင့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးတင်မကပါဘူး။ သင့်ရဲ့ အလုပ်နေရာအတွက်ပါ ပြောတာပါ။ သန့်ရှင်းရေးဟာ အရမ်းအရေးကြီးပါတယ်။ ဒါသင့်ရဲ့ လူမှုပုံရိပ်တစ်ခုလည်း ဖြစ်တာကြောင့် ခံတွင်းအနံ့ နဲ့ ချွေးနံ့တွေ မထွက်အောင် အသေအချာ ဂရုစိုက်ရပါလိမ့်မယ်။ လုပ်ငန်းခွင်ဝင်တိုင်း ရေချိုးတဲ့အသေးစိတ်ကအစ ရေမွှေးသုံးတာကအဆုံး သေချာဂရုစိုက်ရမှာဖြစ်ပြီး သူတစ်ပါးကို မထိခိုက်စေဖို့ အနံ့ပြင်းပြင်းတွေ မသုံးမိဖို့လည်း ထပ်ပြီးအသေးစိတ်ဂရုစိုက်ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက သင့်ရဲ့လုပ်ငန်းခွင်နေရာပါ။ သင့်ရဲ့ ကိုယ်ပိုင်အလုပ်စားပွဲကိုလည်း သင့်လိုပဲ အမြဲတမ်းသန့်ရှင်းသပ်ရပ်နေအောင် ထားရပါလိမ့်မယ်။ ကွန်ပျူတာနဲ့ ဖိုင်တွဲတွေ၊ နောက်ပြီး စာရွက်စာတမ်းတွေနဲ့ သင့်ရဲ့ တစ်ကိုယ်ရည်ပစ္စည်းတွေကအစ နေရာအထားအသိုကို လှလှပပ သန့်ရှင်းသပ်ရပ်စွာထားရမယ်ဆိုတာကို သင့်ရဲ့ တစ်ကိုယ်ရည်စည်းကမ်းချက်တွေထဲ အခုပဲ ထည့်ရပါလိမ့်မယ်။

အလေးအနက်ထားဖို့မမေ့ပါစေနဲ့

ဒါက ဘယ်လိုနေရာမှာပဲဖြစ်ဖြစ်ပါ ဘယ်အရာကိုမဆို အလေးအနက်ထားဖို့ မမေ့ပါနဲ့။ သင်ကိုယ်တိုင်မှ အလုပ်ကို အလေးအနက်မထားဘူးဆိုရင်တော့ သင့်ရဲ့လုပ်ငန်းခွင်နဲ့ အထက်လူကြီးကလည်း သင့်ကို အလေးအနက်ထားမှာ မဟုတ်ပါဘူး။ အလုပ်ကိုမှ သင်မခင်ရင် သင့်ကိုလည်း အလုပ်က ခင်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် သင် ချစ်တဲ့အလုပ်ကို သင် တန်ဖိုးထားပါ။ သင့်ကို အသက်မွေးဝမ်းကျောင်းပြုပေးနေတဲ့အလုပ်ကို သင် အလေးအနက်ထားရပါလိမ့်မယ်။ နေ့စဉ်နေ့တိုင်း အလုပ်ကို တန်ဖိုးထားပြီး အလေးအနက်လုပ်ကိုင်မှသာ သင်ရဲ့ ကိုယ်ရည်ကိုယ်သွေးရော၊ လုပ်ငန်းရေးရာပါ တဖြည်းဖြည်း တိုးတက်လာနိုင်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ တစ်နေ့တစ်နေ့အလုပ်လုပ်နေရတာ အလကားပါပဲ။

လှပသပ်ရပ်ဖို့ မပျင်းမိပါစေနဲ့

ဒါကတော့ သင့်အတွက်ပါပဲ။ အထူးသဖြင့် သင်ဟာ ပြင်ပ လုပ်ငန်းရှင်တွေ၊ ဖောက်သည်တွေနဲ့ တွေ့ရတဲ့သူတစ်ဦးဆိုရင် ပိုပြီး လိုအပ်တာပါ။ လှပသပ်ရပ်ဖို့ အမြဲတမ်းလိုအပ်တယ်ဆိုတာ စည်းကမ်းချက်တစ်ခုပါ။ သင့်ရဲ့ မျက်နှာနဲ့အပြုံးဟာ အိမ်မှာနေရင်းပုံစံထက်လှပနေရမှာဖြစ်ပြီး ၀တ်စားဆင်ယင်မှုဟာလည်း အမြဲတမ်းသပ်ရပ်နေရမှာဖြစ်ပါတယ်။ ဘယ်တော့မှ ကဗျာကယာ မိတ်ကပ်မပါ၊ ဖိုသီဖတ်သီ အလုပ်လာတာဟာ အရမ်းဆိုးရွားတဲ့ အလေ့အကျင့်ကြီးတစ်ခုပါပဲ။ လုပ်ငန်းခွင်ဝင်နေတဲ့သူတစ်ယောက်မှန်ရင် လှပသပ်ရပ်မှုရှိဖို့ အဓိကလိုအပ်ပါတယ်။ ဒါမှလည်း သင်နဲ့ဆက်သွယ်ဆက်ဆံရတဲ့သူတွေအနေနဲ့ သင့်အပေါ်ရော၊ လုပ်ငန်းအပေါ်ရော ယုံကြည်စိတ်ချမှုအပြည့်အ၀ ရှိနေမှာဖြစ်ပါတယ်။ နောက်ပြီး လှပသပ်ရပ်ရမယ့် အရာတစ်ခု သင့်မှာ ပိုင်ဆိုင်ထားပါသေးတယ်။ အဲဒါကတော့ အပြုံးတွေပဲ ဖြစ်ပါတယ်။ အဲဒီ့လှပသပ်ရပ်နေရမယ့် အပြုံးတွေကလည်း အသက်ဝင်နေဖို့ လိုအပ်ပါသေးတယ်နော်။

သင့်ကို လှပသပ်ရပ်ဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းမှုအပြည့်ရှိဖို့၊ အပါးမခိုဖို့နဲ့ ဆက်ဆံရေးကောင်းမွန်အောင် နေထိုင်တတ်ဖို့ စတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်တဲ့စည်းကမ်းချက်တွေကို လုပ်ငန်းခွင်က တစ်ပါတည်းပြည့်စုံစွာ စည်းကမ်းထုတ်ထားမှာ မဟုတ်ပါဘူး။ သင့်ရဲ့ လုပ်ငန်းခွင်မှာ သင်ဟာ ထက်မြတ်ပြီး တစ်ကိုယ်ရည်ပိုင်းမှာရော၊ လုပ်ငန်းပိုင်းမှာရော ပြီးပြည့်စုံပြီး လေးစားအားကျရတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာ သင့်ကိုယ်သင် လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး တစ်ကိုယ်ရည်စည်းကမ်းချက်တွေ ဘယ်လိုချမှတ်ထားလဲအပေါ်မှာပဲ မူတည်ပါတယ်နော်။

 

Editor : Moethae Say

 

 



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on May 21, 2018

Billboard Music Awards ဂီ...


Celebrity News   |   Posted on May 21, 2018

Royal Wedding က Meghan Ma...


Celebrity News   |   Posted on May 21, 2018

Prince Harry နဲ့ Meghan M...


Parties & Events   |   Posted on May 21, 2018

အမျိုးသမီးများအကြားရေပန်း...


Style Note   |   Posted on May 21, 2018

White buttoned-down shirt...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.