Tv & Movie   |   Posted on Sep 13, 2018 by Min Chit Paing

ဘယ်အရာကများ ချစ်ခြင်းမေတ္တာကို တားဆီးလို့ ရပါ့လဲ


နောက်နှစ်ပတ်ကြာရင် ကျွန်မနှုတ်ခမ်းမှာ အော်လီနဲ့ နမ်းခဲ့ဖူးတဲ့အမှတ်တရတွေ ကျန်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ဦးနှောက်ထဲမှာ အမြဲ မှတ်မိနေမှာပါ

Share this article

ဉာဏ်ကောင်းတဲ့၊ စူးစမ်းလိုစိတ်အပြည့်ရှိတဲ့၊ စိတ်ကူးဉာဏ် အင်မတန် ကွန့်မြူးတတ်တဲ့ မိန်းမချောလေးတစ်ယောက် ကမ္ဘာပေါ်မှာ အသက်ရှင်နေထိုင်နေတာကို လူ သုံးယောက်ပဲ သိသတဲ့။

တစ်ယောက်က သူ့မိခင်၊ တစ်ယောက်က သူနာပြုဆရာမ ကာလာ၊ နောက်ဆုံးတစ်ယောက်က ကာလာရဲ့သမီး ရိုဆာ။

မိန်းမချောလေးရဲ့နာမည်က မက်ဒီ။ သူ့မှာ အဖေ မရှိတော့ဘူး။ သူ့အဖေနဲ့ အစ်ကိုဖြစ်သူဟာ ကားမတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်။ သူ့အမေက ဆရာဝန်မတစ်ယောက်။

မက်ဒီက အပြင်လောကထဲကို သွားလို့မရတဲ့လူတစ်ယောက်။ အကြောင်းက သူ့ခန္ဓာကိုယ်ထဲမှာ ဗက်တီးရီးယားတွေကို ခုခံနိုင်တဲ့အရာတွေ သိပ်မရှိလို့ပဲ။ သူဟာ မှန်လုံအိမ်လေးတစ်အိမ်မှာ တစ်ယောက်တည်း နေထိုင်ရတယ်။ ကျန် လူ သုံးယောက်ကတော့ လာရမယ့်အချိန်တွေမှာမှ ဒီအိမ်ကို လာကြတယ်။ အိမ်ထဲမှာ သန့်စင်ထားတဲ့လေ ရှိတယ်။ အိမ်ထဲကို လာမယ့်သူဟာ ပိုးသတ်ဆေးနဲ့ ပိုးသတ်ပြီးမှ ဝင်ခွင့်ရတယ်။ မက်ဒီက စာဖတ်ဝါသနာပါတယ်။ စာအုပ်တွေ ဖတ်ပြီးရင် အင်တာနက်ပေါ် သူ့သုံးသပ်ချက်တွေ ရေးတင်တတ်တယ်။ သူက ဗိသုကာလည်း စိတ်ဝင်စားတယ်။  

သူ့စိတ်ကူးထဲမှာ အိမ်ကို ကာထားတဲ့မှန်တွေ မရှိတော့ဘဲ အပြင်ကို ခဏခဏ ရောက်တတ်တယ်။ သူက အပြင်လောကကို လက်တွေ့ မသိရဘဲ အင်တာနက်ပေါ်ကနေသာ သိရသူလေ။ ပင်လယ်ဆို သူ့ဘဝမှာ မြင်ချင်လွန်းလျက်နဲ့ အပြင်မထွက်နိုင်လို့ မမြင်ရဘူး။ အင်တာနက်က မြင်ရသလောက်ကို သူ မကျေနပ်ဘူး။

တစ်ရက် သူတို့ဘေးအိမ်ကို မိသားစုအသစ်တစ်စု ပြောင်းလာကြတယ်။ အဲဒီမှာ ကောင်လေးတစ်ယောက်နဲ့ သူ စတွေ့ရတာ။ ကောင်လေးနာမည်က အော်လီ။ အော်လီကလည်း သူ့လို ဆယ်ကျော်သက်တစ်ယောက်။ ပြောင်းလာကြတဲ့ညမှာပဲ အော်လီက သူ့အမေ မုန့်လုပ်လို့ဆိုပြီး ကိတ်ကြီးတစ်လုံး အိမ်ကို လာပေးတယ်။ မက်ဒီ့အမေက ယဉ်ကျေးစွာ ငြင်းတယ်။ ပိုးမသတ်ထားတဲ့ပစ္စည်းဆိုတော့ လက်ခံလို့ မရဘူးလေ။ မက်ဒီ့ကိုလည်း မတွေ့ရတော့ အော်လီက ပိုတွေ့ချင်လာတယ်။

ကံကောင်းတော့ မက်ဒီ့အခန်းနဲ့ အော်လီ့အခန်းက တန်းမြင်နေရတယ်။ သူတို့ မျက်လုံးချင်း စကားပြောပြီး အပြုံးချင်း ဖလှယ်ကြတယ်။ နောက်တော့ အော်လီက သူ့ဖုန်းနံပါတ်ကို စာရွက်ပေါ် ရေးပြတယ်။ ဖုန်းစာတိုပို့ရင်း မိတ်ဆက်ကြ၊ သူ့အကြောင်း ကိုယ့်အကြောင်း ဖလှယ်ကြတယ်။ လူ သုံးယောက်နဲ့သာ တွေ့ခွင့်ရပြီး အသက် ၁၈ နှစ်အထိ ကြီးပြင်းလာခဲ့ရတဲ့မက်ဒီဟာ အော်လီနဲ့ သိကျွမ်းခင်မင်လာရတာနဲ့အမျှ အပြင်ကမ္ဘာကို သူ ရောက်ရှိနေရသလို ခံစားလာရတယ်။

အချိန်တစ်ခုရောက်တော့ အော်လီဟာ ပိုးသတ်ဆေးနဲ့ သန့်စင်ပြီး မက်ဒီအိမ်ထဲကို ဝင်ခွင့်ရတယ်။ ဒီအကြောင်းကို မက်ဒီ့အမေတော့ မသိ။ စီစဉ်ပေးသူက သူနာပြုဆရာမ ကာလာ။ ကာလာက ဆယ်ကျော်သက်တွေရဲ့စိတ်ကို နားလည်တာရော၊ မှန်လှောင်အိမ်ကြီးထဲ မွန်းကြပ်နေတဲ့မက်ဒီ့ကို ချစ်တဲ့စိတ်ကြောင့်ပါ စီစဉ်ပေးတာ။ အပြင်လူကြောင့် မက်ဒီ တစ်ခုခု ဖြစ်သွားမှာကိုတော့ သူ စိုးရိမ်တယ်။

တစ်ကြိမ်မှာတော့ မက်ဒီနဲ့ အော်လီ နှုတ်ခမ်းချင်း နမ်းမိကြတော့တယ်။

" ကျွန်မတို့ရဲ့အပေါ်ယံအရေပြားက နှစ်ပတ် တစ်ကြိမ် အသစ်လဲတယ်လို့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ဆဲလ်တော်တော်များများက အသစ်ပြန်မဖြစ်ဘူး။ အဲဒါကြောင့် ကျွန်မတို့ အသက်ကြီးလာရတာပေါ့။ နောက်နှစ်ပတ်ကြာရင် ကျွန်မနှုတ်ခမ်းမှာ အော်လီနဲ့ နမ်းခဲ့ဖူးတဲ့အမှတ်တရတွေ ကျန်မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ ဦးနှောက်ထဲမှာ အမြဲ မှတ်မိနေမှာပါ "

အော်လီဘာသာ တစ်ယောက်တည်း ပြောနေမိတဲ့စကားတွေပါ။

ဒီရုပ်ရှင်ထဲမှာ မြှုပ်ကွက်အကြီးကြီးတစ်ခုလည်း ရှိပါသေးတယ်။ ပြောပြရင် ဖျက်ဆီးသလိုဖြစ်မှာဆိုတော့ ဒီလောက်နဲ့ စိတ်ဝင်စားမိရင်သာ ရှာကြည့်ကြည့်ဖို့ စကားဆိုလိုက်ပါရစေ။

Maddy အဖြစ် သရုပ်ဆောင်တဲ့ Amandla Stenberg ကို The Hunger Games ထဲမှာ Rue အဖြစ် ကြည့်ခဲ့ဖူးကြတာ မှတ်မိမယ် ထင်ပါတယ်။ သူ့အကြည့်နဲ့ သူ့နှုတ်ခမ်းရဲ့ဆွဲဆောင်မှုကြောင့် ဒီရုပ်ရှင်ကို ကြည့်ရတာ ပိုဆွဲဆောင်နိုင်သလို ခံစားရတယ်။ Olly အဖြစ် သရုပ်ဆောင်တဲ့ Nick Robinson ကိုလည်း Jurassic World (2015) ထဲမှာ အစ်ကိုဖြစ်သူနေရာက သရုပ်ဆောင်ခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။



Editor : Lu Thar Man



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.