People   |   Posted on Apr 8, 2019 by Hnin Ei Ei Hlaing

Yangon Academy International School ရဲ့ CEO Patrick Htoo


မြန်မာနိုင်ငံသားတွေဖြစ်ပြီး မြန်မာစာ၊ မြန်မာစကား မတတ်တာမျိုး မဖြစ်ရလေအောင် မြန်မာဘာသာစကားကိုပါ သင်ကြားပေးတဲ့ကျောင်းရဲ့ CEO ဖြစ်သူ။

Share this article

အထက်တန်းကျောင်းသားဘဝတုန်းက ရှေ့နေတစ်ယောက် ဖြစ်ချင်ခဲ့ပေမယ့် တက္ကသိုလ်ရောက်တဲ့အချိန်မှာ Economics ကိုသာ ပိုမိုစိတ်ဝင်စားသွားတာကြောင့် Master Degree ရတဲ့အထိ ကြိုးစားခဲ့သူ။

US မှာ တက္ကသိုလ်ကျောင်းသားဘဝနဲ့ ဖြတ်သန်းနေကတည်းက Pre-school Business ကို မိခင်ဖြစ်သူနဲ့အတူတူ စတင်အကောင်အထည်ဖော်ကာ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သူ။

US Curriculum ကို ပြဋ္ဌာန်းသင်ကြားနေတဲ့ Yangon Academy International School ကို ဖွင့်ထားပေမယ့် မြန်မာနိုင်ငံသားတွေဖြစ်ပြီး မြန်မာစာ၊ မြန်မာစကား မတတ်တာမျိုး မဖြစ်ရလေအောင် Grade 10 အထိ မြန်မာဘာသာစကားကို သင်ကြားပေးတဲ့ကျောင်းရဲ့ CEO ဖြစ်သူ။

သူ့နာမည်က Patrick Htoo တဲ့။

မြန်မာနာမည်ကတော့ ပိုင်သာထူးပါ။

ကျွန်တော့်ကို တွေ့တွေ့ချင်း ဖော်ရွေတဲ့အပြုံးနဲ့ ဆီးကြိုတယ်။

မြန်မာအဝတ်အစားတွေကိုပဲ ပုံစံကျကျ ဝတ်ဆင်ထားတယ်။

သူ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုနဲ့ စကားပြောတဲ့ အသံနေ အသံထားအရ အားကစားကို ပုံမှန် လိုက်စားသူတစ်ယောက်မှန်းလည်း သိလိုက်ရတယ်။

အောင်မြင်နေတဲ့ကျောင်းတစ်ကျောင်းရဲ့ CEO ဆိုပေမယ့် မောက်ကြွားဝင့်ဝါမှုတွေ မပြဘဲ ရည်မွန်ဖော်ရွေနေတာက ကျွန်တော့်ဘက်ကပါ ပြန်အားနာမိနေရတဲ့အထိပဲ။

သူက ဓာတ်ပုံရိုက်ရင် သက်သောင့်သက်သာ မဖြစ်လို့ တွေ့ဆုံမေးမြန်းမှုတွေကို ရှောင်ခဲ့သူပါ။

ဒီတွေ့ဆုံမေးမြန်းမှုဟာ သူ့အတွက် ပထမဆုံး တွေ့ဆုံမေးမြန်းမှုဖြစ်ပါတယ်။

ကျောင်းသားမိဘတွေရဲ့ရှုထောင့်တွေနဲ့ ကျောင်းသားတွေရဲ့ရှုထောင့်တွေကို ပေါင်းစပ်ဆင်ခြင်ပြီး သူ့ကျောင်းကို အောင်မြင်သထက် အောင်မြင်အောင် ကြိုးစားချင်နေတဲ့ သဘောထားတွေက သူ့အဖြေတွေမှာ အစဉ်တစိုက် ပါဝင်နေတယ်။

ပညာရဲ့သဘောကို တိတိပပ နားလည်ထားသူဖြစ်ရုံတင်မက ပညာကို ဘယ်လိုပြန်လည်မျှဝေရမယ်ဆိုတာပါ သေသေချာချာ သဘောပေါက်ထားသူ ဖြစ်တာကြောင့် သူ့အဖြေတွေဟာ သိပ်စိတ်ဝင်စားစရာကောင်းလှပါတယ်။



MODA. Yangon Academy International School ကို လွှဲပြောင်းရယူဖြစ်ခဲ့ပုံနဲ့ ဘယ်သူ့ဆီကနေ လွှဲပြောင်းရယူခဲ့တယ်ဆိုတာကနေ စကြရအောင်။

Patrick. လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကျွန်တော် US မှာ ကျောင်းတက်ရင်း အလုပ်လုပ်နေခဲ့တယ်။ အမေက သူ့ကျောင်းရဲ့ Management ပိုင်းမှာ အပြောင်းအလဲတွေ ရှိတယ်၊ သူကိုယ်တိုင်လည်း စီးပွားရေးအလုပ်ကနေ နားချင်ပြီမို့ သား လုပ်မလားဆိုတာနဲ့ လက်ခံဖြစ်ခဲ့တာပါ။ အဲဒါကြောင့်ပဲ မြန်မာပြည်ကို ပြန်လာဖြစ်ခဲ့ပြီး ၂၀၁၅၊ အောက်တိုဘာမှာ ဒီကျောင်းကို လွှဲပြောင်းရယူဖြစ်ခဲ့တယ်။

MODA. ဒီကျောင်းကို အစ်ကို့အမေတစ်ဦးတည်း တည်ထောင်ထားတာလား၊ ဒါမှမဟုတ် တခြားသူတွေပါသေးလား။

Patrick. အမေအပါအဝင် Founder လေးယောက် ရှိပါတယ်။ အမေကတော့ Majority Shareholder ပေါ့။

MODA. ပြည်ပကို ဘယ်အချိန်မှာ ထွက်သွားပြီး ဘယ်အချိန်မှ ပြန်လာဖြစ်ခဲ့တာလဲ။

Patrick. ၂၀၀၄ ခုနှစ်၊ ကျွန်တော့်အသက် ၁၄ နှစ်အရွယ်မှာ ထွက်သွားခဲ့ပြီး ၂၀၁၅ မှ ပြန်လာခဲ့တာ။

MODA. လွှဲပြောင်းမယူခင်မှာ ဒီကျောင်းကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ကွပ်ကဲနိုင်ဖို့အတွက် ဘာတွေ ကြိုတင်ပြင်ဆင်ခဲ့ရသလဲ။

Patrick. Education Business က ကျွန်တော်နဲ့ မစိမ်းဘူး။ US မှာ နေတုန်းက ကျွန်တော့်အသက် ၁၈ နှစ်အရွယ်မှာပဲ အမေနဲ့ ပေါင်းပြီး Pre-school Business ကို စလုပ်ခဲ့တယ်။ ဒီကို ပြန်လာဖို့ လုပ်တော့ အဲဒီကျောင်းကို လွှဲထားနိုင်တဲ့ လူရှိတဲ့အတွက် လွှဲထားခဲ့တာ။ ကျွန်တော်က Economics နဲ့ Master Degree ရခဲ့တာမို့ ဒီကျောင်းမှာ Business ပိုင်းကို အဓိက ကိုင်တယ်။ Academic ပိုင်းကိုကျ ကျောင်းရဲ့ Academic Director တွေနဲ့ ညှိနှိုင်းကိုင်တွယ်တယ်။

MODA. Yangon Academy International School ရဲ့ တည်နေရာက မူလ စတည်ထောင်ခဲ့ကတည်းက အခု နေရာမှာပဲလား။

Patrick. မဟုတ်ပါဘူး။ ၂၀၀၄ ခုနှစ်တုန်းက တက္ကသိုလ်ရိပ်သာလမ်းထဲက တက္ကသိုလ်ရိပ်မွန်အိမ်ရာထဲမှာ စခဲ့ကြတာ။ ကျွန်တော် လွှဲပြောင်းရယူပြီးတဲ့အချိန်ကျ ကျောင်းမှာ ကျောင်းသားပေါင်း ၄၀၀ လောက် ရှိနေတာ တွေ့ရတယ်။ ဒါနဲ့ ၂၀၁၆ မှာ တက္ကသိုလ်ရိပ်သာလမ်းသစ်ပေါ်က (အခုလက်ရှိ) နေရာကို ငှားလိုက်ပြီး Secondary ကျောင်းသားတွေကို ကျောင်းသစ်ဆီ ရွှေ့လိုက်တယ်။ ကျောင်းအဟောင်းကိုလည်း ထပ်ချဲ့ဆောက်ဖို့အတွက် အခု လုပ်နေပါတယ်။

MODA. Yangon Academy International School ရဲ့ Page ကို ဝင်လေ့လာကြည့်တော့ အသက် နှစ်နှစ်ကနေ ၁၈ နှစ်အထိ တက်လို့ရတယ်ဆိုတာ တွေ့ရတယ်။ အခုလက်ရှိမှာ အဲဒီကျောင်းသား ၄၀၀ ကို သင်ကြားဖို့အတွက် ဆရာ၊ ဆရာမ အရေအတွက် ဘယ်လောက်အထိ ခန့်အပ်ထားပါသလဲ။

Patrick. နိုင်ငံခြား ဆရာ၊ ဆရာမ အရေအတွက်ကတော့ အယောက် ၄၀ လောက် ရှိတယ်။ အမေရိကန်နဲ့ ကနေဒီယန်တွေ များတယ်။ ကျွန်တော်တို့ကျောင်းက US Curriculum ကို သုံးတာ။ Pre-school ကနေ Grade 12 အထိ တက်လို့ ရတယ်။ Secondary Level (ခြောက်တန်း) ကနေ Grade 12 အထိကို နိုင်ငံခြားသားဆရာတွေပဲ သင်ကြတာပါ။ Elementary ပိုင်းမှာကျ အတန်းပိုင်ဆရာတွေကသာ နိုင်ငံခြားသားတွေ ဖြစ်ပြီး သူတို့ရဲ့ Assistant Teacher တွေကတော့ မြန်မာတွေချည်းပဲ။ စုစုပေါင်း ဆရာ၊ ဆရာမ အရေအတွက်ဆိုရင် ၉၀ လောက် ရှိတယ်။

MODA. နိုင်ငံတကာကျောင်းတွေတက်ပြီး မြန်မာစာ မြန်မာစကားကို သေချာမတတ်မြောက်တဲ့ မြန်မာနိုင်ငံသား ကျောင်းသူကျောင်းသားတွေကိုလည်း အခုနောက်ပိုင်း တွေ့နေရတာဆိုတော့ ကိုပက်ထရစ်ထူးရဲ့ကျောင်းမှာကျ အဲဒီလို မဖြစ်ရအောင် ဘာလိုတွေများ စီစဉ်ပေးထားပါသလဲ။

Patrick. မြန်မာစာကို အတန်းငယ်ကနေ Grade 10 အထိ ဘာသာစကားတစ်ခုအနေနဲ့ ထည့်သင်ပါတယ်။ အစ်ကိုပြောသလို မြန်မာနိုင်ငံသားက International School တက်ပြီး မြန်မာစာ မြန်မာစကား မတတ်တာမျိုး မဖြစ်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။

MODA. ဆရာတွေကို ရွေးချယ်ခန့်အပ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးလည်း ရှင်းပြပါဦး။
 
Patrick. ကျွန်တော်တို့ဘက်က ကမ်းလှမ်းခေါ်ယူရတာ များပါတယ်။ Job Search Agency တွေကနေ ချိတ်ဆက်ခေါ်ယူရတာပေါ့။ Job Fair တွေ ကျင်းပတဲ့အခါကျ ကျောင်းမှာ လိုအပ်တဲ့ ဆရာ၊ ဆရာမ Position တွေကို ဖော်ပြထားလိုက်တယ်။ လာလျှောက်တဲ့သူတွေကို ကျောင်းက လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိ မရှိ စမ်းကြည့်ပြီး ကိုက်ညီရင် ခန့်အပ်ဖြစ်တယ်။

MODA. ကျောင်းမှာ သင်ကြားနေတဲ့ US Curriculum ဆိုတာ ဘယ်လိုအဆင့်ရှိပြီး ဒီကျောင်းကနေ Grade 12 ပြီးသွားတဲ့အခါ ဘာတွေ ဆက်တက်လို့ရတယ်ဆိုတာအထိ ရှင်းပြပါဦး။

Patrick. ကျောင်းမှာ ပြဋ္ဌာန်းသင်ကြားနေတဲ့ US Curriculum ဆိုတာ အမေရိကန် ပညာရေးအဖွဲ့အစည်းတွေက ထောက်ခံအတည်ပြုထားတာမျိုးပါ။ ဒီကျောင်းကနေ Grade 12 ပြီးသွားလို့ တခြား နိုင်ငံခြား တက္ကသိုလ်တွေမှာ ဆက်တက်မယ်ဆိုရင် Yangon Academy International School က ဘာသင်ရိုးနဲ့ သင်ကြားပြီး ဘယ်အဆင့်ရှိတယ်ဆိုတာကိုပဲ စစ်တာ။ ကျွန်တော်တို့ကျောင်းက SAT ဖြေဆိုနိုင်ဖို့နဲ့ သူတို့ရဲ့ Extra Curriculum Activities တို့၊ Musical Talent တို့ပိုင်းမှာလည်း အဆင်သင့်ဖြစ်နေအောင်ပါ လုပ်ဆောင်ပေးထားတယ်။ ကျောင်းက ကလေးအများစုကတော့ US ကို သွားကြတာ များတယ်။ ဆွစ်ဇာလန်တို့၊ ဩစတြေးလျတို့ကို သွားတဲ့ကျောင်းသားတွေလည်း ရှိတယ်။

MODA. ဒီကျောင်းကနေ Graduate ဖြစ်ပြီး နယ်ပယ်အသီးသီးထဲ အခြေချနေတဲ့ တပည့်တချို့ကို ပြောပြလို့ရမလား။

Patrick. ၂၀၀၄ ခုနှစ်ကမှ စခဲ့တဲ့ကျောင်းဆိုတော့ အတန်းငယ်ကနေ စတက်ပြီး Grade 12 အထိ Graduate ဖြစ်သွားတဲ့အတန်းဆိုလို့ ငါးတန်းပဲ ရှိပါသေးတယ်။ အများစုက နိုင်ငံခြားကျောင်းတွေမှာ နောက်ထပ် တက္ကသိုလ်တွေ ဆက်တက်နေကြတုန်းပဲ။ အခု MODA Magazine မှာ လုပ်နေတဲ့ Emmanuella ဆိုရင် ဒုတိယအသုတ်က ပြီးတာထင်တယ်။ Dora Alex ကျ မနှစ်ကမှ ကျောင်းပြီးပြီး ဆွစ်ဇာလန်မှာ တက္ကသိုလ် ဆက်တက်ဖို့ ထွက်သွားပြီ။



MODA. အမေ့ဆီကနေ လွှဲပြောင်းရယူခဲ့ပြီး နောက်ပိုင်းကနေ အခုချိန်အထိ ဘယ်လိုအကူအညီတွေကို ဆက်ယူနေရသေးတာမျိုး ရှိသလဲ။

Patrick. အမေကတော့ ဘယ်အချိန်ပဲဖြစ်နေနေ လိုအပ်တဲ့အကြံဉာဏ်တွေကို အမြဲ ပေးနေဆဲပဲ။ အမေဟာ ကျွန်တော့်အသက် ၁၀ နှစ်အရွယ်ကတည်းက Single Mother ဖြစ်ခဲ့တာ။ အလုပ်တွေကိုလည်း တကယ်ပဲ စိတ်နှစ်ပြီး လုပ်ကိုင်ခဲ့တာဆိုတော့ အမေ့ရဲ့အတွေ့အကြုံတွေက အရမ်း များတယ်။ ကျွန်တော် ဖြေရှင်းဖို့ခက်တဲ့ အခက်အခဲတစ်ခုခု တွေ့ပြီဆိုရင် အမေ့ကိုပဲ ချက်ချင်း ဖုန်းဆက်ရတာ။ အမေက ကျွန်တော့်ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးတာမျိုး ရှိသလို နောက်ကနေ Support လုပ်ပေးတဲ့အခါတွေလည်း ရှိတယ်။ ကျွန်တော် အခုချိန်မှာ လုပ်နိုင်တာတွေ အားလုံးက အမေ့ကြောင့်ပါပဲ။

MODA. အမေဆီက အကူအညီတွေ ရခဲ့တယ်ဆိုပေမယ့်လည်း စစချင်းမှာ ခဲခဲယဉ်းယဉ်း ကိုင်တွယ်ဖြေရှင်းခဲ့ရတဲ့ အခက်အခဲတွေ ရှိခဲ့မှာပေါ့။

Patrick. ရှိခဲ့တယ်။ စစချင်း အခက်အခဲတွေ အများကြီး ရှိခဲ့တယ်။ အလုပ်တစ်ခုခုကို ကိုယ်တိုင် တစ်ကနေ စလုပ်ရတာကလည်း တစ်မျိုး ခက်ခဲသလို သူများလုပ်ထားတဲ့အလုပ်ကို ကြားကနေ ဖြတ်ယူကိုင်တွယ်ရတာကလည်း တစ်မျိုး ခက်ခဲပါတယ်။ ပထမဦးဆုံး ကြုံခဲ့ရတာတွေကတော့ Human Resource Issue တွေပဲ။ ပထမ စတင်ကိုင်တွယ်ခဲ့တဲ့ နှစ်နှစ်က ဒီကိစ္စအတွက်ကိုပဲ ကြိုးစားအားထုတ်ခဲ့ရတာ။ ဒုတိယ အခက်အခဲကတော့ ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ များလာတဲ့အတွက် နောက်ထပ် ကျောင်းနေရာတစ်ခု လိုအပ်လာတာကို ဖြေရှင်းခဲ့ရတာပဲ။ ဒီနှစ်ခုနဲ့ပဲ အချိန် တော်တော် ကုန်ခဲ့တယ်။ အခုဆို Elementary Campus ကို အကြီးကြီး ပြန်ဆောက်နေပြီး နှစ်ခုကို ပြန်ပေါင်းနိုင်ဖို့အတွက်လည်း ကြိုးစားနေတယ်။ ဒါကလည်း နောက်ထပ် နှစ်နှစ်လောက်ကြာမှ ပြီးစီးမှာပါ။

MODA. အမေ့အပြင် နောက်ထပ် နာမည်ထုတ်ဖော်ပြောပြပြီး ကျေးဇူးစကားဆိုချင်တဲ့သူတွေများ ရှိသေးလား။

Patrick. ရှိပါတယ်။ အခုလက်ရှိမှာ Yangon Academy International School ရဲ့ General Manager ဖြစ်တဲ့ ဒေါ်ညိုညိုအေးပေါ့။ သူက ကျွန်တော့်ကို အများကြီး Support လုပ်ပေးနိုင်တယ်။

MODA. ရန်ကုန်မှာက တခြား International School တွေလည်း ရှိနေတာဆိုတော့ ကိုယ့်ကျောင်းရဲ့ထူးခြားမှုကို ကိုယ့်ဘာသာ ပြန်ပြောရမယ်ဆိုရင် အထက်က အချက်အလက်တွေ မဟုတ်သေးဘဲ တခြား ဘာကိုများ ပြောချင်သေးသလဲ။

Patrick. ကျောင်းမှာ မိသားစုတွေလိုမျိုး ပတ်ဝန်းကျင်တွေကို ကျွန်တော် ဖန်တီးပေးထားနိုင်တဲ့အပေါ် ကျောင်းသူကျောင်းသားတွေရော မိဘတွေကပါ ကြိုက်ကြတယ်။ ပြီးတော့ ဒီကျောင်းက ဈေးအကြီးဆုံးထဲရော ဈေးအနည်းဆုံးထဲပါ မပါဘူး။ မြန်မာနိုင်ငံမှာ ဖွင့်ထားတဲ့ကျောင်းဆိုတော့ မြန်မာ့ယဉ်ကျေးမှုတွေ
မပျက်ယွင်းရအောင်လည်း အလေးထား ဖန်တီးပေးထားတယ်။ ဒါတွေကိုပဲ ကျွန်တော် ပြောချင်ပါတယ်။

MODA. တချို့လူကြီးတွေက ဆိုတယ်။ အခုခေတ် လူငယ်တွေက ပညာတော်တယ်။ ဒါပေမဲ့ ကိုယ်ချင်းစာတရားပိုင်း၊ လူကြီးမိဘကို သိတတ်မှုပိုင်းတွေမှာ အားနည်းတယ်တဲ့။ ဒီလိုမှတ်ချက်မျိုးအပေါ် အစ်ကို့အမြင်ကို သိပါရစေ။

Patrick. ခေတ်က Social Media တွေကြောင့်ကို အရမ်း လွတ်လပ်နေပြီ။ ခေတ်တွေ မတူတော့တာကို တစ်ချက် သတိပြုရမယ်။ ပြီးတော့ လူငယ်တိုင်းဟာ အချိန်တစ်ခုခုမှာတော့ သူ့အတိုင်းအတာနဲ့သူ ဆိုးခဲ့မိုက်ခဲ့တာမျိုးတွေ ရှိခဲ့ဖူးကြတာပဲ။ ကျွန်တော် သတိထားမိသလောက်က မိဘတွေ စိတ်အပူလွန်ပြီး တင်းကြပ်တဲ့အခါ ပိုတောင် ဆိုးသွားကြသလားလို့လေ။ သိပ်မတင်းကြပ်ရင် ကောင်းမယ်လို့ ကျွန်တော် မြင်မိတယ်။ ကျောင်းက ဆရာတွေကတော့ ပြောတယ်။ ဒီက ကျောင်းသားတွေဟာ ဟိုမှာ သင်ရတာထက် ပိုကောင်းတယ်တဲ့။ ရိုးကျိုးစိတ်ရှိတယ်၊ လူကြီးမှန်း သိတယ်၊ စာသင်ရင် ကောင်းကောင်း နားထောင်တယ်၊ ပညာလိုချင်တဲ့စိတ် ရှိတယ်၊ တတ်ချင် တော်ချင်ကြတယ်တဲ့။လူငယ်တွေဘက်ကို ပြောချင်တာကကျ Social Media ပေါ်မှာပဲ အချိန်ကုန်မနေကြဘဲ အိမ်က မိဘတွေနဲ့ပါ စကားများများ ပြောစေချင်တယ်။ သားသမီးတွေကလည်း မိဘကို ပွင့်ပွင့်လင်းလင်း စကားပြော၊ မိဘတွေကလည်း အမြင်ကျယ်ကျယ်နဲ့ လက်ခံတတ်ဖို့ လိုတာပေါ့။ အတိုင်းအတာတစ်ခုအထိ လိုက်နာရမယ့် စည်းကမ်းတွေတော့ ထားပေးရမယ်။

MODA. ကျောင်းသူကျောင်းသားတွေရဲ့ ပြင်ပစာပေဖတ်ရှုမှုပိုင်းမှာ အားနည်းမှုမရှိအောင် ကျောင်းစာကြည့်တိုက်ကို ဘယ်လိုပြင်ဆင်ပေးထားပါသလဲ။

Patrick. ကျွန်တော်တို့ကျောင်းစာကြည့်တိုက်မှာ စာအုပ်တွေကိုသာ အဓိက ထားပေးတယ်။ ကလေးတွေအနေနဲ့ စာအုပ်တွေ ဖတ်ပြီး စာအုပ်တွေကို ချစ်တတ်လာစေချင်တယ်။ General Manager ဒေါ်ညိုညိုအေးကလည်း British Council မှာ ၁၈ နှစ် အလုပ်လုပ်ခဲ့တာဆိုတော့ စာအုပ်တွေကို သိပ် အလေးထားတယ်။ ကျွန်တော်ဆို Kindle နဲ့လည်း ဖတ်ဖြစ်ပေမယ့် စာအုပ်တွေကို ဖတ်တာ ပိုများတယ်။ စာအုပ်အဖြစ် ဝယ်ရခက်တာတွေလောက်ကိုပဲ Kindle နဲ့ ဖတ်ဖြစ်တာ။



MODA. မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုတာက သီချင်းအဖြစ်သာ ကြားနေရတာ များတယ်ပေါ့။ အာဆီယံအဆင့်မှာ ရွှေတံဆိပ်တွေ ရတဲ့အထိ ထူးချွန်တဲ့အားကစားသမားတွေ ရှိတာ မှန်ပေမယ့် လူကြိုက်များတဲ့ ဘောလုံးအားကစားမှာကျ မြန်မာ့လက်ရွေးစင်အသင်းတွေဟာ ပြောပရလောက်အောင် မဖြစ်ထွန်းတာကို ပရိသတ်တစ်ယောက်အနေနဲ့ မခံချိ မခံသာ တွေ့မြင်နေရတယ်။ အနုပညာနဲ့ပတ်သက်ရင်လည်း ကမ္ဘာ့အဆင့်အထိ ရောက်တဲ့ မြန်မာ့ထူးချွန်လူငယ်တွေ နည်းနေသေးတယ်လို့ ယူဆမိတယ်။ တတ်သိပညာရှင်တချို့ကတော့ ပြောတယ်။ ကျောင်းပညာရေးထဲမှာကို ငယ်စဉ်ကတည်းက ကလေးတွေရဲ့ဝါသနာအလိုက် Art နဲ့ Sport ကို ပျိုးထောင်ပေးခဲ့မှ အရွယ်ရောက်တဲ့အခါ ပိုမိုအောင်မြင်ဖြစ်ထွန်းမယ်လို့လေ။ တချို့ကလည်း မြန်မာကျောင်းတွေမှာ အားကစားနဲ့ အနုပညာပိုင်းကို စာသင်တာလောက် ဂရုတစိုက် အလေးမထားကြဘူးလို့ ဝေဖန်ကြတယ်။ ဒီတော့ ကိုပက်ထရစ်ရဲ့ ကျောင်းပညာသင်ကြားရေးထဲမှာ Art ပိုင်းရော Sport ပိုင်းပါ ပါဝင်နေအောင် ဘယ်လိုစီမံပေးထားပါသလဲ။

Patrick. ကျွန်တော်က အားကစားကို အရမ်း ဝါသနာပါတယ်။ ကျွန်တော် ကစားတာတွေလည်း အများကြီးပဲ။ ပြန်သိရသလောက် ကျွန်တော် လွှဲပြောင်းမယူခင်အချိန်အထိ ကျောင်းက အားကစားပိုင်းမှာ တော်တော်လေး ညံ့တယ်တဲ့။ ကျွန်တော် ရောက်လာပြီးနောက်ပိုင်းကျတော့ အားကစားဘက်ကို တော်တော်လေး
ပြန်ပြင်လိုက်တယ်။ ဘက်စကတ်ဘောမှာဆို ကျွန်တော်တို့ကျောင်းက နှစ်နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားတယ်။ Track & Field Athletics မှာလည်း တော်တော်လေး အောင်မြင်လာတယ်။ Top 1 & 2 မှာ ကျောင်းက ဘက်စကတ်ဘော အသင်းတွေနဲ့ ဘော်လီဘောအသင်းတွေ အမြဲ ပါနေပြီ။

မြန်မာကျောင်းတွေမှာက အားကစားကို သိပ်အလေးမပေးတာမျိုးတွေ ရှိတယ်။ International School တွေ ရှိလာလို့ ကောင်းတာတွေထဲက တစ်ခုက အားကစားကို အားပေးအားမြှောက်ပြုတာပဲ။ Pre-school မှာဆို Learning through Play နည်းနဲ့ သင်တယ်။ ကစားခိုင်းရင်း သင်တဲ့နည်းပေါ့။ ရွှံ့တွေနဲ့ ကစားခိုင်းပြီး ရွှံ့က ဘာအရောင်လဲ၊ ဘယ်လို Texture လဲ၊ ဘယ်က ရသလဲ၊ ဘာလုပ်လို့ကော ရသလဲ စသဖြင့် ကစားနည်းတစ်ခုတည်းနဲ့ အများကြီး သင်ပြပေးလို့ ရတယ်လေ။

ကျောင်းမှာ Choir Team ရှိတယ်။ ကျောင်းပွဲတွေမှာ သူတို့ ဆိုကြတယ်။ ကျောင်းရဲ့ပန်းချီပြပွဲတွေလည်း ရှိတယ်။ Music Facilities တွေကိုလည်း တတ်နိုင်သမျှ ဖြည့်ပေးထားပါတယ်၊

ကျွန်တော်ကိုယ်တိုင်က မနက်ခြောက်နာရီဆို ဝိတ်မတယ်။ ညနေဆို လက်ဝှေ့ထိုးတယ်။ Weekend တွေမှာ ဘောလုံးကန်တယ်။ ဟိုမှာ နေခဲ့တုန်းက American Football ကစားခဲ့တယ်။ ဘတ်စကတ်ဘော၊ ဘော်လီဘော ကစားတယ်။ Sunday မှာဆို Soft Ball ဆော့တယ်။

MODA. American Football ဆော့တာက အရမ်းကြမ်းတယ်လေ။ အဲဒီအားကစားအတွက် ဘယ်လို Training မျိုးတွေ လုပ်ခဲ့ရဖူးတယ်ဆိုတာ ပြောပြပါဦး။

Patrick. ဟုတ်တယ်။ Training တွေက အရမ်း ပြင်းထန်တယ်။ အမေရိကန်မှာဆို Summer ပိတ်တဲ့လတွေက ဇွန်၊ ဇူလိုင်နဲ့ ဩဂတ်စ်လတွေပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကျောင်းပိတ်ထားတဲ့အချိန်တွေမှာလည်း Training ဆင်းရတာပဲ။ ဆရာတွေကလည်း အရမ်း စည်းကမ်းကြီးတယ်။ ကျောင်းချိန်က နှစ်နာရီ ၁၅ မှာ ပြီးတယ်ဆိုရင် သုံးနာရီ ၁၅ ကနေ ညနေ ခြောက်နာရီအထိ Training ဆင်းရတယ်။



MODA. US မှာ ဆယ်နှစ်ကြာခဲ့တယ်ဆိုတော့ Pre-school အပြင် တခြား လုပ်ခဲ့သေးတဲ့အလုပ်တွေ ရှိဦးမယ် ထင်တယ်။

Patrick. ရှိပါတယ်။ အမေ့ရဲ့အကျင့်ကောင်းတွေထဲက တစ်ခုက ကျွန်တော့်ကို ဘာလုပ်ပါ၊ ညာလုပ်ပါလို့ မပြောတတ်တာပဲ။ အထက်တန်းကျောင်းသားဘဝတုန်းက ကျွန်တော် ရှေ့နေ ဖြစ်ချင်ခဲ့တယ်။ ဒါကြောင့် တက္ကသိုလ်ရောက်တော့ Political Science Major ကို ရွေးတက်ဖြစ်ခဲ့တယ်။ အဲဒါပြီးမှ Law School ကို ဆက်တက်လို့ ရမှာကိုး။ တက္ကသိုလ်က လေးနှစ်တက်ရတာပါ။ ပထမ နှစ်နှစ်က General Study တွေ များတယ်။

ဒါပေမဲ့ တက္ကသိုလ် နှစ်နှစ် ပြီးတဲ့အချိန်မှာ Economics ကို ပိုကြိုက်သွားတယ်။ ဒါနဲ့ပဲ Double Major ယူဖြစ်သွားရော။ Economics ကို Master Degree ရတဲ့အထိ တက်ဖြစ်ခဲ့တယ်။ အထက်တန်းပြီးကာစက အင်္ကျီဆိုင်တစ်ဆိုင်မှာ နှစ်နှစ်ကြာ လုပ်ဖြစ်ခဲ့တယ်။ နောက်ပိုင်း ကိုယ်ပိုင်အလုပ်ပဲ လုပ်ချင်လာတော့ အမေနဲ့အတူတူ ၂၀၀၉ ခုနှစ်မှာ Pre-school ကို စလုပ်ဖြစ်ခဲ့တယ်။ Paper Works, Document တွေပိုင်းနဲ့ Finance ပိုင်းတွေကို ကျွန်တော် ကိုင်ပြီး Operation ပိုင်းကို အမေက အဓိက ကိုင်တယ်။ Pre-school အောင်မြင်လာပြီး
ပုံမှန် ရပ်တည်နိုင်သွားတဲ့အချိန်၊ ၂၀၁၀/၁၁ လောက်မှာ Real Estate Business ပိုင်းကို ကျွန်တော် စလုပ်ဖြစ်တယ်။ Residential နဲ့ Commercial နှစ်ခုစလုံးနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့တာပါ။ ဆောက်ပြီး ပြန်ရောင်းတာတွေပါ ပါတာပေါ့။

MODA. နိုင်ငံတစ်နိုင်ငံကို နလန်ပြန်ထူအောင် လုပ်မယ်ဆို စီးပွားရေးဘက်ကနေ စမလား၊ နိုင်ငံအုပ်ချုပ်သူတွေနဲ့ မူတွေကို ပြောင်းလဲပြီး နိုင်ငံရေးဘက်ကနေ စမလားဆိုတဲ့ အငြင်းအခုန်က ခေတ်အဆက်ဆက် ရှိခဲ့ပြီး အခုထိလည်း မတူတဲ့အမြင်တွေနဲ့ ဆက်လက်ငြင်းခုန်နေကြဆဲပဲလေ။ ကိုပက်ထရစ်က Politicial Science ရော Economics ပါ စိတ်ဝင်တစား လေ့လာထားတဲ့သူဆိုတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်တွေကို
ဝေမျှပေးပါဦး။

Patrick. ပြောရတာတော့ ခက်တယ်။ ကျွန်တော်က စီးပွားရေးသမားမို့ စီးပွားရေးနဲ့ပတ်သက်တဲ့ Bias တော့ ရှိတာပေါ့။ စီးပွားရေးဘက်ကို ပိုပြီး အားထားတယ်။ ပိုက်ဆံ ဝင်တာ များလာရင် အခွန်ကောက်ရတာ ပိုအဆင်ပြေလာမယ်။ အမေရိကန်တို့၊ ဥရောပတို့မှာဆို လူတွေရဲ့ Income တွေက များတော့ အခွန် ပိုကောက်လို့ ရတယ်။ အဲဒီအခွန်ငွေတွေနဲ့ပဲ Infrastructure တွေအတွက် သုံးလို့ရတယ်။ အစိုးရဝန်ထမ်းတွေကိုလည်း လစာကောင်းကောင်း ပေးနိုင်မှာ ဖြစ်တဲ့အတွက် သူတို့တွေလည်း အလုပ်ကို Efficiently ဖြစ်အောင် ပိုလုပ်နိုင်မယ်။ ဒါပေမဲ့ နိုင်ငံကို ဦးဆောင်အုပ်ချုပ်နေတဲ့ပုဂ္ဂိုလ်တွေ ကောင်းဖို့လည်း လိုသေးတာပေါ့။ မဟုတ်ရင် အဲဒီငွေတွေက လူတစ်စုအတွက်သာပဲ ဖြစ်သွားနိုင်တယ်။

MODA. အတိုင်းအတာတစ်ခုအထိ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေဘက်မှာကော ဘာတွေ ဘယ်လိုပြောင်းလဲနေတယ်လို့ ထင်မြင်မိသလဲ။

Patrick. အပေါ်ယံမှာတော့ တော်တော်လေး ပြောင်းလဲသွားတယ်။ ၂၀၁၂ ဆိုတာကိုက မြန်မာနိုင်ငံအတွက် အပြောင်းအလဲအဖြစ်ဆုံး ကာလတစ်ခုပဲလေ။ မပြောင်းလဲသေးတာက Mind-set တွေပဲ။ ဒါပေမဲ့ ကောင်းတဲ့ဘက်ကို တဖြည်းဖြည်းချင်း ပြောင်းလဲလာနေတာကိုတော့ တွေ့နေရတယ်။

MODA. Pre-school လုပ်တုန်းက Child Psychology နဲ့ပတ်သက်ပြီး လေ့လာခဲ့ဖူးတာတွေ ရှိသလား။

Patrick. ရှိပါတယ်။ ကလေးတွေကို အတင်းအကြပ် လုပ်ခိုင်းတာတွေ မလုပ်ဖို့တွေ၊ ဘောင်ကျယ်ကျယ်ထားပြီး လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ပေးထားဖို့ လိုတယ်ဆိုတာတွေက အဓိကပေါ့။ ကလေးတွေ မေးခွန်းထုတ်တဲ့အကျင့်ကို တားမြစ်ကြတာတွေ၊ လူကြီးသာ အမှန်ဆိုတဲ့အယူအဆတွေကို ဆင်ခြင်ဖို့တွေ၊
ကလေးတွေ မပြောရဲ၊ မမေးရဲ၊ မဖန်တီးရဲအောင် မလုပ်သင့်တာတွေ စသဖြင့်ပေါ့။ ကလေးတစ်ယောက် ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်ဟာ သိပ်အရေးကြီးပါတယ်။ ဘောင်တွေကို ချဲ့ခွင့်ပေးဖို့ လိုတယ်။



MODA. ဘာသာစကား ဘယ်နှမျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာလဲ။

Patrick. မြန်မာနဲ့ အင်္ဂလိပ်ကိုပဲ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ ပြင်သစ်ကို အထက်တန်းကျောင်းမှာတုန်းက လေးနှစ် တက်ခဲ့ပေမယ့် နောက်ပိုင်းတော့ အဆက်ပြတ်သွားခဲ့တယ်။ အခု ၂၀၁၉
ရဲ့ Goal တစ်ခုအနေနဲ့ ပြန်လေ့ကျင့်နေတယ်။

MODA. အလယ်တန်းကျောင်းသားဘဝလောက်တုန်းက ငါ ကြီးလာရင် ဘာဖြစ်ချင်တယ်ဆိုတာမျိုးတွေ ရှိခဲ့ဖူးသလား။ အခု ဖြစ်နေတာနဲ့ ကိုက်ညီသလား။

Patrick. အဲဒီအရွယ်တုန်းက ထူးထူးဆန်းဆန်း ရှေးဟောင်းပစ္စည်းပညာရှင်တစ်ယောက် ဖြစ်ချင်ခဲ့တာ။ အလယ်တန်းကျောင်းသားဘဝတုန်းက သမိုင်းကို အရမ်း ကြိုက်ခဲ့တယ်။ သင်တဲ့ဆရာတစ်ယောက်က အရမ်းတော်တာဆိုတော့ သူ့သင်တာကို သဘောကျပြီး စိတ်ဝင်စားခဲ့တာ။

MODA. အပေါ်မှာ နည်းနည်း ပြောခဲ့ပြီးပေမယ့် ကိုပက်ထရစ်ရဲ့ ပညာရေးဖြတ်သန်းမှုကို သေချာ ပြန်ပြောပြပေးပါဦး။

Patrick. Pre-school ကို ဒေါ်ရင်ဝိုင်းကျောင်းမှာ တက်ခဲ့တယ်။ TTC မှာ လေးတန်းအထိ တက်ပြီး ရှစ်တန်းအထိကျ YIEC မှာ တက်ခဲ့တာ။ (YIEC က အခုဆို ISM ဖြစ်သွားပြီ။) အဲဒီနောက်မှာ အမေရိကန်ကို ပြောင်းသွားရပြီး Walt Whitman High School ကို ဆက်တက်တယ်။ ၂၀၀၈ ကနေ ၂၀၁၂ အထိကျ University of Maryland မှာ တက်ခဲ့တယ်။ Master Degree ရဖို့အတွက် ၂၀၁၃/၁၄ မှာ နှစ်နှစ် တက်ခဲ့ရတယ်။

MODA. ကိုပက်ထရစ်ရဲ့ Facebook ထဲ ဝင်ကြည့်တော့ Wynn and Htoo Group Company Limited မှာ Director တစ်ယောက်ဖြစ်တယ်ဆိုတာလည်း တွေ့ရတယ်။ ဒီအကြောင်းကိုပါ နည်းနည်း ရှင်းပြပါဦး။ ပြီးတော့ တခြားကော ဘာအလုပ်တွေ လုပ်ဖြစ်နေသေးသလဲဆိုတာပါ သိပါရစေ။

Patrick. ၂၀၁၄/၁၅ မှာ Wynn and Htoo Group Company Limited ကို အမေနဲ့ပဲ စလုပ်ဖြစ်ခဲ့တယ်။ Wynn ဆိုတာက အမေ့ရဲ့အမေရိကန်နာမည် Michelle Wynn ဆီကနေ Last Name ကို ယူထားတာ။ သူ့မြန်မာနာမည်က ဒေါ်ရီရီသာပါ။ Htoo ကတော့ ကျွန်တော့်နာမည်ရဲ့ Last Name ပေါ့။ Wynn & Htoo ကို Holding Company အဖြစ် လုပ်ခဲ့ကြတာပါ။ အခုဆို ကိုယ်ပိုင် မြန်မာကျောင်း စနိုင်ဖို့လည်း ကျွန်တော့် Partner တွေနဲ့အတူ လုပ်နေပြီ။ လာမယ့် ဇွန်လမှာ ဗဟို ကိုယ်ပိုင်ကျောင်းဆိုပြီး စဖွင့်နိုင်ဖို့အထိ အမြန် လုပ်နေတယ်။ နေရာက မင်းဓမ္မဘက်က MCC နားမှာ ဖြစ်မယ်။

Yangon Academy International School ရော ဗဟို ကိုယ်ပိုင်ကျောင်းပါ Wynn & Htoo အောက်မှာ ရှိတာပါ။ နောက်ပြီး Wynn & Htoo အောက်ကနေပဲ Trading ရော Coffee Business ကိုပါ ကျွန်တော် လုပ်နေတယ်။

MODA. ကျောင်းတွေလည်း ဖွင့်ထားတယ်၊ ကျောင်းစာကြည့်တိုက်မှာလည်း စာဖတ်နိုင်ဖို့ကို စီမံပေးထားတယ်ဆိုတော့ ကိုပက်ထရစ်ကိုယ်တိုင် စာဖတ်ဝါသနာပါတယ်ဆိုတာ သိသာပါတယ်။ ဒီတော့ ဘာစာအုပ်တွေ ဖတ်ဖြစ်တယ်ဆိုတာနဲ့ အနှစ်သက်ဆုံး စာရေးဆရာတစ်ယောက်လောက်ကို ပြောပြပါဦး။

Patrick. အင်္ဂလိပ်စာအုပ်တွေကို အများဆုံး ဖတ်ဖြစ်တယ်။ Historical နဲ့ပတ်သက်တဲ့စာအုပ်တွေကတော့ ကျွန်တော် အနှစ်သက်ဆုံးစာအုပ်တွေပဲ။ ဒုတိယကမ္ဘာစစ်နဲ့ပတ်သက်တဲ့စာအုပ်တွေကိုလည်း ပိုဖတ်ဖြစ်တယ်။ အခုနောက်ဆုံး ဖတ်ထားတဲ့စာအုပ်က George Orwell ရေးတဲ့ Homage to Catalonia ပါ။ အကြိုက်ဆုံးစာရေးဆရာကလည်း သူပါပဲ။

MODA. အမေ့အပြင် တခြားသော လေးစားအားကျရသူကကော . . . ။

Patrick. Warren Buffett ပေါ့။ ကျွန်တော် စီးပွားရေးလုပ်နေတာကလည်း သူ့လမ်းကြောင်းအတိုင်းပဲလေ။ သူ့ Lifestyle ကိုလည်း ကြိုက်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နေခဲ့တဲ့အိမ်မှာပဲ သူ နေတယ်။ ကားဆိုလည်း ဒီအတိုင်းပဲ။ အဝတ်အစားဆိုလည်း ရိုးရိုးပဲ ဝတ်တာ။ ပိုက်ဆံချမ်းသာပြီး ဒီလိုနေနိုင်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။



MODA. Life Partner နဲ့ တွေ့ဖြစ်တာကိုရော ကြားဖြတ်မေးလို့ ရမလား။
 
Patrick. ဟုတ် . . . ရပါတယ်ဗျ။ သူလည်း ပညာရေးလောကထဲကပါပဲ။ လွန်ခဲ့တဲ့နှစ်နှစ်ကမှ မြန်မာနိုင်ငံမှာပဲ စတွေ့ခဲ့ကြတာ။

MODA. အောင်မြင်မှုကို ဆာလောင်မွတ်သိပ်နေတဲ့ လူငယ်တွေအတွက် လူငယ်အချင်းချင်း ဘယ်လိုစကားတွေ ဝေမျှပေးချင်သလဲ။

Patrick. အဓိကက သည်းခံစိတ်ရှည်မှုရှိကြပါဆိုတာပဲ။ အခုလုပ်၊ အခုဖြစ်ချင်၊ အခုပဲ အောင်မြင်ချင်နေတဲ့စိတ်တွေကို လျှော့စေချင်တယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ အချိန်မတန်သေးရင် ဖြစ်ကို မဖြစ်ဘူး။ ဒီတော့ အချိန်တန်တဲ့အထိ ကြိုးစားမြဲ ကြိုးစားနေစေလိုတယ်။ နောက်တစ်ခုကတော့ ကိုယ်ဖြစ်ချင်တဲ့နောက်ကို လိုက်ပြီး အမြဲတမ်း အကောင်းဆုံး လုပ်နေကြပါလို့။ တစ်ဝက်တစ်ပျက် လုပ်ပြီး နောက်တစ်ခုဆီ ရောက်ရောက်သွားတာမျိုးတွေ မဖြစ်စေချင်ဘူး။

MODA. ဒီနေ့အတွက် နောက်ဆုံးမေးခွန်းအနေနဲ့ Favourite Quote တစ်ခုကို သိပါရစေ။

Patrick. Warren Buffett ပြောတဲ့ စကားတစ်ခုပဲ။ No matter how great the talent or efforts, some things take time. You can't produce a baby in one month by getting nine women pregnant. တဲ့။

MODA. စကားပြောဆို ဆွေးနွေးရတာ တကယ် ကောင်းတယ်။ ယဉ်ကျေးဖော်ရွေပြီး အရည်အချင်းကောင်းတွေ ပိုင်ဆိုင်တဲ့ ကိုပက်ထရစ်ကို တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးတင်မိပါတယ်။

Patrick. ကျွန်တော်ကလည်း အင်တာဗျူးတွေကို ရှောင်ဖြစ်ခဲ့ပေမယ့် အခုလို လက်ခံလိုက်တဲ့ ပထမဆုံးအကြိမ်မှာပဲ အဆင်ပြေတဲ့မေးခွန်းတွေ ဖြေလိုက်ရလို့ ကျေးဇူးတင်တယ်ဗျာ။

Editor : Lu Thar Man





Share this article

TOP 5 ARTICLES


People   |   Posted on Apr 12, 2019

ပင်လယ်ပျော် Thin Zar Wint...


Beauty Box   |   Posted on Apr 10, 2019

L’Oreal Paris ရဲ့ အထူး S...


Celebrity Beauty   |   Posted on Apr 9, 2019

"KILL THIS LOVE" MUSIC VI...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.