မိန်းကလေးအများစုအနေနဲ့ အသားအရည်ထိန်းသိမ်းတဲ့ နည်းလမ်းမျိုးစုံကို နေ့စဉ်နဲ့အမျှပြုလုပ်ကြတဲ့အခါမှာ မျက်နှာအရေပြားကိုသာအဓိကဦးစားပေးဖြစ်ပေမယ့် လည်ပင်းတစ်ဝိုက်အသားအရေကိုတော့ ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါကြောင့်လည်း တချို့ မိတ်ကပ်လိမ်းတဲ့အခါမှာ ဘယ်လိုပဲလည်ပင်းကို လိမ်းလိမ်း လည်ပင်းနဲ့မျက်နှာ အရောင်ကွာနေတာမျိုး ၊လိမ်းလို့မကောင်းတာမျိုးနဲ့ အသားမညီတဲ့ပြသနာတွေကို ခဏခဏရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။ တချို့ဆို မျက်နှာပဲမိတ်ကပ်ဖွေးနေအောင်လိမ်းပြီး လည်ပင်းကိုလုံးဝထည့်မစဉ်းစားကြတာတောင် မြင်တွေ့ဖူးကြမှာပါ။ ဒါကြောင့်လည်း ကိုယ့်မျက်နှာနဲ့ ကိုယ့်လည်ပင်းက ရန်ဖြစ်ပြီး မခေါ်ကြသူတွေလို ဆန့်ကျင်ဘက်တွေဖြစ်နေပြီး ဘေးလူတွေအမြင်မှာ ကြည့်ရတာလည်း ဘယ်လိုမှအဆင်ပြေစေမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မျက်နှာနဲ့လည်ပင်းက ခန္ဓာကိုယ်တစ်ခုတည်းမှာရှိပြီး နှစ်ထပ်ကျောက်ကျောတုံးလေးလို အလွှာခြားနေတဲ့ပြသနာကနေ ကင်းဝေးချင်ပါတယ်ဆိုသူတွေအတွက် လည်ပင်းအသားအရည်ကို အရင်ကထက်ပိုပြီးဝင်းမွတ်လှပလာစေမယ့် အိမ်တွင်းနည်းလမ်းကောင်းလေးတချို့ကို ရှာရှာဖွေဖွေစုစုည်းဝေမျှပေးလိုက်ပါရစေ။
1.Apple Cider Vinegar
ဆိုင်အတော်များများမှာ အလွယ်တကူဝယ်နိုင်နေပြီဖြစ်တဲ့ Apple Cider Vinegar က အရေပြားရဲ့ pH level ကိုထိန်းညှိပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးတာကြောင့် အရေပြားကို သဘာဝကျကျဝင်းမွတ်တောက်ပစေတဲ့အစွမ်းအာနိသင်ကို ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး Apple Cider Vinegar ကိုအသုံးပြုရမယ့်နည်းလမ်းကလည်း လွယ်လွယ်လေးပါ။ အဲဒီပန်းသီးဗီနီကာ စားပွဲတင်ဇွန်း(၂)ဇွန်းကို ရေ(၄)ဇွန်းနဲ့ရောပြီး ဂွမ်းလေးနဲ့ယူ၊ ညိုမည်းတဲ့လည်ပင်းအရေပြားတစ်ဝိုက် ခပ်ဖွဖွလေးသုတ်လိမ်းပေးရုံပါပဲ။ ဆယ်မိနစ်လောက်ထားပြီးရင်တော့ ရေပြန်ဆေးချရပါမယ်။ ပြီးရင် အသားခြောက်တာမျိုးမဖြစ်အောင် ကိုယ်သုံးနေကျ Moisturizer ကို အပေါ်ကခပ်ပါးပါးလူးထားပေးပါ။ ဒါကို နေ့တိုင်းပုံမှန်လုပ်ပေးမယ်ဆို ညီညာဝင်းမွတ်တဲ့အသားအရည်ကို အချိန်အနည်းငယ်အတွင်း ရရှိလာနိုင်မှာပါ။
2.Baking Soda
Baking Soda ကလည်း အရေပြားပေါ်က ဖုန်အညစ်အကြေးနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့နေရာမှာ တော်တော်လေးကို ထိရောက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ Baking Soda စားပွဲတင်ဇွန်း ၂ဇွန်း-၃ဇွန်းလောက်ကို ရေအနေတော်နဲ့ ခပ်ပျစ်ပျစ်ဖျော်ပြီး ညိုမည်းနေတဲ့လည်ပင်းတစ်ဝိုက်လိမ်းကျံရပါမယ်။ ခြောက်သွေ့တဲ့အထိထားပြီးရင်တော့ ရေစိုနေတဲ့လက်တဲ့ ဖြည်းဖြည်းချင်းခွာချပြီး ရေအေးအေးနဲ့ပြန်ဆေးပေးလိုက်ရုံပါပဲ။ ဒီအချက်တွေလုပ်ပြီးတိုင်း Moisturizer တစ်ခုခု လိမ်းပေးဖို့တော့မမေ့ပါနဲ့။ ဒီနည်းလမ်းကို ကိုယ်နှစ်သက်တဲ့ result မရမချင်း နေ့တိုင်း ၊ဒါမှမဟုတ် တစ်ရက်ခြားပြီး လုပ်ပေးနိုင်ပါတယ်။
3.အာလူး
အာလူးမှာ ဘယ်သူမှသတိမထားမိတဲ့ အရောင်ချွတ်ဓာတ်အာနိသင်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် မီးဖိုချောင်ထဲက အာလူးကိုအသုံးပြုပြီးတော့လည်း ကိုယ့်ရဲ့အရေပြားမညီညာမှုပြသနာကို ကောင်းကောင်းဖြေရှင်းနိုင်ပါလိမ့်မယ်။ အာလူးကိုအနေတော်အတုံးလေးဖြတ် ၊အရည်ရအောင်ကြိတ်ပြီး အဲဒီထွက်လာတဲ့အရည်နဲ့ လည်ပင်းကို လူးပေးရုံပါပဲ ။ ခြောက်တဲ့အထိထားပြီးရင် ရေခပ်နွေးနွေးနဲ့ဆေးချပေးရပါမယ်။ ဒီနည်းလမ်းကိုတော့ တစ်နေ့နှစ်ကြိမ်နဲ့ ကိုယ်လိုချင်တဲ့အနေအထားမရမချင်း နေ့စဉ်ပြုလုပ်နိုင်ပါတယ်။
4.ဒိန်ချဉ်နဲ့ရှောက်သီး
ဒိန်ချဉ်ကို ရှောက်သီးမှာပါတဲ့ အက်ဆစ်ဓာတ်နဲ့တွဲဖက်သမလိုက်တဲ့အခါမှာ ညီညာလှပတဲ့အရေပြားကိုပိုင်ဆိုင်စေဖို့ အထောက်အကူပြုမယ့် အကောင်းဆုံး ဓာတ်ပစ္စည်းတစ်ခုဖြစ်သွားတဲ့အပြင်အရေပြားရဲ့အာဟာရဓာတ်ကိုဖြည့်တင်းပေးပြီး ချောမွေ့တဲ့အသားအရည်ကိုလည်းရရှိစေဦးမှာပါ။ နည်းလမ်းကတော့ ရှောက်ရည်စားပွဲတင်ဇွန်းတစ်ဇွန်းကို ဒိန်ချဉ်စားပွဲတင်ဇွန်းနှစ်ဇွန်းနဲ့ရောပြီး လည်ပင်းတစ်ဝိုက်သုတ်လိမ်း ၊ မိနစ်နှစ်ဆယ်နီးပါးထားပြီး ရေဆေးချလိုက်ရုံပါပဲ။ တစ်ခုမှာချင်တာကတော့ ဒီနည်းလမ်းတွေအားလုံးကို မလုပ်ခင်မှာ ကိုယ့်အရေပြားနဲ့ဓာတ်တည့်မတည့်သိအောင် လက်ခုံပေါ်မှာ အနည်းငယ်အရင်စမ်းသပ်ကြည့်ဖို့ပါ။ ဒါတင်မက ဘယ်နည်းလမ်းကိုပဲလုပ်ပြီးပြီး ကိုယ်သုံးနေကျ moisturizer ကို မမေ့မလျော့ပဲ လူးပေးဖို့ပါပဲ။ အချိန်တိုအတွင်း အရောင်ညီညာပြီး ချောမွေ့တဲ့လည်ပင်းအရေပြားအလှကို ပိုင်ဆိုင်နိုင်ကြပါစေ။
Photo Credit to the Rightful Owners