MODA စာဖတ်သူတို့ ကျန်းမာပါကြရဲ့လား။ နှစ်သစ်မှာ ကျန်းကျန်းမာမာနဲ့ အလုပ်အကိုင် အဆင်ပြေကြပါစေလို့ အရင်ဆုံး ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Lipstick တွေမှာ နာမည်ကြီးတဲ့ Burmese Dream ကို ပုံဖော်သူတစ်ယောက်နဲ့ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ ဩစတေးလျမှာ နေထိုင်နေတဲ့သူဖြစ်တာကြောင့် ခေတ်နဲ့အညီပဲ Visual Wall ပေါ်မှာ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ သူမရဲ့ အိပ်မက်တွေ၊ ခွန်အားတွေနဲ့ သဘာဝတရားအပေါ် ချစ်မြတ်နိုးမှုတွေဟာ ရင်ဘတ်ထဲထိကို လှုပ်ခတ်စေတာကြောင့် ယခုလရဲ့ MODA Woman အဖြစ် ရွေးချယ်တင်ဆက်လိုက်ရပါတယ်။
အစ်မနာမည်နဲ့ Burmese Dream မှာ တာဝန်ယူထားတဲ့အပိုင်းကို မိတ်ဆက်ပေးပါဦး။
အစ်မနာမည်က Zin Myint ပါ။ Burmese Dream မှာ Founder အဖြစ်နဲ့ တာဝန်ယူလုပ်ကိုင်နေပါတယ်။
Burmese Dream ကို အစပြုခဲ့ပုံလေးကိုလည်း ရှင်းပြပေးပါဦး။
ဒီ Brand လေးကို လုပ်ဖို့ စီစဉ်နေခဲ့တာက ငါးနှစ်လောက်ရှိပြီ။ အချိန်အားဖြင့်ကော၊ ထွက်လာသမျှ Process တိုင်းကို စိတ်တိုင်းမကျခဲ့ဘူး။ လုပ်ရင်း လုပ်ရင်းနဲ့ အစ်မ ဒီမှာ Telecom Company တစ်ခုမှာ အလုပ်လုပ်ဖြစ်နေရင်း Beauty Industry က လူတွေနဲ့ ခင်မင်တွေ့ဆုံခွင့်ရခဲ့တယ်။ လေ့လာမှုတွေ၊ Supporting တွေနဲ့အတူ အမ ဒါလေးကို လုပ်ဖြစ်ခဲ့တာပါ။
Burmese Dream ကနေ ထုတ်လုပ်နေတဲ့ Product လေးတွေအကြောင်းလည်း မိတ်ဆက်ပေးပါဦး။
Product က ၇မျိူးလောက်ရှိတယ်။ အဓိက သိကြတာကတော့ နှုတ်ခမ်းနီလေးတွေပေါ့။
နှုတ်ခမ်းနီလေးတွေက နာမည်လေးတွေ ဆန်းတယ်ပေါ့နော်။ ဒီလို မြန်မာနာမည်လေးတွေ ပေးဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်လေးကကော။
ကိုယ်တိုင်လည်း နှုတ်ခမ်းနီအရမ်းကြိုက်တယ်၊ ဝယ်ဖြစ်တယ်၊ စုဖြစ်တယ်။ အဲ့ဒီမှာ ဘာတွေလဲဆိုတော့ နှုတ်ခမ်းနီ Brand တွေမှာ နာမည်လေးတွေက English လိုတွေများတယ်။ ကိုယ်က စဉ်းစားမိတာက ကိုယ့် Brand ထွက်လာရင်တော့ သူများနဲ့မတူပဲ ကွဲထွက်နေတဲ့ ပုံစံသွားမယ်။ အဲ့မှာ မြန်မာနာမည်လေးတွေနဲ့ ပစ္စည်းလေးတွေထုတ်မယ်ပေါ့။ အဓိက Australia Base အနေနဲ့ သွားမှာဆိုတော့ International Customer တွေပါလာရင် သူတို့ကြားထဲမှာ မြန်မာနာမည်လေးနဲ့ဆို ထူးခြားမယ်၊ ဘယ်နိုင်ငံကလည်းဆိုပြီး စူးစမ်းလေ့လာရင်း မြန်မာဆိုတာလေးပါ တွဲပြီး ပါသွားမယ်ဆိုပြီး ရည်ရွယ်ချက်လေးနဲ့ လုပ်ထားတာပါ။
နောက်ပိုင်းမှာရော ဘယ်လို Product တွေ မြင်တွေ့ရဦးမှာလဲ။
Foundation နဲ့ 2 Way Press Powder လေးတွေ လာဖို့ရှိတယ်။ Press Powder မှာဆိုရင် အခု Market ထဲမှာ ခေတ်စားနေတဲ့ Banana Powder လေးပါမယ်။ ဒီ Local Brand တွေထဲမှာလည်း မရှိသေးဘူးပေါ့။ နောက်တစ်ခု အမျိူးသားကော၊ အမျိူးသမီးကော လိမ်းလို့ရတဲ့ Translucent Powder လည်းပါမယ်။ Second Quarter မှာတော့ နောက်ထပ် Product တွေ အများကြီးလာဦးမှာပါ။
Burmese Dream နှုတ်ခမ်းနီကို ပထမဦးဆုံး စစဝယ်မယ့် ကောင်မလေးတွေကို Recommend ပေးချင်တဲ့ အရောင် ကဘာဖြစ်မလဲ။
မုန့်ဟင်းခါးလေးပေါ့။ ဖြူဖြူ၊ ညိုညို အသားအရောင်တိုင်းနဲ့ လိုက်ပြီး အချိန်အခါမရွေး အဆင်ပြေတယ်။ တစ်နှစ်လုံး Run လာတဲ့အချိန်မှာ လတိုင်းလတိုင်း ရောင်းအားအကောင်းဆုံးက မုန့်ဟင်းခါးလေးဖြစ်နေတယ်။ အဲ့လိုဆိုတော့ ဒီအရောင်လေးကိုတော့ Highly Recommend ပေးချင်ပါတယ်။
အခုရှိနေတဲ့ Burmese Dream နေရာကိုရောက်လာဖို့ ဘယ်လိုအခက်အခဲတွေရှိခဲ့လဲ။ ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့လဲ။
အခက်အခဲတွေကတော့ အများကြီးပဲ။ Brand တစ်ခု စလုပ်မယ်ဆိုတာနဲ့ စစခြင်းကြုံရတာက အိမ်က Rejection ကစလာတာပဲ။ ဘာလို့လဲဆိုတော့ အစ်မ အခြား အလုပ်လုပ်နေရင်း အခက်အခဲတွေကြုံရတယ်၊ အဲ့ဒီမှာ အိမ်က စိုးရိမ်ပြီး ဖြစ်ပါ့မလား၊ မလုပ်နဲ့ ဆိုတာမျိူးပေါ့။ ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာကို သိရင် Just Do It ပါ။ ဘေးက အသံတွေဆိုတာက အမြဲလာနေမှာပဲ။ တစ်ချိန်ကြရင်တော့ ဒီအသံတွေက ရပ်သွားမှာပါ။ အဲ့လိုမျိူးနဲ့ပဲ ခြောက်လလောက်ကတော့ Struggle လုပ်ခဲ့ရတာပေါ့။
International မှာလည်း ရပ်တည်နေတဲ့ Brand တစ်ခုဖြစ်တာကြောင့် ဈေးကွက်နဲ့ ပတ်သတ်ပြီး ထိုးဖောက်မှုတွေ ဘယ်လို ပြုလုပ်ခဲ့ရလဲ။
ဒီဘက်မှာက Digital Marketing အရမ်းခေတ်စားတာဆိုတော့ Digital ကို အဓိကသွားပါတယ်။ Instagram Platform ပေါ်မှာ Social Influencer တွေနဲ့ သွားတာမျိူးရှိတယ်၊ Campaign တွေဆောက်ပြီး သွားတယ်။ ဒီမှာက Customer Behavior အရ အများစုက သူတို့ Social Media မှာ ပေါ်နေတဲ့ဟာကို ဝယ်တာ၊ အားပေးကြတာများတယ်..ဆိုတော့ Online ကနေပဲ အမြဲ Active ဖြစ်အောင်တော့ နေနေရတယ်ပေါ့။
Burmese Dream ကို ရနိုင်မယ့် နိုင်ငံတွေ အနေနဲ့ကော။
ဝယ်လို့ရနိုင်မယ့် နိုင်ငံတွေက နိုင်ငံပေါင်း ၂၂ နိုင်ငံရှိမယ်။ ကိုယ်စားလှယ်ပေးထားတာကတော့ ၈နိုင်ငံပါ။ နောက်နှစ်ထဲမှာတော့ ပိုများလာမယ်လို့ ထင်ပါတယ်။ US, UK, Canada, Dubai, Singapore, Japan, Malay, Thai နဲ့ Myanmar ပါပါရင် ၉နိုင်ငံရှိမယ်။
ရုံးတွင်း Management ပိုင်းကကော ဘယ်လိုလဲ။
အစ်မ ရုံး Team ကအရမ်းအလုပ်လုပ်တယ်၊ Supportive အရမ်းဖြစ်တယ်။ Teamwork အရမ်းနိုင်တယ်။ အစ်မထက်တောင် ပိုကြိုးစားကြတယ်။ ကိုယ်ကတောင်မှ တစ်ခါတစ်ခါ ညဘက်တွေတောင်နားကြပါတော့လို့ အထိပြောရတယ်။ သူတို့ကြောင့်ပဲ ဒီ Business ကို Run နိုင်တာပါ။ အစ်မ ဒီတစ်နှစ်လုံးလုံး လုံး၀ ပြန်လို့မရတဲ့အနေအထားမှာ ဒီလုပ်ငန်းက Still Going ဆိုတာက..သူတို့တွေ အရမ်းကြိုးစားပေးကြလို့ Supporting ဖြစ်လို့ လုပ်နိုင်တာ။ ဘယ်အလုပ်မဆို အဓိကလိုအပ်တာက Teamwork ပါပဲ။
Burmese Dream က Toxic Free၊ Vegan ဖြစ်တယ်၊ Cruelly Free Certified ဖြစ်တယ်လို့ သိရပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ အလှအပရေးရာက ဘယ်လောက်ထိ သက်ရောက်မှု ရှိတယ်လို့ထင်လဲ။
စာတွေဖတ်ရင်း လေ့လာမိတာပေါ့နော်။ တစ်ကမ္ဘာလုံးမှာ အမျိူးသမီးတွေ စွန့်ပစ်တဲ့ Makeup Waste တွေက တစ်နှစ်လုံးမှာဆိုရင် အနည်းဆုံး 2 Billion လောက်ရှိတယ်။ ဒီ Waste တွေက ပင်လယ်သမုဒ္ဒရာကို ညစ်ညမ်းစေတယ်၊ ကိုယ်က တိရစ္ဆာန်ချစ်သူဆိုတော့ ဒီပင်လယ်ထဲမှာ ရှိတဲ့ ရေနေသတ္တဝါတွေကို အရမ်းကိုမှ ထိခိုက်စေလို့ လုံးဝအဆင်မပြေဘူးပေါ့နော်။ ပြီးတော့ သဘာဝပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။ အဲ့လိုမျိူးတွေ အများကြီးတွေ့ရတော့ စဉ်းစားမိတာက ကိုယ့်ရဲ့ Product တစ်ခု ထွက်လာတဲ့အခါကျရင် တိရစ္ဆာန်တွေအပေါ် လုံးဝမစမ်းသပ်ဘူး။ သက်သက်လွတ် Vegan Free အတွက် တိရစ္ဆာန်အဆီလုံးဝမသုံးဘူး။ တတိယအချက်အနေနဲ့ကတော့ လူတွေရဲ့ အသားအရေပေါ်မှာပဲဖြစ်ဖြစ်၊ တိရစ္ဆာန်တွေရဲ့ အရေပြားပေါ်မှာဖြစ်ဖြစ် တစ်ခုခုပေါ်မှာတင်လိုက်ရင် Toxic ဖြစ်မယ့် Ingredient တွေလုံးဝမသုံးဘူး။ Burmese Dream မှာ ဒီသုံးချက်ကို အဓိကအခြေခံပြီး ဝယ်သူ Safety နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုရယ်ကို သွားထားတာပါ။
ကုန်ကြမ်းတွေကို ဘယ်လိုရယူပါလဲ။
ဒီမေးခွန်းလေးက အရမ်းကောင်းတယ်။ Product အတွက် Ingredient Sourcing လုပ်တဲ့အချိန်မှာ Ethical Sourcing ဖြစ်ဖို့ အရမ်းအရေးကြီးတယ်။ Ethical Sourcing က ဘာလဲဆိုရင် ကိုယ်ယူမယ့် ကုန်ကြမ်းသည် သူတို့ရဲ့ Factory တွေမှာ ကလေးလုပ်သား အသုံးပြုခြင်းမရှိရဘူး၊ ဝန်ထမ်းတွေကို ခိုင်းမယ်ဆိုလည်း Overtime တွေမပေးပဲ ခိုင်းတာမျိူးတွေ မဟုတ်ရဘူး။ အဲ့လိုနေရာမျိူးတွေက Sourcing လုပ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့် Product မှာ Ethical မဖြစ်တဲ့နေရာကနေ လာတာမျိူးမဖြစ်ချင်ဘူး။ Certified ဖြစ်တဲ့နေရာတွေကနေပဲ ယူတယ်။ အမတို့ Lip Scrub တို့ ဘာတို့မှာ သုံးတဲ့ Ingredient တွေဆိုရင် Olive Oil က အစ အမတို့ ဒီက Australia အလယ်ပိုင်းဒေသမှာ စိုက်တဲ့ဟာတွေ သုံးတယ်။ Clay Mask ဆိုလည်း ဒီ Australia က Ingredients တွေသုံးပါတယ်။
ကိုယ်တိုင်က အလှအပနဲ့ ပတ်သတ်တဲ့ Product တွေ ထုတ်လုပ်နေတဲ့သူတစ်ယောက်ဆိုတော့ အသားအရေနဲ့ အလှအပပိုင်းနဲ့ပတ်သတ်ပြီး ထိန်းသိမ်းမှုတွေ ဘာတွေလုပ်လဲ။
Skincare ကတော့လေ အမေဖြစ်နေပြီဆိုတော့ အရင်ကလောက် အချိန်တွေအများကြီး မပေးဖြစ်ဘူး။ အရင်ကဆိုရင်တော့ Ten Steps နဲ့ သွားတဲ့ Korea Skincare တွေ၊ Trend ဖြစ်နေတာတွေနဲ့ တစ်ဆင့်ချင်းစီ သွားတယ်။ အဓိကတော့ အခုဆိုရင် Cleansing လုပ်တယ်၊ Detox လုပ်တယ်၊ Moisture လိမ်းတယ်၊ Sunscreen သုံးတယ်ပေါ့။ အဓိကကတော့ Sunscreen ပဲ။ ဒီမှာ ပူတာက မြန်မာပြည်က အညာလိုပဲဆိုတော့ မဖြစ်မနေသုံးရတယ်။ Sunscreen ကို သုံးပါ။ အရေပြားကင်ဆာ၊ အိုမင်းရင့်ရော်လာတာတွေ၊ အသားအရေ ညစ်ညမ်းလာတွေကို ကာကွယ်ပေးတယ်။ ပြီးရင် Moisturizer မဖြစ်မနေလိမ်းသင့်တယ်။
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်တယ်၊ နိုင်ငံရပ်ခြားမှာ နေထိုင်နေတဲ့ အိမ်ထောင်ရှင်မိခင်တစ်ယောက်လည်းဖြစ်တယ်ဆိုတော့ အမရဲ့ နေ့စဉ်ဘ၀ နေထိုင်မှုပုံစံကိုလည်း မျှဝေပေးပါဦး။
Struggle လုပ်ရင်း လုပ်ရင်း သွားနေရင်းပဲပေါ့။ ကလေးက မနက်ငါးနာရီဆို နိုးပြီဆိုတော့ မနက်ကလေးကြည့်၊ အလုပ်က Email တွေပြန်၊ ပြီးရင် ကလေးပြန်ကြည့် ဒီလို Routine နဲ့ပဲ သွားနေတာပါ။ ကလေးကို အချိန်ပေးနိုင်ဖို့ ကြိုးစားတယ်။ နောက်ပိုင်း ကလေးထိန်းရင်းနဲ့ ပဲအလုပ်တွေ လုပ်ဖြစ်တယ်။ Mommy Guilt ကတော့ရှိတာပေါ့နော်။ ဒါပေမယ့် မိသားစုအတွက်၊ ရှေ့ရေးအတွက် လုပ်နေတာကို စဉ်းစားပြီး Balance ဖြစ်အောင် နေနေပါတယ်။ အစ်မဆိုရင် ညနေ လေးနာရီခွဲ၊ ညငါးနာရီလောက်ဆို ဖုန်းပိတ်လိုက်ပြီ။ ကလေးနဲ့ နေတယ်။ ကလေးအိပ်သွားပြီဆိုရင် ညဘက် အစ်မအလုပ်တွေပြန်လုပ်တယ်။ ဒီလို Routine လေးနဲ့ သွားနေတာပေါ့။
လုပ်ငန်းခွင်နဲ့ ပတ်သတ်ပြီး ကိုယ့်အိမ်ထောင်ဖက်ရဲ့ ပံ့ပိုးမှုကရော ဘယ်လိုရှိလဲ။
သူ့အလုပ်အတွက်နဲ့ အမတို့ ဒီဘက်ကို ပြောင်းလာကြတော့ အဓိကကတော့ We are supporting each other ပေါ့နော်။ ကိုယ်ဒါလုပ်မယ်ဆိုလည်း လုပ်ပေါ့။ တိုင်ပင်ကြ၊ ဆွေးနွေးကြနဲ့ သူ့လည်း သူ့အလုပ်သူလုပ်၊ ကိုယ်လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ပေါ့။ ကိုယ်အလုပ်ရှုပ်နေတဲ့ အချိန်မျိူးတွေဆို ကူပေးတယ်၊ ကလေးထိန်းပေးတယ်။ ဒီလိုမျိူးလေး သွားနေပါတယ်။
နှစ်လည်း ကုန်တော့မှာဆိုတော့ ရည်မှန်းထားတဲ့ New Year Plan က ဘာတွေဖြစ်မလဲ။
ဝယ်သူနဲ့အတူ ကုသိုလ်ယူ ဆိုတဲ့ CSR Project လေး စ Run နေတယ်။ တော်တော်လေးထိရောက်တယ်။ ၂၀၂၁ မှာ Phase 2 အနေနဲ့ ပိုပြီးသွားမှာက Woman Empowerment ပါ။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားပေးတာ၊ လက်မှုပညာလေးတွေ သင်ပေးတာမျိူးတွေ Details လေး သွားဖို့ရှိတယ်။ လက်ရှိမှာတော့ ခုန CSR Project လေးက နှုတ်ခမ်းနီ တစ်ချောင်းရောင်းရရင် ရလာတဲ့ အမြတ်ထဲက တစ်ရာကို ဖယ်ပြီး ကုသိုလ်ရေးဘက်ကို လှူပေးတယ်ပေါ့။ ဘယ်လိုနေရာတွေလှူလဲဆိုတော့ Covid Center တွေ၊ အမရပူရ ရေဘေးတို့၊ ရခိုင်စစ်ဘေးရှောင်တို့၊ နောက်အပတ်ဆိုရင် We Love Yangon နဲ့ အတူ အလှူလေး လုပ်ဖို့ရှိတယ်။
နောက်ဆုံးအနေနဲ့ အမျိူးသမီးငယ်လေးတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် စကားလက်ဆောင်လေး ပါးခဲ့ပါဦး။
အမျိူးသမီးတိုင်း လူတိုင်းမှာ အိပ်မက်တွေဆိုတာရှိတယ်။ ဒါမယ့် ဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖြစ်တာ၊ မဖော်ဖြစ်တာမှာ ကွာသွားတယ်။ ယုံကြည်ချက်နဲ့ တွန်းအားတွေနဲ့ သွားဖို့ လိုတယ်။ ကိုယ်က လုပ်ချင်တယ်၊ ဖြစ်ချင်တယ်ဆိုတဲ့ အိပ်မက်တွေရှိတယ်ဆိုရင် ဇွဲမလျော့ပါနဲ့။ တစ်ချိန်မှာ အကောင်အထည်ဖော်လာမှာပါ။ ဒါကတော့ အမအတွေ့အကြုံနဲ့ယှဉ်ပြီးတော့ အားပေးချင်တာပါ။