၂၀၂၀ ခုနှစ်မှာတော့ Miss လောကမှာမျက်နှာသစ် Miss တစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။ Miss Universe Myanmar 2020 သူဇာဝင့်လွင်ပါ။ သူမက အဆိုတော်မေရဲ့ ညီမအရင်းလည်းဖြစ်တယ်လို့သိရပါတယ်။ ချင်းပြည်နယ်၊ ဟားခါးမြို့ကိုယ်စားပြုအနေနဲ့ Miss Universe Myanmar 2020 ကိုဝင်ပြိုင်ခဲ့ပြီးတော့ Winner တစ်ယောက်ဖြစ်ခဲ့တာပါ။ ပူပူနွေးနွေး Miss Universe Myanmar 2020 Winner ဆုရှင်ဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ကြယ်ပွင့်လေး သူဇာဝင့်လွင်နဲ့ MODA တို့တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ သူမနဲ့ MODA တို့ ရိုက်ကူးထားတဲ့ အမိုက်စား Photoshoot ကိုကြည့်ရင်းနဲ့သူမနဲ့တွေ့ဆုံထားတဲ့ အင်တာဗျူးလေးဆီကိုလည်း ဖိတ်ခေါ်ပါရစေ။
ပထမဦးဆုံးအနေနဲ့ ညီမနဲ့ဒီအနုပညာလောကနဲ့ အဆက်အစပ်ဖြစ်နေပုံလေးပြောပြပါဦး။
ညီမက အနုပညာအလုပ်စလုပ်တယ်ဆိုကတည်းက မော်ဒယ်လ်စလုပ်ဖြစ်တာပါ။ စလုပ်ဖြစ်တာလည်း တစ်နှစ်လောက်ပဲရှိပါသေးတယ်။ အရင်ကတော့ ရင်းနီးတဲ့မိတ်ဆွေတွေနဲ့ ဓာတ်ပုံတွေရိုက်ဖြစ်တာလောက်ပဲ လုပ်ဖြစ်ခဲ့တယ်။ ၂၀၂၀ မှာမှ Miss Universe Myanmar ကို ဝင်ပြိုင်မယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တာကနေမှ ထဲထဲဝင်ဝင်စလုပ်ဖြစ်သွားတယ် ပြောရမှာပါ။ မိသားစုထဲမှာ အနုပညာအလုပ်လုပ်တာကတော့ အစ်မပေါ့နော်၊ အဆိုတော်မေပါ။
Miss Universe မပြိုင်ခင် အရှေ့မှာဘယ်လိုလှုပ်ရှားမှုတွေရှိခဲ့သေးလဲ။
Miss ပြိုင်မှပဲ ညီမရဲ့ Model Career ကစတယ်ပြောရမှာပါ။ အရင်ကတော့ ဓာတ်ပုံတွေနဲ့ Commercial တချို့ပဲ ရိုက်ဖြစ်ခဲ့ပါတယ်။
မေနဲ့ညီမဆိုတာကိုလည်း ပရိသတ်တွေက Miss ပြိုင်မှပဲသိလာကြတာလား။ အရင်ကတည်းက သိကြလား။
မသိကြဘူး။ တော်တော်များများက မသိကြပါဘူး။ ညီမကလည်း ထုတ်မပြောဖြစ်ခဲ့ဘူး။ နီးစပ်တဲ့ပတ်ဝန်းကျင်အဝန်းအဝိုင်းကလူတွေလောက်ပဲသိကြတာပေါ့။ Miss ပြိုင်ဖြစ်မှပဲ ပရိသတ်တွေ တော်တော်များများသိကြတာပါ။
Miss Universe မဟုတ်တဲ့တခြားပြိုင်ပွဲတစ်ခုခုကိုရော ဝင်ပြိုင်ဖို့ စိတ်ကူးထားခဲ့သေးလား။
မရှိခဲ့ပါဘူး။ ညီမငယ်ငယ်ကတည်းက Miss Universe ကို စိတ်ဝင်စားခဲ့တယ်။ ငယ်ငယ်ကတည်းက Miss Universe ပြိုင်ပွဲတွေပဲအမြဲကြည့်ခဲ့တယ်။ ငါသာတစ်နေ့ ဒီလိုမျိုးလုပ်ဖြစ်ခဲ့ရင် Miss Universe ကိုပဲဝင်ပြိုင်မယ်လို့ အိပ်မက်ရှိခဲ့တယ်။ အခုဆို Miss Universe Myanmar 2020 Winner တစ်ယောက်ဖြစ်နိုင်ခဲ့တဲ့အတွက် ညီမရဲ့အိပ်မက်တချို့ ပြည့်မြောက်ခဲ့ပြီပေါ့နော်။ နောက်ထပ်ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ဖို့မရှိတော့ပါဘူး။
Miss Universe Myanmar ပြိုင်ဖို့အတွက် ဘယ်အချိန်လောက်ကတည်းက Plan လုပ်ထားလဲ။
ညီမငယ်ငယ်ကတည်းက Miss ပြိုင်ပွဲတွေထဲမှာ Miss Universe ပြိုင်ပွဲတွေကိုပဲ ကြည့်လာဖြစ်တာ။ Plan လုပ်ထားတယ်ဆိုတာထက် စိတ်ကူးရှိခဲ့တယ်ပေါ့။ ဒီနှစ်မှာတော့ အသက်လည်း ၂၁ နှစ်ပြည့်ခဲ့ပြီဆိုတော့ ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်မှုပိုရှိတဲ့အသက်အရွယ်အပိုင်းအခြားတစ်ခုကိုရောက်လာပြီပေါ့။ အကြောင်းအခွင့်တွေလည်း တိုက်ဆိုင်လာတာနဲ့ Miss Universe Myanmar 2020 ကိုဝင်ပြိုင်ဖြစ်လိုက်တာပါ။
Miss Universe Myanmar 2020 ပြိုင်ပွဲတစ်လျှောက်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်တွေက ဘယ်အချိန်တွေဖြစ်မလဲ။
ဒီနှစ်ပြိုင်ပွဲက ပြိုင်ပွဲကာလတစ်နှစ်လောက်ကြာသွားတယ်။ Covid 19 ကြောင့် ပြိုင်ပွဲပုံစံပြောင်းလဲတာရယ်လည်းပါတယ်။ အရင်နှစ်တွေလို ပြိုင်ပွဲကိုလုပ်လို့မရဘူး။ အဲဒီထဲမှာမှ စိတ်လှုပ်ရှားခဲ့ရတဲ့အချိန်၊ ရင်ခုန်ရတဲ့အချိန်က Final ပြိုင်ဖို့ Camp ဝင်ရပြီးလေ့ကျင့်နေရတဲ့အချိန်မှာ ဪ Final ပြိုင်ရတော့မှာပါလားဆိုတဲ့စိတ်နဲ့ရင်ခုန်ရတယ်။ နောက်တစ်ခုက Winner ကြေငြာတဲ့အချိန်ပေါ့၊ Miss Universe Myanmar 2020 လို့ကြေငြာတော့မယ့်အချိန်မှာ ဘယ်လိုတွေးမိလဲဆိုတော့ ငါဒါကြီးကို တကယ်လုပ်နိုင်ခဲ့တာပါလားဆိုပြီးတော့ တွေးပြီး စိတ်လှုပ်ရှားတယ်၊ ရင်ခုန်တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကို ဂုဏ်လည်းယူမိပါတယ်။
အခုကတော့ Miss Universe Myanmar 2020 Winner ဖြစ်ခဲ့ပြီပေါ့လေ၊ နောက်ထပ်တော့ Global ကိုသွားပြိုင်ရမယ်၊ အဲဒါကထားပါတော့လေ။ Miss တစ်ယောက်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ညီမရဲ့နောက်ထပ်သော Future Dream က ဘာဖြစ်မလဲ၊ ဆိုလိုတာက သရုပ်ဆောင်လား၊ မော်ဒယ်လ်လား၊ အဆိုတော်လား။
လက်ရှိမှာအရင်ဆုံးတွေးထားတာကတော့ Global သွားပြိုင်ရမယ့်ပြိုင်ပွဲအတွက်ကိုပဲ ခေါင်းထဲအပြည့်ထည့်ထားတယ်။ အဲဒီပြိုင်ပွဲအတွက်ကို ပြင်ဆင်နေတယ်၊ ကြိုးစားနေတယ်၊ ကိုယ့်အားသာချက်တွေကို ပိုပြီးကောင်းအောင်ကြိုးစားတယ်၊ ကိုယ့်အားနည်းချက်တွေကို ပိုပြီးနည်းအောင်ကြိုးစားတယ်။ ပြိုင်ပွဲတွေပြီးသွားတဲ့အချိန်မှာလည်း ညီမက Modelling နဲ့ပဲ ဆက်ပြီးသွားဖြစ်မယ်လို့တွေးထားပါတယ်။
Modelling မှာရှိတဲ့ Element တွေထဲကမှ ညီမအားသာတာ၊ အားနည်းတာတွေက ဘာတွေဖြစ်မယ်ထင်လဲ။
အားသာချက်ကတော့ Photoshoot ရိုက်တဲ့အခါ အိုက်တင်ပေးရတာကို ကြိုက်တယ်။ ကိုယ့်ဘာသာကိုယ်လည်း အားသာတယ်လို့ထင်တယ်။ လူဆိုတာ လုံး၀ Perfect ဖြစ်နေတာမဟုတ်တော့ ညီမကတော့ ကိုယ့်အားနည်းချက်လေးတွေရှာပြီး ပြင်ကြည့်တယ်၊ ကြိုးစားကြည့်တယ်။ ဒါပေမယ့် အားသာချက် အားနည်းချက်တွေဆိုတာ တစ်ကြိမ်နဲ့တစ်ကြိမ် အခွင့်အခါအပေါ်မှာမတူညီဘူးလို့ထင်တယ်။ Talent နှစ်ခုရှိရင် ပထမတစ်ကြိမ်မှာ Talent တစ်ခုကို ကောင်းကောင်းလုပ်နိုင်ခဲ့တာမျိုး၊ နောက်တစ်ခုကနည်းနည်းလျော့သွားတာမျိုးရှိနိုင်တယ်။ နောက်တစ်ကြိမ်မှာကျ ပထမတစ်ကြိမ်မှာလျော့သွားခဲ့တဲ့ Talent က ပိုကောင်းနေနိုင်တာမျိုးလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် နှစ်ခုလုံးကောင်းသွားတာမျိုးလည်းဖြစ်နိုင်တယ်၊ နှစ်ခုစလုံးလျော့သွားတာမျိုးလည်းဖြစ်နိုင်တယ်။ ဒါကြောင့် ညီမကတော့ ကိုယ်လျှောက်ရမယ့် Career ပေါ်က လေ့လာစရာရှိတာတွေလေ့လာတယ်၊ သင်ယူစရာရှိတာတွေသင်ယူနေပါတယ်။
ဒီ Career ထဲဝင်လာတော့ ကိုယ့်ဆီကိုရောက်လာတဲ့ Best and worst advice တွေကဘာတွေဖြစ်မလဲ။
ညီမက ဒီလောကထဲကိုရောက်လာတာ အချိန်ကာလတစ်ခုအနေနဲ့ အရမ်းကိုနည်းပါသေးတယ်။ worst advice တွေတော့ အမှန်အတိုင်းပြောရရင် ညီမသိပ်မကြုံတွေ့ရသေးဘူး။ အရှေ့မှာတော့ ဘာတွေရှိမလဲညီမလည်းမသိသေးဘူး။ best advice တွေကတော့ အများကြီးပဲ။ ညီမပရိသတ်တွေရဲ့ဝေဖန်အကြံပေးကြတာတွေ၊ သူတို့တွေဆိုရင် ညီမလေ့ကျင့်ရမယ့် Talent တွေရဲ့ video ဖိုင်တွေကို ရှာဖွေပြီးပို့ပေးကြတယ်၊ ပြပေးကြတယ်။ ပြီးတော့ ကိုယ့်အနီးပတ်ဝန်းကျင်က မိတ်ဆွေသူငယ်ချင်းတွေရဲ့အကြံပေးကြတာတွေက best advice တွေများပါတယ်။
ဟုတ်ကဲ့ပါဗျ။ အဆိုတော်မေနဲ့ကလည်းညီမအရင်းတွေဆိုတော့ သူကရော ညီမကို ဒီအနုပညာလောကထဲဝင်ဖို့စတင်တဲ့အချိန်မှာ ဘယ်လိုတွေ Support ပေးလဲ။
သူညီမကိုအများကြီးသင်ပေးပါတယ်။ ဘယ်လိုလူမျိုးတွေနဲ့ဆက်ဆံရမလဲ၊ ဘယ်လိုမျိုးနေထိုင်ရမလဲ၊ ဝေဖန်သံတွေကို ဘယ်လိုမျိုးကျော်လွှားရမလဲဆိုတာတွေကို သူသင်ပေးတယ်။ ဘယ်လိုကိစ္စမျိုးဖြစ်ပါစေ၊ သူအမြဲ ညီမကို Support လုပ်ပေးပါတယ်။
အစ်မဖြစ်သူက အဆိုတော်တစ်ယောက်ဆိုတော့ ညီမကရော သီချင်းတွေဆိုဖြစ်လား၊ နောက်ခါဆိုဖို့ကော အစီအစဉ်ရှိလား။
သီချင်းက နားထောင်တာလောက်ပဲရှိပါတယ်။ သီချင်းတော့မဆိုဖြစ်ပါဘူး။ ဝါသနာလည်းသိပ်မပါဘူး။ Future Plan ထဲမှာလည်း သီချင်းဆိုဖို့မရှိသေးပါဘူး။
ကိုယ့်အစ်မဖြစ်တဲ့မေက အနုပညာလောကထဲမှာ သူ့ပရိသတ်နဲ့သူရပ်တည်လာနိုင်တယ်၊ နေရာတစ်နေရာရယူလာနိုင်တဲ့အချိန်မှာသူ့ကိုအားကျလား။
အရမ်း အားကျတာပေါ့။ သူ့မှာ အရမ်းကောင်းတဲ့အသံချိုချိုလေးလည်းရှိတယ်။ သူ့ပရိသတ်တွေကလည်း သူ့ကိုအရမ်းချစ်ကြတယ်။ ညီမမှာက သူ့လိုကောင်းတဲ့အသံမရှိဘူး။ သီချင်းလည်းမဆိုတတ်ဘူးဆိုတော့ သူ့ကိုအားကျရတယ်။ ညီမနဲ့သူနဲ့က အသက်လည်းနည်းနည်းကွာတော့ ငယ်ငယ်တုန်းကတော့ သိပ်ပြီး Close ဖြစ်တယ်ပြောလို့မရဘူး။ ကြီးပြင်းလာပြီးနောက်ပိုင်းမှ သူနဲ့ သူငယ်ချင်းလိုရော၊ အစ်မလိုရော ပိုပြီး Close ဖြစ်လာတယ်လို့ပြောရမယ်။
ညီမရဲ့ Inspire ဖြစ်ရတဲ့ Idol ကဘယ်သူဖြစ်မလဲ။
ညီမက Victoria's Secret ကို ကြည့်ဖြစ်တယ်။ သူတို့လမ်းလျှောက်ပုံတွေ၊ သူတို့ဝတ်တာစားတာ သူတို့ရဲ့နေထိုင်စားသောက်မှုကိုလိုက်လေ့လာကြည့်တယ်။ Miss တွေဆိုရင်လည်း Miss Universe Winner တွေရဲ့ Video တွေကိုပြန်ပြန်ကြည့်ပြီးလေ့လာတယ်။ Inspire ယူတယ်။
ညီမမှာအခုဆိုရင် အမာခံပရိသတ်တွေရှိလာပြီ။ ဝမ်းသာစရာ Surprise တွေလည်းလုပ်ပေးကြတာတွေ့တယ်။ ဆိုတော့ ဒီလို ကိုယ့်ကိုအားပေးတဲ့အမာခံပရိသတ်တွေရလာပြီ၊ ရှိလာပြီဆိုတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ။ သူတို့ကိုရောဘာပြောချင်လဲ။
အရမ်းပျော်တယ်။ အရမ်းအရမ်းကို ပျော်ရတာပါ တကယ်။ ကိုယ်လည်း သူများပရိသတ်ဖြစ်ခဲ့တယ်။ ကိုယ့် Idol ပဲထားပါတော့လေ၊ ကိုယ်သူ့ကိုအားပေးရတဲ့ခံစားချက်ကို ကိုယ်တိုင်သိတယ်။ အခုညီမမှာလည်း ကိုယ့်ကိုလာပြီးအားပေးကြတဲ့ Fan လေးတွေရှိလာတဲ့အခါမှာ အရမ်းကိုပျော်မိတယ်။ ဝမ်းသာတယ်။ သူတို့လေးတွေရှိလာတဲ့အခါ အရမ်းအားရှိစေတယ်။ ပြိုင်ပွဲနောက်တစ်ဆင့်အတွက်ကော၊ ဆက်လျှောက်ရမယ့်အနုပညာခရီးအတွက်ရော သူတို့တွေက လုံးဝအားဆေးပါပဲ။ Surprise အတွက်လည်း အရမ်းပဲ ကျေးဇူးတင်ရပါတယ်။ အနယ်နယ်အရပ်ရပ်က ညီမကိုအားပေးနေကြတဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်၊ ဆက်ပြီးလည်းအားပေးဖို့တောင်းဆိုချင်ပါတယ်။ Miss Universe 2020 မှာအကောင်းဆုံးကြိုးစားပေးပါမယ်လို့ကတိပြုပါတယ်။