×
Art & Book

STYLE YOUR BOOKSHELF

စာအုပ်စင်လေးတွေကလည်း သင့်အိမ်ရဲ့ အလှအပပစ္စည်းတစ်မျိုးဆိုတာ သေချာပါတယ်နော် ........

by Moethae Say

June 22, 2018

2018 မှာ လူနေမှုဘ၀နဲ့ပတ်သက်လို့ အရေးတကြီးအကြံပြုချင်တဲ့ အချက်သုံးချက်ရှိပါတယ်။ အဲဒါကတော့ တစ်အချက် စာဖတ်ပါ။ နှစ်အချက် စာဖတ်ပါ။ သုံးအချက် စာဖတ်ပါ။ ဟုတ်ပါတယ်။ စာဖတ်ဖို့ပဲ အကြံပြုချင်ပါတယ်။ ခေတ်က အရှေ့ကို အရှိန်နဲ့ပြေးနေတဲ့အချိန်မှာ အရာအားလုံးပြောင်းလဲနှုန်းက မြန်ဆန်နေတာဖြစ်လို့ စာဖတ်ဖို့ လေ့လာဖို့အပြင် တခြားအကြံပေးချင်တာမျိုးမရှိပါဘူး။ စာအုပ်တွေစုဆောင်းရတာ ဝါသနာပါသူတွေအနေနဲ့လည်း သင်တို့စုဆောင်းထားတဲ့စာအုပ်တွေကို စတိုခန်းထဲကနေထုတ်လိုက်ပြီး စာအုပ်စင်တစ်ခုကို ဖန်တီးဖို့ ပြောချင်ပါတယ်။

Art & Book

အိမ်မှာ ပျင်းနေတဲ့အချိန် ဖတ်လို့ကောင်းမယ့် MODA Magazine ရဲ့ Issue များ

MODA Website ၊ Win Zin နဲ့ MPT Book Store တို့မှာ Down ပြီး ဖတ်နိုင်ပါတယ်နော်။

by Lin Lin

April 15, 2020

MODA ပရိသတ်ကြီးရေ MODA ရဲ့ ထွက်သမျှ Issue တွေကို ဖတ်ဖြစ်ကြရဲ့လား။
MODA ရဲ့ ထွက်ပြီးသမျှစာအုပ်တွေထဲကမှ ပရိသတ်ကြီးကို ညွှန်းပေးချင်တဲ့ Issue လေးတွေ ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို Editor ရွေးချယ်ထားတဲ့ စာအုပ်တွေအကြောင်းကို ဖော်ပြပေးမယ်နော်။ ဒီစာအုပ်လေးတွေကို မဖတ်ရသေးရင်လည်း Win Zin နဲ့ MPT Book Store တို့မှာ Down ပြီး ဖတ်နိုင်ပါတယ်နော်။ ဒါ့အပြင် MODA Website မှာလည်း Article တွေကို ရှာဖတ်လို့ရပါတယ်နော်။

2017 January


နှစ်တစ်နှစ်ရဲ့ အစပိုင်း လတစ်လဖြစ်တဲ့ ဇန်နဝါရီလမှာတော့ MODA ရဲ့ Cover Star တွေအဖြစ် ထိပ်တန်းမော်ဒယ်တွေဖြစ်တဲ့ မိုးဟေကို၊ အွန်ဆိုင်း၊ M Seng Lu၊ နန်းခေးမားနဲ့ မြတ်နိုးဝေတို့ကို ဒီဇိုင်နာ ကောင်းမြတ်ဖန်တီးထားတဲ့ နီညိုရောင်ဖက်ရှင်တွေနဲ့ အမိုက်စားမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Fashion ကို စိတ်ဝင်စားသူတွေအတွက် Fashion Industry ကဏ္ဍမှာတော့ "ဒီဇိုင်နာတွေ မပြောဘဲ မနေနိုင်တဲ့ First Lady Melania Trump ရဲ့ ဝတ်စားဆင်ယင်မှုအကြောင်း တစေ့တစောင်း" ကို လေ့လာနိုင်မှာဖြစ်ပြီး စာဖတ်သူတွေ Inspiration ရနိုင်မယ့် MODA Woman ကဏ္ဍမှာတော့ The Rich Gems ကို ဦးစီးလုပ်ဆောင်နေတဲ့ မMichelle Lau နဲ့ တွေ့ဆုံထားတဲ့ အင်တာဗျူးကို ဖတ်ရှု့နိုင်မှာပါ။

2018 July


MODA ရဲ့ Special Issue တစ်ခုဖြစ်တဲ့ 2018 July Issue ဟာ MODA ရဲ့ 6th Anniversary Special Issue ပဲ ဖြစ်ပါတယ်။ MODA ရဲ့ အစဉ်အလာအတိုင်း ဆန်းသစ်တဲ့ဖန်တီးမှုတွေနဲ့ ပုံဖော်လေ့ရှိရာမှာ ဒီစာအုပ်လေးမှာလည်း ထူးထူးခြားခြားအနေနဲ့ Frenzo Production ရဲ့ ရဲဘော်ရဲဖက် ၆ယောက်ကို တစ်စုတစ်စည်းတည်း မြင်တွေ့နိုင်မှာပါ။ သူတို့ကိုယ်တိုင်လည်း သူတို့ရဲ့ Show ပွဲကြော်ငြာတွေက လွဲလို့ အခုလို အတူတူတစ်ခါမှရိုက်ကူးရေးမလုပ်ဖူးဘူးလို့ ဆိုပါတယ်။ Fashion ကဏ္ဍမှာတော့ ပျိုမေတို့ကြားမှာ တစ်ကျော့ပြန်ခေတ်စားလာတဲ့ Jelly Shoe တွေအကြောင်းအပြင် Yangoods နဲ့ ဖွေးဖွေးတို့ရဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ အိတ်လေးတွေအကြောင်းကိုလည်း လေ့လာဖတ်ရှု့နိုင်မှာပဲ ဖြစ်ပါတယ်။

2018 August


ဒီ Issue မှာတော့ အမျိုးသမီးတို့ အကြိုက်ဖြစ်တဲ့ နှုတ်ခမ်းနီတွေနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ ဖက်ရှင်တွေအပေါ် နှုတ်ခမ်းနီတွေရဲ့ အရေးပါမှုအကြောင်း၊ မတူညီတဲ့ ပုံစံတွေကို ဖန်တီးပြောင်းလဲတဲ့အခါမှာ နှုတ်ခမ်းနီတွေက ဘယ်လိုပံ့ပိုးပေးနိုင်မလဲဆိုတဲ့ ကဏ္ဍအပြင် နှစ် ၁၀၀ အတွင်းမှာ ပြောင်းလဲလာတဲ့ Nail Art Trend တွေအကြောင်းကိုလည်း လေ့လာနိုင်မှာပါ။ ဒီ Nail Art Trend တွေနဲ့ ပတ်သက်ပြီး မိမိတို့ စိတ်ကြိုက် Vintage လား၊ Modern လား ဆိုတာကို ရွေးချယ်နိုင်မှာပါနော်။ ဒါအပြင် ၂၀၁၈ ခုနှစ်မှာ ခေတ်စားခဲ့တဲ့ Fashion တွေကိုလည်း ပြန်လေ့လာနိုင်ဦးမှာမို့ အမြန်ဆုံးပဲ Down ကြည့်လိုက်ပါတော့နော်။

2019 June


ခီမောင်နှံရဲ့ ပရိသတ်တွေအတွက် သူတို့နှစ်ဦးရဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ဖို့အတွက် ကျော်ဖြတ်ခဲ့ရတဲ့ အမှောင်ညတွေအကြောင်းကို ပြောပြပေးထားတာမို့ ခီမောင်နှံအကြောင်းကို ပြည့်ပြည့်စုံစုံ သိနိုင်မှာပါ။ ဖက်ရှင်ပန်းချီကားထဲက နူးညံ့သောပန်းတစ်ပွင့်ဖြစ်တဲ့ DIOR အကြောင်းနဲ့ Yangoods ရဲ့ လှပတဲ့ Chin Collection တွေကိုလည်း မြင်တွေ့ရမှာပါ။ ဒါတင်မကသေးပါဘူး။ MODA Woman ကဏ္ဍမှာလည်း အမျိုးသမီးတို့အတွက် Inspiration ရစေမယ့် SANDI SEIN THEIN ရဲ့ နည်းပညာလောကမှာ အမျိုးသမီးတွေလည်း လွှမ်းမိုးနိုင်တဲ့အကြောင်းကို ပြောပြထားတာမို့ လက်မလွှတ်သင့်တဲ့ စာအုပ်လေးအဖြစ် ညွှန်းပေးချင်ပါတယ်။ မဖတ်ရသေးရင်လည်း MODA Website ၊ Win Zin နဲ့ MPT Book Store တို့မှာ Down ပြီး ဖတ်နိုင်ပါတယ်နော်။

2019 July


ဒီစာအုပ်လေးကလည်း MODA ရဲ့ 7th Anniversary Special Issue ဖြစ်တာကြောင့် ထူးထူးခြားခြားပဲ ကျားပေါက်၊ ရန်ရန်ချန်းနဲ့ R ဇာနည်တို့ သုံးယောက်ကို Cover Star တွေအဖြစ် မြင်တွေ့ရမှာပါ။ ကျားပေါက်ရဲ့ အိပ်မက်၊ ရန်ရန်ချန်းစိတ်ဓာတ်နဲ့ R ဇာနည်ရဲ့ လက်နက်တို့ အကြောင်းကို စုံစုံလင်လင်ဖတ်ရှု့နိုင်မှာဖြစ်လို့ သူတို့ရဲ့ ပရိသတ်တွေအတွက်တော့ သိမ်းထားချင်စရာ စာအုပ်လေးတစ်အုပ်ပါပဲနော်။ Penshoppe Fashion အကြောင်းအပြင် MODA ရဲ့ ထူးခြားဆန်းသစ်တဲ့ ဖက်ရှင်ကဏ္ဍ၊ Beauty ကဏ္ဍတွေကိုလည်း လေ့လာနိုင်မယ့် စာအုပ်လေးတစ်အုပ်လည်း ဖြစ်ပါတယ်။

 

,

Art & Book

ရုပ်ရှင်ဇာတ်ကားတွေအဖြစ် ပြောင်းလဲရိုက်ကူးခဲ့ကြတဲ့ နာမည်ကြီး ဝတ္တုစာအုပ်များ

စာဖတ်သူရင်ထဲကို နင့်နေအောင်ခံစားရမယ့် စာအုပ်တွေဖြစ်တာကြောင့် ရုပ်ရှင်တွေကို မကြည့်လိုက်ရလည်း စာအုပ်တွေကို ရှာဖတ်လို့ရပါသေးတယ်နော်။

by Lin Lin

April 7, 2020

အခုတစ်ခေါက်မှာတော့ ဝတ္တုစာအုပ်တွေကို ရုပ်ရှင်တွေအဖြစ် ပြန်လည်ပြောင်းလဲခဲ့တဲ့ နာမည်ကြီးစာအုပ်တွေအကြောင်းကို ဖော်ပြပေးပါမယ်။ နာမည်ကြီးစာအုပ်တွေဖြစ်တာနဲ့ အညီ စာဖတ်သူရင်ထဲကို နင့်နေအောင်ခံစားရမယ့် စာအုပ်တွေဖြစ်တာကြောင့် ရုပ်ရှင်တွေကို မကြည့်လိုက်ရလည်း စာအုပ်တွေကို ရှာဖတ်လို့ရပါသေးတယ်နော်။

ပန်းကြာဝတ်မှုံ


ဆရာမ ခင်ခင်ထူးရဲ့ နာမည်ကြီး စာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့ ပန်းကြာဝတ်မှုံဝတ္တုကို ဒါရိုက်တာ ဇင်ယော်မောင်မောင်က နိုင်းနိုင်း၊ သက်မွန်မြင့် တို့နဲ့ ရိုက်ကူးပုံဖော်ခဲ့ပါတယ်။ ဆရာမ ခင်ခင်ထူးက အညာဒေသနဲ့ ပတ်သတ်တဲ့ အဖွဲ့အနွဲ့တွေမှာ ပြောင်မြောက်အောင် ဖွဲ့နိုင်သူ တစ်ယောက် အဖြစ် လူသိများ ထင်ရှားသူဖြစ်တာနဲ့အညီ ပန်းကြာဝတ်မှုံဝထ္ထုမှာလည်း မြင်းခြံမြို့က လာရောက် ပညာ ဆည်းပူး ကြတဲ့ ကျောင်းသူလေး ငါးယောက် ရဲ့ ရွေးချယ်မှုနဲ့ ဘဝတွေအကြောင်း ကို မန္တလေး တက္ကသိုလ်ကို နောက်ခံထားပြီး ရေးဖွဲ့ထားတာကြောင့် လွမ်းမောဖွယ် ရသတွေကို ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ဆိုလည်း မမှားပါဘူး။

မီ


မီနဲ့ ပတ်သက်ရင် မသိသူမရှိလောက်အောင်ကို ရှားပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ အကယ်ဒမီစာရင်းမှာ မီကို အကယ်ဒမီမှန်းထားကြသူတွေ ဒုနဲ့ဒေးပါပဲ။ အကယ်ဒမီနဲ့ လွဲသွားခဲ့ပေမယ့် ပရိသတ်ပေးတဲ့အကယ်ဒမီကို ရရှိခဲ့တဲ့မီပါ။ ဆရာမကြီး ကြည်အေးရဲ့ မီကို ဒါရိုက်တာ ဏကြီးက နေတိုး၊ ပိုင်ဖြိုးသုတို့နဲ့ ပုံဖော်ရိုက်ကူးခဲ့ရာမှာ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ ရုပ်ရှင်ကောင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ မိန်းမတယောက်ရဲ့ စိတ်ခံစားချက်တွေကို ပုံဖော်ထားတဲ့ မီဟာ စာအုပ်အဖြစ်ရော ရုပ်ရှင်အဖြစ်ပါ အောင်မြင်မှုများစွာ ရရှိထားခဲ့ပါတယ်။

မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်


ဆရာမဂျူးပရိသတ်တွေဆိုရင်တော့ ဒီစာအုပ်ကို ၂ခေါက် ၃ခေါက်မက ဖတ်ဖူးကြမှာ အသေအချာပါပဲ။ အချစ်နဲ့ မာနကို အားပြိုင်နေတတ်တဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို ပုံဖော်ထားတဲ့ စာအုပ်တစ်အုပ်ကို ဒါရိုက်တာမီးပွားက ဒေါင်း၊ စိုင်းစည်တွမ်ခမ်း၊ ပိုင်ဖြိုးသုတို့နဲ့ ပြန်လည်ပုံဖော်ရိုက်ကူးထားပါတယ်။ စာအုပ်နဲ့ ရုပ်ရှင်ဟာ အနည်းငယ်ကွဲလွဲမှုရှိတယ်လို့ ဝေဖန်မှုတွေရှိနေခဲ့ပေမယ့်လည်း ပရိသတ်ရင်ထဲကို ရောက်ရှိနေဆဲပါ။

ကြာတော့သည်လည်း မောင့်စကား


ဆရာမဂျူးရဲ့ နာမည်ကြီး ဝတ္တုတွေထဲက တစ်အုပ်ပါ။ ဆရာမဂျူးရဲ့ ပရိသတ်တွေ ရင်နင့်အောင် ကြိုက်ကြတဲ့ စာအုပ်တစ်အုပ်ပါ။ ဒီစာအုပ်ကိုလည်း ဒါရိုက်တာမီးပွားကလည်း ပြန်လည်ပုံဖော်ထားတာ ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဖွေးဖွေးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ နာမည်ကြီးစာအုပ်ဖြစ်တာကြောင့် ရုပ်ရှင်အဖြစ်ပြန်လည် ပုံဖော်ချိန်မှာလည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုပါ။

, , , , ,

Art & Book

AIA Myanmar၏ တရားဝင် theme song “ဒို့ခေတ်”

“ဒို့ခေတ်” အမည်ရ AIA Myanmar၏ တရားဝင် theme song CD နှင့် music video ကို မိတ်ဆက်ခဲ့သည်။

by Lin Lin

February 14, 2020

X-Boxin မှ ကိုယ်ပိုင်သံစဉ်ဖြင့် ရေးစပ်ထားပြီး ထိပ်တန်းအဆိုတော် နီနီခင်ဇော်မှ featuring အဖြစ်ပါဝင်အားဖြည့် သီဆိုထားသည့် “ဒို့ခေတ်” အမည်ရ AIA Myanmar၏ တရားဝင် theme song CD နှင့် music video ကို မိတ်ဆက်ခဲ့သည်။


၎င်းအဆိုတော် နှစ်ဦး၏ခေတ်မီပြီး အသံပါဝါအားကောင်းကောင်းဖြင့် သီဆိုဟန်တို့ကို ပေါင်းစပ် ထားသည့်အလျောက် အဆိုပါ theme song သည် လူအများကြိုက်နှစ်သက်ကြသော ဂီတနှင့် အနုပညာ တို့မှတဆင့် မြန်မာပြည်သူ၊ ပြည်သားများ ပိုမိုကျန်းမာသော ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်ရရှိနိုင်ကြစေရန် AIA မှ ကူညီပံ့ပိုးပေးလိုကြောင်းကို အသိပေးလိုက်ခြင်းဖြစ်သည်။
အဆိုပါ စိတ်ခွန်အားပြည့်စေမည့် theme song ကို ပြည်သူများ ပိုမိုကျန်းမာ၊ အသက်ရှည်ပြီး ပိုမိုကောင်းမွန်သော ဘဝများပိုင်ဆိုင်နိုင်စေရန် အားပေးကူညီ ဆောင်ရွက်သွားနိုင်ရေးနှင့် ဘဝအောင်မြင်မှုအတွက် အခက်အခဲများကို ကျော်လွှား နိုင်စေရေး အတွက် စိတ်အားထက်သန် တက်ကြွလာစေရန် အားပေးနိုင်ရေးအတွက် ရည်ရွယ်ထားကြောင်း သိရသည်။


AIA Myanmar theme song ကို ကြိုက်နှစ်သက်၍ ရယူလိုသူများအနေဖြင့် bit.ly/JOOXMMIOS (iOS), bit.ly/JOOXMMAndroid (Android), www.joox.com/mm/download (Desktop app), နှင့် www.joox.com/mm (JOOX Website) တို့မှတဆင့် ဒေါင်းလုတ်လုပ်ကာ ရယူနိုင်ပါသည်။

 

,

Art & Book

ဆရာ သစ္စာနီရဲ့ ဘာသာပြန်စာအုပ် ငါးအုပ်ကို စုစည်းထားတဲ့စာအုပ်

ကျောင်းသားလေးက ကြီးမားတဲ့ ခရစ်တော်ပုံပန်းချီကားတစ်ချပ်ကို ရေးဆွဲတဲ့အခါ ခရစ်တော်ကို လူမည်းတစ်ဦးအဖြစ် ရေးဆွဲခဲ့ပါတယ်

by Kyaw Ye Lynn

February 2, 2019

ကျောင်းသားလေးတစ်ယောက်က သူ့ဆရာမရဲ့မွေးနေ့အတွက် ကြီးမားတဲ့ ခရစ်တော်ပုံပန်းချီကားတစ်ချပ်ကို ဆွဲပေးတယ်။ ဒါ မထူးဆန်းပါဘူး။

ထူးဆန်းသွားတာက အဲဒီပန်းချီကားထဲက ခရစ်တော်ကို လူမည်းတစ်ဦးအဖြစ် ရေးဆွဲခဲ့တာပါ။

ကျောင်းသားလေး နာမည်က အာရွန်ကရော့ဖို့။

သူ့မှာ ဆရာသမားတွေ သဘောကျစရာ ပင်ကိုစွမ်းရည် အမျိုးမျိုး ရှိတယ်။

အဲဒီစွမ်းရည်တွေကလည်း သူ့ဆရာသမားတွေကို လန့်ဖျပ်သွားစေတတ်တာမျိုးတွေချည်း။

လူမည်းကလေးတွေ တက်ဖို့ ဖွင့်လှစ်ထားတဲ့ မတ်စ်ကိုဂီကျောင်းမှာ သူ့ကို စံပြကျောင်းသားအဖြစ် ပြောဆိုကြတယ်။ သူက ပန်းချီဆွဲတာ တော်တယ်။ အဲဒါကြောင့်လည်း သူ့ဆရာမအတွက် အထက်ပါပန်းချီကားကို ရေးဆွဲပေးခဲ့တာ ဖြစ်တယ်။

သူ့ပန်းချီကားကို မြင်တော့ ဆရာမရော အတန်းဖော်တွေပါ မျက်လုံးပြူးကရော။

ဒီပန်းချီကားကို ဘယ်လိုစိတ်ကူးနဲ့ ဆွဲသလဲလို့ ဆရာမက မေးတော့ အာရွန် ပြန်ဖြေတာက သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။

" နယူးယော့ခ်မှာ နေတဲ့ ငါ့ဦးလေး၊ ဝိုင်အမ်စီအေမှာ နီဂရိုးသမိုင်းသင်တဲ့ လူလေ၊ မနှစ်က တို့ဆီ လာလည်ရင်းနဲ့ နီဂရိုးရာဇဝင်မှာ စာတင်ထိုက်တဲ့ လူမျိုးစုတွေအကြောင်း ငါ့ကို ပြောပြသွားတယ်၊ ဒီလူတွေဟာ တစ်ချိန်တုန်းက ကမ်ဘာပေါ်မှာ စွမ်းအင်အပြည့်ဝဆုံး လူတွေ ဖြစ်ခဲ့တယ်တဲ့၊ ငါက ခရစ်တော်အကြောင်း သူ့ကို မေးတော့ ခရစ်တော်ဟာ လူဖြူ ဒါမှမဟုတ် လူမည်းဖြစ်တယ်ဆိုတာကို သက်သေပြဖို့အချက် တစ်ချက်မှ မရှိဘူးတဲ့၊ ဒီလိုနဲ့ ခရစ်တော်ဟာ လူမည်းဖြစ်ရမယ်ဆိုတဲ့ခံစားချက် ငါ့မှာ ဖြစ်လာတယ်၊ အကြောင်းကတော့ သူဟာ အင်မတန် ကြင်နာတတ်တဲ့သူ၊ ခွင့်လွှတ်တတ်တဲ့သူတစ်ယောက် ဖြစ်နေလို့ပဲ၊ ခရစ်တော်ဟာ ငါ ကြုံခဲ့ဖူးသမျှ လူဖြူတွေထက် ပိုပြီးကြင်နာတတ်တယ်၊ ဒါကြောင့် သူ့ပုံကို ငါရေးတဲ့အခါ ငါတွေးတောမိသလို ရေးခဲ့တာပဲ " တဲ့။

သူ့ပန်းချီကားထဲက ခရစ်တော်ရဲ့မျက်လုံးတွေဟာ ကြေကွဲဆွေးမြေ့မှုတွေ ကိန်းဝပ်နေတယ်။ စာနာသနားမှုအတွက် တိတ်ဆိတ်စွာ လျှောက်လှဲချက်ပေးနေတဲ့ ကယ်သူကင်းဝေး နီဂရိုးတစ်ယောက်ကို မြင်နေရသလိုလည်း ဖြစ်စေတယ်။ တွေ့မြင်နေကျ ခရစ်တော်ပုံတွေနဲ့ လွန်စွာခြားနားတယ်။

ဝတ္ထုရဲ့နောက်ပိုင်းမှာ ကျောင်းက ဆရာသမားတွေ ကြောက်ရွံ့ရတဲ့ ပါမောက္ခ ဒန်နူရယ် လာရောက်လည်ပတ်ပြီး

" ဒီအဓိပ္ပာယ်မရှိတဲ့ ဓမ္မအန္တရာယ်ပန်းချီကားကို ဘယ်သူရေးသလဲ "

မေးကာ နီဂရိုးကျောင်းအုပ်ဆရာနဲ့ အာရွန်တို့ကို ဘာလုပ်ပစ်သလဲဆိုတာတွေအထိ ဆက်ရေးထားတယ်။ ဒီလောက်ပြောပြရင်ကို မိတ်ဆွေတို့ စိတ်ဝင်စားနေလောက်ပြီလို့ ယူဆမိတယ်။

ဒီဝတၳုရဲ့ မူရင်း စာရေးဆရာက Henrick Clark ဖြစ်ပြီး မူရင်းဝတ္ထုနာမည်က The Boy Who Painted Chirst Black ပါ။

ဆရာ သစ္စာနီကတော့ ' အရောင်နဲ့ လူ ' ဆိုတဲ့အမည်နဲ့ ဘာသာပြန်ထားတယ်။

ဒီစာအုပ်ထဲ ပါဝင်တဲ့ ' အရုဏ်၏အခြားတစ်ဖက်၌ ' ဝတ္ထုတိုဟာ ရေးသားသူ နိုဘယ်လ်ဆုရှင် အားနက် ဟင်းမင်းဝေးရဲ့ လူမှုဘဝ၊ စာပေဘဝ နှစ်ခုစလုံးမှာ အရေးအပါဆုံးလို့ ဝေဖန်ရေးဆရာတွေက ဆိုကြတယ်။ သူ့အဖေနဲ့ ဟင်းမင်းဝေးတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖြစ်ခဲ့ကြတာကိုက ဒီဝတ္ထုပါအဖြစ်ကြောင့်လို့ ယူဆကြတာတွေလည်း ရှိတယ်။

သိပ္ပံစာရေးဆရာ Ray Bradbury ရဲ့ The Flying Machine ကတော့ သရော်ဝတ္ထုပါ။ အေဒီ ၄၀၀ မှာ စိုးစံနေတဲ့ တရုတ်ဧကရာဇ်ယွမ်တစ်ယောက် လေပေါ်ပျံနေတဲ့လူတစ်ယောက်ကို တွေ့ပြီး ထိတ်လန့်အံ့ဩကာ တုံ့ပြန်စီရင်လိုက်ပုံက စာဖတ်သူအတွက် သမိုင်းထဲက တချို့ဖြစ်ရပ်တွေကိုပါ ပြန်လည်သတိရဖွယ်ကောင်းလှတယ်။

ဖုတ်ကောင်တွေနဲ့ တွေ့ကြုံလာတဲ့အခါ ဘာလုပ်ရမလဲဆိုတာသိချင်ရင်တော့ Donald Barthelme ရဲ့ The Zombies ကို ဘာသာပြန်ထားတဲ့ ဝတ္ထုတိုကို ဖတ်ကြည့်ပါ။ စုစုပေါင်း ဘာသာပြန်ဝတ္ထုတို ၈ ပုဒ်ကို ဒီစာအုပ်ထဲမှာ မိတ်ဆွေတို့ ဖတ်ရပါလိမ့်မယ်။

ဒီစာအုပ်ထဲမှာ ဘာသာပြန် ဝတ္ထုတိုပိုင်းနဲ့ ဘာသာပြန် ကဗျာပိုင်းဆိုပြီး နှစ်ပိုင်း ဖတ်ရှုရမှာပါ။

ကဗျာပိုင်းမှာတော့ ကဗျာဆရာ ၂၂ ယောက်ရဲ့ အတ္ထုပ္ပတ္တိအကျဉ်းတွေနဲ့ သူတို့ရဲ့ကဗျာတွေကို ဘာသာပြန်ထားတာတွေ ဖတ်ရှုရမှာပါ။ အထက်မှာ အများကြီး ပြောခဲ့တာမို့ ကဗျာတွေထဲက ခပ်တိုတိုတစ်ပုဒ်ကိုသာ ဖော်ပြပါ့မယ်။ ကဗျာတွေအများကြီးထဲမှာ မိတ်ဆွေတို့ အဖတ်မိစေချင်ဆုံးကဗျာက အမေရိကန် ကဗျာဆရာ Kenneth Koch ရဲ့ Permanently ပါ။

" ကျောက်တုံး "

ကျောက်တုံး

တိတ်ဆိတ်ငြိမ်သက်စွာ

နှစ်သန်းပေါင်းများစွာ

အသက်ရှင်နေထိုင်ဆဲ။

 

အဲဒီအတောအတွင်းမှာပဲ

ကောင်းကင်ကတော့

အခါပေါင်းများစွာ ကြည်လင်လိုက်

အခါပေါင်းများစွာ မှိုင်းအုံ့လိုက်နဲ့။

 

- ဆူဘိုအီ

 

ဒီစာအုပ်ကို ဝယ်ယူခြင်းဟာ ရှေးရှေးက ဆရာ သစ္စာနီ ရေးသားထုတ်ဝေခဲ့တဲ့ (ပြန်ရှာဖို့ မလွယ်တော့တဲ့) စာအုပ် ၅ အုပ်ကို ဝယ်ယူတာနဲ့ အတူတူပါပဲ။

 

 

မျက်ဝန်းလဲ့ပြာပြာ (ဘာသာပြန်ကဗျာများနှင့် ဝတၳုတိုများ)/ သစ္စာနီ/ ၂၀၁၇၊ ဩဂုတ်၊ ပထမအကြိမ်/ အုပ်ရေ - ၁၀၀၀/ ၂၅၀၀ ကျပ်/ စံပယ်စာအုပ်တိုက်


Art & Book

ဆန်းဆန်းပြားပြား မြန်မာ ဗန်းစကားများ

ဆော်လမွန် -- ရည်းစားပူမိနေသူ၊ အမျိုးသမီးကိစ္စကြောင့် မွှန်ထူနေသူကို ခေါ်ဝေါ်သည့် စကား။

by Kyaw Ye Lynn

February 1, 2019

ဒီစာအုပ်က မြန်မာဗန်းစကားတွေကို စုစည်းထားတဲ့စာအုပ်ပါ။

မြန်မာ ဗန်းစကားတွေရဲ့ခြေရာကို ကောက်ကြည့်တဲ့အခါ ၁၉၂၇၊ ဇွန်လ ၁၈ ရက်နေ့ထုတ် သူရိယသတင်းစာထဲမှာ ဆရာ သိပ္ပံမောင်ဝက ' ပေါ်ပေါက်ခါစ စကားလေးများ ' ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတာ ရှိပါတယ်။

ကလေးကို ' ခေး ' လို့ ခေါ်တဲ့ ဗန်းစကားကို ၁၉၆၀ ကျော်ကတည်းက မြို့တော် သိန်းအောင်ရဲ့ ပြဇာတ်ထဲမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။

Lord Randal ဆိုတဲ့ အင်္ဂလိပ်ကဗျာကို ဆရာကြီး မင်းသုဝဏ်က ဘာသာပြန်တော့ ကဗျာထဲမှာ

" ရင်ဒေါ် သက်ထား၊ မေ့သည်းချာ၊ ဘူများ ညစာကျွေးလိုက်တယ်။ နုပျိုဖွဲ့ထား၊ မေ့ချစ်သား၊ ဘူများ ညစာကျွေးလိုက်တယ် "

လို့ ပြန်ဆိုထားတာကြောင့် ဘယ်သူများကို အသံချုံ့ပြီး သုံးတဲ့ ' ဘူများ ' အသုံးဟာ အဲဒီကာလကတည်းကပဲ ရှိခဲ့ကြောင်း သိရပါတယ်။

အနဂ္ဂရဲ့ဖခင်၊ နာမည်ကျော် အဆိုတော် မင်းမင်းလတ်က ' လမ်းပေါ်က ဝေါဟာရများ ' ဆိုတဲ့စာအုပ်ကို လူငယ်တွေကြားထဲ ကွင်းဆင်းလေ့လာပြီး ပြုစုထုတ်ဝေခဲ့ဖူးတယ်။

အဲဒီစာအုပ် ဖြစ်လာခဲ့တဲ့အကြောင်းက ချက်ကိုစလို ဗက်ကီးယားက လာတဲ့ မြန်မာစာ ပညာရှင် ဒေါက်တာ ယန်းဗက်ရှကားဆိုတဲ့ ပုဂ္ဂိုလ်က လမ်းပေါ်က မြန်မာဝေါဟာရတွေကို စုစည်းထုတ်ဝေထားတဲ့ မြန်မာစာအုပ်မျိုး ရှိသလားလို့ မေးလာတော့ မင်းမင်းလတ်က မရှိကြောင်း ပြန်ဖြေတဲ့အတွက် အဲဒီလိုစာအုပ်ဆိုတာ ရှိသင့်ကြောင်း အကြံပြုတာနဲ့ မင်းမင်းလတ်က အားထုတ်ပြုစုခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့ စာအုပ်ထွက်ပြီး မကြာခင်မှာပဲ အပိတ်ခံခဲ့ရတဲ့အတွက် တိတ်တိတ်လေး လက်ဆင့်ကမ်း ဝယ်ခဲ့ကြရပါသတဲ့။

အထက်ပါ စာအုပ်အပြင် ဆရာ လှသမိန် ပြုစုတဲ့ ' မြန်မာဘန်းစကား အဓိပ္ပာယ်နှင့် သုံးနည်း ' ဆိုတဲ့စာအုပ်လည်း ရှိပါသေးတယ်။ (ဘန်းစကားဆိုတဲ့ အသုံးက ဆရာ လှသမိန် သုံးထားတဲ့အတိုင်း သုံးလိုက်တာပါ။) ဆရာ စုဆောင်းဖော်ပြထားတဲ့ ဝေါဟာရတွေက များပြားပြီး အဓိပ္ပာယ်ဖွင့်ဆိုရှင်းလင်းပြထားပုံတွေကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဒီစာအုပ်ထဲမှာ စကားဝှက် ဗန်းစကား၊ အဆွယ် ဗန်းစကား၊ စကားပုံ ဗန်းစကား ဆိုပြီး ဗန်းစကားအမျိုးမျိုး ရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။

နောက်ဆုံး ညွှန်းဆိုလိုတဲ့တစ်အုပ်ကတော့ Guardian စာစောင်မှာ ဆရာ လှသမိန်က အင်္ဂလိပ်လို ရေးသားရှင်းလင်းပြီး မြန်မာ အီဒီယမ်တွေကို နိုင်ငံခြားသားတွေလည်း သိရှိလေ့လာနိုင်အောင် ထုတ်ဝေထားတဲ့ Myanmar Idioms စာအုပ်ပါ။ (Slang နဲ့ Idiom ရဲ့ ကွဲပြားပုံကို ဒီအညွှန်းမှာ မရှင်းပြလိုပါ။)

စာအုပ်မဟုတ်သေးဘဲ နောက်ထပ် ဖတ်ကြည့်ဖို့ ညွှန်းလိုတာကတော့ ဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ ' ဗန်းစကားပြဿနာ ' ဆိုတဲ့ ဆောင်းပါးတွေပါ။ မြန်မာဗန်းစကားတွေကို တကယ်ပဲ စိတ်ဝင်စားရင် ပြောခဲ့သမျှ စာအုပ်တွေနဲ့ ဆောင်းပါးတွေကို ရှာဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။

ယခု ဆရာ ဆောင်းဖြူ ပြုစုထားတဲ့စာအုပ်ကတော့ ဒီဘက်ခေတ်မှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ဖြည့်လိုက်တဲ့ ' မြန်မာဗန်းစကားစုစည်းမှု ' စာအုပ်ပါ။ သာဓကတွေလည်း ဖော်ပြထားတာမို့ ဖတ်ရှုရ လွယ်ကူပါတယ်။ ဒါ့အပြင် ကာတွန်းဆရာတွေဖြစ်ကြတဲ့ မောင်မောင်ဖောင်တိန်၊ ဇာနည်ဇော်ဝင်း၊ ညီပုချေနဲ့ Zero တို့ရဲ့ သရုပ်ဖော်ပုံပေါင်း ၂၀ ကိုလည်း ထည့်သွင်းထားပါသေးတယ်။

အောက်မှာ နမူနာဖော်ပြထားတဲ့ ဗန်းစကားတွေမှာ သုံးစွဲပုံ သာဓကတွေ ချန်လှပ်ပြီး ဖတ်ရှုရ လွယ်ကူအောင် ပြထားတာပါ။ တကယ်က မူရင်းစာအုပ်ထဲမှာ ဗန်းစကားတစ်ခုချင်းစီရဲ့ သုံးစွဲပုံ သာဓကတစ်ခုစီကိုလည်း ထည့်သွင်းဖော်ပြထားပါသေးတယ်။

တုတ် --

အမျိုးသားအင်္ဂါကို ခေါ်ဆိုသည့် စကား။

စမူဆာ --

အမျိုးသမီးအင်္ဂါကို ရည်ညွှန်းပြောဆိုသည့် အသုံးအနှုန်း။ (တချို့က အမေပေးတဲ့ လယ်တစ်ကွက်ဟုလည်း ခေါ်ဝေါ်တတ်သည်။)

ပဲမြစ် --

သေးငယ်သည့် ယောက်ျားအင်္ဂါကို ခေါ်ဝေါ်သော စကား။

ပေါက်စီ --

အမျိုးသမီးတို့၏နို့ကို စားစရာပေါက်စီနှင့် ခိုင်းနှိုင်းခေါ်ဝေါ်သည့် စကား။

သူငယ်ထောင် --

အမျိုးသမီးစိတ် ပေါက်နေသူ မိန်းမလျှာအချို့က ယင်းတို့ စိတ်ဝင်စား၊ တပ်မက်ချစ်ခင်သည့် ယောကျ်ားငယ်များအား ခေါ်ယူနေထိုင်ခြင်းကို ညွှန်းဆိုသည့် စကား။

သုက်ကြောင် --

စိတ်ထဲတွင် ကာမတဏှာကိစ္စကိုသာ အစဉ်အမြဲ ရှိနေသူအား ရည်ညွှန်းသည့်စကား။

ပြားဂေဟာ --

အမျိုးသမီးအဆောင်ကို ခေါ်ဝေါ်သုံးနှုန်းသည့် စကား။

ဆော်လမွန် --

ရည်းစားပူမိနေသူ၊ အမျိုးသမီးကိစ္စကြောင့် မွှန်ထူနေသူကို ခေါ်ဝေါ်သည့် စကား။

စနိုက်ကျော် --

မိန်းကလေးတစ်ဦးက အခြားမိန်းကလေးတစ်ဦး၏ ရည်းစားကို သွေးဆောင်ကာ ချစ်ဓားပြတိုက်သွားခြင်းကို ရည်ညွှန်းသည့် စကား။

ဒစ်လည် --

အဆင်မပြေ၊ ကမောက်ကမ ဖြစ်နေခြင်းကို ရည်ရွယ်သည့် စကား။

ဘောမ --

ရာထူးရာခံကြီးမားသည့် အမျိုးသားများထံ ချဉ်းကပ်ကာ၊ ဖားယားမြှောက်ပင့်ပြီး မိမိတို့အကျိုးကို ရယူတတ်ခြင်းအား ဆိုလိုသည့်စကား။

ကျွတ်ဆင်ကြီး --

အံ့အားသင့်ဖွယ်၊ ထိတ်လန့်ဖွယ်ဖြစ်ခြင်းကို ပြောဆိုသည့် စကား။

ပလပ်ကျွတ် --

စိတ်အနေအထား ဖရိုဖရဲဖြစ်သွားခြင်း၊ စိတ်ကယောက်ကယက်ဖြစ်သွားခြင်းကို ပြဆိုသည့် စကား။

ဂကြောင်ဖတ် --

ကြောင်တောင်တောင်၊ အူကြောင်ကြောင် ပြုမူခြင်းကို ညွှန်းဆိုသည့် စကား။

ဂယက်ထ --

အငြိမ်မနေ၊ ဣနြေ္ဒမရ၊ ရွစိရွစိ ဖြစ်နေခြင်းကို ဆိုလိုသည့် စကား။

ဂျလုံးပလုံး --

ပေပေတေတေ လေလွင့်နေတတ်သူကို ရည်ညွှန်းသည့် စကား။ (ဂျလွတ်ပလွတ်၊ ဂျပလွတ်၊ ဂျလေဘီ စသဖြင့်လည်း ခေါ်သေးသည်။)

အပြာကား/ဆင်းရဲသားကား/အောကား --

ဖိုမဆက်ဆံမှုအကြောင်း ရိုက်ကူးသည့် ဇာတ်ကားများတွင် ဆက်ဆံသည့်အခါ အဝတ်အစားများ မပါခြင်း၊ ကြည့်ရှုသူကို အလုံးစုံ ပြည့်ဝသည့် မြင်ကွင်းမျိုး ပေးခြင်းတို့ကြောင့် ဆင်းရဲသားကား၊ အောကား စသဖြင့် ခေါ်ဝေါ်သုံးနှုန်းသည့် စကား။

ဆန်းပြားတဲ့ဗန်းစကား/ ဆောင်းဖြူ/ ၂၀၁၉၊ ဇန်နဝါရီ၊ ပထမအကြိမ်/ အုပ်ရေ - ၅၀၀/ ၂၅၀၀ ကျပ်/ SMART စာပေ

 


Art & Book

BEAUTY MAGAZINE မှာ ဆရာမ ဂျူး ရေးခဲ့တဲ့ မဂ္ဂဇင်းဆောင်းပါးတွေကို စုစည်းထားတဲ့စာအုပ်

ဘဝကို မက်မောတွယ်တာစိတ် မရှိသူတွေမှာ ဘာမျှော်လင့်ချက်မှလည်း ရှိမနေတတ်ပါ

by Kyaw Ye Lynn

November 14, 2018

မျှော်လင့်ချက်ပြိုကွဲခြင်း၏ အကျိုးဆက်တစ်ခုက နှလုံးသားမာကြောသွားခြင်း ဖြစ်၏။

ထိုသူတို့သည် နောက်ထပ် နာကျင်မှုကို မခံစားနိုင်တော့လောက်အောင် လုံလောက်စွာ ထိခိုက်နာကျင်ခဲ့ရပြီးပြီဟု ဆုံးဖြတ်၏။ သူတို့သည် နောက်ထပ် ဘာမျှ ခံစားရတော့မည်မဟုတ်။ မည်သူကမျှ သူတို့ကို နာကျင်အောင် မပြုလုပ်နိုင်။ သို့သော် သူတို့ကတော့ သူတစ်ပါးကို ထိခိုက်နာကျင်အောင် ပြုလုပ်နိုင်လေသည်။

သူတို့၏ဘဝအဓိပ္ပာယ်သည် ' မည်သူ့ကိုမျှ မလိုအပ်ခြင်း ' ဟု ဖြစ်လာသည်။ သူတို့ကို မည်သူကမျှ ထိတို့၍ မရ၊ မည်သူကမျှ ခံစားရအောင် ပြုလုပ်နိုင်စွမ်းမရှိခြင်းအပေါ် သူတို့ ဂုဏ်ယူကြ၏။ သူတစ်ပါးကို နာကျင်စေနိုင်သည့်အတွက်ကား သူတို့ စိတ်ကျေနပ်မှုရလေသည်။ ထိုလူမျိုးအများစုမှာ စိတ်လက်မရွှင်ပြဘဲ အေးစက်စွာ အသက်ရှင်နေထိုင်ရင်း ဘဝကို ကုန်ဆုံးရသည်။

ဖြစ်နိုင်ခြေတစ်ခုတော့ ရှိ၏။ သူတို့အပေါ် စိတ်ဝင်စားစွာ ပတ်သက်လာသည့် ပုဂ္ဂိုလ်တစ်ယောက်ယောက်ကို ယုံကြည်စိတ်ချစရာဟု တွေ့သွားနိုင်သည်။ ထိုအခါ သူတို့၏အေးခဲတင်းမာမှုမှာ တဖြည်းဖြည်း ပျော့ပြောင်းနူးညံ့လာတတ်သည်။ ထိုအခါ ပျက်စီးသွားပြီဟု ထင်ရသော မျှော်လင့်ချက်မျိုးစေ့ကလေး ပြန်လည်ရှင်သန်လာရလေသည်။

သည့်ထက် ပို၍ဆိုးသော အကျိုးဆက်တစ်ခု ဖြစ်သွားနိုင်သေး၏။ ထိုအကျိုးဆက်မှာ ဘဝကို မုန်းတီးခါးသီးမှုမှ ဖြစ်ပေါ်လာသော အကြမ်းဖက်မှု၊ လောကပတ်ဝန်းကျင်ကို ဖျက်ဆီးမှု စသည်တို့ ဖြစ်သည်။ အကြမ်းဖက်သမားများ၊ အကျိုးမဲ့ဖျက်ဆီးသူများသည် ထိုအမျိုးအစားထဲတွင် ပါဝင်နေတတ်ပါသည်။

- မျှော်လင့်ချက် ဆောင်းပါးမှ

ဒီစာအုပ်ထဲမှာ ဆရာမ ဂျူး ရေးခဲ့တဲ့ မျက်နှာဖုံးဆောင်းပါးရှည် ခြောက်ပုဒ်ကို ဖော်ပြထားတယ်။ မျှော်လင့်ချက်အကြောင်း၊ အချစ်အကြောင်း၊ ပရော်ဖက်ရှင်နယ်လ်တစ်ယောက်မှာ လိုအပ်တဲ့ အရည်အချင်းတွေအကြောင်း၊ မြို့ပြယဉ်ကျေးမှုအကြောင်း၊ လူအများက စံပြုအလေးထားသူတွေမှာ ရှိသင့်တဲ့ အရည်အချင်းတွေအကြောင်း၊ ကလေးတစ်ယောက်ကို ပျိုးထောင်စောင့်ရှောက်တဲ့အခါ မိဘတွေမှာ လိုအပ်တဲ့ အရည်အချင်းတွေအကြောင်း စသဖြင့် တွေးဆစရာ များစွာကို ဖတ်ရှုရပါလိမ့်မယ်။

မျှော်လင့်ချက်နှင့် အခြားမျက်နှာဖုံးဆောင်းပါးများ/ ဂျူး/ ၂၀၀၆၊ မေ၊ ပထမအကြိမ်/ ၁၀၀၀ ကျပ်/ ဂျူးစာပေ


MODA TV 


Art & Book

စံပယ်ဖြူနုရဲ့ အယ်နီ

ဝဝကစ်ကစ်၊ အရပ်ပုပု၊ ချစ်စရာ့အရွယ် မယ်စပ်စုလေး အယ်နီရဲ့ အလွဲတွေအကြောင်း

by Kyaw Ye Lynn

November 6, 2018

အယ်နီက အဆော့မက်တယ်။ စိတ်ကူးတွေ သိပ်ယဉ်တယ်။ တလွဲတချော်တွေ လုပ်မိတတ်တယ်။ ထမင်းမကြိုက်ဘဲ မုန့်ကြိုက်တဲ့သူ။ စာကျက်တာကို တာဝန်ကျေရုံ လုပ်ချင်သူ။ လူကြီး အင်မတန် ဖြစ်ချင်သူ။ ဥစ္စာစောင့်ဆီကနေ ရွှေမန်ကျည်းတောင့်ရဖို့ မျှော်လင့်နေသူ။ ဟယ်ရီပေါ်တာထဲကလို မှော်ပညာတွေ တတ်လာဖို့ စိတ်ကူးတွေ လိုက်ယဉ်ပြီး " အိပ်စ်ပက်တိုး ပက်ထရိုးနမ် " လို့ ရွတ်ကာ အယ်နီပေါ်တာလည်း လုပ်လိုက်သေးသူ။

ဒီလောက်ပြောပြရုံနဲ့ အယ်နီဆိုတာ ကျွန်တော်တို့ငယ်ငယ်က လုပ်ခဲ့တာမျိုးတွေ လျှောက်လုပ်နေသူ၊ အခုလက်ရှိ ကျွန်တော်တို့ပတ်ဝန်းကျင်က ကလေးတွေလို ခပ်ဆင်ဆင် စိတ်ကူးယဉ်မှုတွေနဲ့ ပျော်မွေ့နေသူ ကလေးလေးတစ်ယောက်ဖြစ်တယ်ဆိုတာ မိတ်ဆွေတို့ ရိပ်မိလောက်ကြပြီပေါ့။

အယ်နီရဲ့အဒေါ်က အပျိုကြီး။ ကျောင်းဆရာမ။ အယ်နီကို အလိုလိုက်တတ်သူတွေထဲက တစ်ယောက်။ အယ်နီဆိုတဲ့နာမည်ကိုလည်း ဒေါ်လေးပဲ ပေးခဲ့တာ။ သူ စာသွားသင်ဖူးတဲ့ အထက်ပိုင်းက ရွာတစ်ရွာမှာ ကလေးလေးတွေကို နာမည်ရှေ့ ' အယ် ' ထည့်ပြီး ခေါ်ကြတယ်။ အယ်နီ မွေးကာစက နီတာရဲလေးဖြစ်နေတာကိုကြည့်ပြီး ဒေါ်လေးက အယ်နီလို့ နာမည်ပေးလိုက်တာ။ အဓိပ္ပာယ်က ' မနီ ' ဒါမှမဟုတ် ' အနီလေး ' ပေါ့။

အယ်နီ့လက်ရေးက ပဲပင်ပေါက်လက်ရေး။ " လက်ရေးမလှတဲ့သူဟာ ဆရာဝန်ဖြစ်တယ် " လို့ ဖိုးညီက ပြောပြတော့ အယ်နီ စိတ်ညစ်ရတယ်။ အယ်နီက အပ်မြင်ရင်တောင် တုန်နေအောင် ကြောက်တတ်သူ။ ဒါကြောင့် လက်ရေးလှအောင် သူ ကျင့်ချင်လာတယ်။ သူတို့အတန်းထဲကို အသစ်ရောက်လာတဲ့ကျောင်းသားက လက်ရေးလှတယ်။ ပြီးတော့ မျက်မှန်နဲ့။ အယ်နီတို့အတန်းပိုင်ဆရာမကလည်း မျက်မှန်နဲ့။ အယ်နီ့အမေထက် စာပိုတတ်တဲ့ အယ်နီ့အဖေကလည်း မျက်မှန်နဲ့။ ဒေါ်လေးလည်း မျက်မှန်နဲ့။ ဒီနှစ်မှ ဆယ်တန်းအောင်တဲ့ သူ့ကိုကိုကြီးလည်း မျက်မှန်နဲ့။ ဒီတော့ " မျက်မှန်တပ်တဲ့လူတွေဟာ လက်ရေးလှပြီး စာတော်သူတွေဖြစ်တယ် " လို့ အယ်နီက ကောက်ချက်ဆွဲလိုက်တယ်။ ဒါနဲ့ပဲ သူ မျက်မှန်တပ်ခွင့်ရဖို့ကို မရိုးမသား ကြိုးစားပါလေရော။ ဘယ်လိုကြိုးစားတယ်ဆိုတာတော့ စာအုပ်ထဲသာ ဖတ်ကြည့်စေလိုတယ်။

အယ်နီဟာ ကျောင်းဆရာမလုပ်တမ်း ကစားလေ့ရှိတယ်။ သူ့ကိုကိုလေးဖတ်တဲ့ စုံထောက်ဝတ္ထုတွေ ဖတ်မိသွားတဲ့အခါကျ စုံထောက်လုပ်တမ်း ပြောင်းကစားပြန်ရော။ ကစားနေရင်းကနေ တကယ့်အမှုအစစ်တွေကို လိုက်ချင်တဲ့စိတ် ပေါ်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင် အမှုတစ်ခုကလည်း သူ့ဆီရောက်လာပါလေရော။

ဘုရားပွဲတွေ ဇာတ်ပွဲတွေ ကြည့်ဖူးသွားတဲ့အခါကျ အယ်နီ အကရောဂါထလာပြန်တယ်။ ကျောင်းက ဆရာမတွေ လေ့ကျင့်သင်ကြားပေးမယ်ဆိုတဲ့ ဗွေးတုတ်ယိမ်းအဖွဲ့အတွက် လူရွေးခံတာမှာ သူ အရွေးမခံရ။ စိတ်ဓာတ်တွေကျပြီး ဝမ်းနည်းပက်လက်ဖြစ်ပြန်တာပဲ။ သိပ်တော့ ကြာကြာမဖြစ်လိုက်ရ။ သူ့ဆီကို တခြားအခွင့်အရေးတစ်ခု ရောက်လာပြန်လို့လေ။ ဘာအခွင့်အရေးလဲဆိုတာကိုလည်း စာအုပ်ထဲမှာသာ ဖတ်ကြည့်နော်။

ပုံပြောတမ်းကစားကြတော့ အယ်နီဟာ ငြိမ်ငြိမ် နားမထောင်ဘူး။ ပုံပြောသူ အနှောင့်အယှက်ဖြစ်လောက်တဲ့အထိ စကားတွေ လိုက်ထောက်တယ်။ မေးခွန်းတွေ မေးတယ်။ တစ်ရက်တော့ ပုံပြင်ထဲက မမဟာ အယ်နီကို လာခေါ်ပါလေရော။

အယ်နီဆိုတာ ဝဝကစ်ကစ်နဲ့ အရပ်က ပုပုလေး။ အသက်က ရှစ်နှစ်အရွယ်။ သူ တလွဲတွေ လုပ်ပေမယ့် ကလေးတစ်ယောက်ရဲ့အလွဲတွေမို့ ချစ်စရာ ပျော်စရာလေးတွေ ဖြစ်နေတယ်။ ဥပမာ - ညောင်သီးဆိုတာ ရောင်းလို့ရတဲ့အသီး ဟုတ် မဟုတ် အယ်နီမသိ။ မသိတာကြောင့်ပဲ တလွဲတွေ ဖြစ်ရတယ်။ အယ်နီ့အဖေပါ အထင်လွဲခံရတယ်။ အဲဒီလိုမျိုးတွေပေါ့။

ဒီစာအုပ်ဟာ လူကြီးတွေဖတ်ဖို့ရေးတဲ့ ဝတၳုတိုတွေ မဟုတ်ဘူးဆိုတာတစ်ခုတော့ ဂရုပြုပါ။ စာရေးသူရဲ့အမှာစာ ဒါမှမဟုတ် ဒီစာအုပ်နဲ့ပတ်သက်ပြီး စာရေးသူက ပြောထားတာမျိုး လုံးဝ မပါတာကတော့ မဖြစ်သင့်ဘူးလို့ ယူဆမိပါတယ်။

အယ်နီကြိုက်သူတွေအတွက် ' ပါလေရာ အယ်နီ ' ဆိုတဲ့စာအုပ်အသစ် ထပ်မံ ထွက်ရှိထားတာကိုလည်း သတင်းစကား ပါးလိုက်ပါရစေ။

အယ်နီ/ စံပယ်ဖြူနု/ ၂၀၁၅၊ ဒီဇင်ဘာ၊ ပထမအကြိမ်/ အုပ်ရေ - ၅၀၀/ ၁၇၀၀ ကျပ်/ ကံ့ကော်ဝတ်ရည်စာပေ


Art & Book

ပန်းချီဆရာ ကိုကိုနိုင်ရဲ့ အနီးအဝေးမြို့ပြ တစ်ကိုယ်တော် ပန်းချီပြပွဲ

ပန်းချီကားပေါင်း ၃၀ ကို ကြည့်ရှုခံစားရမယ့် ပွဲပါ

by Kyaw Ye Lynn

November 5, 2018

ပန်းချီဆရာ ကိုကိုနိုင်ရဲ့ အနီးအဝေးမြို့ပြ (Urban Perspective) အမည်ရှိ တစ်ကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းရှိ ပန်သူရိယ ပန်းချီပြခန်းမှာ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ပြသလျက် ရှိပါတယ်။

ဆရာ့ရဲ့ဖခင်ဖြစ်သူဟာ ပုံနှိပ်ဖို့အတွက် ခဲပြားပေါ်မှာ ထွင်းပေးရတဲ့ လက်ထွင်း ခဲဘလောက်ဆရာတစ်ယောက် ဖြစ်ပြီး ဆရာ့အသက် လေးနှစ်သားအရွယ်မှာ ပထမဆုံး စမြင်ခဲ့ဖူးတဲ့ ပုံဆွဲဆရာလည်း ဖြစ်ပါတယ်။

" သူ ထွင်းချင်တဲ့ပုံတွေကို အရင်ဆုံး ပုံကြမ်းခြစ်ရလေ့ ရှိတယ်။ သူ လုပ်နေတာတွေ ကြည့်မိရင်း ကျွန်တော်လည်း ပုံဆွဲချင်တဲ့စိတ်တွေ ဝင်လာခဲ့တာပဲ " လို့ ဆရာ ကိုကိုနိုင်က ပြောပြပါတယ်။

ဆရာရဲ့ ဒုတိယ မြင်ဆရာက မိခင်ဖြစ်သူရဲ့အဖေပါ။ ဆရာ့အဘိုးက ဗုဒ္ဓဝင်ဇာတ်တော်တွေကို သရုပ်ဖော်ရေးဆွဲရသူဖြစ်တာမို့ သူ့ပုံတွေကို ကြည့်မောမဆုံး ဖြစ်ခဲ့ရတယ် ဆိုပါတယ်။

" ၂၀၁၇ မတ်လထဲမှာ ကျွန်တော် ပန်းချီပြပွဲ တစ်ပွဲ လုပ်ဖြစ်ခဲ့တယ်။ အဲဒီပွဲတုန်းက ကျွန်တော် ကြိုက်လို့ သိမ်းထားတဲ့ကားတချို့ လက်ထဲ ရှိနေတယ်၊ ဒီနှစ်ထဲလည်း ရေးရင်း ရေးရင်းနဲ့ လက်ထဲ ကားတွေ များလာတယ်။ ဒီပွဲက ၂၀၁၈ အတွက် အမှတ်တရဖြစ်အောင် အဲဒီကားတွေ ပေါင်းပြီး လုပ်လိုက်တဲ့ပွဲပါ " လို့ ဒီပွဲကျင်းပရခြင်းနဲ့ပတ်သက်ပြီး ဆရာ ကိုကိုနိုင်က ပြောပြသွားခဲ့ပါတယ်။


Art & Book

အင်းစိန်ထောင်ကြီးထဲက ပရလောကသားများ

သနားစရာ အဖြစ်ဆိုးတွေကြောင့် မကျွတ်မလွတ် ဖြစ်နေတဲ့ ပရလောကသားတွေအကြောင်း

by Lin Thu Maung

October 31, 2018

ထောင်ဆိုတာ လူရှင်တွေရဲ့သချုႋင်းလို့ တချို့က ပြောကြတယ်မဟုတ်လား။

တကယ်တော့ ထောင်ထဲမှာ မလွတ်မြောက်နိုင်တဲ့လူသေတွေလည်း ရှိနေတာပါ။

ဒီစာအုပ်က အဲဒီဝိဉာဉ်တွေနဲ့ ဆုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်လည်ရေးသားထားတာ ဖြစ်ပါတယ်။

" တစေၧရှိတယ်ဆိုတာ မင်း မယုံဘူးလား၊ ဒါဆို မင်းကို ငါ ခေါ်ပြမယ်၊ အင်းစိန်ထောင်မှာ ကြာသပတေးနေ့တိုင်း အသားကျွေးတယ်၊ ဝက်သားနဲ့ ဘဲဥတော့ သူတို့ မကြိုက်ဘူး၊ အမဲသားကျွေးတဲ့တစ်နေရာတော့ ရှိတယ်၊ အဲဒါ ထောင်ဆေးရုံပဲ၊ ဆေးရုံက အမဲသားရတဲ့တစ်နေ့ မင်း မြင်စေရမယ် "

ဒီစကားကို ပြောလိုက်သူက ပဲခူးက ကျောင်းသားတစ်ယောက်ပါ။ စမ်းချောင်း (အကသ) ကျောင်းသားက တစေၧ၊ သရဲတွေ ရှိတယ်ဆိုတာ မယုံဘူးပြောလို့ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်ကြရင်းကနေ အထက်ပါ စကားတွေ ထွက်လာပြီး ၅ တိုက်ရဲ့ အခန်း ၂၂ မှာ သရဲတစေၧ တကယ် ရှိ မရှိ စိန်ခေါ်ပွဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ဖြစ်ပွားတဲ့ သရဲစီးမှုတွေနဲ့ အသံပေး ကိုယ်ယောင်ပြ ခြောက်လှန့်တဲ့အဖြစ်အပျက်တွေဟာ အတော် ချောက်ချားစရာကောင်းပါတယ်။

ညဥ့်သန်းခေါင်ယံအချိန်ရောက်မှ တွဲဖက်ထောင်ထဲကနေ တောက်ခေါက်သံ ထွက်ပေါ်လာတတ်တာဟာ ဘယ်ပရလောကသားဆီကလဲ၊ စစ်ယူနီဖောင်း ဝတ်ထားပြီး လက်နှစ်ဖက်မရှိတဲ့ ပရလောကသားဟာ ဘယ်သူလဲ၊ ဒီဘက်ခေတ် ရောက်တဲ့အထိ အင်းစိန်ထောင်ထဲမှာ နာမည်ကြီးနေတဲ့ အမျိုးသမီးတစေၧ မနှင်းဆီ (ကရင်မ) ဆိုတာ ဘယ်သူလဲ၊ အမျိုးသားတွေပဲ ရှိနေတဲ့တိုက်မှာ မနှင်းဆီက ဘာလို့ လာလာခြောက်နေတာလဲ၊ မင်းသားကြီး ဦးအောင်လွင်နဲ့ ဆရာ စံ-ဇာဏီဘိုတို့က ထောင်ထဲမှာ သူတို့ တွေ့ကြုံခဲ့ရတဲ့ မနှင်းဆီဆိုတဲ့ ပရလောကသားအကြောင်းကို ဘယ်လိုတွေ ပြန်ပြောပြတာလဲ၊ ထောင်အုတ်ရိုးတွေပေါ်မှာ လေဘာချခံထားရတဲ့ သရဲတွေ တကယ် ရှိနေသလား၊ ထောင်အုတ်ရိုးပေါ်က သရဲကြီး မွေးနီနဲ့ နက်ကျော်တို့ဟာ ကာလတစ်ခုအထိ ဘာလို့ မကျွတ်မလွတ်ဘဲ အုတ်ရိုးစောင့်သရဲတွေအဖြစ် ရှိနေခဲ့ရတာလဲ စသဖြင့် စိတ်ဝင်စားဖွယ်ရာ မေးခွန်းတွေကို စာရေးသူ ဇော်သက်ထွေးက ပြေပြစ်တဲ့အရေးအသားတွေနဲ့ ဖြေပြသွားပါလိမ့်မယ်။

တကယ့်အဖြစ်အပျက်တွေကို ဝတၳုဟန်နဲ့ ရေးသားတတ်လွန်းတဲ့ စာရေးဆရာတစ်ယောက်လည်းဖြစ်တာမို့ ကျောထဲ တစိမ့်စိမ့်နဲ့ ဖတ်ခဲ့ရတဲ့စာတစ်အုပ်ဖြစ်ခဲ့တာဟာလည်း ကျွန်တော့်အဖို့ အမှတ်တရပါ။

ရှေ့မှာ ထွက်ခဲ့တဲ့ ' အင်းစိန်ထောင်မှ ဂနၴဝင်လူမိုက်ကြီးများ ' စာအုပ်ကို ဖတ်ဖူးရင် ဒီစာအုပ်ထဲက တချို့ဇာတ်ကောင်တွေရဲ့အရှိန်အဝါဟာ ဘယ်လောက်ကြီးကြောင်း သိပြီး ဒီစာအုပ်ဖတ်ရတာ အရသာ ပိုရှိပါလိမ့်မယ်။

သူတို့ပြောသော ထောင်အတွင်းမှ ပရလောကသားများ/ ဇော်သက်ထွေး/ ၂၀၁၈၊ စက်တင်ဘာ/ ပထမအကြိမ်/ Home of Media & Entertainment

 



Loading More post