ကိုယ့်အိမ်သော့ဘယ်နားထားမိမှန်းမသိတာတို့ ၊ဖုန်းကိုဘယ်နားထားမိမှန်းမသိလို့ ၊တခြားဖုန်းနဲ့ပြန်ခေါ်ကြည့်ရတာတို့ ပြောဖို့စဉ်းစားထားတဲ့စကား ပါးစပ်ဖျားတင်မေ့သွားတာတို့ ခဏခဏဖြစ်ဖူးလား။ အဲဒီလိုတွေ အမြဲဖြစ်နေတာနဲ့ပတ်သက်ပြီး အရမ်းကြီးစိတ်မညစ်ပါနဲ့ ။ ဒါမျိုးက သင်တစ်ယောက်တည်းကြုံတွေ့နေရတဲ့ပြသနာတစ်ခုမဟုတ်ပါဘူး။ အသက်အရွယ်ပိုင်းအရရော ကျန်းမာရေးဆိုင်ရာချို့ယွင်းမှုလေးတွေအရပါ ဘယ်သူမဆိုကြုံတွေ့လာရနိုင်တဲ့အခက်အခဲတစ်ခုပါ။ နောက်ပြီး ဒီပြသနာကို ဖြေရှင်းနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးတွေလည်းအများကြီးရှိပါတယ်။ အခု အကြောင်းအရာလေးကနေ မေ့လွယ်သူတွေလိုက်နာသင့်တဲ့နည်းလမ်းကောင်းလေးတချို့ကိုဖော်ပြပေးသွားမှာမို့ ဒီနည်းလမ်းလေးတွေအတိုင်း ပုံမှန်ပြုလုပ်ပေးသွားခြင်းအားဖြင့် ငယ်ငယ်လေးနဲ့မေ့တတ်လိုက်တာလို့အပြောခံရခြင်းကနေ ကင်းဝေးနိုင်ကြပါစေ။
လေ့ကျင့်ခန်းလုပ်ပါ
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ မှတ်ဉာဏ်ကိစ္စမသက်ဆိုင်ဘူးလို့မထင်ပါနဲ့။အများကြီး ဆက်နွယ်နေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းကြောင့် ဦးနှောက်အပါအ၀င် ခန္ဓာကိုယ်အနှံ့သွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်စေမှာဖြစ်ပြီး ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုသွက်လက်စေမှာပါ။ နောက်ဆုံးလေ့ကျင့်ခန်း ကြီးကြီးမားမားမလုပ်နိုင်ဘူးဆိုရင်တောင် နေ့စဉ် နာရီ၀က် ၊တစ်နာရီခန့်လမ်းလျှောက်ထွက်တာမျိုး ၊ ပြေးတာမျိုးလေးတွေပြုလုပ်ပေးနိုင်ပါတယ်။
အမြဲတက်ကြွနေပါစေ
ကိုယ်လက်လေ့ကျင့်ခန်းလုပ်သလိုပဲ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းလုပ်ပေးခြင်းကလည်း အများကြီးအထောက်အကူပေးနိုင်မှာပါ။ စိတ်ကိုအမြဲ လန်းဆန်းတက်ကြွနေစေပါ။ စိတ်တက်ကြွစေမယ့် သီချင်းမြူးမြူးလေးတွေနားထောင်ပါ။ ပဟေဠိဂိမ်းတွေ puzzle game တွေဆော့ပါ။ ဂီတနဲ့ပတ်သက်ပြီး သင်တန်းတစ်ခုခုတက်တာမျိုးပြုလုပ်ပါ။တတ်နိုင်ရင် တရားမှတ်ပါ။
အထီးမကျန်အောင်
Stress ပိတာတွေ စိတ်ဓာတ်ကျတာတွေက ကင်းဝေးစေဖို့အတွက် ကိုယ်ချစ်ခင်ရသူတွေ၊ အပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတွေနဲ့စုပြီး တစ်ခုခုသွားစားကြတာမျိုး၊ home party လေးတွေလုပ်တာမျိုးကို မကြာမကြာပြုလုပ်ပေးသင့်ပါတယ်။ တစ်ယောက်တည်းနေရတာထက် စာရင် စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါတွေမဖြစ်အောင်ကာကွယ်ပေးတာမို့ စိတ်ကိုပိုကျန်းမာစေပြီး မှတ်ဉာဏ်အားကိုကောင်းစေမှာပါတဲ့။
အိပ်ရေး၀၀အိပ်ပါ
ညဘက်နောက်ကျမှအိပ်တာမျိုး နဲ့ အိပ်ရေးမ၀တာမျိုးတွေကလည်း မေ့လွယ်တတ်ခြင်းပြသနာရဲ့ အကြောင်းရင်းခံတွေပါပဲ။ ဒါကြောင့်အိပ်ရေး၀၀အိပ်ပါ ။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ တစ်ရက်ကို ပုံမှန်အိပ်ချိန်အနည်းဆုံး ၇ နာရီကနေ ၉ နာရီကြားရှိသင့်ပါတယ်။
ချရေးပါ
ကိုယ်လုပ်ရမယ့်ကိစ္စတွေကို စာအုပ်မှာချရေးတာမျိုး ၊ဖုန်း notes ထဲမှာ မှတ်သားတာမျိုးလုပ်ပေးပါ။ ကိစ္စအသေးအဖွဲလေးတွေကအစ ရေးမှတ်တဲ့အကျင့်လုပ်ပေးခြင်းအားဖြင့် မေ့လွယ်လို့ဖြစ်တတ်တဲ့ဆုံးရှုံးမှူတွေကနေကင်းဝေးစေမှာဖြစ်သလို မှတ်ဉာဏ်ကိုလည်း တစ်နည်းတစ်ဖုံလေ့ကျင့်ပေးရာရောက်ပါတယ်။
Photo Credit to the Rightful Owners