နေ့စဉ်နဲ့အမျှ အခက်အခဲတွေ ၊ ပြင်းပြတဲ့ခံစားချက်တွေနဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ လူ့ဘ၀မှာ လူတော်တော်များများဟာ အသက်ရလာလေလေ စိတ်ပျော်ရွှင်မှု ပျောက်ဆုံးလာလေလေဆိုတာမျိုး ကြုံရတတ်ပါတယ်။ ဒါကြောင့်လည်း စိတ်ဖိစီးမှုတွေများလာကြတာနဲ့အမျှ တစ်ဘက်က စိတ်ထွက်ပေါက်အဖြစ် ပျော်ရွှင်မှုဆိုတာကို လူသားတိုင်း မဖြစ်မနေလိုအပ်လာကြပါတယ်။ ငွေကြေးပြည့်စုံတဲ့သူတွေအနေနဲ့ ငွေကြေးကပေးတဲ့ပျော်ရွှင်မှုတချို့ကို ဖန်တီးယူဖို့လွယ်ပေမယ့် ငွေကြေးမပြည့်စုံသူတွေနဲ့ အပျော်သက်သက်အတွက် ငွေကုန်မခံလိုသူတွေအနေနဲ့တော့ ငွေအကုန်အကျမများတဲ့ ပျော်ရွှင်မှုမျိုးကို တစ်နည်းနည်းနဲ့ ရှာဖွေချင်ကြပါလိမ့်မယ်။ အခုဖော်ပြမယ့်နည်းလမ်းလေးတွေကတော့ ငွေအမြောက်အများအကုန်ကျခံစရာမလိုပဲ ကိုယ့်ရဲ့တစ်ကိုယ်ရည် စိတ်ခံစားမှုကို ပျော်ရွှင်အောင်ဖန်တီးပေးမယ့် နည်းလမ်းလေးတွေမို့ ငွေကြေးမပါတဲ့ ပျော်ရွှင်ကျေနပ်မှုမျိုးကို ရှာဖွေချင်တဲ့သူတွေအတွက် လေ့လာကြည့်ဖို့အသင့်တော်ဆုံးဖြစ်တယ်လို့ တိုက်တွန်းလိုက်ပါရစေ။
ငြင်းဆန်ပါ
"မဖြစ်မနေ"၊"မျက်နှာနာစရာ" ၊"အားနာစရာ" နဲ့ "သနားပါတယ်" ဆိုတဲ့စကားလုံးတွေကို တတ်နိုင်သမျှမျက်ကွယ်ပြုနိုင်အောင်ကြိုးစားပါ။ အမြဲတမ်းမဟုတ်ရင်တောင် တစ်ခါတလေ ပျော်ပျော်ကြီး တစ်ကိုယ်ကောင်းဆန်ပါ။ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုဆန့်ကျင်ပြီး ကိုယ်မလုပ်ချင်တဲ့အရာတွေကို သူများအတွက် အောင့်အည်းလက်ခံလိုက်ရတဲ့အဖြစ်မျိုးကို ရဲရဲဝံ့ဝံ့ငြင်းဆန်လိုက်ပါ။ သူတစ်ပါးရဲ့ပျော်ရွှင်မှုအတွက် ကိုယ့်ရဲ့စိတ်မချမ်းမြေ့မှုတွေနဲ့ ဘယ်တော့မှမလဲလိုက်ပါနဲ့။ ဒါဆိုရင် ပိုပြီးနေလို့ကောင်းတဲ့ခံစားမှုမျိုးကို တစ်နေ့တစ်ခြား ပိုင်ဆိုင်လာတာတွေ့ရပါလိမ့်မယ်။
လမ်းလျှောက်ထွက်ပါ
မနက်စောစောနဲ့ ကိုယ့်ရဲ့တခြားအားလပ်ချိန်တွေမှာ အိမ်နားတစ်ဝိုက် ၊ ကိုယ့်မြို့နယ်တစ်ဝိုက်မှာ လမ်းလျှောက်ထွက်ပါ။ မသွားဖူးသေးတဲ့လမ်းတွေကနေ သွားကြည့်ပါ။လမ်းလျှောက်ခြင်းက ကျန်းမာရေးကိုတစ်နည်းတစ်ဖုံအထောက်အကူပြုပေးနိုင်သလို ကိုယ့်ရဲ့ စိတ်နဲ့ပတ်သက်တဲ့ ခံစားချက်ဆိုးတွေကို အကောင်းဆုံးဖြေလျှော့ပေးနိုင်တဲ့ ဆေးတစ်ခွက်လည်းဖြစ်ပါတယ်။
ဂီတနဲ့မွေ့လျော်ပါ
သီချင်းနားထောင်တာ ၊ရေချိုးရင်းသီချင်းအော်ဆိုတာ ၊ သီချင်းအကျယ်ကြီးဖွင့်ပြီး စိတ်လွတ်လက်လွတ်ကခုန်တာမျိုးလုပ်ပါ။ဂီတဟာ သံစဉ်ပေါ်မူတည်ပြီး စိတ်ခံစားမှုမျိုးစုံကို ပေးစွမ်းနိုင်တာမို့ မြူးကြွတဲ့သီချင်းတွေကိုရွေးချယ်မယ်ဆိုရင် ကိုယ့်ကိုပိုပြီးပျော်ရွှင်စေပါလိမ့်မယ်။ ဒါတင်မက (မြူးကြွတဲ့သီချင်းရယ်မှမဟုတ်ပဲ) ကိုယ့်နှစ်သက်တဲ့သီချင်းတွေကို ထပ်ခါတလဲလဲနားထောင်ခြင်းကလည်း စိတ်ကျေနပ်မှုကို ပေးနိုင်ခြင်းတစ်မျိုးပါပဲ။
ပျော်စရာတွေကိုစိတ်ကူးယဉ်ပါ
ပျော်စရာကောင်းတဲ့အမှတ်တရတွေကို ချရေးပါ။ စိတ်ကျေနပ်စရာအတွေးတွေကို ကွန့်မြူးပါ။ ခရီးစဉ်တွေကို စိတ်ကူးယဉ်ပါ။ သွားဖြစ်သည်ဖြစ်စေ မသွားဖြစ်သည်ဖြစ်စေ တစ်နေ့တော့ဘယ်နေရာတွေကို သွားမယ် ဆိုပြီးကြိုတင် plan ချပါ။ ခရီးသွား blog တွေကိုကြည့်ပြီး ကိုယ်တိုင်ရောက်နေသလိုခံစားပါ။ တခါတလေ ကိုယ်နှစ်သက်တဲ့သီချင်းလေးတစ်ပုဒ်ကိုနားကြပ်တပ်နားထောင်ပြီး တွေးချင်ရာတွေးနေရတာကလည်း ပျော်ရွှင်ခြင်းတစ်မျိုးပဲမဟုတ်လား။
အိပ်ရေး၀အောင်အိပ်ပါ
အိပ်ရေးမ၀တဲ့လူတစ်ယောက်အနေနဲ့ ပျော်ရွှင်မှုဆိုတာကို ဘယ်နည်းနဲ့မှရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ ဦးနှောက်ကမကြည်လင်မလန်းဆန်းနေသရွေ့ သင့်တစ်နေ့တာကလည်း စိတ်အလိုမကျမှုတွေ ဒေါသတွေနဲ့ပဲပြည့်နှက်ပြီး အမြဲလိုလို ပျော်ရွှင်မှုတွေပျောက်ဆုံးနေမှာပါ။ ဒါကြောင့် အိပ်ရေး၀၀အိပ်ပါ။ ကိုယ့်အိပ်ချိန်ကိုပုံမှန်ရှိပါစေ။
ချစ်ခင်ရသူတွေနဲ့အချိန်ဖြုန်းပါ
ကိုယ်ချစ်ခင်ရတဲ့သူ ၊ကိုယ့်မိသားစု ၊မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူတူဂိမ်းဆော့တာ ၊ စကားထိုင်ပြောတာ ၊ဇာတ်ကားတူတူကြည့်တာ ၊ မုန့်အတူတူစားတာတွေကလည်း ငွေကုန်ကြေးကျနည်းနည်းနဲ့ ပျော်လို့ရတဲ့နည်းလမ်းတွေထဲမှာပါပါတယ် (ငွေလုံး၀မသုံးချင်ဘူးဆိုရင်တော့ မုန့်၀ယ်မစားပဲ စကားပဲထိုင်ပြောပေါ့နော်)။ ကိုယ့်မှာ အိမ်မွေးတိရိစ္ဆာန်လေးတွေရှိရင်လည်း သူတို့နဲ့ အတူတူကစားတာ ၊လမ်းလျှောက်ထွက်တာ ၊ အစာကျွေးတာ ၊ အင်္ကျီလေးတွေချုပ်ပေးတာ စသဖြင့် စိတ်ပျော်ရွှင်စေမယ့်နည်းလမ်းမျိုးစုံအသုံးပြုပြီး အချိန်ဖြုန်းလို့ရပါသေးတယ်။
Photo Credit to the Rightful Owners