ဖက်ရှင်ကျပြီး ကြည့်ကောင်းနေဖို့ဆိုတာ မိန်းကလေးတွေအတွက်ပဲလိုအပ်တာမဟုတ်ပါဘူး။ လူတွေကြားထဲ သွားလာလှုပ်ရှား အလုပ်လုပ်ကိုင်နေရတဲ့သူတိုင်းအတွက် ကြည့်လိုက်တာနဲ့ခန့်ညားသပ်ရပ်နေတာဖို့ဆိုတာ အရမ်းအရေးကြီးပါတယ်။ အ၀တ်အစားကျကျနန၀တ်ဆင်ထားခြင်းက ကိုယ့်ရဲ့ first impression ကိုမြင့်တက်စေသလို အလုပ်နဲ့ပတ်သက်လို့ရော ၊လူမှုပတ်၀န်းကျင်မှာပါ ကိုယ့်အပေါ် လူအများရဲ့ ယုံကြည်မှုကိုတိုးစေတာမို့ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ဖက်ရှင်နဲ့ပတ်သက်ရင် အနေအထားတစ်ခုထိလေ့လာထားသင့်ပြီး ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ဖို့ မဖြစ်မနေလိုအပ်တယ်လို့ဆိုရမှာပါ။ ဒါကြောင့် ယောက်ျားလေးတွေအနေနဲ့ လွဲမှားတတ်တဲ့ အ၀တ်အစားရွေးချယ်ပုံတချို့ကို သိရှိပြီး အရင်ကထက်ပိုစမတ်ကျကျ၀တ်ဆင်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ရှောင်ရှားသင့်တဲ့ ဖက်ရှင်အလွဲလေးတွေကို စုစည်းဖော်ပြပေးမှာမို့ အစအဆုံးတစ်ချက်လေ့လာကြည့်လိုက်ရအောင်နော်။
1.အရောင်တွဲစပ်မှုမှားခြင်း
အင်္ကျီနဲ့ဘောင်းဘီကို Monochrome လို့ခေါ်တဲ့ အရောင်အနုအရင့်တွဲစပ်၀တ်ဆင်တာမျိုးက ကြည့်လို့အရမ်းအဆင်ပြေပေမယ့် အနုအရင့်မကွဲပြားတဲ့အရောင်နှစ်ခုကို အပေါ်အောက်တွဲ၀တ်ထားရင်တော့ ညအိပ်၀တ်စုံကြီး၀တ်ပြီး အပြင်ထွက်လာတာနဲ့တူသွားနိုင်ပါတယ်။ အဲဒီထက်ပိုဆိုးတာကတော့ ပန်းရောင်တို့ ၊ Pastel colorတို့လို အရောင်နုနုတွေကို အပေါ်အောက်တွဲ၀တ်တာမျိုး၊ Crazy Color တွေကိုအပေါ်အောက်တွဲ၀တ်တာမျိုးနဲ့ ကြောင်ကြောင်ကျားကျားဒီဇိုင်းတွေကို အပေါ်အောက်ဆင်တူ၀တ်တာမျိုးက သင့်ကိုတော်တော်ကြီးအကြည့်ရဆိုးစေမှာအမှန်ပါပဲ။
2.ခါးအရမ်းရှည်တဲ့ T Shirt များ၀တ်ဆင်ခြင်း
တချို့ကောင်လေးတွေ နိုင်ငံခြားကအဆိုတော်တွေ၀တ်သလိုမျိုး တီရှပ်ခါးရှည်ရှည်ကြီးတွေ၀တ်တာတွေ့ဖူးမှာပါ။ အဲဒီတီရှပ်ခါးရှည်ကြီးတွေက Celebrity တွေအနေနဲ့တော့ မီးရောင်အောက်နဲ့ စင်မြင့်ထက်မှာမို့ရော သူတို့ကိုချစ်ကြတဲ့ပရိသတ်ရဲ့အမြင်မှာမို့ရော ကြည့်လို့လှပေမယ့် အပြင်မှာထသွားထလာ၀တ်ထားတဲ့ သင့်ကိုတော့ ဘယ်လိုနည်းနဲ့မှစမတ်ဖြစ်စေမှာမဟုတ်ပါဘူး။
3.မတော်တဲ့ဆိုဒ်တွေ၀တ်ဆင်ခြင်း
ယောက်ျားလေးတစ်ယောက်ဟာ ပိန်သည်ဖြစ်စေ ၀သည်ဖြစ်စေ ကိုယ်နဲ့ သင့်တော်ပြီး ကွက်တိကျတဲ့ အ၀တ်အစားကို၀တ်ထားရင် ကြည့်ရတာ သပ်သပ်ရပ်ရပ်နဲ့အလိုလိုကြည့်ကောင်းနေမှာပါ။ အခုလောလောဆယ် ဆိုဒ်ကြီးတာ၀ယ်ထားလိုက်မယ် နောက်ကျဝိတ်တက်လာရင်အတော်ပဲတို့ ၊ ဝိတ်ချမှာဆိုတော့ တစ်ဆိုဒ်လျှော့၀ယ်ထားလိုက်မယ် ခုတော့နည်းနည်းကြပ်တာပဲ၀တ်လိုက်မယ်တို့ဆိုပြီး စဉ်းစားရင်တော့ အဲအတွေးကိုချက်ချင်းပြင်လိုက်သင့်ပါတယ်။ ကိုယ်ခန္ဓာကိုယ် Weight အတက်အကျကို ကြိုတွက်ချက်တာဟာ မှန်ဖို့အခွင့်အလမ်းနည်းသလို မတော်တဲ့ဆိုဒ်တွေ၀တ်ဆင်ခြင်းကလည်း သင့်ကိုပိုပြီး ကြည့်ရဆိုးစေပါလိမ့်မယ်။နောက်ပြီး ခုခေတ်စားနေတဲ့ Oversized T shirt တွေနဲ့ ရိုးရိုးT Shirt တွေကို Size အကြီး၀ယ်တာနဲ့ cutting လုံး၀တခြားစီပဲဆိုတာကိုလည်း သိထားသင့်ပါတယ်။
4.Accessories တွေများပြားစွာ၀တ်ဆင်ခြင်း
ယောက်ျားလေးတစ်ယောက်မှမဟုတ်ပါဘူး ၊ ယောက်ျားလေးပဲဖြစ်ဖြစ် ၊မိန်းကလေးပဲဖြစ်ဖြစ် မလိုအပ်ပဲ Accessories တွေအများကြီး စုပြုံ ၀တ်ဆင်ထားတာမျိုးက ကိုယ့်ကို ဖက်ရှင်အမြင်အားနည်းတယ်ဆိုတာ အလိုလိုဖော်ပြနေသလိုပါပဲ။
5.ဂျင်းဘောင်းဘီနဲ့ကတ္တီပါဖိနပ်တွဲဖက်ခြင်း
ကတ္တီပါဖိနပ်နဲ့အလိုက်ဖက်ဆုံးတစ်ခုတည်းသောအရာက ပုဆိုးပါ။ ဂျင်းဘောင်းဘီကို ကတ္တီပါဖိနပ်နဲ့ တွဲ၀တ်တာက တော်တော်လေးကိုးလိုးကန့်လန့်နိုင်သလို ၊ ကြည့်ရတာလည်း ဘယ်လိုမှအဆင်ပြေစေမယ့်အတွဲအစပ်တစ်ခုဖြစ်မနေပါဘူး ။ Sneaker တွေ ရှုးဖိနပ်တွေမ၀တ်ချင်ရင်တောင်မှ ၊ Slider တို့ ကြိုးသိုင်းဖိနပ်တို့ကို ပိုပြီးရွေးချယ်သင့်ပါတယ်။ ရိုးရိုးခြေညှပ်ဖိနပ်နဲ့တွဲ၀တ်ရင်တောင် တမျိုးကြီးဖြစ်နေမယ့်အခြေအနေမှာ ၊ ကတ္တီပါဖိနပ်နဲ့ ဂျင်းဘောင်းဘီကို တွဲ၀တ်တာကြီးကတော့ သင့်ရဲ့ဖက်ရှင်မကျမှုကို ကောင်းကောင်းကြီးမီးမောင်းထိုးပြသလိုပဲဖြစ်နေပါလိမ့်မယ်။
6.ပုံများပြားစွာပါတဲ့အ၀တ်အစားများ
အ၀တ်အစား၀ယ်ရာမှာ အမှန်ကန်ဆုံးရွေးချယ်မှုကတော့ ဘာစာတန်းတွေ ၊အမှတ်တံဆိပ်တွေမှမပါတဲ့ ပြောင်အ၀တ်အစားတွေပါပဲ။ ယုတ်စွအဆုံး သုံးလေးထည်လောက်ကိုပဲ ခဏခဏထပ်ခါတလဲလဲ၀တ်နေရင်တောင် စာတန်းနဲ့ရုပ်ပုံပါတဲ့အ၀တ်အစားတွေလောက်တော့ ဘေးကလူတွေကို သိသိသာသာကြီးသတိထားမိစေမှာမဟုတ်ပါဘူး။
Photo Credit to the Rightful Owners